အခန်း (၃၉၁)
Vol. 33 Ch. 391
စန်းယွမ်ခန်းမတွင် မှတ်သားထားသည့် သတင်းအချက်အလက်များက လွန်စွာမှကို အသေးစိတ်ကျလွန်းလှပါသည်။ လီချန်ချင်းက စကားလုံးတိုင်းကို သေသေချာချာ ဖတ်ရှု့နေခဲ့၏။ သူက စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း သူဖတ်ရှု့လိုက်ရသော အချက်အလက်များကို မြင်ပြီးသည့်နောက်တွင် ထိတ်လန့်သွားခဲ့ပါ၏။ ယွဲ့ချင်းဝူရော ယွဲ့ဟန်ကျွင်းပါ ရိုးရှင်းသော လူများမဟုတ်ပါချေ။
ယွဲ့ဟန်ကျွင်းသည် ငယ်ရွယ်သော ပန်းချီသူတော်စင်တစ်ပါးဖြစ်၏။ သူက စန်းယွမ်နယ်မြေကြီးတစ်ခု၏ သမိုင်းတစ်လျှောက်တွင် အငယ်ရွယ်ဆုံးသော ပန်းချီသူတော်စင်တစ်ပါးဖြစ်သည်။ ပန်းချီသူတော်စင်ဘွဲ့ကို သူသည် အသက်(၁၇)နှစ်အရွယ်တွင် စတင်ရရှိခဲ့၏။
ထိုအချိန်တုန်းက သူက စန်းယွမ်နယ်မြေကြီးတွင် တောက်ပလာသော ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့၏။ ပန်းချီဆရာတော်တော်များများက ယွဲ့ဟန်ကျွင်းသည် အတိုင်းအတာတစ်ခုတွင် ပန်းချီသူတော်စင်အဆင့်မှ ချိုးဖြတ်ပြီး မဟာလွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိကာ ပန်းချီအင်မော်တယ်တစ်ပါးဖြစ်လာလိမ့်မည်ဟု အတိအကျကို မှတ်ယူထားကြပါသည်။ ထို့နောက်တွင်တော့ ယွဲ့ဟန်ကျွင်းက ကျန်းချင်းလျိုနှင့်ဆုံတွေ့ခဲ့လေ၏။ သူသည် ကျန်းချင်းလျိုနှင့် တိတ်တဆိတ်ချစ်ကျွမ်းဝင်ကာ တွဲခဲ့ကြပါသည်။ ကျန်းထျန်းယွမ်ကလည်း ထိုကိစ္စကို သိသော်လည်း စိတ်မရှိခဲ့ပါချေ။
အသက်ကြီးမှ သမီးတစ်ယောက်ကို ရရှိခဲ့သောကြောင့် သမီးဖြစ်သူကို သူသည် လွန်စွာမှကို ချစ်မြတ်နိုး၏။ သမီး၏ခင်ပွန်းအဖြစ် ယွဲ့ဟန်ကျွင်းကိုလည်း တိတ်တဆိတ် အ သိအမှတ်ပြုထားပြီးသားဖြစ်ပါသည်။ သို့သော် တစ်ရက်၌ အကြောင်းပြချက်ကိုတော့ မသိရ။
ကျန်းထျန်းယွမ်က သူတို့နှစ်ဦး၏ ဆက်ဆံရေးကို စတင်၍ ကန့်ကွက်လာတော့၏။ ထိုကဲ့သို့သော ရုတ်တရက်ပြောင်းလဲမှုကို ယွဲ့ဟန်ကျွင်းက နားမလည်နိုင်ခဲ့ပါ။ နောက်ဆုံး၌ ထိုကိစ္စကို ယွဲ့ဟန်ကျွင်းက ရှာဖွေကြည့်ရင်းနှင့် တစ်စုံတစ်ခုကို သူတွေ့သွားပုံရသည်။
ထို့နောက်တွင်တော့ ကျန်းချင်းလျိုကို ခေါ်ကာ သူတို့နှစ်ဦးက တိတ်တဆိတ် ထွက်ပြေးခဲ့ကြပါတော့၏။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ကလေးငယ်တစ်ဦးကို မွေးဖွားနိုင်ခဲ့ပါသည်။ ထိုစာကြောင်းကို ဖတ်နေသည့်အခါ၌ လီချန်ချင်း၏နှလုံးသားတစ်ခုလုံးသည် နစ်မြှုပ်သွားခဲ့ပါသည်။ ထိုမွေးလာသည့် ကလေးက သူ၏သားဖြစ်သူ လီဟမ်ရှန်းပင် ဖြစ်ရပေမည်။
