← Chapters

အခန်း (၃၉၆)

Vol. 33 Ch. 396

အခန်း (၃၉၆)

Vol. 33 Ch. 396

လီချန်ချင်းက အနားသို့ တိုးလိုက်သောအခါတွင် ဆုကျန်း၏အကြည့်က ယိမ်းယိုင်သွားခဲ့သည်။ သူ၏ခွန်အားက မူလအတိုင်းပြန်ဖြစ်သွားသော်လည်း လက်ရှိဆုကျန်းသည် ဟိုးအရင်တုန်းက ဆုကျန်းလိုမျိုး မောက်မာလွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ကင်းမဲ့နေခဲ့သည်။ ထိုအစား အလွန်အင်မတန် ကြောက်ရွံ့တုန်လှုပ်မှုများကသာ အစားထိုးထားပါသည်။ သူ၏စိတ်က မူလပုံမှန်အတိုင်း ဖြစ်မနေတော့သည်မှာ သိသာလှပါ၏။

“ဆုကျန်း မင်းရဲ့မိသားစုက သိပ်မကြာခင်မှာ မင်းကို ပြန်လာခေါ်လိမ့်မယ်”

လီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။

“မိသားစုလား”

ဆုကျန်းက ရုတ်တရက် သူ့ရှေ့တွင်ရှိသော ဝူစန်းထောင်ကို ကြည့်လိုက်ပြီး ခပ်မြန်မြန် ပြေးသွားလိုက်၏။ သူ့မျက်နှာအမူအရာက ဝင်းလက်သွားပါသည်။ သူက ဝူစန်းထောင်ကို ပျော်ရွှင်နေသော လေသံဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့ချစ်လှစွာသော မြေးလေး မင်းရဲ့အဘိုးလေးကို မင်းလာခေါ်တာလား”

“မင်းဘယ်လိုနေလဲ နေကောင်းရဲ့လား!”

“အမ်အိုင်တီ တက္ကသိုလ်ကိုရော မင်းဝင်နိုင်ခဲ့ရဲ့လား”

ဆုကျန်း၏တင်းကြပ်စွာ လက်ကို ဆုပ်ကိုင်ခံလိုက်ရခြင်းကြောင့် ဝူစန်းထောင်က အနည်းငယ်တော့ အံ့ဩသွားခဲ့ပါသည်။ ဆုကျန်း၏မျက်ဝန်းထဲက အားကိုးတကြီးဖြစ်နေသော ခံစားချက်များကို သူက မြင်ခဲ့သည်။

ဒီလူအိုကြီးက တကယ်ရူးသွားတာများလား

ဆုကျန်းက ဝူစန်းထောင်၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ဝူစန်းထောင်၏လက်ကို ဆုပ်ကိုင်ထားမှသာ လုံခြုံသော ခံစားချက်ကို ရရှိဟန်တူပါသည်။ ဆုကျန်းက စိတ်မနှံ့ဖြစ်သွားလိမ့်မည်ဟု လီချန်ချင်းက တွေးထားသော်လည်း ယခုလိုမျိုး သွက်သွက်ခါအောင် ရူးသွားလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့မိပါ။ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူက ယခုလိုမျိုး ဖြစ်သွားရခြင်းက နှမြောစရာပင်ဖြစ်သည်။ မူချင်းကောသာ စွမ်းအားကြီးမားနေပါက ဆုကျန်း၏ခန္ဓာကိုယ်ထဲသို့ တခြားသူတစ်ဦး၏ဝိညာဉ်ကို လီချန်ချင်းက ထည့်ဦးမည်ဖြစ်သည်။ ဆုကျန်းက ဆုမိသားစု၏ ဘိုးဘေးလည်းဖြစ်သည်။ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူ တစ်ဦးလည်းဖြစ်၏။

ထိုကဲ့သို့သော အဆင့်အတန်းရှိသော သူ၏ခန္ဓာကိုယ်ထဲသို့ သူ၏လူတစ်ဦးကို သွတ်သွင်းလိုက်ခြင်းက လီချန်ချင်းအတွက် ကောင်းကျိုးပိုရမည်ဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာတော့ ထိုဖြစ်ရပ်က ဆန္ဒသက်သက်သာ ဖြစ်သွားခဲ့၏။ လီချန်ချင်းသည် ဆုကျန်းနှင့် ဝူစန်းထောင်တို့ နှစ်ဦးကို ဝမ်လျိုမြစ်ကမ်းသို့ ခေါ်သွားခဲ့ပါသည်။ လီချန်ချင်းက ဝမ်လျိုမြစ်ကမ်းသို့ ရောက်ရှိသည့်အခါတွင် မြစ်ကမ်းစပ်၌ လူတော်တော်များများက သူ့အား စောင့်ဆိုင်းနေကြပြီဖြစ်သည်။

