အခန်း (၃၈၉)
Vol. 33 Ch. 389
“အားလုံးပဲ ထကြပါ”
လင်းချင်းကျီက တစ်ချက်သမ်းဝေလျက် ပြောလိုက်ပါသည်။ ထို့နောက်မှ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု့ပြီးနောက် မေးလိုက်ပါသည်။
“ထျန်းဟိုင်မြို့မှာ ခုနတုန်းက လျှောက်ပြေးနေတဲ့သူတွေ ပျောက်သွားတာ ဒီနေရာမှာလား”
“ဟုတ်ပါတယ် သခင်လေးလင်း”
စစ်သားများက ရိုသေစွာဖြင့် ပြောလိုက်ပါသည်။
“ဟမ်!!”
လင်းချင်းကျီက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်တွင် ခပ်လှမ်းလှမ်းတွင်ရှိသော အိမ်ပျက်တစ်လုံးကို မြင်လိုက်ပါ၏။ ထို့နောက်တွင် သူက ထိုအိမ်ပျက်ရှိရာအရပ်သို့ ဦးတည်ကာ သွားလိုက်ပါသည်။ အိမ်ပျက်ထဲတွင်တော့ လီချန်ချင်းက တံခါးကြားထဲမှ အပြင်ကို စောင့်ကြည့်နေခဲ့ပါသည်။
လင်းချင်းကျီက အနားသို့တိုးလာသည်ကို မြင်သောအခါတွင် လီချန်ချင်း၏မျက်မှောင်များက ကြုံ့ဝင်သွားခဲ့ပါသည်။ ထို့နောက် သူက ဝတ်ရုံထဲတွင်ရှိသော သတ္တုမျက်နှာဖုံးကို မျက်နှာ၌ကပ်ကာ တပ်လိုက်ပါ၏။ လင်းချင်းကျီသာ ဤနေရာသို့ ရောက်လာခဲ့ပါက အရင်ဦးဆုံး သူက တားဆီးရမည်ဖြစ်သည်။ သူက လင်းချင်းကျီကို မတားဆီးနိုင်သောအခါကျမှသာ တိုက်ခိုက်ရမည်ဖြစ်သည်။
ထျန်းဟိုင်မြို့၌ လင်းချင်းကျီကို တိုက်ခိုက်ရခြင်းသည် ရှုံးနိမ့်မည့်တိုက်ပွဲကို တိုက်ခိုက်ရခြင်းသာဖြစ်ပါ၏။ လင်းချင်းကျီ တစ်ဦးတည်းသာဆိုလျှင် လီချန်ချင်းက အေးဆေးအနိုင်ယူနိုင်ပါသည်။ သို့ပေမဲ့ လင်းချင်းကျီ၏အနောက်တွင် များစွာသော အင်အားစုများရှိနေခဲ့ပါ၏။ ယခုအခြေအနေမှာ မြို့ထဲ၌ ရဲသားတစ်ဦးနှင့် တိုက်ခိုက်နေရသကဲ့သို့ပင်ဖြစ်သည်။ ရဲသားကို အနိုင်ယူကောင်းအနိုင်ယူနိုင်မည်ဆိုသော်လည်း ရဲသားကို ထိခိုက်မိသောကြောင့် အစိုးရရော စစ်တပ်ရောပါ ပါလာလျှင် လီချန်ချင်းကဒုက္ခရောက်မည်ဖြစ်၏။
သူက ဘယ်လောက်ပဲစွမ်းအားကြီးကြီး အင်အားစုအများအပြားနှင့် တစ်ယောက်တည်းချရမည်ဆိုလျှင် သူနိုင်မည်မဟုတ်ပါ။ လင်းချင်းကျီက အိမ်ပျက်၏အနားသို့ နီးကပ်လာသည်နှင့်အမျှ သူ၏ပျင်းရိငြီးငွေ့နေသော မျက်လုံးများက တဖြည်းဖြည်းချင်းနှင့် လင်းလတ်ကာ အာရုံစိုက်လာခဲ့ပါတော့၏။
