← Chapters

အခန်း (၃၉၈)

Vol. 33 Ch. 398

အခန်း (၃၉၈)

Vol. 33 Ch. 398

ထိုသတင်းကို မူချင်းကောက လုံးဝ မယုံနိုင်ပါ။

မြင့်မြတ်ကာ ကြင်နာတတ်သော ဆေးအင်မော်တယ် ယောင်ဖန်ချန်းက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေရမယ်?။ ယောင်ဖန်ချန်းက လူတွေအများကြီးကို ကယ်ခဲ့ရတာလေ..။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ

မူချင်းကော၏မျက်နှာထက်မှ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်သောအခါတွင် မူဟမ်ရှန်းသည် သက်ပြင်းတစ်ချက်ကို ချပြီး ဆက်ပြော၏။

“ငါတို့ရဲ့အရှင်က ဆေးဘုရင်တောင်ကြားကို တည်ထောင်ခဲ့တာက လောကကြီးတစ်ခုလုံးကို ကယ်တင်ဖို့ဆိုတာ လူသားတစ်ယောက်အနေနဲ့ မဖြစ်နိုင်ဘူးဆိုတာကို သူသိခဲ့တယ်”

“အထူးသဖြင့် အဖြူအနက် လျှို့ဝှက်နယ်မြေက အဆိပ်တွေက လောကကြီးတစ်ခုလုံးကို ပျံ့နှံ့လာတဲ့အခါကျရင် ငါတို့ရဲ့ဆေးအင်မော်တယ်ဖြစ်တဲ့ အရှင်သခင်တောင်မှ လုံးဝခုခံနိုင်စွမ်းမရှိဘဲနဲ့ မကယ်တင်နိုင်ဘူး..။ နောက်ပိုင်းမှာ ငါတို့ရဲ့အရှင်က သုံးသက်ပန်းကို အသုံးပြုပြီးတော့ နောက်တစ်ဘဝကို ရှင်သန်ခဲ့တယ်။ ပြီးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အုတ်မြစ်ကို စတင်ပြီးတော့ ထူထောင်ခဲ့တယ်..။ သူ့ရဲ့ရည်ရွယ်ချက်က လူသားတိုင်းကို မသေမျိုးဖြစ်လာအောင် ရည်ရွယ်ထားတာပဲ။

ဒါပေမဲ့ ဒုတိယဘဝကို ရောက်တဲ့အခါတောင်မှ ဒီရည်မှန်းချက်က မဖြစ်နိုင်ဘူးဆိုတာကို ငါတို့အရှင်က ရှာတွေ့ခဲ့တယ်။ သူ့အတွက် အချိန်က မလုံလောက်နေဘူး။ အဲ့ဒီအချိန်မှာ ငါတို့ရဲ့အရှင်က နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါကတော့ မသေမျိုးအင်မော်တယ်တွေကို ရှာဖွေဖို့ပဲ။ သူတို့ရဲ့စွမ်းအားတွေက ထာဝရအသက်ကို ပေးနိုင်တယ်။ ငါတို့ရဲ့အရှင်သခင်သာ အင်မော်တယ်တစ်ယောက် ဖြစ်လာပြီဆိုရင် သူက လူသားတိုင်းကို အင်မော်တယ် ဖြစ်လာအောင်အတွက် စွမ်းဆောင်ဖို့အတွက် အကန့်အသတ်မဲ့တဲ့ အချိန်တွေကို ရသွားပြီလေ။”

“သောက်ပိုတွေ”

မူချင်းကောက ဆက်လက်၍ နားမထောင်နိုင်ခဲ့ဘဲ ဒေါသတကြီးနှင့် တုံ့ပြန်လိုက်သည်။

“အဖေ… အဖေက ဘယ်လိုဖြစ်ပြီးအဲ့လောက်တောင် ရူးနေရတာလဲ”

“လောကကြီးတစ်ခုလုံး အင်မော်တယ်ဖြစ်အောင် ကြိုးစားနေတယ်ဆိုတာက ဘာလဲ”

“ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေကို အင်မော်တယ်ဖြစ်အောင် ဘာလို့ကြိုးစားနေရတာလဲ”