မျက်စိတစ်ဆုံးကျယ်ပြန့်သော မြက်ခင်းစိမ်းများပေါ်တွင် လူတစ်ဒါဇင်ခန့်က လီချန်ချင်းရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။ လီချန်ချင်းက အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကို သတ္တုမျက်နှာဖုံးတစ်ခုတပ်ကာ ရုပ်ဖျက်ထားပါသည်။ ဝူစန်းထောင်နှင့် ဆုကျန်းတို့ နှစ်ဦးစလုံးကို လီချန်ချင်းက ဂုတ်မှ ဆွဲကိုင်ထားခဲ့ပါ၏။ ယနေ့မှာသာ နာမည်ကြီးကျော်ကြားပြီး စွမ်းအားကြီးမားလှသည့် ချင်းလဲ့ဓားသခင်သည် လီချန်ချင်းဖြစ်မှန်းကို ဝူစန်းထောင်က သိခဲ့ရပါတော့သည်။

လီဟန်ရှန်း၏ဖခင်ဖြစ်သော လီချန်ချင်း၌ ထိုကဲ့သို့သော သရုပ်များရှိနေခြင်းက ဝူစန်းထောင်ကို အင်မတန် ထိတ်လန့်သွားစေခဲ့ပါ၏။ ချင်းလဲ့ဓားသခင်လိုမျိုး စွမ်းအားရှင်တစ်ယောက်၏သားက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အစေခံတပည့် ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမှာလဲ။ ထိုဖြစ်ရပ်မှာ လွန်စွာမှကို ရယ်ရွှင်ဖွယ်ကောင်းလှပေသည်။ လီချန်ချင်းက သူ့ရှေ့တွင် ရှိသော လူများကို လွှမ်းခြုံပြီး ကြည့်လိုက်၏။ လူအုပ်ကို ဦးဆောင်လာသည့်သူမှာ လွန်စွာမှကို ချောမောခန့်ညားသည့် အမျိုးသားလေးတစ်ဦးဖြစ်ပါသည်။

သူ၏ပုံစံမှာ အလွန်အင်မတန်မှ ငယ်ရွယ်ဟန်ရှိ၏။ သို့ပေမဲ့ သူ၏ကျင့်ကြံမှု အဆင့်မှာတော့ လုံးဝ အားမနည်းပါချေ။ သူကကျင့်ကြံခြင်းအရာ၌ ဆုကျန်း၏ကျင့်ကြံခြင်းနှင့်ပင် ယှဉ်နိုင်စွမ်းရှိ၏။ ထိုလူပုံစံသည် ထာဝရ ငယ်ရွယ်နေမည့်ဟန်ပင် ရှိပါသည်။ တကယ့် အမှန်တရားကတော့ ထိုသူသည် ဆုမိသားစု၏ တခြားသော ဘိုးဘေးကြီးတစ်ဦးဖြစ်ပြီး နှစ်ပေါင်း မရေမတွက် ကြာမြင့်အောင် အသက်ရှင်သန်ခဲ့သည့် သူလည်းဖြစ်ပါသည်။ သူ့အနောက်တွင်တော့ ဆုမိသားစု၏ တခြားသော ကျင့်ကြံသူများရှိပါ၏။

လေးယောက်ခန့်သည့် အဆင့်မြင့် ဆရာသခင်အဆင့်တွင်ရှိသည်။ ကျန်သောလူများက မူလအဆင့်၏အထွဋ်အထိပ်၌သာ ရှိကြပါသည်။ ထိုကဲ့သို့သော အင်အားစုမှာ အမှန်တကယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိပါ၏။ သို့ပေမဲ့ လီချန်ချင်းက သူ့အပေါ် ဖိအားလုံးဝ မရှိသည့်အလား ကောင်းကင်ထက်မှ ပေါ့ပေါ့ပါးပါး ဆင်းသက်လာ၏။ အရှေ့တွင်ဦးဆောင်လာသော လူငယ်လေးကို သူက ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“ကျုပ်တို့တွေက တစ်ခါမှ မတွေ့ဖူးပေမဲ့ ခင်ဗျားက ဆုမိသားစုရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ ဆုရှီကျုံးပဲ ဖြစ်ရမယ် ဟုတ်လား”

