← Chapters

အခန်း (၃၈၈)

Vol. 33 Ch. 388

အခန်း (၃၈၈)

Vol. 33 Ch. 388

“ရှင်ကလီချန်းချင်းလား”

ယွဲ့ချင်းဝူသည် သူမ၏ ငွေရောင်တောက်ပနေသောမျက်ဝန်းများနှင့် အမှောင်ရိပ်ထဲရှိပုံရိပ်အားစိုက်ကြည့်လျက်မေးလိုက်ပါသည်။ သူ၏အမည်ကိုခေါ်သံကြားသော် လီချန်းချင်းက မမျှော်လင့်ထားသောကြောင့် အံ့ဩသင့်သွားခဲ့ပါ၏။

ယွဲ့ချင်းဝူက သူ့နာမည်ကိုဘယ်လိုလုပ်ပြီးသိနေရတာလဲ။ သူသည် ထျန်းဟိုင်မြို့သို့ တစ်ခေါက်မျှမရောက်ဖူးသည့်တိုင် ယွဲ့မိသားစုနှင့်လည်းအဆက်အစပ်မရှိဖူးခဲ့ပါချေ။

ဘယ်လိုဖြစ်တာနေတာတုန်း။

ဘာတွေဖြစ်ကုန်တာလဲ။

“ရှင်ဘာလို့ ထျန်းဟိုင်မြို့ကိုလာရတာလဲ။”

ယွဲ့ချင်းဝူ ကမေးလိုက်ပါသည်။ လီချန်းချင်းက တိတ်ဆိတ်နေသည်ကို မြင်သောကြောင့် ယွဲ့ချင်းဝူက ဆက်ပြောလိုက်၏။

“ဒီနေရာက ရှင့်အတွက်လုံခြုံတဲ့နေရာမဟုတ်ဘူးနော်။ ရှင်ရှိနေတာသာ သူတို့တွေသိသွားလို့ရှိရင် ပြဿနာကြီးကြီးတက်သွားနိုင်တယ်။

ပြီးတော့ရှင်ကဘယ်လိုဖြစ်ပြီးတော့ ရှင့်ခန္ဓာကိုယ်မှာ အတွင်းအားတွေရှိနေတာလဲ။ ပြီးတော့ကျင့်ကြံချင်းစွမ်းအားတွေပါရှိနေပါလား။ ထူးဆန်းလွန်းတယ်။”

“ငါကဘာလို့ကျင့်ကြံလို့မရရမှာလဲ။” လီချန်းချင်းက ကြောင်တိကြောင်တောင်နဲ့မေးလိုက်ပါသည်။

“ဟင်”

ယွဲ့ချင်းဝူက တစ်စုံတစ်ခုကိုသတိပြုမိသွားပုံရသည်။

သူမကအံ့ဩသင့်စွာဖြင့်မေးလိုက်ပါ၏။

“ဖြစ်နိုင်တာကရှင်က... အော် ကျွန်မနားလည်ပြီ။”

ယွဲ့ချင်းဝူသည် သူမဘာသာသူမ တီးတိုးပြောနေခဲ့ပါသည်။

“မင်းငါ့ကိုဘယ်လိုဖြစ်ပြီးတော့ မှတ်မိနေရတာလဲ”

လီချန်းချင်းက မေးလိုက်သည်။

“ ငါကမင်းနဲ့ တစ်ခါမှ မတွေ့ဘူးဘူးလေ”

“ ဒါပေါ့ကျွန်မက ရှင့်ကို မှတ်မိတာပေါ့”

ယွဲ့ချင်းဝူက ပြတ်သားစွာ ပြောလိုက်ပါ၏။

“ထျန်းဟိုင်မြို့ကနေပြီးတော့ ချန်ထင်းမြို့ကို ရှင်ထွက်ပြေးနိုင်ဖို့အတွက်စီစဉ်ပေးတာဘယ်သူလို့ထင်လဲ။ အဲဒါကျွန်မပဲလေ”

“ ချန်းထင်မြို့?”