“အဲ့ဒါဆိုလို့ရှိရင် ယွဲ့ချင်းဝူပြောတဲ့စကားတွေက မှန်နေတာများလား”
သူက ယွဲ့ဟန်ကျွင်း၏အစ်ကိုကြီးဖြစ်ပြီးတော့ လီဟမ်ရှန်းက သူ့ရဲ့တူဖြစ်နေတယ်ဆိုတာလေ။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကြားမှာ သွေးသားစပ်နွယ်မှုခံစားချက်ကို သူက ခံစားနေရတာများလား။ လီဟမ်ရှန်းက သူ့ရဲ့ သားအရင်းမဟုတ်နိုင်ဘူးလား။
နောက်ပိုင်းတွင်တော့ ယွဲ့ဟန်ကျွင်းသည် အဆုံးအစမဲ့အကျဉ်းထောင်၌ ဖမ်းဆီးကာထိန်းချုပ်ခြင်း ခံထားရလိုက်ပါ၏။ ကျန်းထျန်းယွမ်က ယွဲ့ဟန်ကျွင်းကို မသတ်ခဲ့ပါ။ သို့သော် ယွဲ့ဟန်ကျွင်းထံမှာ တစ်စုံတစ်ခုကို ရရှိအောင် ကြိုးပမ်းနေခဲ့ပါသည်။ လီချန်ချင်းလက်ထဲ၌ ရှိသော သတင်းအချက်အလက်က ထိုကျန်းထျန်းယွမ်လိုချင်သည့် အရာက မည်သည့်အရာဆိုသည်ကိုတော့ မရေးပြထားပါချေ။ ထိုအရာသည် ကျန်းထျန်းယွမ်က အသေအချာလျှို့ဝှက်ထားခြင်းပင် ဖြစ်ရပေမည်။
ယွဲ့ဟန်ကျွင်း၏တောက်ပနေသော ဘဝကလည်း ချက်ချင်းကို အဆုံးသတ်သွားခဲ့ပါတော့၏။ ယွဲ့မိသားစုကလည်း ယွဲ့ဟန်ကျွင်းကို မိသားစုသစ္စာဖောက်ဟု စွပ်စွဲပြီးတော့ မိသားစုမှ ထုတ်ပယ်လိုက်ပါသည်။
“တော်တော်ကြီးကို ဖြစ်ရပ်မှန်ဆန်နေတာပဲ”
လီချန်ချင်းသည် သူ၏ဦးခေါင်းကို ခါယမ်းလိုက်၏။ ထိုသတင်းအချက်အလက်ထဲတွင် လီချန်ချင်းက ရင်းနှီးနေသော နာမည်တစ်ခုကို တွေ့လိုက်ရပါသည်။
“လီကျင်စုန့်”
ယွဲ့ဟန်ကျွင်းနှင့် လီကျင်စုန့်တို့သည် တစ်ချိန်တုန်းက လွန်စွာမှကို ရင်းနှီးခဲ့သော သူငယ်ချင်းများဖြစ်ခဲ့ကြပါ၏။ နှစ်ဦးစလုံးသည် ငယ်ရွယ်သော ပန်းချီသူတော်စင်အဆင့်များဖြစ်သောကြောင့် ဘယ်သူက ခွန်အားအရာ၌ ပို၍သာသနည်းဆိုတာကို အမြဲတမ်း တကျက်ကျက်နှင့် ငြင်းခုံနေကြပါ၏။
ကံဆိုးသွားတာက လီကျင်စုန့်က နဂါးကျွန်းသို့သွားပြီး နဂါးများ၏ပုံတူကို ရေးဆွဲခြင်းဖြင့် သူ၏အနာဂတ်ကို ဖျက်ဆီးခြင်းခံလိုက်ရပါသည်။
ယွဲ့ဟန်ကျွင်း၏ဘဝတစ်ခုလုံးကို ဖတ်ရှု့နေရင်းနှင့် ယွဲ့ဟန်ကျွင်းအကြောင်းကို အနည်းနှင့်အများတော့ လီချန်ချင်းက သိလာခဲ့ရပါ၏။ သူ၏ဘဝက စိတ်လှုပ်ရှားမှုများနှင့် အပြည့်ဖြစ်နေပါသည်။ တိမ်ကန္တာရနယ်မြေသို့ပင် ရောက်ရှိခဲ့ပြီး ပန်းချီသူတော်စင်အများအပြားနှင့်ပင် ဆုံတွေ့ခဲ့ဖူးပါ၏။