“သူတို့တွေက အခု လူသားတွေ အကုန်လုံးကို သတ်ဖြတ်နှိပ်စက်နေတာလေ..။ သူတို့လက်ထဲမှာ သေသွားရတဲ့ အသက်တွေက မရေမတွက်နိုင်အောင်ဖြစ်နေပြီ။ အဲ့ရည်ရွယ်ချက်ဆိုတာက ဟန်ဆောင်မှု သက်သက်ပဲ”

မူချင်းကောမှာ သေလောက်အောင်ကို ဒေါသထွက်နေပြီဖြစ်၏။ ထိုကဲ့သို့ ကြောင်သူတော်စကားမျိုးသည် မူချင်းကောအား အန်ထွက်လောက်အောင်ပင် ဖြစ်ခဲ့ပါသည်။

“အဲ့သေသွားတဲ့လူတွေက နောက်ပိုင်းမျိုးဆက်အတွက် စွန့်လွှတ်အနစ်နာခံသွားတာပဲ.။ ငါတို့လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုက အလဟဿဖြစ်မသွားပါဘူး။ ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်အတွက်တော့ လမ်းဖောက်ဖို့မှာ စွန့်လွှတ်ရတာတွေ စတေးရတာတွေတော့ ရှိတာပေါ့။ သမိုင်းတစ်လျှောက်လုံးမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေအကုန်လုံးကို ကြည့်ကြည့်..။ လူအသက်တွေကို မသတ်ဘဲနဲ့ ထူးခြားတဲ့ ဖြစ်ရပ်မဖြစ်ခဲ့ဘူး..။”

မူဟမ်ရှန်းကလည်း ဒေါသထွက်နေသည် သူက သူ့အရှေ့က စားပွဲကို လက်ဝါးနဲ့ တစ်ချက်ရိုက်ပြီး မူချင်းကောအား စိုက်ကြည့်လိုက်၏။ သူ့သမီးဖြစ်သူမှာ ဘာဖြစ်လို့ ဒီလောက်တောင်နုံအနေလဲဆိုတာကို သူက မတွေးနိုင်အောင် ဖြစ်နေခဲ့သည်။ မူဟမ်ရှန်း၏ ကျယ်လောင်စွာ အော်ဟစ်မှုကို မူချင်းကောက မတုန်လှုပ်ပါ။ သူမက ဖခင်ဖြစ်သူအား ဝမ်းနည်းနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။

“အဖေ … အဖေက အရင်လိုမဟုတ်တော့ဘူး..။ ပြောင်းလဲသွားပြီပဲ”

မူချင်းကောက သူမ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။

“ငယ်ငယ်လေးကတည်းက ဆေးဘုရင်တောင်ကြားရဲ့ ဘိုးဘေးကြီးတွေရဲ့ သင်ကြားမှုကို မမေ့ဖို့အတွက် အဖေက သမီးကို အမြဲသင်ပေးခဲ့တာလေ..။ အသက်တိုင်း သတ္တဝါတိုင်းကို အလေးထားဖို့၊ အသက်မှန်သမျှ တန်ဖိုးရှိတယ်ဆိုတာနဲ့ လူသားတိုင်းကို ကယ်တင်နိုင်ဖို့အတွက် အဖေပဲ သင်ပေးခဲ့တာလေ။ အခုကျတော့ အဖေပြောနေတာတွေက ဘာမဟုတ်တဲ့လူတစ်ယောက်ရဲ့ အဓိပ္ပာယ်မရှိတဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့အတွက် မရေမတွက်နိုင်တဲ့ အသက်တွေက ပေးဆပ်ရမယ်ဆိုတဲ့ သဘောလား။ အခုသေသွားတဲ့ လူတွေအကုန်လုံးကိုရော သူတို့က သူတို့ရဲ့အသက်တွေကို စတေးဖို့အတွက် ဆန္ဒရှိလားလို့ အဖေမေးခဲ့ဖူးလား..။ အဲ့ ရှာတွေ့ခဲ့တယ်ဆိုတဲ့ အင်မော်တယ်ကရော အရမ်းယုံကြည်ရလို့လား..။ အဖေ… အဖေအရင်က အဲ့လိုမဟုတ်ပါဘူး…။”

