အခန်း (၃၉၀)
Vol. 33 Ch. 390
တကယ်ပဲ သရဲခြောက်တာများလား။ ဒီလူတွေအားလုံးက ငါတွေ့ခဲ့တုန်းက အားလုံးသေနေပြီးသား။ အခုကျတော့ ဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ။
“ဖုကွမ်း သူတို့တွေနဲ့ ပက်သက်ပြီးတော့ တစ်ခုခု ထူးခြားတာ မင်းတွေ့ခဲ့လား” လီချန်ချင်းက မယုံကြည်နိုင်သေးပါချေ။
“ထူးဆန်းတာလား” ကျန်းဖုကွမ်းက အချိန်အကြာကြီး တွေးတောလိုက်ပါ၏။ တစ်ခုခုများ လွဲမှားသွားမလားဆိုပြီး သူတွေးနေသည်။
အချိန်တော်တော်ကြာသည့်အခါ ကျန်းဖုကွမ်းက ဦးခေါင်းကို ခါရမ်းပြီး ပြောလိုက်ပါ၏။
“မှားယွင်းနေတာ တစ်ခုခုတော့ ဘာမှမတွေ့ခဲ့ပါဘူး” သူကပြောလိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်၏။ လီချန်ချင်းက ခိုင်မာစွာ ပြောဆိုနေခြင်း မဟုတ်ပါလျှင် ကျန်းဖုကွမ်းကလည်း သံသယဝင်မိမည် မဟုတ်ပါ။ ဆေးဘုရင်တောင်ကြားတွင် အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်၏။ လူများကလည်း ပုံမှန်အတိုင်းပင် သွားလာနေဆဲပင် ဖြစ်ပါသည်။ ကျန်းဖုကွမ်း ပြောသည့်အရာကို ကြားသောအခါ မူချင်းကောကလည်း ဆုံးဖြတ်ထားပြီးသော လေသံနှင့် ဝင်ပြောလိုက်ပါ၏။
“လူကြီးမင်း ချန်ချင်း ကျွန်မ ပြန်သွားချင်တယ်”
“အခုချိန် ပြန်သွားတာက မင်းအတွက် အန္တရာယ်များလွန်းတယ်”
လီချန်ချင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်ပါသည်။
“ငါပြောတာကို မင်းမယုံဘူးလား”
မူချင်းကောက သူမ၏ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။
“ရှင်အထင်လွဲနေပြီ ကျွန်မ ရှင့်ကို မယုံတာ မဟုတ်ဘူး။ ရှင်ကော ချန်းလီကော နှစ်ယောက်လုံးက ဆေးဘုရင်တောင်ကြား တစ်ခုလုံး အသုတ်သင်ခံလိုက်ရတာကို မြင်ခဲ့ရတယ်။ ရှင်တို့နှစ်ယောက်လုံးက မှားပြီးမြင်ခဲ့တယ်လို့ ကျွန်မ လုံးဝ မထင်ဘူး။ အခြေအနေတွေက အခုလိုမျိုး ရှုပ်ထွေးနေပြီဆိုမှတော့ ဆေးဘုရင်တောင်ကြားမှာ အခုလက်ရှိ အသက်ရှင်နေတဲ့ လူတွေက ဘယ်လိုလူတွေလဲ ဘယ်သူတွေလဲ ဆိုတာကို ကျွန်မ စုံစမ်းဖို့လိုလိမ့်မယ်။
ပြီးတော့ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို အတိအကျ သိရဖို့အတွက် ကျွန်မအဖေကို ကျွန်မ လိုက်ရှာဖို့လိုတယ်” မူချင်းကောက ခိုင်မာစွာ ပြောလိုက်ပါသည်။