လီချန်းချင်းက ရှုပ်ထွေးနေခဲ့ပါသည်။

“ ငါနဲ့ယွဲ့ဟန်ကျွင်းက ဘာပတ်သက်နေလဲဆိုတာ မင်းပြောပြနိုင်မလား”

ထိုမေးခွန်းက လီချန်းချင်းအဖြေလိုချင်သောမေးခွန်းဖြစ်၏။

“အင်း ရှင်ကဘာတစ်ခုမှ မှတ်မိပုံမပေါ်ဘူးပဲ။”

ယွဲ့ချင်းဝူက ပြုံးလျက်ပြောလိုက်ပါသည်။

“ရှင်က မှတ်ဉာဏ်တော်တော်များများ ပျောက်ဆုံးသွားပြီဆိုပေမဲ့ ကျွန်မကိုတွေ့တာနဲ့ ချက်ချင်းအာရုံခံမိတယ်ဆိုကတည်းက ကျွန်မတို့နှစ်ယောက်ကြားကသွေးသား တော်စပ်မှု သံယောဇဉ်က တော်တော်ကြီးမားတယ်လို့ဆိုရမယ်”

“ သွေးသားတော်စပ်မှုဟုတ်လား” လီချန်းချင်းကထိတ်လန့်သွားခဲ့သည်။

“ ဟုတ်တယ်။ ကျွန်မတို့တွေက မောင်နှမတွေလေ”

ယွဲ့ချင်းဝူက ပြုံးလိုက်သည်။

“ရှင်က ယွဲ့ဟန်ကျွင်းနဲ့ဘယ်လို ပတ်သက်လဲဆိုတာကိုမေးတယ်။ ယွဲ့ဟန်ကျွင်းက ရှင့်ရဲ့ညီပဲ။ ပြီးတော့ ရှင်ကလည်း ကျွန်မရဲ့အစ်ကိုဖြစ်တယ်။ ယွဲ့မိသားစုက ယွဲ့ဟန်ကျွင်းကို မိသားစုခေါင်းဆောင်နေရာက ဆက်ခံရမယ်လို့ အသိအမှတ်ပြုခဲ့တာ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုလို့ရှိရင် ယွဲ့ဟန်ကျွင်းသာတစ်ခုခုဖြစ်ခဲ့လို့ရှိရင် သူ့နေရာမှာအစားထိုးဖို့အတွက် ပြင်ပမှာ လူတွေကိုပေးမသိတဲ့ လျို့ဝှက်ထားတဲ့ကလေးတစ်ယောက်ရှိတယ်”

“ရှင်နဲ့ ယွဲ့ဟန်ကျွင်းက သွေးသားတော်စပ်တဲ့ညီအစ်ကိုတွေပဲ။ ရှင့်နာမည်က ယွဲ့ကျန်းကျွင်းလို့ခေါ်တယ်။ ယွဲ့မိသားစုထဲမှာ အကြီးဆုံးအကိုကြီးပေါ့။ ယွဲ့ချင်းဝူက ခပ်ဖျော့ဖျော့ ပြောလိုက်သည်”

သူမ၏စကားကိုကြားသော လီချန်းချင်းက မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့၏။ သူ့နာမည်က ယွဲ့ကျန်းကျွင်းတဲ့လား။ ဒါဆိုရင်သူက ယွဲ့မိသားစုရဲ့ သားကြီးဖြစ်နေတာပေါ့လေ။ ဒါဆိုရင် ယွဲ့ချင်းဝူကို ကြည့်လိုက်တာနဲ့ ခံစားရတဲ့ခံစားချက်က သူတို့နှစ်ယောက် မောင်နှမတွေဖြစ်နေလို့တဲ့လား။ လီချန်းချင်းသည် ဖြစ်ရပ်များစွာကို စိတ်ကူးထားသော်လည်း ယခုလိုမျိုး ဖြစ်ရပ်အခြေအနေကိုတော့လုံးဝမတွေးထား ခဲ့မိပါချေ။

“လီဟမ်ရှန်းကဘယ်သူ့ရဲ့သားလဲ။” လီချန်းချင်းသည် ခပ်မြန်မြန်မေးလိုက်ပါသည်။

“ ဟမ်ရှန်းက ဒုတိယအကိုရဲ့ သားလေ”