လီချန်ချင်းက မူချင်းကောတို့၏ အရှိန်အဝါများကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့် ဖုံးကွယ်ထားသည့်တိုင် ကျင့်ကြံခြင်းစွမ်းအား လွန်စွာကြီးမားသော လင်းချင်းကျီအဖို့ အိမ်ပျက်ထဲ၌ တစ်စုံတစ်ဦးရှိနေသည်ကို သူခံစားမိနေခဲ့ပါ၏။ အိမ်ပျက်၏အနားကို နီးလာသည်နှင့်အမျှ လင်းချင်းကျီ၏ခြေသံများက တဖြေးဖြေးနှင့် ကျယ်လောင်လာပါသည်။
မူချင်းကောကလည်း ဝိညာဉ်ကူးပြောင်းနေသည်မှာ မပြီးဆုံးသေးပါ။ သူမအတွက် အသက်ရှူရန် အချိန်တချို့ခန့် လိုအပ်နေပါသေးသည်။ လင်းချင်းကျီ၏လက်မှာ တံခါးလက်ကိုင်သို့ ထိမိနေပြီဖြစ်သည်။ သူက တံခါးကို ဖွင့်တော့မည်။
လီချန်ချင်းကလည်း တိုက်ခိုက်ရန်အတွက် ဟန်ပြင်နေခဲ့ပါ၏။ သူက လင်းချင်းကျီကို ရုတ်တရက် တိုက်ခိုက်လိုက်မည်ဆိုပါက တိုက်ပွဲက ခပ်မြန်မြန်ပင် ပြီးသွားပြီး အခြေအနေများက သူ့ဘက်သို့ပါမည်ဖြစ်သည်။ ဒါပေမယ့် လင်းချင်းကျီလိုလူမျိုးကို လွယ်လွယ်နဲ့အနိုင်ယူလို့မရမှန်းကို လီချန်ချင်းလည်း သဘောပေါက်ပါသည်။ လင်းချင်းကျီသည် မဟာသိုင်းဂိုဏ်းအဆင့်သို့ရောက်နေသူ တစ်ဦးဖြစ်ပါ၏။ မဟာသိုင်းဂိုဏ်းအဆင့်များတွင်တောင် လင်းချင်းကျီ၏ခွန်အားက ထိပ်တန်းတွင်ရှိသည်။ ကျန်းဖုကွမ်းလိုမျိုး စွမ်းအားရှင်တစ်ဦးပင်လျှင် လင်းချင်းကျီလက်အောက်မှာ ရှုံးနိမ့်ခဲ့ရသည်မဟုတ်ပါလား။
လီချန်ချင်း၌ မြေလျှောက်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းမရှိပါက လင်းချင်းကျီကို တစ်ချက်တည်းနှင့်် အလဲထိုးနိုင်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်ဖြစ်၏။
သူက စွန့်စားရတော့မည်ဖြစ်သည်။ လီချန်ချင်း၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများက ရုန်းထွက်လာ၏။ သူ၏မျက်ဝန်းများက ချက်ချင်းပင်လျှင် ရွှေရောင်သို့ပြောင်းသွားသည်။ နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုရန်အတွက် လီချန်ချင်းက ဟန်ပြင်လိုက်ပါ၏။
လင်းချင်းကျီက တံခါးလက်ကိုင်ကို ဆွဲလှည့်ကာ ဖွင့်တော့မည့်အချိန်မှာပင် ရုတ်တရက် အသံတစ်သံက သူ့နောက်မှ ထွက်ပေါ်လာခဲ့ပါ၏။
“လင်းချင်းကျီ”
ထိုအသံကိုကြားသောအခါ လင်းချင်းကျီက ချက်ချင်းပင်လျှင် အနောက်သို့လှည့်ကြည့်လိုက်ပါ၏။ လရောင်အောက်တွင် ယွဲ့ချင်းဝူရှိနေသည်။