ဆေးဘုရင်တောင်ကြားသည် သူမ၏အိမ်လည်း ဖြစ်ပါ၏။ အိမ်မှာ ပြသနာတက်နေမှတော့ မူချင်းကောက ဘယ်လိုလုပ်ပြီးတော့ ငြိမ်ငြိမ်နေနိုင်မှာလဲ။ ထို့အပြင် အကုန်လုံး သေသွားသော်လည်း သေသွားသည့်လူများတွင် သူမအဖေ မပါဝင်ပါ။ သူမအဖေသည် ဤလောကထဲတွင် သူမ၏ တစ်ဦးတည်းသော သွေးသားအရင်းအချာပင် ဖြစ်ပါသည်။ ထို့ကြောင့် မူချင်းကောက စိတ်မပူဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။
သူမ၏ဖခင်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းသို့ ဝင်ရောက်သွားပြီဖြစ်သော်လည်း သူမက ဖခင်ဖြစ်သူကို လက်မလွတ်နိုင်သေးပါချေ။ ထိုကြောင့် သူမသည် ပြန်သွားပြီးတော့ သူမကိုယ်တိုင် ကြည့်ရှုရန်အတွက် တွေးထားပါ၏။
"အဲ့နေရာက အရမ်းကို အန္တရာယ်များနေပြီ။ အဲ့ထဲကိုဝင်သွားတာက ကျားခံတွင်းထဲကို ဝင်သွားတာနဲ့ အတူတူပဲ။ တစ်ယောက်တည်း သွားလို့တော့ မဖြစ်ဘူး။ မင်းကို ငါလိုက်ပို့မယ်" လီချန်ချင်းက စိတ်ပူပန်စွာဖြင့် ပြောလိုက်ပါသည်။
ဆုမိသားစုမှာ သိပ်မကြာခင် ရောက်လာတော့မည် ဖြစ်၏။ လီချန်ချင်းက ဆုမိသားစုနှင့် ပြသနာများကို အရင်ဖြေရှင်းရန် တွေးထားပါသည်။ သူမရှိတဲ့အခါ ဆုမိသားစုက ဒေါသတကြီးဖြင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ဖျက်ဆီးပစ်မှာကို သူက စိတ်ပူနေခဲ့ပါ၏။
"မလိုပါဘူး"
မူချင်းကောက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်ပါသည်။
"ရှင့်ရဲ့ ကြင်နာမှုကို ကျွန်မ ကျေးဇူးတင်ပါတယ် လူကြီးမင်း ချန်ချင်းရယ် အမှန်တကယ်က ကျွန်မ ကိုယ့်အိမ်ကို ပြန်တာပါ။ ပြီးတော့ ကျွန်မက ရှင့်ကို ဒုက္ခတော်တော် ပေးခဲ့ပြီးသွားပြီလေ။ ရှင်သာ ကျွန်မကို မခေါ်ထားခဲ့ဘူးဆိုရင် အခုလောက်ဆို ကျွန်မက လမ်းမှာ ဒုက္ခတော်တော် ရောက်နေလောက်ပြီ။ ဒီကိစ္စကိုတော့ ကျွန်မ တစ်ယောက်တည်းပဲ ကိုင်တွယ်ပါရစေ။ ကျွန်မရဲ့အဖေက ကျွန်မကို အန္တရာယ်ပေးမယ်လို့ ကျွန်မ မယုံဘူး" မူချင်းကောက စိတ်အားတက်ကြွစွာဖြင့် လီချန်ချင်းကို ပြောနေခဲ့ပါသည်။
"ကောင်းပြီလေ အဲ့ဒါဆိုလည်း မင်းသွားနိုင်တယ် ဒါပေမဲ့ အခုတော့ မဟုတ်ဘူး။ မင်းအခုထွက်သွားလိုက်ရင် ငါအရမ်းစိတ်ပူနေရလိမ့်မယ် အရင်ဦးဆုံး ဆေးဘုရင်တောင်ကြားနဲ့ ပက်သက်ပြီးတော့ ဘာသတင်းအချက်အလက် ထူခြားလဲဆိုတာကို ကျန်းဝမ်လျှိုကို ကြည့်ခိုင်းလိုက်ဦးမယ်။