မူချင်းကောက ယခုထက်ထိ မယုံကြည်နိုင်အောင် ဖြစ်နေပါသည်။ မူချင်းကောက အနောက်သို့ ခြေလှမ်းများကို တဖြေးဖြေးချင်း ဆုတ်ရင်းနှင့် သူမ၏မျက်ဝန်းများမှ မျက်ရည်များက အထိန်းအကွပ်မဲ့စွာဖြင့် စီးကျလာခဲ့၏။

“အဖေရယ် အဲ့အကြောင်းပြချက်လေးနဲ့တင်ပဲ ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေကို အဆက်မပြတ် သတ်နေတယ်လေ..။ အဲ့ဒါကို အဖေကဘာလို့ ကူညီပေးနေရတာလဲ..။ ကူညီပေးရုံတင်မကဘူး … ဒီလိုမျိုးရက်စက်တဲ့စကားတွေကိုပါ ပြောထွက်ရက်တယ်။”

မူချင်းကောက အကြီးအကဲ ခုနှစ်ကို လက်ညိုးညွှန်ပြီးတော့

“အခု ဆေးဘုရင်တောင်ကြားမှာ ရှိတဲ့လူတွေအကုန်လုံးကို လူသားမဟုတ်ဘဲနဲ့ ဘာအဖြစ်ကို ပြောင်းလိုက်တာလဲဆိုတာ ပြောပါဦး”

“ဆေးဘုရင်တောင်ကြားမှာ ရှိတဲ့ တပည့်တွေ အကုန်လုံးကလည်း လူတွေမဟုတ်ဘူးမလား ..။ သူတို့အားလုံးက သေကုန်ပြီလေ.. ဟုတ်တယ်မလား။ အခု ထာဝရရှင်သန်ခြင်းဂိုဏ်းက ဒီလူတွေကို အသက်ရှိနေတဲ့ပုံစံမျိုး ဘယ်လိုမျိုးမှော်အတတ်တွေနဲ့ လုပ်ထားလဲဆိုတာကို သမီးမသိဘူး..။ သေချာတာကတော့ ဒီလူတွေက အသက်မရှိတဲ့ လမ်းလျှောက်တဲ့အလောင်းကောင်တွေပဲ မဟုတ်ဘူးလား”

မူဟမ်ရှန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူ၏ခေါင်းကို ခါယမ်းပြီးတော့

“အဲ့ဒါက မတော်တဆဖြစ်ရပ်ပါ .. ဒီဖြစ်ရပ်ကြောင့် ငါတို့ရဲ့အရှင်ကလည်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ်..။ သူက ရုတ်တရက် စိတ်လွတ်ပြီးတော့ လူသတ်မိမယ်လို့ မထင်ထားမိဘူး။ သူ့ရဲ့ ရုတ်တရက် စိတ်လွတ်ပြီးတော့ ဖောက်ပြားမှုက အခုလိုမျိုး ကပ်ဘေးကြီးတစ်ခုကို ဖြစ်သွားစေခဲ့တယ်..။ ဒါပေမဲ့ ချင်းကော အဖေ့ကို ယုံပါ..။ သူတို့တွေ သေသွားတာက အကျိုးမဲ့ မဟုတ်ပါဘူး..။ အဖေတို့တွေက ပိတ်မိနေတဲ့ အင်မော်တယ်ကို ကယ်တင်ပြီးသွားလို့ရင် အင်မော်တယ်ဖြစ်တဲ့ လမ်းစဉ်ကို ရပြီ..။အဲ့ဒါဆိုရင် အဖေတို့ လူသားမျိုးနွယ်တွေအတွက် အရမ်းကို အကျိုးရှိသွားမှာ”

“အဖေ… အခုထက်ထိ အဖေက အသိတရားမရသေးဘူးလား..။”

