← Chapters

အခန်း (၃၉၅)

Vol. 33 Ch. 395

အခန်း (၃၉၅)

Vol. 33 Ch. 395

ညနေခင်းတွင် လီဟမ်ရှန်းက စစ်ဆေးရေးမှူး ရုံးတော်က စာရွက်စာတမ်းများကို ကြည့်ရှုနေခဲ့ပါသည်။ သို့သော် သူ၏ စိတ်နှလုံးသား မှာတော့ ငြိမ်းချမ်းမနေပါ။

“ဝူစန်းထောင် တစ်ယောက် ဘာလို့ ပြန်မလာသေးတာလဲ။ တစ်ခုခုများ ဖြစ်နေတာလား မသိဘူး”

လီဟမ်ရှန်းက အခြေအနေကို စောင့်ကြည့်ရန်အတွက် တွေးလိုက်ပါသည်။ မနက်ဖြန် မနက် ရောက်တဲ့အထိ ဝူစန်းထောင် ပြန်မရောက်လာပါက သူကိုယ်တိုင် မြောက်ပိုင်း အေးခဲနိုင်ငံတော်၏ မြို့တော်သို့ သွားပြီး ရှာဖွေရန် စဉ်းစားထားပါသည်။

ထိုအခိုက်မှာပင် ပြတင်းပေါက်မှ လက်နက်ပုန်း တစ်ခုက ဖြတ်ဝင်လာခဲ့ပါ၏။ လီဟမ်ရှန်းက လှည့်ပင်မကြည့်ဘဲ လက်နဲ့ လှမ်းဖမ်းလိုက်သည်။ လက်နက်ပုန်းတွင် စာတစ်စောင် ချိတ်ဆွဲထားပါ၏။ စာကို ဖွင့်ဖောက်လိုက်သောအခါတွင် စာတစ်ကြောင်း ရေးထားသည်ကို လီဟမ်ရှန်းက တွေ့လိုက်၏။

‘ မြို့ပြင်ဘက်က တောင်ကုန်းမှာ ငါစောင့်နေမယ်။ ဝူစန်းထောင်ကို ငါဖမ်းထားတယ်။ တစ်ယောက်တည်း လာခဲ့ ’

ထိုစာကို ဖတ်ရှုပြီးသောအခါ လီဟမ်ရှန်းက ဒေါသတကြီးနဲ့ ထရပ်လိုက်ပါ၏။

“ဘယ်ကောင်က အတင့်ရဲရတာလဲကွ”

လီဟမ်ရှန်းသည် ခဏ တစ်ဖြုတ်လောက် တွေးလိုက် ပြီးနောက် လက်ကို ဆန့်တန်းလိုက်ရာ အဝေးတွင်ရှိသော အင်မော်တယ် ပုံဖော်ခြင်း လှံတံက သူ၏လက်ထဲသို့ ပျံသန်းရောက်ရှိ လာပါသည်။

သူက ဝူစန်းထောင်ကို ဖမ်းဆီးထားသူက မည်သူ ဖြစ်သနည်း ဆိုတာကို ရှာဖွေရန် ဆုံးဖြတ်လိုက်ပြီးနောက် ဝူစန်းထောင်ကိုပါ တစ်ခါတည်း ကယ်တင်ရန်အတွက် ဆုံးဖြတ်ချက် ချလိုက်သည်။ လီဟမ်ရှန်းက မြို့ပြင်ရှိ တောင်ကုန်းပေါ်သို့ ရောက်လာသော အခါတွင် ခပ်လှမ်းလှမ်းကို စိုက်ကြည့်လိုက်သော်လည်း သူမှတစ်ပါး တစ်ခြားသော သက်ရှိသတ္တဝါဟူ၍ တစ်စုံတစ်ဦးမှ မတွေ့ခဲ့ပါ။

အနည်းငယ်တော့ စိတ်ဖိစီးနေသည့်တိုင် လီဟမ်ရှန်းက ယုံကြည်မှုတော့ ရှိနေပါသည်။ အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့ပါက သူက နေလ အစစ်အမှန် မီးတောက်ကို အသုံးပြုပြီးတော့ အသေခံ တိုက်မည်ဟု တွေးထား၏။ သူ၏ နေလ အစစ်အမှန် မီးတောက်သည် မူလအဆင့် အထွတ်အထိပ်ကိုပင်လျှင် ပြာဖြစ်အောင် လောင်ကျွမ်းနိုင်စွမ်း ရှိပါ၏။

