← Chapters

အခန်း (၃၉၃)

Vol. 33 Ch. 393

အခန်း (၃၉၃)

Vol. 33 Ch. 393

“ကျွန်တော့်မှာ ဆန္ဒရှိပါတယ်”

တုံ့ဆိုင်းမနေဘဲနှင့် ဝူစန်းထောင်က ချက်ချင်းကို သဘောတူညီလိုက်ပါသည်။ လူချင်းလဲတာက သူ့အတွက် အရေးမကြီးပါချေ။ သူ့ရဲ့လက်ရှိ သရုပ်မှန်ကလည်း အရမ်းကြီး ထူးခြားနေတာ မဟုတ်ဘူးလေ။ သူ့မှာ အားကိုးအားထားလောက်စရာ နောက်ခံလည်း မရှိဘူး။ စွမ်းအားကြီးမားတဲ့ နောက်ခံလည်း မရှိဘူး။ ပြီးတော့ သူ့ရဲ့ပါရမီကလည်း နိမ့်ပါးသေးတယ်။

ကြီးကြီးမားမား ကံကောင်းခြင်းတွေ မကြုံတွေ့ဘူးဆိုရင် ပြန်လည် မွေးဖွားခြင်းအဆင့် အထွတ်အထိပ်က ဒီဘဝမှာ သူ့ရဲ့သွားနိုင်တဲ့ အတိုင်းအတာပဲ ရှိမယ်။ ဒါပေမဲ့ ဝူစန်းထောင်က ထိုအရာကို နှလုံးသားထဲကနေပင် လက်မခံချင်ပါ။ သူက ဒီထက်ပိုပြီးတော့ ဝေးဝေး သွားချင်သေးတယ်။ ဒီထက်ပိုပြီး စွမ်းအားကြီးချင်တယ်။ လောကကြီးကို စွမ်းအားရှင် တစ်ယောက်ရဲ့ အမြင်ကနေ ကြည့်ချင်သေးတယ်။

စန်းယွမ်နယ်မြေကြီးတစ်ခုလုံးကို မြင့်မားတဲ့ အဆင့်အတန်း ရှိတဲ့နေရာကနေ ကြည့်ချင်တယ်။ သူ့မှာ အရင်တုန်းက အဲ့လိုအခွင့်အရေး တစ်ခါမှ မရခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ လီချန်ချင်းက သူ့ကို အခွင့်အရေး ပေးနေပြီ။ ဘယ်လိုလုပ်ပြီးတော့ သူက အရှုံးပေးရမှာလဲ။ ဘယ်လိုမျိုး သရုပ်မှန်နဲ့ပဲ သူနေရမလဲဆိုတာ သူ့အတွက် အရေးမပါဘူးလေ။

“ကောင်းတယ်”

ဝူစန်းထောင်က သဘောတူညီပြီ ဖြစ်သောကြောင့် လီချန်ချင်းက ခေါင်းညိမ့်ပြလိုက်သည်။ ဝူစန်းထောင်သည် လိမ္မာပါးနပ်ပြီး ဉာဏ်ကောင်းပါသည်။ သူ့ရဲ့ ဉာဏ်ထက်မြက်မှုကို ပြသရန်အတွက် အခွင့်ကောင်း သူ့တွင် ရှိမနေခြင်းက ဆိုးရွားလှပေသည်။ ဆုမိသားစု၌ သူ့ရဲ့ပါရမီများကို ပြသနိုင်လျှင် ပိုကောင်းမည် ဖြစ်သည်။

“ကောင်းပြီ အဲ့တာဆိုရင် ဆုရှန်းချီရဲ့ အချက်အလက်တွေ အကုန်လုံးကို မင်းကြိုပြီးရင်းနှီးအောင် ဖတ်ထားဖို့အတွက် တစ်ယောက်ယောက်ကို ငါယူလာခိုင်းလိုက်မယ်”

လီချန်ချင်းက ပြောလိုက်၏။

“မင်းဆုံးဖြတ်ချက် ချပြီးသွားရင် မင်းနဲ့ ဆုရှန်းချီတို့ နှစ်ယောက်ကို လူချင်း ငါလဲပေးလိုက်မယ်။ ရက်နည်းနည်းကြာရင် ဆုမိသားစုက လူတွေ‌ ရောက်လာတော့မယ်။ အဲ့အချိန်ကျရင် လူစားထိုးထားတဲ့ မင်းကို ဆုမိသားစုက ပြန်ခေါ်သွားလိမ့်မယ်”