သူကတစ္ဆေမျိုးနွယ်မှ တစ္ဆေမျိုးနွယ်ပန်းချီဆရာများနှင့်ပင်လျှင် တွေ့ဆုံခဲ့ဖူးပါသည်။ တစ်ခါတုန်းက တစ္ဆေမျိုးနွယ်ဝင် မျက်နှာမဲ့ ပန်းချီသူတော်စင်ဟူသော ပန်းချီသူတော်စင်တစ်ပါးနှင့် ယွဲ့ဟန်ကျွင်းက သုံးလတိတိ ပန်းချီကားအရည်အသွေးကို ပြိုင်ဆွဲခဲ့ပါ၏။
အဆုံးသတ်တွင်တော့ သူက အနည်းငယ်လေးသာလွန်ခြင်းဖြင့် အနိုင်ရရှိခဲ့ပါသည်။
“ဒီလိုပါရမီရှိတဲ့လူမျိုးက မိန်းမတစ်ယောက်အတွက်နဲ့ အခုလိုမျိုးကျဆင်းသွားရတာတဲ့လား”
လီချန်ချင်းသည် သနားနေသော လေသံနှင့် တိတ်တဆိတ်ရေရွတ်လိုက်ပါ၏။ သတင်းအချက်အလက်ကို ဘယ်လောက်ပဲ အခေါက်ခေါက်အခါခါ ဖတ်ပါစေ ယွဲ့ဟန်ကျွင်း၏အစ်ကိုကြီးဖြစ်သော ယွဲ့ကျန်းကျွင်း၏အချက်အလက်ကိုတော့ ဘယ်လိုမှ သူရှာမတွေ့ခဲ့ပါ။
“ဒီလူက တကယ်ကော တည်ရှိလို့လား”
လီချန်ချင်းက သံသယအပြည့်နှင့် ဖြစ်နေခဲ့ပါ၏။ ဖြစ်နိုင်တာက ယွဲ့ချင်းဝူက သူ့ကို လိမ်ညာပြီး အကြောင်းပြချက်ပေးသွားတာပဲဖြစ်ရမည်။
ထို့နောက်တွင်တော့ လီချန်ချင်းသည် ယွဲ့ချင်းဝူနှင့်ပတ်သတ်သော သတင်းအချက်အလက်ကို ဖောက်ဖတ်လိုက်ပါသည်။ သူမ၏အစ်ကိုဖြစ်သော ယွဲ့ဟန်ကျွင်းနှင့် နှိုင်းယှဉ်ရသော် ယွဲ့ချင်းဝူသည် ပို၍ရိုးရှင်းဟန်ရှိပါ၏။ သို့သော် သူမက ယွဲ့မိသားစု၏ ဂုဏ်သိက္ခာတစ်ရပ်ပင် ဖြစ်ပါသည်။ သူမက ပန်းချီပညာနှင့်ပတ်သတ်သော နေရာ၌ အရည်အချင်းချို့တဲ့သော်လည်း ကျင့်ကြံခြင်းအရာ၌တော့ အားနည်းသူတစ်ဦး မဟုတ်ခဲ့ပါ။
သူမ၏အချက်အလက်များကို ဆက်လက်ဖတ်ရှု့နေရင်း ရင်းနှီးသောနာမည်ကို ထပ်မံ၍ တွေ့ရှိခဲ့ရပြန်လေသည်။ လီကျင်စုန့်ပင် ဖြစ်ပါသည်။ လီကျင်စုန့်သည် တစ်ချိန်တုန်းက ယွဲ့ချင်းဝူကို တမ်းတမ်းစွဲအောင် ချစ်ခဲ့ပါ၏။
သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေးတစ်ခုလည်း ရှိခဲ့ပါသည်။ ယွဲ့ဟန်ကျွင်းက အဆုံးအစမဲ့အကျဉ်းထောင်၌ အကျဉ်းချခံရပြီးသည့်နောက်ပိုင်းတွင် ညီမဖြစ်သူ ယွဲ့ချင်းဝူသည် အပြစ်ပေးခံရခြင်း မရှိရုံသာမက ထျန်းဟိုင်မြို့၌ ရာထူးကြီးသောနေရာတစ်ရပ်ကိုပါ ခန့်အပ်ခြင်းခံရပါသည်။ ထိုသတင်းအချက်အလက်ကို ဖတ်ရှု့ပြီးနောက် လီချန်ချင်းက မယုံနိုင်အောင်ဖြစ်နေခဲ့ပါ၏။ သူမနှင့်ပတ်သတ်သော သတင်းအချက်အလက်ကို ဆက်လက်၍ ဖတ်ရှု့လေလေ လီချန်ချင်း၏စိတ်နှလုံးသားက ပို၍ ထိတ်လန့်တုန်လှုပ်လေလေပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အပြစ်ကင်းစင်သော ပုံစံရှိသည့် ယွဲ့ချင်းဝူက လွန်စွာကြောက်မက်ဖွယ်ကောင်းသော လူတစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
လင်းချင်းကျီက ယွဲ့ချင်းဝူကို ရူးရူးမူးမူးချစ်မြတ်နိုးနေ၏။ သူမက သူ့အား မသိမသာ ထိန်းချုပ်နေသည်ကိုတော့ သူမသိပါ။ ထိုကဲ့သို့သော လူများ၏စိတ်ခံစားချက်များကို အသုံးပြုပြီး သူမလိုချင်သည့် အခြေအနေ အနေအထားကို ထိန်းချုပ်နိုင်ခြင်းက သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သော အရာမဟုတ်ပါချေ။
“ဒီလီကျင်စုန့်ကတော့”
လီချန်ချင်းက တွေးတွေးငေးငေးနှင့် ပြောလိုက်ပါ၏။ “ဒီကောင်ကတော့ ယွဲ့ချင်းဝူ ကစားသမျှကို ခံနေခဲ့ရတာပဲ”
“လူငယ်မျိုးဆက်ရဲ့ ပထမဦးဆုံးသော ပန်းချီသူတော်စင်အဲ့ဘွဲ့က တစ်ယောက်ပဲရသင့်တယ်”
ယွဲ့ချင်းဝူ၏မျက်လုံးထဲတွင် လူငယ်မျိုးဆက်၏ပန်းချီသူတော်စင်ဟူသောဂုဏ်ပုဒ်သည် သူမ၏အစ်ကိုဖြစ်သူ ယွဲ့ဟန်ကျွင်းသာ ရသင့်သည်ဟု တွေးထင်ထားခဲ့ပါ၏။ သို့သော် သူမ၏အစ်ကိုနှင့် အရည်အချင်းရော အလားအလာပါတူနေသူ လီကျင်စုန့်ကလည်း ပန်းချီသူတော်စင်ဖြစ်နေခဲ့သည်။ အသက်မှာလည်း တူညီနေခဲ့၏။
“သူမရဲ့အစ်ကိုနဲ့ ဘယ်လိုလုပ်ပြီး ဒီလူက ပန်းချီသူတော်စင်ဆိုတဲ့ဘွဲ့ကို အတူတူ ပြိုင်ပြီးယူရဲရတာလဲ”
လီကျင်စုန့်က သူမကို ချစ်မြတ်နိုးနေသောကြောင့် ယွဲ့ချင်းဝူသည် မသိမသာ သူမလိုချင်သောအရာများကို လီကျင်စုန့်အား ပြောပြရင်း ထိန်းချုပ်နေခဲ့ပါ၏။ နောက်ဆုံးတွင် သူမ၏အကြံများအောင်မြင်သွားပြီး လီကျင်စုန့်သည် သူမအတွက် နဂါးပုံကို ဆွဲရန်အတွက် ဟင်းလင်းပြင်နဂါးကျွန်းသို့ ထွက်သွားခဲ့ပါ၏။ ထိုကဲ့သို့ နဂါးကျွန်းသို့ ထွက်ခွာသွားရသည့် ရလဒ်အနေနဲ့ လီကျင်စုန့်က ဒဏ်ရာပြင်းထန်စွာရရှိပြီး ပန်းချီသူတော်စင်အဆင့်မှ လုံးဝကို လျောကျသွားခဲ့ရပါ၏။
သူက အသက်မသေခဲ့သော်လည်း ဒုက္ခိတတစ်ဦးဖြစ်သွားခဲ့ပါသည်။ သူသည် ပန်းချီသူတော်စင်အဆင့်မှ လျောကျလာပြီး ထိုအဆင့်ကို ဤဘဝတွင် ပြန်ရောက်နိုင်တော့မည် မဟုတ်ပါချေ။