“ချင်းဝူ”
“မင်းဒီကိုဘယ်လိုရောက်လာတာလဲ”
လင်းချင်းကျီက မျက်နှာလိုမျက်နှာရလုပ်သော အပြုံးနှင့် ဖားယားနေသော လေသံနှင့်အတူ ယွဲ့ချင်းဝူ၏အနားသို့ တိုးကပ်သွားပါ၏။ ခုနတုန်းက အိမ်ထဲသို့ဝင်ရန် ကြံစည်နေသော အကြံအားလုံးဟာ ကြက်ပျောက်ငှက်ပျောက်ပင် သူ့ခေါင်းထဲ၌ ပျောက်သွားခဲ့ပြီဖြစ်သည်။ ယွဲ့ချင်းဝူကို မြင်လိုက်သည်နှင့် သူ၏စိတ်ထဲတွင် ချစ်မြတ်နိုးသော ခံစားချက်များသာ ဖုံးလွှမ်းသွားခဲ့ပါတော့သည်။
“ကျွန်မ ဒီည အိပ်မရဘူးလေ။ ရာသီဥတုက နည်းနည်းပူနေတာနဲ့ အပြင်ထွက်လမ်းလျှောက်ရင်း ဗိုက်ဆာလာတာကြောင့် တစ်ခုခုစားမယ်ဆိုပြီး ထွက်လာတာ”
ယွဲ့ချင်းဝူက တည်ငြိမ်စွာပြောလိုက်၏။
“အာ….ကောင်းတာပေါ့ ငါလည်းဒီမှာရှိနေမှတော့ မင်းကို တစ်ခုခုစားဖို့အတွက် ငါခေါ်သွားမယ်လေ။”
လင်းချင်းကျီက ပျော်ရွှင်နေသော လေသံနှင့် ပြောလိုက်ပါ၏။
“လင်းချင်းကျီ ရှင့်ကို ကျွန်မသတိပေးဦးမယ်။”
ယွဲ့ချင်းဝူက ရုတ်တရက် သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းနှင့် လင်းချင်းကျီရှေ့တွင် လက်ကို ဝှေ့ယမ်းလျက်ပြောလိုက်ပါ၏။
“ရှင့်ရဲ့ မြေနတ်ဆိုးက ကျွန်မဆီကို ထပ်လာတဲ့အခါကျရင် ကျွန်မကို သခင်မကြီးဆိုပြီး ထပ်ခေါ်ရဲခေါ်ကြည့် အဲ့ကောင်ကို ကျွန်မ တစစီဖြစ်အောင် နှိပ်စက်ပစ်မယ်”
“အိုး! အဲ့လို့လား”
“ဒီကောင့်ကို အဲ့လိုမခေါ်ဖို့အတွက် ငါသင်ခန်းစာကောင်းကောင်းပေးလိုက်ပါဦးမယ်”
“ဘယ်လိုဖြစ်ပြီး ဒီကောင့်ပါးစပ်ကနေ သခင်မကြီးဆိုပြီးတော့ ပေါက်ကရတွေ ထွက်နေလည်း မသိတော့ပါဘူး”
လင်းချင်းကျီက ခပ်မြန်မြန် ဖြေလိုက်ပါ၏။
“ရှင့်အကြောင်း ကျွန်မ မသိဘူးလို့ မထင်လိုက်နဲ့”
ယွဲ့ချင်းဝူက အံကြိတ်လျက် လင်းချင်းကျီကို မျက်စောင်းထိုးကာ ပြောလိုက်ပါသည်။
“အဲ့နတ်ဆိုးက ကျွန်မကိုတွေ့ရင် သခင်မကြီးလို့ခေါ်ဖို့အတွက် ရှင်တိတ်တိတ်လေးသင်ပေးနေတာ ကျွန်မ မသိဘူးလို့ မထင်နဲ့”
သူတို့နှစ်ဦးက စကားပြောရင်းနှင့် အဝေးကို လျှောက်သွားခဲ့ပါသည်။ ခပ်လှမ်းလှမ်းသို့ရောက်သောအခါ ယွဲ့ချင်းဝူ၏လက်များက သူမ၏နောက်ကျောဘက်သို့ ပို့လိုက်ပြီး လီချန်ချင်းကို လက်ဟန်ခြေဟန်နှင့်ပြလိုက်ပါ၏။