“ချင်းလဲ့ဓားသခင် ခင်ဗျားကို ကျုပ်က လေးစားနေတာ ကြာပါပြီ”

ဆုရှီကျုံးက လီချန်ချင်းအား အတင်းအကြပ်လုပ်ယူထားသော အပြုံးနှင့် ပြုံးပြီး ပြန်လည်၍ နှုတ်ခွန်းဆက်လိုက်ပါသည်။ သူ၏အကြည့်မှာ ဆုကျန်းနှင့် ဆုရှန်းချီအပေါ်သို့ လွှမ်းခြုံသွားခဲ့ပါသည်။ သို့သော် ထိုသူနှစ်ဦးနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ထူးခြားနေသည်ကိုတော့ သူက အာရုံခံမိခဲ့ပါသည်။ ဆုကျန်းမှာ ဆုရှန်းချီ၏အနောက်တွင် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ရီနေခဲ့ပြီး ပုန်းကွယ်နေခဲ့သည်။ ဆုရှန်းချီကတော့ စိတ်ရှုပ်ထွေးနေဟန်ရှိပြီး ဆုကျန်းအား သူ့လက်နှင့်် ပွေ့ဖက်ပြီး ချော့မော့နေခဲ့ပါ၏။

“ ကျုပ်တောင်းထားတဲ့ဟာတွေ ခင်ဗျားတို့ ယူခဲ့လား”

လီချန်ချင်းက ရှည်ရှည်ဝေးဝေးပြောမနေဘဲ တဲ့တိုးသာ ဆိုလိုက်သည်။

“ခင်ဗျားရောက်လာပြီဆိုမှတော့ ကျုပ်တို့တွေ သဘောတူညီထားတဲ့အတိုင်း လဲလှယ်ကြတာပေါ့”

“ဆုမိသားစုကို ဒီလိုမျိုး ခြိမ်းခြောက်ပြီးတော့ ငွေညှစ်ရဲတာက ခင်ဗျားက သမိုင်းမှာ ပထမဦးဆုံးလူပဲ”

ဆုမိသားစုမှ အဆင့်မြင့်ဆရာသခင်တစ်ဦးက အေးစက်သော လေသံနှင့် လီချန်ချင်းကို ပြောလိုက်၏။

“ကံကောင်းသွားတာပါ ။ အရမ်းချီးကျူးဖို့ မလိုပါဘူး”

လီချန်ချင်းကလည်း မတုန်မလှုပ်နှင့် ပြန်၍ ငေါ့လိုက်သည်။

“မင်းတို့ ဆုမိသားစုက ငါရှိနေတဲ့ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်း နယ်မြေကြီးမှာ ပြဿနာမရှာဘူးဆိုရင် ဒီလိုမျိုး ငွေညှစ်ဖို့အခွင့်အရေး ငါကဘယ်လိုလုပ်ရမှာလဲ။ ဟုတ်တယ်မလား”

“ပြီးတော့ မင်းတို့ ဆုမိသားစုတွေက ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ ငါ့ရဲ့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူတွေကို ပထမဦးဆုံးလာပြီးတော့ ထိခိုက်တာက မင်းတို့တွေလေ..။ ငါက အရင်ဆုံး ပြဿနာရှာတာမဟုတ်ဘူး။ မင်းတို့တွေ နေထိုင်တဲ့ တောင်ဘက်လွင်ပြင်ဒေသမှာ အဲ့သလိုမင်းတို့ မောက်မာလို့ရတယ်။ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်း နယ်မြေကြီးမှာလာပြီးတော့ မောက်မာမယ်ဆိုရင် ကိုယ့်မှာ ခွန်အား ရှိလား မရှိလားဆိုတာကို မင်းတို့ အရင်ဆုံးစဉ်းစားဖို့ တော့ လိုအပ်လိမ့်မယ်”