အဆင့်မြင့် ဆရာသခင် အဆင့် ရှိသောသူများနှင့်ပင် ရင်ဆိုင်ရလျှင် သူ၏ နေလ အစစ်အမှန် မီးတောက်က အဆင့်မြင့် ဆရာသခင် များကိုပင် ခြိမ်းခြောက် နိုင်စွမ်း ရှိမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အခြေအနေမျိုးက သတ်မလား သေမလားဆိုတဲ့ အခြေအနေမျိုးပင် ဖြစ်သည်။ ဝူစန်းထောင်က သူ၏ ဂိုဏ်းတူ ညီအစ်ကို ဖြစ်သည်။ ဝူစန်းထောင်ကို လျစ်လျူရှု၍ မရပါ။

“မင်းရောက်နေပြီပဲ”

ထိုအခိုက်မှာပင် လီဟမ်ရှန်း၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ သူလှည့်ကြည့်လိုက်သော အခါတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးကို မြင်လိုက်ရပါသည်။

“မင်းက ဘယ်သူလဲ။ ဂျူနီယာ ညီလေးဝူ ဘယ်မှာလဲ”

လီဟမ်ရှန်းက အင်မော်တယ် ပုံဖော်ခြင်း လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပါ၏။ သူရင်ဆိုင်နေရသည့် သူ၏ကျင့်ကြံမှုမှာ မူလအဆင့်၏ အထွတ်အထိပ်တွင် ရှိသည်ကို သိလိုက်သောအခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါသည်။

သို့ပေမဲ့ သူသည် သတိကိုမူ လုံးဝ မလွှတ်ချခဲ့ပါ။ သူရင်ဆိုင် ရသည့်လူမှာ ဤလူ တစ်ယောက်တည်း မဖြစ်နိုင်ပါချေ။ အနီးအနားတွင် ပုန်းအောင်းနေသော တစ်ခြား ရန်သူများလည်း ရှိနိုင်ပါသေးသည်။

“မင်း ငါ့ကို မမှတ်မိဘူးလား”

ဝတ်ရုံကို ခေါင်းအထိ ခြုံထားသော လူက ဖြည်းညှင်းစွာဖြင့် ဝတ်ရုံကို ဖယ်ရှားလိုက်၏။ ဝတ်ရုံအောက်တွင် ဆုရှန်းချီ၏ ချောမောခန့်ညားသည့် အသွင်အပြင်က ထွက်ပေါ်လာပါသည်။ ဆုရှန်းချီက လီဟမ်ရှန်းအား ပြုံးလျက် စိုက်ကြည့်နေခဲ့သည်။

“မင်းပဲ”

လီဟမ်ရှန်း၏ သူငယ်အိမ်များသည် အနည်းငယ်တော့ ကျဉ်းမြောင်းသွားခဲ့ပါသည်။

“မင်း ဘယ်လို ပြန်ထွက်လာနိုင်တာလဲ။ မင်းက ချင်းလဲ့ ဓားသခင်ရဲ့အိမ်မက်ဝိဉာဉ် ကျောက်တုံးထဲကို ရောက်သွားပြီ မဟုတ်ဘူးလား”

“ငါဘယ်လို ထွက်လာနိုင်လဲ ဆိုတာကို မင်းစိတ်ပူနေစရာ မလိုဘူး။ အဓိက အချက်ကတော့ ငါပြန်ရောက်နေပြီ။ ပြီးတော့ မင်းရဲ့ ဂျူနီယာ ညီလေးဝူကလည်း ငါ့လက်ထဲ ရောက်နေပြီ။ အဲ့တော့ မင်းဘာလုပ်နိုင်မှာလဲ”

ဆုရှန်းချီက မာနကြီးစွာဖြင့် ပြောလိုက်ပါ၏။

“လီဟမ်ရှန်း မင်းက ငါနဲ့အမြဲ ဆန့်ကျင်ဘက် အရပ်ကြီးမှာပဲ ရှိနေတာ။ အခု မင်းရဲ့ညီလေးက ငါ့လက်ထဲ ရောက်နေပြီဆို‌တော့ ငါပြောတာတွေ မှန်သမျှ အကုန်လုံး မင်းလုပ်ရမယ်”

“အေး ငါပြောသလို မင်းမလုပ်ဘူးဆိုရင် မင်းညီလေးရဲ့ အသက်ကတော့ ငါ အာမမခံနိုင်ဘူး”

“ငါ့ရဲ့ဂျူနီယာ ညီလေးကို မင်းတစ်ခုခု ဖြစ်စေချင်တယ် ဆိုရင် သူ့ကိုအဖော် ရအောင်လို့ မင်းကို ဒီနေရာမှာပဲ အဆုံးသတ်ပေးလိုက်မယ်”