သတင်းအချက်အလက်တွေအားလုံးက တည်ငြိမ်ပြီးတော့ အေးဆေးနေတယ်ဆိုမှပဲ မင်းပြန်ခွင့်ရှိမယ်။ ရက်လေးနည်းနည်းလောက် စောင့်လိုက်ရတာက ပြသနာမရှိပါဘူး။ မင်းက ဆေးဘုရင်တောင်ကြားကပဲ မဟုတ်တော့ဘူး။ အခုချိန်မှာ မင်းက ငါ့ရဲ့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အင်အားစုလည်းဖြစ်နေပြီ။ အဲ့ဒါကြောင့်မလို့ မင်းလုံလုံခြုံခြုံနဲ့ ပြန်ရောက်လာဖို့ကိုပဲ ငါအလိုရှိတယ်။”
“ကောင်းပြီလေ”
လီချန်ချင်းက သူမအပေါ်တွင် အလွန်အမင်း ဂရုစိုက်သည်ကို မူချင်းကောက သတိပြုမိလိုက်ပါသည်။ လီချန်ချင်းပြောသော စကားများကို တွေးပြီးသည့်နောက်တွင် ဆေးဘုရင်တောင်ကြားသို့ မပြန်ခင်မှာ အချိန်တစ်ခုကြာအောင် စောင့်ဆိုင်းသင့်သည်ဟု သူမလည်း တွေးလိုက်မိပါသည်။
သူမသည် သူမ၏ဖခင်ကို ယုံကြည်သော်လည်း အထက်မှ အမိန့်ပေးပါက ဖခင်ဖြစ်သူက သူမအား သတ်ဖြတ်နိုင်သည်ကိုလည်း ကောင်းကောင်း နားလည်ထားပါသည်။
“ဒါကိုယူသွား အရေးကြုံလို့ရှိရင် မင်းကို ဒီဟာက ကာကွယ်ပေးလိမ့်မယ်” ထိုသို့ ပြောပြီးနောက်တွင် လီချန်ချင်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ပန်းပုရုပ်ထုတစ်ခုကို ထုတ်လိုက်ပါသည်။ ထို့နောက် ထိုပန်းပုရုပ်ထုကို မူချင်းကောထံသို့ ပေးလိုက်ပါ၏။
မူချင်းကောသည် သူမလက်ထဲတွင်ရှိသော ပန်းပုရုပ်ကို ကြည့်လိုက်၏။ ထိုပန်းပုရုပ်က ပုံမကျ ပန်းမကျ ထူးဆန်းစွာ ထုလုပ်ထားပါ၏။ သေချာကြည့်သောအခါ ကောင်းကင်ရှိ တိမ်တိုက်တစ်ခုနှင့် တူနေပါသည်။ ဒါပေမဲ့ လီချန်ချင်းပေးသောအရာများက အသုံးမဝင်သော အရာများ မဟုတ်မှန်းကို မူချင်းကော သိနေပါသည်။ ထိုအရာသည် အရေးကြုံလျှင် သူမကို ကောင်းကောင်း ကာကွယ်ပေးနိုင်မည့် ရတနာတစ်ခုပင် ဖြစ်လိမ့်မည်ဟု မူချင်းကောက တွက်ဆမိပါ၏။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း ချန်ချင်း” မူချင်းကောက နောက်တစ်ကြိမ် ကျေးဇူးတင်လိုက်ပြန်၏။
“ငါ့ကို အရမ်းရိုသေနေဖို့ မလိုဘူးလေ” လီချန်ချင်းက ပြုံးရင်း ပြောလိုက်ပါ၏။
“မင်းက ငါ့ကို အခုနောက်ပိုင်းမှာ တော်တော်လေး ကူညီပေးထားခဲ့တယ်။ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် စန်းယွမ်ခန်းမထဲကို ငါက သူလျှိုတွေ ဘယ်လိုလုပ် ထည့်သွင်းနိုင်ပါ့မလဲ။