ထိုကိစ္စဖြစ်သွားပြီးသည့်အခါတွင် အချစ်ရူးဖြစ်နေသည့် လီကျင်စုန့်က ယွဲ့ချင်းဝူနှင့် သူ့ကိုယ်သူ မထိုက်တန်တော့ဟု တွေးထင်ခဲ့ပြီး ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ ထွက်ပြေးလာခဲ့၏။ ထိုနေရာ၌သာ သူ့ဘဝကို ဇာတ်မြှုပ်ပြီး ဒဏ်ရာများကို ကုစားနေခဲ့ပါသည်။ ဖြစ်နိုင်တာက လီကျင်စုန့်သည့် ယွဲ့ချင်းဝူက သူ့အားခံစားချက်များရှိနေပြီး ယခုထက်ထိ လိုက်ရှာနေခြင်းပင်ဖြစ်မည်ဟု တွေးကောင်းတွေးထင်ထားပေလိမ့်မည်။
ဒါပေမဲ့ လီကျင်စုန့် မသိသည်က လီကျင်စုန့်အား ယခုလိုမျိုးအခြေအနေ ယခုလိုမျိုးဘဝကို ရောက်သွားအောင် နောက်ကွယ်က ကြိုးကိုင်ထိန်းချုပ်နေသူမှာ ယွဲ့ချင်းဝူဖြစ်နေသည်ဆိုသည်ကိုပင်ဖြစ်၏။ ထျန်းဟိုင်မြို့တွင်ရှိသော ယွဲ့ချင်းဝူက ဤလောကထဲတွင် အကောင်းဆုံးသော သတင်းအချက်အလက်ဌာနဖြစ်သော စန်းယွမ်ခန်းမ၌ ရာထူးကြီးမားသော ပုဂ္ဂိုလ်လည်းဖြစ်နေပြန်၏။
သူမသာ လီကျင်စုန့်ကို အမှန်တကယ်ရှာဖွေလိုစိတ်ရှိလျှင် တစ်မိနစ်အတွင်းမှာပင် လီကျင်စုန့် ဘယ်မှာရှိနေလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို ရှာဖွေနိုင်ပါ၏။ သို့သော် ယခုလိုမျိုး နှစ်ပေါင်းများစွာ ကြာသည်အထိ ယွဲ့ချင်းဝူသည် လီကျင်စုန့်ကို စာတစ်စောင်ပင် မပို့သခဲ့ပါ။ လီကျင်စုန့်ကလည်း ထိုအရာကို လုံးဝ သံသယမဝင်ခဲ့ပါချေ။
ထိုအတွေးများကို တွေးတောရင်းနှင့်် လီချန်ချင်းသည် လီကျင်စုန့်အား သနားနေခဲ့ပါ၏။
“ပါရမီရှင်ပန်းချီသူတော်စင်တစ်ပါးက အချစ်ရူးတစ်ယောက်ဖြစ်နေခဲ့ရတယ်လို့ကွာ”
ထိုအချက်များကို ထောက်ရှု့သောအခါတွင် ယွဲ့ချင်းဝူမှာ လွန်စွာ ရိုးရှင်းသော အမျိုးသမီးတစ်ဦး မဟုတ်ပါချေ။ သူမကို မယုံမကြည်ဖြစ်နေသော လီချန်ချင်း၏မသိစိတ်က မှန်ကန်နေခဲ့ပါ၏။ ထို့အပြင် လီချန်ချင်းက တစ်စုံတစ်ခုကိုတော့ သေချာသွားခဲ့ပါသည်။
သူ့ကို တစ်ချိန်လုံး အရုပ်တစ်ရုပ်လိုမျိုးကစားပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုတွေအကုန်လုံးကို ကြိုးကိုင်နေတဲ့သူက ယွဲ့မိသားစုပင်ဖြစ်ရမည်။ ယွဲ့ချင်းဝူနှင့် ယွဲ့ဟန်ကျွင်းလည်း ဖြစ်နိုင်ချေ ရှိပါသေးသည်။ သူတို့သာ မဟုတ်ခဲ့ဘူးဆိုလျှင် ယွဲ့ချင်းဝူက သူ့ကို အချက်အလက်တွေအားလုံး ဘာလို့ထုတ်ဖော်ပြီးတော့ ပြောပြရမှာလဲ။