လီချန်ချင်းအား ဒီနေရာကနေ ခပ်မြန်မြန်ထွက်သွားရန် သူမအချိန်ဆွဲထားမည်ဖြစ်ကြောင်း လက်ဟန်ပန်ပြလိုက်ခြင်းဖြစ်သည်။ ယွဲ့ချင်းဝူက အခုလိုမျိုး အရေးကြီးသည့်အချိန်၌ သူ့ကို လာရောက်ကယ်တင်မည်ဟု လီချန်ချင်းက မမျှော်လင့်ထားခဲ့မိပါချေ။ ထိုအချိန်မှာပင် မူချင်းကောကလည်း ဝိညာဉ်ကူးပြောင်းခြင်း ပြီးသွားပြီ ဖြစ်၏။ ကျန်းဝမ်လျိုနှင့် ရှီယွင်စန်းတို့၏စိတ်ဝိညာဉ်များမှာ ခန္ဓာကိုယ် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ရှီယွင်စန်း၏ခန္ဓာကိုယ်၌ ရှိသော ကျန်းဝမ်လျိုက ယခုဖြစ်ရပ်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါသည်။
“အောင်မြင်သွားတာတဲ့လား” သူ့ကျင့်ကြံဆင့်က အခုတွင် မူလအဆင့်သို့ရောက်သွားပြီဖြစ်သည်။ သူသည် အချိန်မရွေး မူလအဆင့်အထွဋ်အထိပ်သို့ ချိုးဖျက်နိုင်မည်ဟု ခံစားနေခဲ့ရပါသည်။ ကျန်းဝမ်လျို၏မူလခန္ဓာကိုယ်တွင် ရှီယွင်စန်း၏ဝိညာဉ်ရှိနေပြီး ထိုမူလခန္ဓာကိုယ်က မေ့မြောလျက်ရှိသည်။
ယခုလိုမျိုး ခန္ဓာကိုယ်ကူးပြောင်းခြင်းများ ပြီးဆုံးသွားပြီဖြစ်သောကြောင့် လီချန်ချင်းက ကျန်းဝမ်လျို၏မူရင်းခန္ဓာကိုယ်ကို သူ့နောက်ကျောတွင် လွယ်ထားသော သေတ္တာကြီးထဲသို့ ထည့်လိုက်ပါသည်။ ထို့နောက်တွင် မူချင်းကောနှင့်အတူတူ အာရုဏ်တက်သည့်အချိန်ရောက်အောင် စောင့်ဆိုင်းနေခဲ့ပါ၏။
ရှီယွင်စန်း၏ခန္ဓာကိုယ်ထဲသို့ရောက်သွားသော ကျန်းဝမ်လျိုက အခုချိန်တွင်တော့ အိမ်ပျက်ကြီးမှ ထွက်သွားပြီး ရှီယွင်စန်း၏နေထိုင်ရာအိမ်သို့ ပြန်သွားခဲ့ပြီဖြစ်ပါသည်။ မနက်ဖြန်မနက်ကျလျှင် သူသည် စန်းယွမ် ခန်းမသို့ သွားပြီး ဟန်မပျက်ဘဲ အလုပ်ပြန်လုပ်နေမည်ဖြစ်၏။ မနက်မိုးလင်းသောအခါ စန်းယွမ်ခန်းမသို့ ပိုင်တုသည် ပုံမှန်အတိုင်း အလုပ်လာခဲ့ပါသည်။
စန်းယွမ်ခန်းမသည် ညဘက်၌ အချက်အလက်များကို ထောက်ပို့ခြင်းမရှိပါ။ သို့သော် အချက်အလက်များကို သိချင်သူများ၏ အမှာစာများကိုတော့ လက်ခံထားသည်။ အမှာစာများကို လက်ခံပြီးသောအခါ လိုအပ်သည့်အချက်အလက်များကို ရှာဖွေပြီး ကူးယူရန်အတွက် ပိုင်တုက လူလိုက်ရှာနေခြင်းဖြစ်ပါ၏။
“ကြီးကြပ်ရေးမှူးကြီး”
ရှီယွင်စန်းကိုတွေ့သောအခါ ပိုင်တုက ပုံမှန်အတိုင်းပင် နှုတ်ဆက်လိုက်ပါသည်။
“အလို”