လီဟမ်ရှန်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ယခုအချိန်၌ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသော အငွေ့အသက်မှာ အလွန်တရာ ကြီးမားနေပြီ ဖြစ်သည်။ တိတ်တဆိတ် စောင့်ကြည့်နေသော လီချန်ချင်းကတော့ ပြောစရာစကား မရှိအောင်ကို ဆွံ့အနေခဲ့ပါသည်။

ခန္ဓာကိုယ်ချင်း လဲလှယ် ပြီးသောအခါတွင် ဝူစန်းထောင်က လီဟမ်ရှန်းထံသို့ ပြန်လာပြီး ယခုလိုမျိုး ဟာသပြဇာတ် တစ်ခုကို ဇာတ်ခင်းလိမ့်မည်ဟု သူက မမျှော်လင့် ထားခဲ့မိချေ။ ဒါပေမဲ့ ဟာသ လုပ်နေတယ် ဆိုတာထက် ဝူစန်းထောင်က လီဟမ်ရှန်းရဲ့ စိတ်နေ သဘောထားကို စမ်းသပ်လိုခြင်းကြောင့် ပြုလုပ်ခြင်း ဖြစ်ရမည်ဟု လီချန်ချင်းက တွေးလိုက် မိခဲ့ပါသည်။

“အပိုတွေ ပြောနေတာ ရပ်လိုက်တော့။ ငါပြောသလို လုပ်ရင်လုပ် မင်းမလုပ်ဘူးဆိုရင် ဝူစန်းထောင် သေမယ်”

ဆုချန်းချီက ကျယ်လောင်စွာဖြင့် ခြိမ်းခြောက်လိုက်သည်။ လီဟမ်ရှန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ ထို့နောက်မှ တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြော… မင်းငါ့ကို ဘာလုပ်ခိုင်းစေချင်လဲ”

“မင်းဆီမှာ နဂါးသွေး အဆီအနှစ်တွေ အများကြီးရှိတယ် ဆိုတာ ငါသိတယ်။ မင်းမှာ ရှိသမျှ နဂါးသွေး အဆီအနှစ်တွေ အကုန်လုံး ငါ့ကို ပေးစမ်း”

“အဲ့တာဆိုရင် မင်းရဲ့ ဂျူနီယာ ညီလေးဝူကို ငါသွားခွင့်ပြုလိုက်မယ်။ မပေးဘူးဆိုရင်တော့ အခုချက်ချင်းပဲ မင်းရဲ့ဂျူနီယာ ညီလေးဝူရဲ့ အလောင်းကို မင်းတွေ့သွား စေရမယ်”

ဆုရှန်းချီက လူယုတ်မာ အပြုံးပြုံးရင်း ခြိမ်းခြောက် လိုက်သည်။

“နဂါးသွေး အဆီအနှစ် ဟုတ်လား”

လီဟမ်ရှန်းက ထိုစကားကို ကြားတော့ အနည်းငယ် အံ့အားသင့်သွား၏။ ဆုရှန်းချီထံ၌ နတ်ခန္ဓာကိုယ် မရှိပါ။ ဒါတောင်မှ သူကနဂါးသွေး အဆီအနှစ်ကို ဘာဖြစ်လို့များ လိုချင်နေရတာလဲ။

“ပေးမှာလား မပေးဘူးလား”

ဆုရှန်းချီက လေးနက်နေသော လေသံဖြင့် တောင်းဆို လိုက်သည်။

“အရင်ဦးဆုံး ဂျူနီယာ ညီလေးဝူကို ငါတွေ့ချင်တယ်။ သူအန္တရာယ် မရှိဖူးဆိုတာ သိပြီးမှပဲ ငါမင်းကို ပေးမယ်”

လီဟမ်ရှန်းက ပြောလိုက်၏။

“မင်းက ငါနဲ့ ညှိနှိုင်းဖို့ အတွက် အဆင့်အတန်း မမီဘူး”

ဆုရှန်းချီက မောက်မာစွာ ပြောလိုက်ပါသည်။

“မင်း ငါ့ကို မပေးဘူးဆိုရင် မင်းရဲ့ဂျူနီယာ ညီလေးဝူရဲ့ ခေါင်းပြတ်ကိုပဲ မင်းတွေ့ရလိမ့်မယ်”

ဆုရှန်းချီက မျက်ဝန်းများကို ကျဉ်းမြောင်းလျက် ဆိုလိုက်ပြန်သည်။

“ဒါမှမဟုတ် ငါတကယ် လုပ်ရဲလား မလုပ်ရဲဘူးလား ဆိုတာကို မင်းစမ်းကြည့်ချင်ရင်လည်း ရတယ်”