စန်းယွမ်ခန်းမကနေ သူမတို့၏အချက်အလက်များအားလုံးကို လီချန်ချင်းက ရရှိနေလိမ့်မည်ဟု ယွဲ့ချင်းဝူက မျှော်လင့်ထားပုံမရှိပါချေ။ အမှန်တရားကို ဖုံးကွယ်နေသော မြူခိုးများက စတင်၍ ပယ်ရှားလာပါတော့သည်။
သို့သော် မြူခိုးတစ်ခု ပယ်ရှားသွားပြီးတဲ့နောက်တွင် နောက်ထပ်မြူခိုးတစ်ခုက ရစ်ပတ်ကာ အုံ့မှိုင်းနေပြန်ပါသည်။ သူက ဤလောကသို့ ကမ္ဘာကူးပြောင်းလာပြီးသည့်နောက်တွင် မူလလီချန်ချင်းက သည်လောကကြီးမှာ ဘယ်လိုနေရာမျိုးမှာ ပတ်သက်နေရတာလဲဆိုတာကို သူသိချင်နေခဲ့ပါ၏။
သူ့ရဲ့တကယ့်အစစ်အမှန်က ဘာလဲ။
သူကဘယ်သူလဲ။
ယွဲ့ချင်းဝူကတော့ လီချန်ချင်းက သူမနှင့် ယွဲ့ဟန်ကျွင်းတို့၏ အကြီးဆုံးအစ်ကိုကြီးဟု ခေါ်ပါသည်။ သို့သော် လီချန်ချင်းက ထိုစကားကိုတော့ လုံးဝ မယုံကြည်နိုင်တော့ပါချေ။ ထိုမိန်းကလေး၏စကားမှာ ယုံချင်စရာတစက်မှ မရှိပါချေ။ နောက်ထပ် လီချန်ချင်းကို စိတ်ဒုက္ခပေးနေတဲ့ အချက်က လီဟမ်ရှန်းက သူ့ရဲ့သားအရင်းမဟုတ်ပြန်ဘူးတဲ့။
“ဟူး….”
လီချန်ချင်းက စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပါသည်။
“အစ်ကိုချန်ချင်း ရှင်အဆင်ပြေရဲ့လား”
“လူကြီးမင်းချန်ချင်း အဆင်ပြေရဲ့လား”
လီချန်ချင်း၏ အကျပ်ရိုက်နေသော မျက်နှာထားကိုမြင်သောအခါ ကျန်းဖုကွမ်းက မေးမြန်းလိုက်ပါသည်။
“ငါအဆင်ပြေပါတယ်”
လီချန်ချင်းက သက်ပြင်းချရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပါသည်။
အခြေအနေတွေက ဒီလိုမျိုးဖြစ်နေမှတော့
လီချန်ချင်းသည် သူ၏အစီအစဉ်များ အကောင်အထည်ဖော်ရန်အတွက် ဖြည်းဖြည်းချင်းရှေ့သို့တိုးရန်သာ ရှိပါတော့သည်။
“ဖုကွမ်း ယင်ဖန်းချီဆီကို သွားလိုက် .. ပြီးတော့ အနီရောင်သွေးဓားသွားကို ငါ့ဆီကို ယူလာခဲ့လိုက်လို့ ပြောလိုက်ကွာ”
လီချန်ချင်းက အမိန့်ပေးလိုက်ပါသည်။
“သခင်ကြီးရဲ့ အမိန့်အတိုင်းပါ”
ကျန်းဖုကွမ်းက အနောက်သို့လှည့်ပြီးတော့ အရိပ်ထဲသို့ တိုးဝင်သွားခဲ့၏။
လီချန်ချင်း၏စိတ်အခြေအနေမကောင်းနေသည်ကို မြင်သောအခါ မူချင်းကောကလည်း အနည်းငယ် ပူပန်သွားခဲ့ပါ၏။ သတင်းအချက်အလက်စာလိပ်ထဲတွင် မည်သည့်အရာများကို ရေးထားခဲ့သည်ကို သူမက သေချာမသိသည့်တိုင် လီချန်ချင်း၏မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အခြေအနေများမှာ လီချန်ချင်းခန့်မှန်းထားသည်ထက် ဆိုးရွားနေဟန်ရှိသည်ကိုတော့ သူမကလည်း တွက်ဆမိပါသည်။ မူချင်းကောက လီချန်ချင်းကို ဘယ်လိုမျိုး နှစ်သိမ့်ရမလဲဆိုတာကို မတွေးမိပါ။