ယွဲ့ချင်းဝူကခေါင်းညိတ်ပြီးပြောလိုက်၏။

“ လီဟမ်ရှန်းက ရှင့်ရဲ့တူလေ” ထိုစကားကိုကြားသော် နောက်ထပ် မိုးကြိုးတစ်စင်းက လီချန်းချင်းကို ပစ်ခတ်လိုက်သည့်နှယ်ဖြစ်၏။

လီဟမ်ရှန်းက သူ့ရဲ့သားမဟုတ်ဘူးတဲ့လား။ လီဟမ်ရှန်းနဲ့ သူရဲ့ကြားကသွေးသားရင်းနှီးမှုသံယောဇဉ်က ဦးလေးနဲ့တူကြားမှာရှိတဲ့သံယောဇဉ်တဲ့လား။

လီချန်းချင်းသည် ထိုရလဒ်ကိုလက်ခံဖို့ရန်ခက်ခဲနေခဲ့ပါ၏။ သူ၏စိတ်နှလုံးသားတစ်ခုလုံးသည် ရှုပ်ထွေးနေခဲ့ပါသည်။

“လီဟမ်ရှန်းဆီကနေပြီးတော့ စန်းယွမ်နယ်မြေသခင် ကနေပြီးတော့ ဘာကိုရှာနေတာလဲ။ ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကိုခေါ်ပြီးတော့ ငါ့ကိုဘာလို့ထွက်ပြေးခိုင်းတာလဲ။ ဒါတွေအားလုံးရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်ဘာလဲ”

လီချန်းချင်းသည်သူ့စိတ်ထဲတွင်ရှုပ်ထွေးနေသောမေးခွန်း အားလုံးကို မေးလိုက်ပါ၏။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယွဲ့ချင်းဝူကပြန်မဖြေခဲ့ပါ။ သူမသည်အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီးနောက်ပြောလိုက်ပါ၏။

“အစ်ကိုကြီး ဒီမေးခွန်းတွေကို ဒုတိယအစ်ကိုကိုမေးသင့်တယ်။ သူပြန်ထွက်လာတဲ့အခါကျရင်သေချာမေးလိုက်။”

“သူက ပြန်ထွက်လာနိုင်တာမို့လို့လား။ လူတစ်ယောက်က အဆုံးအစမဲ့ အကျဉ်းထောင်ထဲကနေ တကယ်ပဲ ပြန်ထွက်လာနိုင်လို့လား”

“ ဒုတိယအစ်ကိုကသာ အဆုံးအစမဲ့ အကျဉ်းထောင်ကနေ ပြန်ထွက်ချင်တယ်ဆိုလို့ရှိရင် သူ့အတွက် လွယ်လွန်းပါတယ်” ယွဲ့ချင်းဝူက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်ပါသည်။

“သူအခုထက်ထိ အပြင်မထွက်သေးတာကတော့ သူက ရှင့်ရဲ့ အောင်မြင်မှုကို စောင့်နေတာ။ ပြီးရင် အခြားအခွင့်အရေးတစ်ခုကို စောင့်နေတာလဲပါတယ်။ အခွင့်အရေးက ရောက်လာတော့မှာ ဆိုတော့ သိပ်မကြာခင်မှာ ဒုတိယအစ်ကို ပြန်ထွက်လာတော့မှာ၊ ဒုတိယအစ်ကို ပြန်ထွက်လာတဲ့ အခါကျလို့ရှိရင် ကျွန်မတို့ မောင်နှမသုံးယောက်က အတူတကွ ပြန်လည် ဆုံစည်းနိုင်ပြီပေါ့လေ”

“ နောက်ထပ်အခွင့်အရေး ဟုတ်လား” လီချန်းချင်းက တစ်ခဏမျှ တွေးပြီးနောက်တွင် ပြောလိုက်ပါ၏။

“မင်းပြောတာက လီရွှမ်းရှီကို ပြောတာလား”