လီဟမ်ရှန်းက မျက်မှောင်ကြုတ် လိုက်၏။ ထို့နောက်တွင် သူ၏ဝတ်ရုံ အတွင်း၌ ရှိသော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်ပါသည်။ ထို့နောက် ထိုကျောက်စိမ်းပုလင်းအား ဆုရှန်းချီထံသို့ လှမ်းပစ်ပေးလိုက်၏။ လီဟမ်ရှန်းက ဝူစန်းထောင်ရဲ့ အသက်ကို စွန့်စားပြီးတော့ အလောင်းအစား မလုပ်ရဲပါချေ။ ဆုရှန်းချီက လေထဲမှာပင် ကျောက်စိမ်း ပုလင်းကို လှမ်းဖမ်းလိုက်သည်။

ထို့နောက် ကျောက်စိမ်း ပုလင်းကို ဖွင့်လိုက်သည့်အခါတွင် ကျောက်စိမ်း ပုလင်းအတွင်းမှ လွန်စွာ လွှမ်းမိုးနိုင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သည့် နဂါးအရှိန်အဝါများက ဝုန်းဒိုင်းဆိုပြီးတော့ ထွက်ပေါ် လာခဲ့၏။

“ဒါက တကယ့်ကို နဂါးသွေး အဆီအနှစ်ပဲ”

ဆုရှန်းချီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပါ၏။

“အခု ရပြီလား။ ငါ့ရဲ့ ဂျူနီယာ ညီလေးကို လွှတ်ပေးလိုက်တော့”

လီဟမ်ရှန်းက အေးစက်စွာဖြင့် ပြောလိုက်၏။

“စီနီယာ အစ်ကို ကျွန်တော်က ဝူစန်းထောင်ပါဗျ”

ထိုအခိုက်မှာပင် ကျောက်စိမ်းပုလင်းကို ပိတ်လိုက်သော ဆုရှန်းချီက ခပ်ပြုံးပြုံး ပြောလိုက်၏။

“ကျွန်တော်က စီနီယာအစ်ကိုကို လာနောက်နေတာဗျ။ ရော့ ရော့ ဒီကျောက်စိမ်းပုလင်းကို ပြန်ယူလိုက်”

ထိုသို့ ပြောပြီး သူ့လက်ထဲတွင် ရှိသော ကျောက်စိမ်းပုလင်းအား လီဟမ်ရှန်းကို ပြန်ပေးလိုက်၏။ ဆုရှန်းချီ၏ စကားကို ကြား‌သည့်အခါ လီဟမ်ရှန်းက ကြက်သေ သေသွားခဲ့သည်။ ဆုရှန်းချီ ပြောသော စကားကို သူနားမလည်ပါ။

ထိုအခါမှသာ ဆုရှန်းချီ၏ ခန္ဓာကိုယ်ကို ဝင်ပူးထားသော ဝူစန်းထောင်က အခြေအနေများ အားလုံးကို လီဟမ်ရှန်း နားလည်အောင် ရှင်းပြလိုက်ပါတော့သည်။ ထိုအခိုက်မှသာ လီဟမ်ရှန်းကလည်း အရာရာကို နားလည်သွားခဲ့၏။ ဆုရှန်းချီ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသာ ဝိဉာဉ်က သူ၏ ဂျူနီယာ ညီလေးဝူစန်းထောင်ပင် ဖြစ်သည်။

အခုအခြေအနေ အရတော့ ဆုရှန်းချီ၏ ခန္ဓာကိုယ်ထဲသို့ ဝူစန်းထောင်၏ ဝိဉာဉ် ဝင်ရောက်အောင် လုပ်ပေးခဲ့သူမှာ ချင်းလဲ့ ဓားသခင် ဖြစ်ပေသည်။ လီဟမ်ရှန်းက အခြားသူက ပြုလုပ်ပေးသည် ဆိုလျှင်တောင် သံသယ ဝင်ကောင်း ဝင်ပေလိမ့်မည်။

သို့သော် ချင်းလဲ့ ဓားသခင်က ဤအစီအစဉ်များ၏ နောက်ကွယ်၌ ရှိနေသည်ကို သိလိုက်သော အခါတွင် သူ့၌မည်သည့် သံသယမှ မရှိတော့ပါချေ။ ချင်းလဲ့ ဓားသခင်မှာ အလွန်အင်မတန် စွမ်းအားကြီးမားသည်ကို လီဟမ်ရှန်းက သိထားပြီးသား ဖြစ်သောကြောင့်ပင် ဖြစ်၏။

“ဂျူနီယာ ညီလေး မင်းနောင်တ မရဘူးလား”