“လူစားထိုးတယ်ဆိုတာ ဘယ်လိုမျိုး လုပ်မှာလဲ”

ဝူစန်းထောင်က ထိုကိစ္စကို သိချင်နေပါသေးသည်။

“အဲ့တာက ဝိဉာဉ်ချင်းလဲတဲ့ လျှို့ဝှက်နည်းလမ်းပဲ။ အဲ့နည်းလမ်းကို အသုံးပြုလိုက်ပြီးသွားရင် ဆုရှန်းချီရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေတာက မင်းရဲ့ဝိဉာဉ် ဖြစ်သွားပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ဆုရှန်းချီရဲ့ ဝိဉာဉ်က ရောက်သွားလိမ့်မယ်”

လီချန်ချင်းက လွန်စွာ လေးနက်စွာဖြင့် ရှင်းပြလိုက်ပါသည်။

“အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းက ရှိနေတာလား”

ဝူစန်းထောင်ကလည်း အမြင်ကျယ်သွားခဲ့ပါ၏။ စန်းယွမ် နယ်မြေကြီး၌ လျှို့ဝှက်နည်းလမ်းများ တားမြစ်နည်းလမ်းများ များစွာတို့ ရှိပါသည်။ ဒါပေမဲ့ ဝိဉာဉ်ချင်း လဲလှယ်လို့ရသော ကျင့်စဉ်နည်းလမ်းများကို ဝူစန်းထောင်က တစ်ခါမှ မကြားခဲ့ဖူးပါ။ရှေးဟောင်း တာအို တောင်တန်းဂိုဏ်းတွင် ရှိသော ရှေးဟောင်း သိုင်းကျမ်းများတွင်ပင်လျှင် မရှိခဲ့ပါချေ။

“မင်းအဆင်သင့်ပဲဆိုရင် ဝိဉာဉ်ချင်းလဲဖို့အတွက် ငါကူညီပေးမယ်”

ဝူစန်းထောင်သာ သဘောတူညီတယ်ဆိုပါက လီချန်ချင်းအနေနဲ့ ဒီညမှာပဲ ခပ်မြန်မြန် ဝိဉာဉ်ချင်း လဲရန်အတွက် တွေးတောထားပါသည်။ ဆုမိသားစုက လူတွေက သိပ်မကြာခင်ပဲ ရောက်လာတော့မည် မဟုတ်ပါလား။ ထို့ကြောင့် စောစောစီးစီးကတည်းက ကြိုတင်ပြင်ဆင်ထားသည်မှာ အကောင်းဆုံးပေ ဖြစ်ပေလိမ့်မည်။

“အဲ့ဒါဆိုရင် ကျေးဇူးပြုပြီးတော့ လုပ်လိုက်ပါ ဦးလေး”

ဝူစန်းထောင်ရဲ့ မျက်ဝန်းများကလည်း အရောင် တောက်ပသွားပါ၏။ သူ၏လေသံထဲတွင် စိတ်အားတက်ကြွပြီး မျှော်လင့်နေသော အရိပ်အရောင်များလည်း ပါဝင်နေခဲ့ပါသည်။ ထို့နောက် လီချန်ချင်းက မူချင်းကောကို လှမ်းခေါ်လိုက်ပါ၏။

ဆုရှန်းချီ၏ ခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်အစားထိုးရန်အတွက် သင့်တော်သော လူကို ဒီလောက်မြန်မြန် ရှာတွေ့လိမ့်မည်ဟု မူချင်းကောက မထင်ထားခဲ့သောကြောင့် အနည်းငယ်တော့ အံ့ဩသွားခဲ့ပါသည်။