“အစ်ကိုကြီးက တကယ်ပဲ ဉာဏ်ပညာ ထက်မြက်လွန်းလှပါ တယ်”

ယွဲ့ချင်းဝူက မငြင်းဆန်ဘဲနဲ့ သူမ၏ ဦးခေါင်းကို  မသိမသာလေး ညိတ်ပြလိုက်ပါသည်။

ယွဲ့ဟန်ကျွင်းက အဆုံးအစမဲ့အကျဉ်းထောင်က လွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုကို ရှာနေတာတဲ့လား။ သို့သော် စောင့်စားမျှော်လင့်သည့် ခံစားချက်ဖြစ်ရမည့်အစား လီချန်းချင်းက မလွယ်ကူသော ခံစားချက်ကို ရုတ်တရတ်ခံစားလာခဲ့ ရပါသည်။

သူ၏နှလုံးသားကို ဆက်တိုက် မသိစိတ်က ပြောနေသည်မှာ ယွဲ့ဟန်ကျွင်း ပြန်ထွက်လာသည်နဲ့ အခြေအနေများအားလုံးက ဆိုးရွားတော့မည်ဟုပင် ဖြစ်သည်။

“အစ်ကိုကြီး ရှင်က ထျန်းဟိုင်မြို့မှာ ဘာလာလုပ်တာလဲ။” ယွဲ့ချင်းဝူက သိချင်စွာဖြင့်မေးလိုက်ပါသည်။

“ရှင်ခပ်မြန်မြန် ပြန်သင့်တယ်နော်။ ယွဲ့မိသားစုသာ ရှင်ရောက်နေတယ်ဆိုတာ သိတယ်ဆိုလို့ရှိရင် ပြဿနာအကြီးကြီးတက်သွားလိမ့်မယ်။ ဒုတိယအစ်ကို အဖမ်းခံလိုက်ရပြီး ကတည်းကိုက ရှင်က ရုတ်တရတ်ကြီးပျောက်သွားမှာကို ယွဲ့မိသားစုက ရှင့်ကို မိသားစုကနေ စွန့်ပစ်ချင်နေကြတာ”

“ အို.. ကျန်းထျန်းယွမ်ကို သစ္စာရှိကြောင်းပြဖို့အတွက် အဲ့ဒီလိုမျိုးလုပ်ချင်ကြတာလား။ ဒီလိုလား။”

လီချန်းချင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါသည်။ ဒါပေမဲ့ သူက ယွဲ့ချင်းဝူကို မော့ကြည့်ပြီး ပြောလိုက်ပါ၏။

“ဒီကိုလာတာ ဘာကိစ္စရယ်မှတော့ မဟုတ်ဘူး။ ထျန်းဟိုင်မြို့ကို လာတာက တစ္ဆေနွယ်မြက်ကို လာရှာတာ။ ငါ့ရဲ့ ရင်းနှီးရတဲ့ မိတ်ဆွေတစ်ယောက်က မကျေမချမ်း ဝိဉာဉ်ကျိန်စာကို မိထားတာလေ။ သူမကို ကုသဖို့အတွက် တစ္ဆေနွယ်မြက်လိုလို့။”

“တစ္ဆေနွယ်မြက်ပင်” ယွဲ့ချင်းဝူက တစ်ခဏမျှတွေးလိုက်ပါ၏။

“အဲ့ဒီအပင်က တစ္ဆေမျိုးနွယ်တွေရှိတဲ့ တိမ်ကန္တာရနယ်မြေရဲ့ တောနက်ကြီးထဲမှာရှိတာ။ အရမ်းကို ရှားပါးတယ်။ အရမ်းကို ထူးခြားတယ်။ ကောင်းမှုရမှတ်ခန်းမမှာ တောင်မှ ဒီလိုမျိုး ထူးခြားတဲ့ ရတနာရှိဖို့ ကျွန်မအနေနဲ့ မသေချာဘူး။ ဒါပေမဲ့ ကျွန်မမှတ်မိတာ မမှားဘူးဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ယွဲ့မိသားစုရဲ့ ရတနာသိုက်ထဲမှာ တစ္ဆေနွယ်မြက်နည်းနည်းတော့ ရှိတယ်။ အစ်ကိုသာ လိုတယ်ဆိုလို့ ရှိရင် ကျွန်မ အစ်ကို အတွက် သွားယူထားပေးမယ်။ မနက်ဖြန်မနက်ကျလို့ရှိရင် အတူတူ ပြန်ဆုံတွေ့ပြီးတော့ တစ္ဆေနွယ်မြက်ကို ယူသွားပေါ့”