“ဒီနှစ်ယောက်ကို ငါမသတ်ဘဲနဲ့ ငွေညှစ်ရုံပဲ ညှစ်တယ်ဆိုတာက မင်းတို့ဆုမိသားစုအပေါ် ငါမျက်နှာသာပေးလိုက်တယ်လို့ မင်းတို့တွေးမိပြီး ငါ့အပေါ် ကျေးဇူးတောင် တင်သင့်တယ်။ ထပ်ပြီးတော့ ရောင့်တက်မလာနဲ့”

လီချန်ချင်း၏လေသံမှာ ရေခဲတမျှ အေးစက်သွားခဲ့ပါ၏။

“အတင့်ရဲလိုက်တာ”

ကျန်သော စွမ်းအားရှင်များအားလုံးက ဒေါသတကြီးနှင့် ခွန်းတုံ့ပြန်ရန် ဟန်ပြင်လိုက်၏။ သို့ပေမဲ့ ဆုရှီကျုံးက သူ၏လက်ကို မြှောက်ကာ တားဆီးလိုက်၏။ သူက မခိုးမခန့် တစ်ချက်ရယ်လိုက်ပြီး

“ချင်းလဲ့ဓားသခင်ပြောတာ မှန်တယ်။ ငါတို့တွေက အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းနယ်မြေမှာ ပြဿနာမရှာသင့်ဘူး။ ဒါပေမဲ့ ချင်းလဲ့ဓားသခင်ကို ကျုပ်တစ်ခုတော့ သတိပေးချင်ပါတယ်”

“နောက်ပိုင်းကျရင် ချင်းလဲ့ဓားသခင်ကလည်း ကိုယ့်နယ်မြေမဟုတ်တဲ့ တခြားနေရာမှာ တခြားလူတွေရဲ့ ကိစ္စကို ဝင်ပြီးတော့ မစပ်စုဖို့အတွက် သတိပေးပါရစေ”

“ဒီလိုမျိုး ပြဿနာတက်တဲ့ အခြေအနေတွေက ကိုယ်တိုင်ကြုံတွေ့မယ်ဆိုရင်တော့ ခံစားလို့သိပ်မကောင်းဘူးလေ.. ဟုတ်တယ်မလား”

“သတိပေးတဲ့အတွက်ကြောင့်မို့ ကျေးဇူးတင်ပါတယ်”

လီချန်ချင်းက ခေါင်းငြိမ့်ပြလိုက်၏။ ဆုရှီကျုံးက သူ့ဝတ်ရုံထဲမှ ကျောက်စိမ်းပုလင်း သေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး လီချန်ချင်းထံသို့ ပစ်ပေးလိုက်သည်။ လီချန်ချင်းက ဖွင့်ကြည့်လိုက်သည့်အခါတွင် ကျောက်စိမ်းပုလင်းအတွင်း၌ နဂါးသွေးအဆီအနှစ် သုံးစက်ရှိသည်ကို တွေ့လိုက်ရပါ၏။

“ဒါဆိုရင် ဒီနှစ်ယောက်ကို မင်းတို့လက်ထဲမှာ ငါထားခဲ့လိုက်ပြီ”

လီချန်ချင်းက ကျောက်စိမ်းပုလင်းကို သိမ်းလိုက်ပြီးသောအခါတွင် ဆုမိသားစုဝင်နှစ်ဦးကို ပြန်ပေးရန်အတွက် စိတ်မရှိခဲ့ပါ။ ဆုရှန်းချီ၏ဝိညာဉ်ကို ဝူစန်းထောင်အား လဲလှယ်လိုက်ပြီဖြစ်သည်။ ဆုကျန်းကတော သွက်သွက်ခါအောင် ရူးနေခဲ့ပြီ။ ထိုသူနှစ်ယောက်မှာ သူ့အတွက် အသုံးမဝင်တော့ပါချေ။

“ဒါဆိုရင်တော့ ကျုပ်ကို ပြန်ခွင့်ပြုပါဦး”

လီချန်ချင်းက အနောက်သို့လှည့်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။

“ချင်းလဲ့ဓားသခင်”

ဆုရှီကျုံးက အနောက်မှ တည်ငြိမ်စွာ လှမ်းခေါ်လိုက်သည်။ လီချန်ချင်းက ရပ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်၏။

“တစ်ခုခုရှိသေးလား”

“ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး”

ဆုရှီကျုံးက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ကျုပ်က ချင်းလဲ့ဓားသခင်ကို သတင်းအချက်အလက် တစ်ခုပေးချင်လို့ပါ”