လီဟမ်ရှန်းက လေသံတိုးတိုးနှင့် မေးလိုက်သည်။

“နောင်တရစရာ ဘာရှိလို့လဲ။ ကျွန်တော့်ရဲ့ အခြေအနေက အရင်တုန်းကထက် ပိုပြီး ကောင်းသွားပြီလေ”

ဝူစန်းထောင်က သူ၏ဦးခေါင်းကို ခါရမ်းလျက် ပြောလိုက်သည်။

“စိတ်မကောင်းတာက တစ်ခုပဲ ရှိပါတယ်။ အခုချိန်က စပြီးတော့ စီနီယာအစ်ကိုနဲ့ ကျွန်တော်နဲ့ ကြားထဲက ဆက်ဆံရေးက ပြောင်းလဲ သွားပြီ”

“တစ်ခြားလူတွေ အရှေ့မှာတော့ ကျွန်တော်က အစ်ကို့ရဲ့ ဂျူနီယာ ညီလေး မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ နောက်ကွယ် မှာကတော့ ကျွန်တော်တို့ နှစ်ယောက်က ညီအစ်ကို တွေပါပဲ”

“ဆုမိသားစုမှာ ကျွန်တော်ရဲ့နေရာကို အခိုင်အမာ ရအောင် လုပ်ပြီးသွားရင် အစ်ကို့ကို ကျွန်တော် အများကြီး ကူညီပေးနိုင်ပြီ”

“ကောင်းတယ် မင်းသာ ဆုံးဖြတ်ချက်ချပြီးသွားပြီ ဆိုရင်တော့ မင်းရွေးချယ်ထားတဲ့လမ်း အတိုင်းကို ခိုင်ခိုင်မြဲမြဲ ဆက်လျှောက်ပါကွာ”

လီဟမ်ရှန်းက ခေါင်းညိမ့်ပြလိုက်၏။

“ဒီစီနီယာ အစ်ကိုက မင်းရဲ့အခြေအနေက တစ်နေ့ထက် တစ်နေ့ပိုပြီး ကောင်းမွန်လာတာကို မျှော်လင့်နေပါတယ်။ မင်းငါ့ကို ကူညီနိုင်တာ မကူညီနိုင်ဘူး ဆိုတာက အရေးမပါပါဘူးကွာ”

“အဓိက အချက်ကတော့ ဆုမိသားစုထဲ ရောက်သွားတဲ့ အခါမှာ မင်းက သတိထားရမယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်နေတဲ့ဟာကို မပေါ်သွားစေနဲ့”

“စိတ်မပူပါနဲ့ စီနီယာအစ်ကို ချင်းလဲ့ ဓားသခင်က ကျွန်တော့်အတွက် အားလုံး စီစဉ်ပြီးသွားပါပြီ”

ဝူစန်းထောင်က လီဟမ်ရှန်း အနားသို့ တိုးကာ လှမ်းဖက်လိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကို”

လီဟမ်ရှန်း၏ နားထဲသို့ ထိုစကားကို ခပ်တိုးတိုး ပြောပြီးသည့်အခါတွင် ဝူစန်းထောင်က အသက်ပြင်းပြင်း ရှူလိုက်ပါသည်။ ထို့နောက်တွင် သူ၏မျက်နှာကို ဝတ်ရုံနက်နှင့် ပြန်လည်၍ ဖုံးအုပ်လိုက်ပြီး တောင်ကုန်းပေါ်မှ ပျောက်ကွယ် သွားလိုက်ပါတော့၏။

လီဟမ်ရှန်း၏ လက်ထဲမှ နဂါးသွေး အဆီအနှစ်ကို ခြိမ်းခြောက်သွားယူခြင်းမှာ လီဟမ်ရှန်း၏ စိတ်ဓာတ်ကို ဝူစန်းထောင်က စမ်းသပ်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ စမ်းသပ်မှုမျိုး လုပ်ရန် မလိုအပ်သော်လည်း သူ၏ စီနီယာ အစ်ကိုအတွက် ယခုလိုမျိုး သက်စွန့်ဆံဖျား စွန့်စားရခြင်းက ထိုက်တန်လား မထိုက်တန်လား ဆိုတာကို ဝူစန်းထောင်က သိလိုခဲ့ပါသည်။

ပြန်ရလာသော ရလဒ်က ဝူစန်းထောင်၏ စိတ်ဓာတ်ကို ပိုမို၍ ခိုင်မာသွားစေခဲ့ပါ၏။ ထို့ကြောင့် သူသည် လီဟမ်ရှန်းအတွက် ဆုမိသားစု၌ ဆုရှန်းချီအဖြစ် သရုပ်ဆောင်ပြီး နေထိုင်မည်ဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်ပါသည်။