‘ကောင်းတယ်။ မင်းသာ အခွင့်အရေးရမယ်ဆိုလို့ရှိရင် နောက်ထပ် နဂါးသွေးအဆီအနှစ် ရှိလို့ရှိရင် ယူခဲ့ပေးပါအုံး’

ဟု လီချန်းချင်းက ပြောလိုခဲ့သော်လည်း သူ၏လောဘစိတ်ကို ချုပ်ထိန်းကာ မပြောတော့ပါချေ။

ထိုအခိုက်မှာပင် ကင်းလှည့်လာသော စစ်သားများ၏ အသံကို ကြားလိုက်သောကြောင့် လီချန်းချင်းနဲ့ ယွဲ့ချင်းဝူတို့ အာရုံက ထိုနေရာသို့ရောက်ရှိသွားခဲ့ပါ၏။

“သွားရအောင်။” ယွဲ့ချင်းဝူက ခပ်မြန်မြန်ပင် လောဆော်လိုက်ပါသည်။

“သူတို့ ရှေ့မှာ မမြင်စေနဲ့”

လီချန်းချင်းက ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ချက်ချင်းပျံသန်းသွားခဲ့ပါ၏။ ယွဲ့ချင်းဝူက ပျံသန်းသွားသော ပုံရိပ်ကို ကြည့်ရင်း သူမ၏ငွေရောင်မျက်ဝန်းများသည် လရောင်အောက်တွင် တလက်လက်နဲ့ တောက်ပနေခဲ့ပါ၏။

သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင်တော့ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်နေခဲ့ပါ၏။

“အဲ့ဒီမှာ ရှိတာ ဘယ်သူလဲ။” ထိုအခိုက်မှာပင် ကင်းလှည့်နေသော စစ်သားများ၏ မီးအိမ်က အမှောင်ရိပ်ကျနေသော ခြံဝန်းထဲသို့ ရောက်ရှိလာခဲ့ပါ၏။

သို့သော် ခြံဝန်းထဲတွင်တော့ မည်သူမျှ မရှိတော့ပါချေ။

ယွဲ့ချင်းဝူထံမှ သိခဲ့သော သတင်းအချက်အလက်များကြောင့် လီချန်းချင်းက စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့ပါသည်။ သူသည် ဆုံးဖြတ်ချက်သေချာမချခင် ယွဲ့ဟန်ကျွင်းနဲ့ ပတ်သက်သော အချက်အလက်များကို ရရှိရန်စောင့်စားမည်ဟု တွေးလိုက်ပါသည်။ စန်းယွမ်ခန်းမမှာ ယွဲ့ဟန်ကျွင်း၏ အချက်အလက်သာမက ယွဲ့ချင်းဝူ၏ အချက်အလက်ကိုပါ သူက လိုအပ်နေပြီဖြစ်သည်။ ထိုအချက်အလက်များကို ဖတ်ရှုပြီးသည့် အခါမှသာ လီချန်းချင်းက ယွဲ့ချင်းဝူပြောသောစကားများကို မှန်ကန်ကြောင်း သက်သေပြပြီး ယုံကြည်နိုင်မည်ဖြစ်၏။