ဒါက လီချန်ချင်းရဲ့ ရွေးချယ်မှု ဖြစ်တာကြောင့် မူချင်းကောကလည်း ကောင်းသည် ဆိုးသည် ဘာတစ်ခုမှ ဝင်မပြောခဲ့ပါ။ သူမက ဝိဉာဉ်ကူးပြောင်းခြင်း ကျင့်စဉ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီ ဖြစ်၏။ လီချန်ချင်းကို ကူညီပေးနိုင်သည်ကပင်လျှင် သူမအတွက် ပျော်ရွှင်စေပါသည်။ အနည်းဆုံးတော့ လီချန်ချင်းက သူမကို လိုအပ်နေသည် မဟုတ်ပါလား။

မူချင်းကော နေထိုင်ရာ ခြံဝန်းလေးထဲသို့ ရောက်သောအခါ လီချန်ချင်းက အိမ်မက်ဝိဉာဉ် ကျောက်တုံးကို ထုတ်ယူလိုက်ပါ၏။ ပထမဦးဆုံးအနေနှင့် အိမ်မက်ဝိဉာဉ် ကျောက်တုံးအတွင်း၌ ရှိသော အခြေအနေများကို သူက အရင်ဆုံး လေ့လာလိုက်ပါသည်။ အတွင်းတွင်ရှိသော ဆုမိသားစု၏ မြေးအဖိုးနှစ်ယောက်၏ အခြေအနေကို တစ်ချက် ကြည့်ကြည့်လိုက်သည်။

ဆုကျန်းက ထောင်ထဲတွင် ရှိနေဆဲပင် ဖြစ်၏။ သူက ထောင်ထဲမှ လွတ်သေးပါ။ သူ၏စိတ်များမှာလည်း မတည်မငြိမ် ဖြစ်နေပြီးတော့ စိတ်ဖောက်ကာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့သည်။ ဒီလောက်ကတော့ လီချန်ချင်း မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်၏။

တစ်ချိန်တုန်းက ဆုကျန်းသည် စန်းယွမ် နယ်မြေကြီး၏ ဆုမိသားစု၏ ဘိုးဘေး ဖြစ်ပါသည်။ သူနှာတစ်ချက်ချေလိုက်ရင် စန်းယွမ်နယ်မြေကြီး တစ်ခုလုံး ဖိတ်ဖိတ်တုန်သွားလောက်အောင် စွမ်းဆောင်နိုင်သော ဩဇာအာဏာ ရှိသည့်လူကြီး တစ်ယောက် ဖြစ်ပါသည်။

ထိုကဲ့သို့သော စွမ်းအားရှင် တစ်ယောက်က လမ်းဘေး၌ ပုလင်းများ ဘူးများ အမှိုက်ကောက်ရသည့် အခြေအနေနှင့် ထောင်ထဲတွင် ဆပ်ပြာ ကုန်းကောက်ပြီး ထောင်သားများကို ဖျော်ဖြေနေရသော အခြေအနေမျိုး ဖြစ်သွားမှတော့ ဘယ်လိုလုပ်ပြီးတော့ ခံစားနိုင်တော့မှာလဲ။

ထို့နောက် လီချန်ချင်းက ဆုရှန်းချီ၏ အခြေအနေကို ကြည့်လိုက်ပါ၏။ ဆုရှန်းချီ၏ အခြေအနေကို မြင်သောအခါတွင်တော့ လီချန်ချင်းက အလွန်အင်မတန်မှကို ထိတ်လန့် အံ့ဩသွားခဲ့ပါသည်။ ဆုရှန်းချီ၏ အခြေအနေက ဆုကျန်းထက် အများကြီး သာနေပါသည်။ ဆုကျန်းက အတိတ်တုန်းကတော့ အိမ်မက်ဝိဉာဉ် ကျောက်တုံးထဲမှ ဖောက်ထွက်ပြီး စန်းယွမ် နယ်မြေသို့ ပြန်လာရန် ကြိုးပမ်းခဲ့၏။