“သုံးလကြာပြီးရင် တိမ်ကန္တာရနယ်မြေက အဖြူအနက် လျှို့ဝှက်နယ်မြေက ပွင့်လာလိမ့်မယ်။ ချင်းလဲ့ဓားသခင်က ကျုပ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကြွရောက်ပေးဖို့အတွက် ကျုပ်က မျှော်လင့်ပါတယ်”

“အဖြူအနက် လျှို့ဝှက်နယ်မြေ ဟုတ်လား”

လီချန်ချင်းက ထိုနေရာနှင့် ပတ်သက်ပြီးတော့ ကြားဖူးပါသည်။ ထိုနေရာ၌ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးတွင် ထူးခြားဆန်းကြယ်လှသော အရေးပါသည့် အရာများစွာရှိသည်ကို သူသိသည်။ မြောက်များစွာသော လျှို့ဝှက်ချက်များကလည်း ထိုနေရာ၌ ရှိနေပါ၏။ ထို့အပြင် အလွန်အင်မတန်မှ အန္တရာယ်များလှပါသည်။

မြေလျှောက်အင်မော်တယ်များပင် ထိုအတွင်းသို့ ဝင်သွားလျှင် ပြန်ထွက်လာနိုင်ရန် မသေချာပါချေ။ အဖြူအနက် လျှို့ဝှက်နယ်မြေ ပွင့်သွားသည့်အချိန်တိုင်း ကျွမ်းကျင်သူများက ထိုနေရာသို့ ဝင်သွားခဲ့၏။ ဝင်သွားသော လူများက အသက်ရှင်လျက်ဆက်ရှိလာနိုင်လျှင် အဖြူအနက်လျှို့ဝှက်နယ်မြေ ပြန်ပွင့်သည့်အချိန်တွင် သူတို့ပြန်ထွက်လာနိုင်ကြပါသည်။ သို့သော် ပြန်ထွက်လာနိုင်သောလူများသည် မူလအတိုင်းမဟုတ်တော့ဘဲ စိတ်ဖောက်ပြန်သွားသည်က တော်တော်များပါသည်။

“ကျုပ်က အဲ့ကို သေချာကို လာခဲ့မယ်”

လီချန်ချင်းက ခေါင်းငြိမ့်ပြလိုက်၏။ ဆုမိသားစုက သူ့အား တိမ်ကန္တာရနယ်မြေထဲသို့ မျှားခေါ်ပြီး ယနေ့ကိစ္စကို ထိုနေရာ၌ စာရင်းရှင်းလိုမှန်း သူက ရိပ်မိပါသည်။ ဒါပေမဲ့ လီချန်ချင်းသည် အရင်တုန်းကလိုမျိုး သတိကြီးကြီးထားတတ်သော လူစားမျိုး မဟုတ်တော့ပါ။ သူ့၌ မြောက်မြားစွာသော ရတနာများရှိသည်။ သူကဘယ်သူ့ကိုမှ မကြောက်ရွံ့တော့ပါချေ။

ကျန်းရွှမ်ဓားအစီအရင်နှင့် ဆိုလျှင် မြေလျှောက်အင်မော်တယ်များကိုပင် သူက ကောင်းကောင်းဖိနှိပ်နိုင်ပြီဖြစ်၏။

အဲ့ဒီတော့ ဘာများကြောက်ဖို့ လိုဦးမှာလဲ။ ကျန်းရွှမ်ဓားအစီအရင်အပြင် သူ့၌ အခြား အခြားသော ရတနာများစွာလည်း ရှိနေပါသေးသည်။ ဆုမိသားစုက စန်းယွမ်နယ်မြေကြီး တစ်ခုလုံးတွင် ရတနာများစွာရှိသော မိသားစုဟူ၍ ဂုဏ်ယူဝင့်ကြွားကြပါသည်။ ဒါပေမဲ့ သူတို့တောင်မှ လီချန်ချင်းက သူလိုချင်တဲ့ ရတနာများကို စိတ်ကြိုက် ထုလုပ်၍ရသည်ကိုတော့ သိနိုင်မည်မဟုတ်ပါ။