လီချန်းချင်းသည် သူ၏ တွေးတောနိုင်စွမ်းကို ကောင်းကောင်းယုံကြည်နေပါသည်။ သူက ယွဲ့မိသားစု၏ တရားဝင်သားကြီး ဖြစ်သည်ဆိုသည်မှာ နည်းနည်းသံသယဖြစ်ဖွယ်ကောင်းသည်ဟု ခံစားနေခဲ့ရသည်။ ဒါပေမဲ့ လောလောဆယ်မှာတော့ လီချန်းချင်းက ထိုအတွေးကို ဖျောက်လိုက်ပြီးသည့် နောက်တွင် သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်အာရုံကို လွှမ်းခြုံလိုက်ပြီး မူချင်းကောနဲ့ ကျန်းဝမ်လျှိုတို့ရှိရာ နေရာကို ရှာဖွေလိုက်ပါသည်။

သူ့ကို အံ့ဩသွားစေသည်မှာ မူချင်းကောနဲ့ ကျန်းဝမ်လျှိုတို့ နှစ်ယောက်က ရှီယွင်စန်းကို ပြန်ပေးဆွဲပြီးဖြစ်ပါ၏။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ရွှီယွင်စန်း၏ ဝိဉာဉ်နဲ့ ကျန်းဝမ်လျှို၏ ဝိဉာဉ်ကို စတင်၍ ကူးပြောင်းကာ လဲလှယ်နေကြပြီဖြစ်သည်။

သူတို့နှစ်ဦးပုန်းအောင်းနေသောနေရာမှာ အိမ်ပျက်များရှိရာ နေရာတစ်ခုပင်ဖြစ်သည်။ လီချန်းချင်းက ထိုနေရာသို့ ခပ်မြန်မြန်ပင် ပြေးသွားလိုက်ပါသည်။ ယခုအခြေအနေသည် လွန်စွာအန္တရာယ်များ‌သော အနေအထားဖြစ်၏။ ယခုလိုမျိုး ဝိဉာဉ်ကူးပြောင်းနေသည့် အခြေအနေတွင် မူချင်းကောသာ အနှောင့်အယှက်ခံလိုက်ရပါက မူချင်းကောရော ကျန်းဝမ်လျှိုရော ရွှီယွင်စန်းကိုပါ အသက်အန္တရာယ်ဖြစ်သွားစေမည် ဖြစ်သည်။

သူတို့ သုံးဦးစလုံးမှာ ဝိဉာဉ်များ အချင်းချင်း ကူးလူးသွားပြီး မိမိတို့၏ ခန္ဓာကိုယ်ကို မိမိတို့ ပြန်သွားနိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် လီချန်းချင်းက ခပ်မြန်မြန်ပင် သူတို့ ပုန်းအောင်းနေသော အိမ်ပျက်ထဲသို့ ဝင်လိုက်ပါသည်။ လီချန်းချင်း ပြန်လာသည်ကို မြင်သောအခါမှသာ မူချင်းကောက သက်ပြင်းချလိုက်နိုင်ခဲ့၏။

သို့သော် သူမက ဘာတစ်ခွန်းမှ မပြောဘဲတိတ်ဆိတ်နေခဲ့သည်။ သူမ၏ စိတ်အာရုံများအားလုံးကို ဝိဉာဉ်ကူးပြောင်းခြင်း နည်းစနစ်အပေါ်သာ အာရုံစိုက်ထားခဲ့ပါသည်။ လီချန်းချင်းက သူမကို မည်သူမှ မနှောင့်ယှက်နိုင် အန္တရာယ်မပေးနိုင်ရန်အတွက် စောင့်ဆိုင်းရန် ဟန်ပြင်လိုက်ပါသည်။

လီချန်းချင်းသည် သူမ၏ အနားတွင် မတ်တပ်ရပ်နေပြီး သူ၏ နတ်ဘုရားစိတ်ဝိဉာဉ် အာရုံတစ်ခုလုံးကို သူမပေါ်၌ လွှမ်းခြုံလိုက်ပါ၏။ ထိုသို့လွှမ်းခြုံလိုက်ခြင်းအားဖြင့် သူတို့ သုံးဦးမှ ထွက်ပေါ်နေသော အရှိန်အဝါများအားလုံးကို ဖုံးကွယ်အုပ်စိုး လိုက်ခြင်းလည်း ဖြစ်ပါသည်။ ဝိဉာဉ်ကူးပြောင်းသည့် အချိန်ကာလမှာ ကြာမြင့်လှပါ၏။