ဒါပေမဲ့ ဆုရှန်းချီကတော့ အိမ်မက်ဝိဉာဉ် ကျောက်တုံးမှ ထိုးဖောက်ရန်ကို လုံးဝကို လက်လျှော့လိုက်ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဆုရှန်းချီသည် အင်တာနက်ဆိုင်တွင် အွန်လိုင်းဂိမ်း တစ်ခုကို ဆော့ကစားနေသည်။ စီးကရက် တစ်လိပ်ကိုလည်း သူ့ပါးစပ်တွင် တေ့ကာ သောက်နေပါ၏။ သူ့ခေါင်းတစ်ခေါင်းလုံးကို အဝါရောင် ဆေးများ ဆိုးထားသောကြောင့် ဆံပင်များက ဝါကြောင်ကြောင်ကြီး ဖြစ်နေခဲ့ပါသည်။ သူက မြို့က တေလေဂျပိုး လူငယ်များနှင့် အပေါင်းအသင်း လုပ်နေခဲ့၏။

“ဆရာကြီး သောက်ပါဦး”

လူဆိုးလူမိုက်လေးများက ဆုရှန်းချီကို ခေါင်းဆောင်နေရာ တင်ထားပြီး ဖားယားနေပါ၏။ ဆုရှန်းချီက လက်တစ်ဖက်ကို ကီးဘုတ်အပေါ်တွင် တင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ဘီယာပုလင်းကို လှမ်းယူလိုက်ပါသည်။ ထို့နောက် ပုလင်းကို တစ်ကျိုက်တည်းနှင့် မော့သောက်ချလိုက်၏။

ဆုရှန်းချီ၏ လူမိုက်ဆန်ဆန် အသွင်အပြင်ကို မြင်လိုက်ရပြီးသည့် နောက်တွင် လီချန်ချင်းက သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ သိပ်မကြာခင် တုန်းက ဆုရှန်းချီက ကျောင်းစာများကို သေချာ သင်ကြားပြီးတော့ အမ်အိုင်တီ တက္ကသိုလ်ကို ဝင်ရောက်နိုင်ရန် အတွက် ကြွေးကြော်ခဲ့ပါ၏။ ထိုအခြေအနေမှ ယခု အခြေအနေ အထိသို့ ကျဆင်း သွားလိမ့်မည်ဟု သူမမျှော်လင့် ထားခဲ့မိပါချေ။

သို့သော် ထိုကဲ့သို့ ဖြစ်သွားရသည်မှာလည်း ဆုရှန်းချီရဲ့ အပြစ်တော့ မဟုတ်ပါ။ စာသင်ရခြင်းမှာ ဆုရှန်းချီအဖို့ လွန်စွာကို ခက်ခဲနေသည် မဟုတ်ပါလား။ ထို့ကြောင့် ဆုရှန်းချီသည် အတန်းပညာ သင်ကြားရန်အတွက် လုံးလုံးလျားလျားကို လက်လျှော့လိုက်ပါ၏။ အိမ်မက်ဝိဉာဉ် ကျောက်တုံး အထဲရှိ လောကထဲ၌ နေထိုင်ရသည်မှာ အရမ်းကြီး မဆိုးလှပါချေ။

ထိုနေရာ၌ မြောက်များစွာသော အွန်လိုင်းဂိမ်းများ ဆော့ကစား၍ ရပါသည်။ သိပ်မကြာခင်ပင် ဆုရှန်းချီက မြေအောက်ဂူတိုက်ပွဲ ဟူသော အွန်လိုင်းဂိမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအွန်လိုင်းဂိမ်းကို အားပါးတရ ဆော့ကစားပြီးသည့် နောက်တွင် ဆုမိသားစု၏ သခင်လေး မလုပ်ရခြင်းကလည်း ကောင်းပါသည်ဟု သူကတွေးလာ မိပါသည်။

နေ့ရက်တိုင်းကို ပြည့်ပြည့်ဝဝ ပျော်ရွှင်ခြင်းကသာ ဘဝ၏ အဓိပ္ပာယ်ဟု ဆုရှန်းချီက တွေးတောထားပါ၏။ ဆုရှန်းချီ၏ မိဘများကလည်း သူ့ကို လုံးဝကို စွန့်ပစ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဆုရှန်းချီ အိမ်ပေါ်က ဆင်းပြီး ထွက်ပြေးလာသော်လည်း သူ့အိမ်က လုံးဝ လိုက်မရှာခြင်း ဖြစ်သည်။

ဂွီ…

ဗိုက်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ဆုရှန်းချီက ခံစားလိုက်ရပါ၏။ သူဗိုက်ဆာနေပြီ ဖြစ်သည်။