ဝူစန်းထောင် ထွက်သွားပြီး မကြာမီတွင် လီဟမ်ရှန်းကလည်း တောင်ကုန်း ပေါ်မှ မြို့ထဲသို့ပြန် သွားခဲ့ပါသည်။ ၄၅ မိနစ်ခန့် ကြာပြီးသည့် အခါတွင် တိတ်ဆိတ်နေသော တောင်ကုန်း၏ မြေပြင်၌ လယ်သမား တစ်ဦးက မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ် လာခဲ့ပါသည်။

သူက စာတစ်စောင်ကို ခပ်သွက်သွက် ရေးပြီးနောက်တွင် ခိုတစ်ကောင်၏ ခြေထောက်တွင် စာကို ပူးချီလိုက်ပြီး ခိုကို ကောင်းကင်ထက်သို့ လွှတ်လိုက်ပါသည်။ ခိုက လေထဲသို့ ရောက်သွားသည့်အခါတွင် ခေါင်းပြတ်ပြီးတော့ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့၏။

ခိုကို ခေါင်းဖြတ် သွားသည်မှာ ဓားအလင်းတန်း တစ်ခုပင် ဖြစ်ပါသည်။ လယ်သမားလို ဝတ်စားထားသော လူအိုကြီးက ထိတ်လန့် သွားပြီးနောက် အနောက်သို့ လှည့်ပြီး ထွက်ပြေးခဲ့ပါ၏။

သူထွက်ပြေးနေစဉ်မှာပင် သူ့အရှေ့၌ ဝတ်ရုံအနက် အရှည်ကို ဝတ်ဆင်ထား‌သည့် ချောမော ခန့်ညားသော လူတစ်ဦးက ရပ်နေသည်ကို မြင်လိုက်ရပါ၏။ ထိုသူမှာ လီချန်ချင်းပင် ဖြစ်သည်။

“ချင်းလဲ့ ဓားသခင်ပါလား”

လယ်သမားအိုကြီးသည် လီချန်ချင်း၏ ဝတ်စုံဒီဇိုင်းကို မြင်သည်နှင့် အလံ့တကြား ဟစ်ကြွေးလိုက်၏။

“အို… စန်းယွမ် ခန်းမက လူပဲ”

လီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။

“စန်းယွမ် ခန်းမက သတင်းအချက်အလက်တွေ ရဖို့အတွက် ဒီလောက်တောင်မှ ဒုက္ခခံထားတာပေါ့လေ မင်းတို့တွေက နေရာတိုင်းမှာကို ရှိနေတာပဲ ဟုတ်တယ်မလား”

“အာ… ချင်းလဲ့ ဓားသခင် ဘာကိုပြောနေလဲဆိုတာကို ကျုပ်နားမလည်ပါဘူး”

လူအိုကြီးက ချက်ချင်းပင်လျှင် ဘာမှမသိ နားမလည်သလို ဟန်ဆောင်လိုက်ပါ၏။

“ငါ့မျက်နှာကို မြင်တာနဲ့ ငါဘယ်သူလဲ ဆိုတာကို တန်းပြီးသိတယ် ဆိုတာက တော်ရုံတန်ရုံ အရည်အချင်းမှ မဟုတ်တာ”

လီချန်ချင်းက ပြုံးလျက် ပြောလိုက်၏။

“ဒီလူအိုကြီးက လူကြီးမင်းပြောတာကို တကယ်ပဲ ဘာမှ နားမလည်တာပါ”

လယ်သမား လူအိုကြီးက တည်ငြိမ်စွာ ပြောလိုက်ပါသည်။ ဒါပေမဲ့ လီချန်ချင်းက စကားများကို မဖြုန်းတီး နေတော့ပါ။ သူ၏ လက်ကိုသာ မြှောက်လိုက်ပြီး ဓားအလင်းတန်း တစ်ချက် ထုတ်လွှတ်လိုက်ပြီး ထိုလူအိုကြီးကို နေရာတွင်ပင် သတ်ဖြတ် လိုက်ပါတော့သည်။

လူအိုကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးက သွေးမျှင်များ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားခဲ့ပါ၏။ ဆုရှန်းချီ၏ ခန္ဓာကိုယ်ထဲသို့ ဝူစန်းထောင်ကို အစားထိုးထားသည့် အရာသည် လုံးဝ လျှို့ဝှက်ချက် အကြီးစားကြီး ဖြစ်ပါသည်။ ထိုကိစ္စကို မည်သူမှ သိ၍ မဖြစ်ပါ။