ထိုသို့ ပြောပြီးနောက်တွင် လီချန်ချင်းက ထိုင်ချလိုက်ပြီး သူရရှိထားသော သတင်းအချက်အလက်များကို ထုတ်လိုက်ပါသည်။ သတင်းအချက်အလက် စာလိပ်တစ်ခုမှာ ယွဲ့ဟန်ကျွင်း၏ သတင်းအချက်အလက် ဖြစ်သည်။ နောက်တစ်ခုမှာတော့ ယွဲ့ချင်းဝူ၏ သတင်းအချက်အလက်ပင် ဖြစ်သည်။
“ယွဲ့ချင်းဝူလား” လီချန်ချင်းမှာ ယွဲ့ဟန်ကျွင်း၏ သတင်းအချက်အလက်ကိုသာ စိတ်ဝင်စားလိမ့်မည်ဟု မူချင်းကောက ထင်ထားခြင်းပင်ဖြစ်၏။ ယခုလိုမျိုး ယွဲ့ချင်းဝူနှင့် ပက်သက်သော အရာများကိုပင် စိတ်ဝင်စားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပါ။
“လူကြီးမင်း ချန်ချင်းက အဲ့ဒီမိန်းမအပေါ် တော်တော်လေး ဂရုစိုက်နေတာပဲ” မူချင်းကောက အန္တရာယ်ရှိသော အပြုံးတစ်ခုနှင့် ပြုံးရင်း ပြောလိုက်ပါသည်။ ထို့နောက်တွင် သူမ၏ရင်ဘတ်ကို ကော့လိုက်ပါ၏။ သူမက သူမ၏ရင်သားများနှင့် ယွဲ့ချင်းဝူ၏ ပြည့်ဖြိုးလုံးဝန်းသော ရင်သားများကို စိတ်ကူးနှင့်ခန့်မှန်းတိုင်းတာရင်းနှင့် တိတ်တဆိတ် ရေရွတ်လိုက်ပါသည်။
သူမသည် ယွဲ့ချင်းဝူ၏အောက် မည်မျှနိမ့်ကျနေတာမို့လို့ လီချန်ချင်းငတုံးကောင်က သူမကို မျက်လုံးထဲမမြင်ရတာလဲဟု တွေးနေခဲ့မိ၏။
“အဲ့ဒီမိန်းမက နည်းနည်းထူးဆန်းနေတယ်။ ဒါကြောင့်မလို့ သူမရဲ့အချက်အလက်တွေကို ငါသိချင်တဲ့အတွက်ကြောင့် ယူလာခဲ့တာ”
လီချန်ချင်းက ယွဲ့ချင်းဝူကို တစ်ကြိမ်သာ မြင်ဖူးခဲ့သော်လည်း သူမသည် လုံးဝရိုးရှင်းသောသူ မဟုတ်မှန်းကို သူ၏မသိစိတ်က ပြောပြနေခဲ့ပါသည်။ ထို့အပြင် လင်းချင်းကျီနှင့် တိုက်ခိုက်ရတော့မည့်ဆဲဆဲမှာပင် ယွဲ့ချင်းဝူက သူ့ကို ဝင်ရောက်ကယ်ဆယ်ခဲ့သည် မဟုတ်ပါလား။
ထိုသို့ဆိုရင်တောင်မှ ယွဲ့ချင်းဝူအပေါ်၌ ရှိသော လီချန်ချင်း၏ သံသယများက မပျောက်ကွယ်သွားသေးပါချေ။ ထို့ကြောင့် ယွဲ့ချင်းဝူက တစ္ဆေနွယ်မြက်ပင်ကို လီချန်ချင်းကို ပေးမည်ဟု ပြောသော်လည်း လီချန်ချင်းက သွားမယူခဲ့ခြင်းပင် ဖြစ်သည်။
သူက ယွဲ့ချင်းဝူကို လုံးဝ မယုံကြည်ပါ။ ယွဲ့ဟန်ကျွင်းနှင့် ယွဲ့ချင်းဝူတို့ နှစ်ယောက်၏ သတင်းအချက်အလက်များကို ဖွင့်ဖောက်ရင်းနှင့် လီချန်ချင်းက သေသေချာချာ စတင်ဖတ်ရှုလိုက်ပါတော့သည်။