ထိုကဲ့သို့ ကူးပြောင်းနေသည့် အချိန်၌ ပြဿနာများက ရုတ်တရက်ရောက်လာမည်ဟု သူ မမျှော်လင့် ထားခဲ့မိပါချေ။ သူတို့ ရှိရာ အရှေ့အရပ်တွင်တော့ ကင်းလှည့်နေသော စစ်သားများက ရုတ်တရတ်ရောက်လာခဲ့ပါသည်။

အခုပုံစံကြည့်ရသည်မှာ ယွဲ့ချင်းဝူနဲ့ သူတို့ နှစ်ယောက် မကြာခင်တုန်းက လိုက်တမ်းပြေးတမ်းကစားနေတဲ့ အဖြစ်အပျက်က ကင်းလှည့်စစ်သားများရဲ့ အာရုံကို ဆွဲဆောင်သွားပုံ ရပါသည်။ အပြင်ဘက်တွင် ရှိသော အသံများက တဖြေးဖြေးနဲ့ ကျယ်လာခဲ့ပါ၏။

“ရှပ် ရှပ် ရှပ်… ” လေးလံသော ခြေသံများက အနားသို့ တိုးကပ်လာခဲ့ပါသည်။ လီချန်းချင်းက အနည်းငယ်ဟနေသော တံခါးမှ အပြင်သို့ ချောင်းကြည့်လိုက်၏။ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ပါသည်။ ကင်းလှည့်စစ်သားများက သူတို့ရှိရာ အိမ်ရှေ့မှ ဖြတ်သွား၏။

ကင်းလှည့်စစ်သားများ၏ နောက်တွင်တော့ လူ့ဘီလူးမျိုးနွယ်မှ လူ့ဘီလူးတစ်ဦးကိုလည်း သူတွေ့လိုက်ရပါသည်။ ထိုလူ့ဘီလူးကြီးသည် ဆယ့်နှစ်ပေခန့် အမြင့်ရှိ၏။ ထိုလူ့ဘီလူးကြီးနဲ့ နှိုင်းယှဉ်လိုက်သောအခါတွင် လီချန်းချင်းမှာ ကလေးသာသာပင် ဖြစ်နေခဲ့ပါ၏။

ထျန်းဟိုင်မြို့၏ လုံခြုံရေးက ထိုမျှလောက်တင်းကြပ်ပြီး ထိုကဲ့သို့ ထူးခြားဆန်းပြားသော မျိုးနွယ်များပင်လျှင် အစောင့်များ ဖြစ်နေမည်ဟု လီချန်းချင်း မမျှော်လင့်ထားခဲ့မိပါ။ ဤနေရာတွင် ကြာကြာနေခြင်းက အန္တရာယ်များပေလိမ့်မည်။ လီချန်းချင်းက ပို၍ စိတ်ပူလာပြီး သူ၏ စိတ်အာရုံများက နိုးကြားလာခဲ့ပါ၏။

နောက်တစ်ခဏတွင် သူ၏ မျက်ဝန်းများက ကျဉ်း‌မြောင်းသွားခဲ့ပါသည်။ သူကပြဿနာတက်မှာကို ကြောက်ရွံ့ခြင်းကြောင့်လားမသိ ပြဿနာများစွာက နောက်ထပ် ထပ်၍ ရောက်လာခဲ့ပါ၏။

လီချန်းချင်းသည် ခပ်လှမ်းလှမ်းမှ ပုံရိပ်တစ်ခုက သူရှိနေသော အိမ်ပျက်အနားသို့ ရောက်လာသည်ကို တွေ့လိုက်ရပါ၏။ ထိုလူသည် အစိမ်းရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပျင်းရိနေသည့် ဟန်ပန်ရှိသည်။

သူ့ပုံစံက အိပ်ချင်နေဟန်လည်း ရှိနေပါ၏။ ထိုသူ့ကို မြင်သောအခါ ကင်းလှည့်နေသော စစ်သားများ အားလုံးက တရိုတသေနဲ့ ဒူးထောက်ချလိုက်ပါသည်။ 

All Chapters