ထို့ကြောင့် သတင်းပို့မည့် လူကို သတ်ဖြတ်ရမည် ဖြစ်သည်။

ရက်နည်းနည်း ကြာပြီးသော အခါတွင် လီချန်ချင်းက ဝူစန်းထောင်အား ဆုရှန်းချီ၏ အချက်အလက်များကို ပေးလိုက်ပါသည်။

ထိုသတင်း အချက်အလက်များကို ဖတ်ရှုပြီးတော့ ဆုရှန်းချီနှင့် အမူအရာတူညီရန် သေချာ လေ့ကျင့်ရန် အတွက်ပါ ဝူစန်းထောင်ကို မှာကြားလိုက်ပါသည်။ ဆုမိသားစုတွင် ရှိသော လူများ၏ ပုံတူပန်းချီကားများကိုပါ ဝူစန်းထောင်အား ပေးအပ်ခဲ့သည်။ ထို့မှသာ ထိုလူများကို မြင်လျှင် သူက မှတ်မိနေမည် ဖြစ်ပေသည်။

ဆေးဘုရင် တောင်ကြားနှင့် ပက်သက်သော သတင်း အချက်အလက်ကလည်း လီချန်ချင်းထံသို့ ပြန်လည်၍ ရောက်လာခဲ့ပါ၏။ သတင်း အချက်အလက်တွင် ထူးခြားနေသော သတင်းဟူ၍ မပါပါ။ ရရှိလာသော သတင်းက လီချန်ချင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါသည်။

ဆေးဘုရင် တောင်ကြားသို့ မူချင်းကောက ပြန်သွားမည် ဟူသော သတင်းကို ယင်ချန်းလီ ကြားသောအခါ သူပင်လျှင် ဆေးဘုရင် တောင်ကြားသို့ သူ့ဆရာနှင့် အတူတူ ပြန်လိုက် လိုနေခဲ့ပါသည်။

သို့ပေမဲ့ လီချန်ချင်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။ မူချင်းကော တစ်ယောက်တည်း ဆေးဘုရင် တောင်ကြားကို ပြန်တာကိုက အန္တရာယ် များလွန်းလှပြီ ဖြစ်၏။ ယင်ချန်းလီကိုပါ ခေါ်၍ သွားခြင်းသည် အခြေအနေကို ပို၍ ဆိုးရွားစေ ပေလိမ့်မည်။

ထို့အပြင် လီချန်ချင်းက မူချင်းကောအား ပေးထားခဲ့သည့် ပန်းပုရတနာမှာ သေရေးရှင်ရေး အခြေအနေ၌ မူချင်းကောကို တစ်ကြိမ်သာလျှင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ယင်ချန်းလီသာ ပါလာခဲ့ပါက သူတို့နှစ်ဦးကို ကာကွယ်ရန် အတွက် မလုံလောက်ပါ။

မူချင်းကောကလည်း လီချန်ချင်းနှင့် ဆုံးဖြတ်ချက် အတူတူပင် ဖြစ်သည်။ သူမကလည်း ဆေးဘုရင် တောင်ကြားသို့ သွားပြီး အခြေအနေများကို သူမ တစ်ယောက်တည်းသာ သွားကြည့် လိုခဲ့ပါသည်။ ထို့ကြောင့် ယင်ချန်းလီ တစ်ယောက် မငြင်းဆန်လိုစဉ်မှာပင် ညသန်းခေါင်၌ မူချင်းကောက လူမသိ သူမသိဘဲ ချန်ချင်း စံအိမ်တော်မှ ပြန်ထွက်ပြီး ဆေးဘုရင် တောင်ကြားသို့ ပြန်သွားခဲ့ပါတော့သည်။

မြောက်ပိုင်း အေးခဲနိုင်ငံတော်၏ သတင်း အချက်အလက် ဌာနမှ ဆုမိသားစုများသည် သုံးရက်အတွင်း လီချန်ချင်းထံသို့ ရောက်လာမည်ကို သိခဲ့ရပါ၏။ ဆုမိသားစုမှ လူများ ရောက်လာမည့် အချိန်ကို လီချန်ချင်းက စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။

နောက်တစ်နေ့တွင်တော့ ယင်ဖန်းချီက လီချန်ချင်းထံသို့ သတင်း အချက်အလက် ဝယ်ယူလိုသော လူတစ်ဦးကို ခေါ်ဆောင်ခဲ့ပါသည်။ လီချန်ချင်း၏ သတင်းအချက် အလက်မှာ စန်းယွမ် ခန်းမထက် တစ်ရက် နှစ်ရက်ခန့် နောက်ကျ သော်ငြားလည်း ပေးရမည့် ဈေးနှုန်းမှာ အလွန် အင်မတန်ကို ဈေးသက်သာ လှပါသည်။