ကျန်းဝမ်းလျိုက ပိုင်တုအယောင်ဆောင်ထားတာတော့ ကျောက်ဟိုင်ကျီကို တစ်ချက်ကြည့်လိုက်ပါ၏။ ကျောက်ဟိုင်ကျီကလည်း သူ့လိုမျိုးပင် ဝိညာဉ်ကူးပြောင်းထားပြီး လီချန်ချင်းထည့်ထားသည့် သူလျှိုဖြစ်မှန်းကို သူက သိထားပြီးသားဖြစ်ပါသည်။ ထို့ကြောင့် သူက ပိုင်တု၏အနားသို့တိုးကပ်ကာ တိတ်တဆိတ် တီးတိုးပြောလိုက်ပါ၏။
“မနက်ဖြန်ကျရင် ဘာဖြစ်မှာလဲ”
ထိုစကားဝှက်မှာ လီချန်ချင်းသည် အရင်ဘဝကမ္ဘာမြေတွင် နေထိုင်ခဲ့စဉ်ကာလက ထင်ရှားကျော်ကြားခဲ့သော ကဗျာတစ်ပုဒ်မှ ကောက်နှုတ်ထားခြင်းဖြစ်ပါ၏။ ထိုကဗျာကို ဤလောကရှိ မည်သူမှ သိရှိမည်မဟုတ်ပါ။
“မနက်ဖြန်ကျရင် ဘာဖြစ်မှာလဲ”လို့ ပြောပြီးနောက်တွင် အနောက်တွင် ဆက်လိုက်ပါရမည့် ကဗျာစာသားကို မှန်ကန်အောင် ရေရွတ်နိုင်မှ သူလျှိုအချင်းချင်း သိကြနိုင်မည်ဖြစ်သည်။
ထိုစကားကိုကြားသော် ပိုင်တု၏မျက်ဝန်းများက အရောင်တောက်ပသွားပြီးနောက် ဖြေလိုက်ပါ၏။
“ကိုယ်တိုင်မကြည့်ဘဲ ဘယ်သိနိုင်ပါ့မလဲ”
ကဗျာ၏နောက်ဆက်တွဲ ကာရံစကားကို ကြားသောအခါ ကျန်းဝမ်လျိုက သဘောကျစွာဖြင့် ခေါင်းညိမ့်လိုက်ပါ၏။ ကြီးကြပ်ရေးမှူးက လီချန်ချင်းက သူလျှိုဖြစ်သွားပြီဖြစ်သောကြောင့် အချက်အလက်များကို ခိုးယူရန်မှာ လွန်စွာလွယ်ကူသွားပြီဖြစ်ပါသည်။
နေ့လည်မတိုင်ခင်မှာပင် လီချန်ချင်းသည် သူလိုချင်သောအချက်အလက်များအားလုံးကို လက်ထဲသို့ရရှိခဲ့ပြီဖြစ်၏။
ယွဲ့ဟန်ကျွင်း၊ ယွဲ့ချင်းဝူနှင့် နဂါးနှလုံးသွေးကြောတို့ တည်ရှိရာအရပ် ထိုအချက်အလက်သုံးခုလုံးက သူ့လက်ထဲသို့ ရောက်နေပြီဖြစ်သည်။ လိုချင်တာရရှိခဲ့ပြီဖြစ်သောကြောင့် လီချန်ချင်းသည် ထျန်းဟိုင်မြို့မှာ ဆက်လက်၍ မနေထိုင်တော့ဘဲ မူချင်းကောနှင့်အတူတူ ပြန်လည်၍ ထွက်ခွာလာခဲ့ကြပါသည်။
နှစ်ရက်ကြာမြင့်ပြီးသောအခါတွင်တော့ သူတို့နှစ်ဦးသည် မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ချန်ချင်းစံအိမ်တော်သို့ ရောက်လာသောအခါတွင် လီချန်ချင်းက ကျန်းဖုကွမ်းမှာ အိမ်သို့ပြန်ရောက်နေပြီဖြစ်ကြောင်းကို မြင်လိုက်ရပါ၏။
“ဖုကွမ်းရေ အခြေအနေ ဘယ်လိုထူးခြားလဲကွ”