“မျောက်ကြီးရေ ငါဗိုက်ဆာတယ်ကွာ မင်းမှာ ပိုက်ဆံရှိလား။ ပိုက်ဆံ ရှိတယ်ဆိုရင် ငါတို့ ဝက်သား ထမင်းပေါင်း မှာစားရအောင် ”

ဆုရှန်းချီက သူ့နံဘေးတွင် ရှိသော အသားမဲမဲ ပိန်ပိန်ပါးပါးနဲ့ လူငယ်လေးကို လှမ်းပြောလိုက်ပါ၏။ ထိုလူငယ်လေးက သူ့နားတွင် တပ်ထားသော နားကြပ်ကို ဖြုတ်လိုက်ပြီး အိတ်ထောင်ထဲတွင် တစ်စုံတစ်ခုကို ရှာလိုက်ပါသည်။ ထို့နောက် ပိုက်ဆံအိတ်ကို ထုတ်ပြီး ပိုက်ဆံများကို ရေလိုက်သောအခါတွင် ၇ ယွမ် ထွက်လာပါသည်။ သူက ဦးခေါင်းကို ခါရမ်းပြီး ပြောလိုက်သည်။

“ပိုက်ဆံမလောက်ဘူးကွ”

“ဂွပဲ… အဲ့တာဆိုရင် အသင့်စားခေါက်ဆွဲခြောက် နှစ်ထုပ်ပဲ စားရတော့မှာပေါ့”

ဆုရှန်းချီက သူ၏လက်ကို စိတ်ပျက်လက်ပျက်နှင့် ဝေ့ရမ်းပြလိုက်သည်။ သို့ပေမဲ့ ထိုအခိုက်မှာပင် ဆုရှန်းချီက သူ့အရှေ့တွင် ရှိသော ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ပြီး အားပါးတရ အော်ဟစ်လိုက်၏။

“သောက်ချီးပဲ ငါမှော်ဓားကြီး ရလာပြီဟေ့”

မှော်ဓားဟူသော နာမည်ကို ကြားသောအခါ ဂိမ်းဆိုင်ထဲတွင် ရှိသော လူများအားလုံးက အပြေးအလွှား လာပြီးတော့ ဝိုင်းအုံ ကြည့်ရှုကြပါတော့သည်။ ဆုရှန်းချီက အမှန်တကယ်ကို မှော်ဓားကို ရအောင် ရှာဖွေနိုင်ခဲ့ပေသည်။ ဆုရှန်းချီ၏ မျက်လုံးများက အရောင်တောက်ပသွားသည်။

မှော်ဓားမှာ ဤအွန်လိုင်းဂိမ်းတွင် လွန်စွာရှားပါးပြီး စွမ်းအားကြီးသော အရာဖြစ်၏။ ထိုဂိမ်းအကောင့်ကို ရောင်းလိုက်ပါက ယွမ်ထောင်ချီ ရမည်ဖြစ်သည်။ ထိုမျှများပြားသော ပိုက်ဆံဖြင့်ဆိုလျှင် ယနေ့ညစာကို ဆုရှန်းချီက သူစားချင်တာ မှန်သမျှကို စားနိုင်မည် ဖြစ်၏။

ဆုရှန်းချီက ထိုမှော်ဓားကို ယူရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးလာခဲ့သည်ကို ခံစားလိုက်ရပါ၏။ ထို့နောက်တွင် သူ့ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်က ပြောင်းလဲ သွားခဲ့ပါတော့သည်။ အသစ်ရောက်လာသော ပတ်ဝန်းကျင်ကို ဆုရှန်းချီက ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့ပါ၏။

“ဘာတွေဖြစ်နေတာတုန်း ဒါက ဘယ်နေရာကြီးလဲ”

သို့သော် လီချန်ချင်း မူချင်းကောနှင့် ဝူစန်းထောင်တို့ကို မြင်သွားသောအခါတွင် ဆုရှန်းချီက အိမ်မက်ယောင်နေသော လေသံနှင့် ပြောလိုက်ပါသည်။

“ငါ စန်းယွမ် နယ်မြေကြီးကို ပြန်ရောက်လာတာလား”

All Chapters