ဈေးသက်သာဖို့ကိုသာ လူအများက အလိုရှိသည် ဖြစ်၏။ ယခုလိုမျိုး ပထမဦးဆုံး သတင်း အချက်အလက် ရောင်းချလိုက်ခြင်းက နောက်ပိုင်း သတင်း အချက်အလက်များကို ရောင်းချနိုင်မည့် လမ်းစကို ဖွင့်ပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

လီချန်ချင်းက ချန်ထင်မြို့တွင် ရှိသော ယန်ပါးထောင်ထံသို့လည်း စာပို့ကာ ညွှန်ကြားခဲ့ပြန်သည်။ သူက ချန်ထင်းမြို့တွင် ရှိသော ကျင့်ကြံနေသည့် တပည့်များ၏ အရင်းအမြစ်များကို ပို၍ တိုးပေးရန်အတွက် စာထဲ၌ ရေးထားပါသည်။ သူက သူ၏လက်အောက်ရှိ အင်အားစုကို အင်အား တိုးနိုင်သမျှ တိုးအောင် မြှင့်တင်လိုပါသည်။

ရက်နည်းနည်း ကြာသော အခါတွင် ဆုမိသားစုက လူများက ရောက်လာပြီဟု လီချန်ချင်းထံ သတင်းရောက်လာပါသည် ဆုမိသားစုသည် လီချန်ချင်းနှင့် ဝမ်းလျှိုမြစ်ကမ်းတွင် တွေ့ဆုံရန်အတွက် စီစဉ်ထားပါသည်။

ဝမ်လျှိုမြစ်သည် မြောက်ပိုင်း အေးခဲ နိုင်ငံတော်နှင့် နီးကပ်သော ဧရာမမြစ်ကြီး တစ်စင်းဖြစ်ပါသည်။ မြစ်ကမ်းနံဘေးတွင် လွန်စွာ ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများ ရှိပြီး စိမ်းစိုနေသော သစ်ပင်များလည်း ပေါက်ရောက်နေပါ၏။

မြစ်ကမ်းမှာ ကျယ်ပြောလှပြီး လေကောင်းလေသန့် အင်မတန် ရသည်။ များစွာသော ပန်းချီဆရာတို့သည် ဤနေရာသို့ လာပြီး တောတောင် သဘာဝ ရှုခင်းများကို ရေးဆွဲလေ့ ရှိကြပါသည်။ မြစ်က မြစ်ရေသည် မြင့်မားသော တောင်မှ ဧရာမ ရေတံခွန်ကဲ့သို့ ဆင်းသက် ကျဆင်းနေခဲ့သည်။

သတင်း အချက်အလက်ကို လက်ခံရရှိ ပြီးသောအခါတွင် လီချန်ချင်းက အိမ်မက်ဝိဉာဉ် ကျောက်တုံးမှ ဆုကျန်းကို ပြန်လွှတ်ခဲ့သည်။ ထောင်ထဲ၌ အိမ်သာကို သန့်ရှင်းရေး လုပ်နေသော ဆုကျန်းက ရုတ်တရက် စန်းယွမ်း နယ်မြေကြီးသို့ ပြန်ရောက် လာသည်ကို သူသိလိုက်ရပါ၏။

သို့သော် ဆုကျန်း၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ တစ်စိုးတစ်စိမှ မရှိ။ သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများသာ ရှိနေ၏။ သူ့မျက်ဝန်း တစ်ခုလုံးသည် အကြောက်တရားဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေပါသည်။

“ဆုကျန်း”

လီချန်ချင်းက ဆုကျန်း၏ အမည်ကို ခေါ်လိုက်၏။

“ဒီမှာ ရှိပါတယ်”

ဆုကျန်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ အပြုအမူက ထိုကဲ့သို့သော အရာမျိုးကို အကြိမ်ကြိမ် အခါခါ လုပ်နေဖူးသည့်အလား ဖြစ်ပါသည်။ ထိုမြင်ကွင်းက ဝူစန်းထောင်ကို ပင်လျှင် ထိတ်လန့် သွားစေခဲ့ပါ၏။

အိမ်မက်ဝိဉာဉ် ကျောက်တုံးထဲမှာ ဘာတွေဖြစ် နေခဲ့တာမို့လို့ ဆုမိသားစု ဘိုးဘေးကြီးက အဲ့လောက်တောင် ကြောက်နေခဲ့ ရတာလဲ။

All Chapters