လီချန်ချင်းက ဝူစန်းထောင်အား အားပေးသော အကြည့်တစ်ချက် ကြည့်ပြီးနောက် ထွက်သွားခဲ့ပါသည်။ ဆုမိသားစုဝင်များကလည်း ခပ်မြန်မြန်ပင် ဆုကျန်းတို့နားသို့ တိုးကပ်သွား၏။ သူတို့အနီးရောက်သောအခါတွင် ဆုကျန်းက တခြားလူတစ်ယောက်လိုမျိုး ဖြစ်နေသည်ကို သိလိုက်ကြရ၏။ လူများစွာ သူ့အနားကို တိုးကပ်လာသောကြောင့် ဆုကျန်းသည် အလွန်အင်မတန် တုန်လှုပ်နေခဲ့ပါ၏။

“ငါ့ကို မလုပ်ကြပါနဲ့… ငါ့ကို မလုပ်ကြပါနဲ့..။”

ဆုကျန်းက ထိုစကားကို တတွတ်တွတ် ရွတ်ရင်းနှင့် ဝူစန်းထောင်၏ နောက်တွင် ပြေးပုန်းလိုက်၏။ ဆုမိသားစုဝင်များမှာ ထိုမြင်ကွင်းကြောင့် ပြောစရာစကားမဲ့သွားသည်။ သို့ပေမဲ့ ဆုရှီကျုံး တည်ငြိမ်နေပါသည်။

“အိပ်မက်ဝိညာဉ်ကျောက်တုံးထဲမှာ အချိန်အကြာကြီး ပိတ်မိခံထားရတာဆိုတော့ တစ်ခါမှ မကြုံဖူးတဲ့အရာတွေကို သူကြုံတွေ့ခဲ့ဖူးမှာပဲ။ အဲ့ကမ္ဘာက ချင်းလဲ့ဓားသခင်ကိုယ်တိုင် ဖန်တီးထားတဲ့ ကမ္ဘာပဲ။ ဒါကြောင့်မို့လို့ သူက မူလအတိုင်း ပြန်မဖြစ်သေးဘူး”

“ဘာမှ စိတ်ပူစရာမလိုဘူး။ ဘိုးဘေးကြီးနဲ့ ဆုရှန်းချီကို ပြန်ခေါ်သွား။ သူတို့တွေ အချိန်ကြာရင် ပြန်ကောင်းသွားလိမ့်မယ်”

“အမိန့်အတိုင်းပါ”

ကျန်သောလူများအားလုံးက သဘောတူကြသည်။

“နေဦး”

ဆုကျန်းနှင့် ဆုရှန်းချီကို ပြန်ခေါ်သွားမည့်အချိန်မှာပင် ဆုရှီကျုံးက ရုတ်တရက် အားလုံးကို တားမြစ်လိုက်သည်။ သူ၏အကြည့်က ဆုကျန်းပေါ်တွင် မရှိဘဲ ဆုရှန်းချီ၏အပေါ်တွင်သာ ရှိ၏။ သူက ဆုရှန်းချီကို ဖောက်ထွင်းပြီး မြင်နေသည့်အလားဖြစ်သည်။ ကြောက်ရွံ့နေသော မျက်နှာထားနှင့် ဝူစန်းထောင်က စိတ်ဖိစီးစွာ မေးလိုက်၏။ ဆုရှီကျုံးက တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ရှိသည်။

“အဘိုးခြောက်”

ဟု ဝူစန်းထောင်က စိုးရိမ်စွာ ပြောလိုက်ပါသည်။ ဆုမိသားစု၌ ဘိုးဘေးနှစ်ဦးရှိသည်။ ဆုကျန်းကို ဆုရှန်းချီက အဘိုးလေးဟု ခေါ်ပြီး ဆုရှီကျုံးကို အဘိုးခြောက်ဟု ခေါ်လေ့ရှိသည်။

“မင်းတော်တော်ကြီးကို ခံစားခဲ့ရတာပဲ”

ဆုရှီကျုံးက ရုတ်တရက်ပြောလိုက်၏။

“အိပ်မက်ဝိညာဉ်ကျောက်တုံးမှာ မင်းတော်တော်လေး နှိပ်စက်ခံထားရတဲ့ပုံပဲ”

“ငါ့ရဲ့အစ်ကိုလေးတောင်မှ အခုလိုမျိုး အခြေအနေ ရောက်သွားခဲ့တယ်။ ငါတို့အိမ်ပြန်ရောက်ရင် မင်းအတွက် စီစဉ်စရာရှိတာတွေ စီစဉ်ပေးမယ်။ အခုလောလောဆယ်တော့ ပြန်ကြရအောင်”

“ဟုတ်ကဲ့ပါ”