လီချန်ချင်းက နည်းနည်းစိတ်အလောကြီးပြီး မေးလိုက်ပါသည်။ ဆေးဘုရင်တောင်ကြားနဲ့ ပတ်သတ်သော သတင်းအချက်အလက်များကို ယခုအချိန်ထိ မရရှိသေးသောကြောင့် လီချန်ချင်းက သံသယဖြစ်နေခဲ့ပါ၏။ ဆေးဘုရင်တောင်ကြား၏ဂိုဏ်းလုံးကျွတ် အသုတ်သင်ခံလိုက်ရမှုအကြောင်း ယခုချိန်ထိ သတင်းမထွက်သေးသည်မှာ လွန်စွာမှကို ထူးဆန်းလှပေသည်။ ကျန်းဖုကွမ်းက လီချန်ချင်းအား ထူးဆန်းနေသည့် အမူအရာနှင့်ကြည့်ပြီး အရိုအသေပေးလိုက်ပါ၏။
ထို့နောက်မှ သူက ပြောပြလိုက်သည်။
“လူကြီးမင်းချန်ချင်း တစ်ခုခုများနားလည်မှု လွဲနေတာလားဗျ”
“ကျွန်တော် ဆေးဘုရင်တောင်ကြားကို ရောက်သွားတဲ့အချိန်မှာ အားလုံးက ပုံမှန်အတိုင်းဖြစ်နေတယ်”
“လူကြီးမင်း ပြောသလိုမျိုး ဂိုဏ်းလုံးကျွတ်အသတ်ခံရတယ်ဆိုတာ အလောင်းတွေပုံနေတယ်ဆိုတာတွေ တစ်ခုမှ မရှိပါဘူး”
“တပည့်တွေအကုန်လုံးကလည်း အသက်ရှိနေပြီးတော့ ကျင့်ကြံမှုတွေလုပ်နေကြပါတယ်”
“ဆေးပင်ခူးနေတဲ့ တပည့်တွေလည်းကျွန်တော် တွေ့ခဲ့တယ်။ ပြီးတော့ အကြီးအကဲတွေအားလုံးကလည်း ပုံမှန်အတိုင်းကျင့်ကြံနေကြပြီးတော့ ဂိုဏ်းတာဝန်ကို ထမ်းဆောင်နေကြတယ်”
“အားလုံးက ပုံမှန်အတိုင်းပဲဗျ”
ထိုစကားကို ကြားသောအခါ လီချန်ချင်းတစ်ယောက် လွန်စွာ တုန်လှုပ်သွားခဲ့ပါ၏။
“ဂိုဏ်းလုံးကျွတ် သေသွားတာမဟုတ်ဘူးလား..။ အကုန်လုံးက ဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ”
“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
ထို့နေ့၌ သူနှင့် ယင်ချန်းလီသည် ဆေးဘုရင်တောင်ကြားတစ်ခုလုံး၌ အလောင်းများက တောင်လိုမျိုးပုံနေသည်ကို တွေ့ခဲ့ပါသည်။ ရှေးဟောင်းဆေးလှိုဏ်ဂူ အတွင်း၌လည်း ဆေးလှိုဏ်ဂူကြီးတစ်ခုလုံးအပြည့် ဂိုဏ်းတပည့်များ အကြီးအကဲများ၏အလောင်းများကို တွေ့ခဲ့ပါသည်။
သူသည် ရှေးဟောင်းဆေးလှိုဏ်ဂူမှ သုံးသက်ပန်းပန်းချီကားကိုပင် ခိုးယူခဲ့သည်မဟုတ်ပါလား။ ယင်ချန်းလီမှလွဲ၍ ဆေးဘုရင်တောင်ကြားတစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိပါ။ ဆေးဘုရင်တောင်ကြား၏ တောင်သခင်ဖြစ်သော မူဟန်ရှန်း၏အလောင်းတစ်ခုတည်းကိုသာ မတွေ့ခဲ့ရခြင်းဖြစ်သည်။ ယခုတွင်တော့ ကျန်းဖုကွမ်းက ဆေးဘုရင်တောင်ကြားကို ရောက်ပြီးတောင်မှ အားလုံးက အသက်ရှင်နေတယ်ဆိုပါလား။
ဘယ်လိုတွေဖြစ်ရတာလဲ… ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။