ထို့ကြောင့် သူမသည် လီချန်ချင်း၏အနောက်သို့ တိုးကပ်လာပြီး လီချန်ချင်း၏ပုခုံးကို သူမ၏သေးသွယ်နုနယ်သော လက်ကလေးများဖြင့် နှိပ်နယ်ပေးနေခဲ့ပါ၏။ ထိုဖြစ်ရပ်ကြောင့် လီချန်ချင်းက ရုတ်တရက် လန့်သွားခဲ့၏။ သူမ၏သေးသွယ်သော လက်ကလေးများမှာ နူးညံ့လှပြီးတော့ နှိပ်နယ်ရာ၌လည်း လွန်စွာ ကျွမ်းကျင်လှပါ၏။ သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသော အတွင်းအားများ သွေးကြောဆုံမှတ်များအားလုံးကို သူမက တိကျစွာ နှိပ်နယ်ပေးသောကြောင့် လီချန်ချင်းသည် တဖြည်းဖြည်းနှင့် အင်မတန်နေလို့ကောင်းလာခဲ့ပါသည်။
“ဆေးဘုရင်တောင်ကြားက စုန့်နတ်သမီးက ကျုပ်ကို အခုလိုမျိုးနှိပ်ပေးနေတာကို တစ်ယောက်ယောက်က သိသွားလို့ရှိရင်တော့ သိုင်းလောကက သူရဲကောင်းတော်တော်များများက ကျုပ်ရှိတဲ့နေရာကို ဝုန်းဒိုင်းဆိုပြီးတော့ ပြေးဝင်လာပြီး ကျုပ်ခေါင်းကို လာယူကြလိမ့်မယ်ဗျ”
လီချန်ချင်းသည် အပြုံးတစ်ခုနှင့် ပြောလိုက်ပါ၏။
“ဟင်း…ဟင်း..”
မူချင်းကောကလည်း လီချန်ချင်း၏စကားကို ကြားသော သဘောကျစွာနဲ့ ဆက်ပြောလိုက်ပါ၏။
“သူတို့မကျေနပ်လို့ရင် ကြိုက်သလောက်လာလို့ရတယ်လေ”
“ရှင်က သူတို့ကို ကြောက်လို့လား”
လီချန်ချင်းက ခပ်ဖျော့ဖျော့ပြုံးပြလိုက်ပါ၏။
မှန်ပါသည်။ မိန်းမလှတွေက ပြဿနာတွေကို တကယ်ယူနိုင်တာပဲ
ထိုအခိုက်မှာပင် အိမ်တော်၏အစေခံတစ်ဦးက လီချန်ချင်းရှေ့သို့ ရောက်လာပြီး အရိုအသေပေးလိုက်ပါ၏။ ထို့နောက်တွင် လီချန်ချင်းကို စာတစ်စောင်ကမ်းပေးလိုက်ပါသည်။
“ဒီစာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ပို့လိုက်တာလား”
စာအိတ်ကိုကြည့်လိုက်သောအခါတွင် ထိုစာမှာ ချန်ချင်းကုန်သွယ်ရေးမှ လီချန်ချင်းထံသို့ ပို့လိုက်သည့်စာဖြစ်မှန်းကို သတိပြုမိလိုက်၏။ စာအိတ်ကိုဖောက်ကာ စာဖတ်ကြည့်လိုက်သောအခါတွင် ဝူစန်းထောင်သည် ချန်ချင်းကုန်သွယ်ရေးသို့လာပြီး စိုက်ပျိုးရန်အတွက် အစေ့များနှင့် ဓာတ်မြေဩဇာများကို လာဝယ်ယူသည်။ ထို့အပြင် သူက ကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်ဖြတ်သန်းရန်အတွက် လိုအပ်သောအရင်းအမြစ်များရှိမလားဟုပင် စုံစမ်းထားပါ၏။