ဝူစန်းထောင်က ခပ်မြန်မြန်ပင် ပြောလိုက်၏။ သူ၏အတွေးထဲမှာတော့ ဆုရှီကျုံးက ဘာကိုဆိုလိုလဲဆိုတာကို နားမလည်ပါ။ “စီစဉ်စရာတွေ ရှိတယ်ဆိုတာ ဘာကိုပြောတာများလဲ” သံသယတပုံတပင်နှင့် ဝူစန်းထောင်သည် ဆုမိသားစု၏အနောက်သို့ လိုက်သွားခဲ့ပါသည်။

ဝူစန်းထောင်က ကျန်းကောစံအိမ်ရှိရာအရပ်သို့ တစ်ချက်လှည့်ကြည့်လိုက်၏။ ထိုနေရာသည် သူကြီးပြင်းခဲ့သော အရပ်ဒေသ ဖြစ်၏။ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေကို သူက စွန့်ခွာသွားရပြီး လုံးဝ မရောက်ဖူးသော နယ်မြေကို ယနေ့တွင် သွားရတော့မည်ဖြစ်သည်။ ပတ်ဝန်းကျင်အသစ်နှင့် အတွေ့အကြုံအသစ်များက သူ့အား စောင့်ကြိုနေပြီဖြစ်သည်။

ဝူစန်းထောင်၏နှလုံးသားမှာ စိတ်လှုပ်ရှားမှု မတည်ငြိမ်မှုများနှင့် ပြည့်နှက်နေပါသည်။ သူ၏ စိတ်ခံစားချက်များမှာလည်း ရှုပ်ထွေးနေ၏။ အခုချိန်မှတော့ နောက်ဆုတ်၍မရပါ။ သူသည် ရဲရင့်စွာ ရှေ့သို့ တိုးရမည်ဖြစ်သည်။ အသက်ရှင်သန်မှုအတွက် သူက ဆုရှန်းချီ ဖြစ်လာရတော့မည် ဖြစ်၏။

အိမ်သို့ ပြန်ရောက်လာပြီးသောအခါတွင် ကျန်းဝမ်လျိုက အနားမှာ မရှိတော့သောကြောင့် ကိစ္စတော်တော်များများက သူ့အတွက်ခက်ခဲသွားသည်ဟု လီချန်ချင်းက ခံစားလိုက်မိပါ၏။

ကျန်းဝမ်လျိုက စန်းယွမ်ခန်းမမှနေပြီး သူ့အတွက် အချက်အလက်များကို စုဆောင်းပေးနေသော်လည်း အနီးကပ် သတင်း အချက်အလက်များကို ခပ်မြန်မြန် ရယူရန်အတွက်တော့ ခက်ခဲနေပါသည်။ သူ့အတွက် ကံကောင်းသွားတာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ကိုယ်ပိုင်သတင်း အချက်အလက်ဌာနက အဆင်ပြေနေသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် လီချန်ချင်းက သူသိလိုသောအရာများကို ပိုင်ကျင့်ဖေးထံသို့ စာပို့ခိုလွှတ်ပြီး မေးခဲ့ပါသည်။

နာရီနည်းနည်းကြာသောအခါတွင် ပိုင်ကျင့်ဖေးက ဆေးဘုရင်တောင်ကြားနှင့် ပတ်သက်သော အချက်အလက်များကို ပြန်လည်၍ ပေးပို့ခဲ့သည်။ ပိုင်ကျင့်ဖေး၏ သတင်းအချက်အလက်အရ ဆေးဘုရင်တောင်ကြားတွင် ဖြစ်ပျက်နေသော အရာများအားလုံးသည် ပုံမှန်အတိုင်းသာဖြစ်သည်။ မူချင်းကောကလည်း ဒီနေ့ နေ့ခင်းတွင် ဆေးဘုရင်တောင်ကြားသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထိုသတင်း အချက်အလက်ကို ဖတ်ရှု့ပြီးသောအခါတွင် လီချန်ချင်း၏ ခံစားချက်များက ရှုပ်ထွေးသွားခဲ့ပါသည်။

“မူချင်းကောက ဆေးဘုရင်တောင်ကြားကို ပြန်ရောက်သွားပြီဆိုရင်တော့ အခုကနေစပြီးတော့ ကပ်ဘေးဆိုးကြီးက စတော့မှာပဲ”

All Chapters