မူချင်းကောသည် သူမ၏ဦးခေါင်းကို စိတ်ပျက်လက်ပျက်ဖြင့် ခါယမ်းလိုက်ပါ၏။

“အဖေက ထာဝရရှင်သန်ခြင်းဂိုဏ်းက အသုံးချနေတဲ့ ရုပ်သေးရုပ်သာသာဖြစ်နေပြီ..။ ဘာမှ အဓိပ္ပာယ်မရှိတဲ့ ထာဝရအသက်နောက်ကို ပြေးလိုက်နေတာပဲ”

မူချင်းကော၏မျက်ဝန်းများထက်တွင် စိတ်ပျက်မှုများမှာ အထင်းသားမြင်တွေ့နေရပါ၏။ မူဟမ်ရှန်းကို ကြည့်နေရင်းနှင့်် သူမသည် ကူကယ်ရာမဲ့သော ခံစားချက်များကို ဆက်တိုက် ခံစားနေခဲ့ရပါသည်..။

“စွမ်းအားကြီးမားတဲ့ လူတစ်ယောက်က တာဝန်ယူမှု ကြီးကြီးမားမားယူရတယ်ကွ”

မူဟမ်ရှန်း၏ပုံစံက မူချင်းကောကို သူ့ဘက်ပါအောင် စည်းရုံးနေခြင်းကနေ လက်လျော့လိုက်ပြီဖြစ်သည်။

“တာဝန်ယူမှု အများကြီးကို ထမ်းပိုးနိုင်ဖို့အတွက် စွမ်းအားအများကြီးကို လိုအပ်တယ်..။ ဒါကြောင့်မို့ ငါတို့ရဲ့အရှင်သခင်က အချိန်ကြာကြာ ပိုလိုနေတာ..။ ပိုပြီး စွမ်းအားကြီးမားတဲ့ စွမ်းအားကိုလည်း လိုအပ်တယ်..။ တစ်စုံတစ်ဦးက အဆင့်အတန်းပိုမြင့်မှပဲ သူလျှောက်နိုင်မယ့်လမ်းကို ဝေးဝေးပိုလျှောက်နိုင်မှာ..။ အဆင့်အတန်းမြင့်ပြီးတော့ အကောင်းဆုံးလူကပဲ လောကကြီးကို ကယ်တင်နိုင်လိမ့်မယ်..။ အဲ့ဒါက ဘာများမှားနေလို့လဲ..။ ချင်းကော သမီးလေး…ခေါင်းမမာစမ်းနဲ့ကွာ”

“ကျွန်မတို့ရဲ့လမ်းကြောင်းတွေက ကွဲပြားနေတယ်..။ ကျွန်မတို့က အတူတူမရှိသင့်တော့ဘူး..။”

မူချင်းကောက အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်၏။ ထို့နောက်မှ သူမပြောလိုက်သည်။

“ဒီနေ့ကစပြီးတော့ ငါ မူချင်းကော ဆေးဘုရင်တောင်ကြားနဲ့ သံယောဇဉ်နှောင်ကြိုးတွေ အကုန်လုံးကို ဖြတ်တောက်တယ်..။ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကိုလည်း တစ်ခါတည်း ဖြတ်တောက်လိုက်ပြီ.. မူဟမ်ရှန်း..။ အခုချိန်ကစပြီးတော့ ငါတို့နှစ်ယောက်က ဘာသွေးသားတော်စပ်မှုမှ မရှိတော့ဘူး..။”

ထိုသို့ပြောပြီးနောက်တွင် မူချင်းကောက အနောက်သို့ ချက်ချင်းလှည့်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်၏။ သူမခြေလှမ်း လှမ်းလိုက်သည်နှင့် အကြီးအကဲ ခုနှစ်က သူမ၏လမ်းကြောင်းတွင် ပိတ်ရပ်လိုက်ပါသည်။

“ချင်းကော”

မူဟမ်ရှန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

“ဒီနေ့မှာ ငါမင်းကို လျှို့ဝှက်ချက်တွေအားလုံး ငါပြောပြပြီးသွားပြီ..။ ပြောပြပြီးမှတော့ မင်းကိုငါ လွယ်လွယ်နဲ့ထွက်သွားခိုင်းမယ်လို့ ထင်လို့လား”

“ထာဝရရှင်သန်ခြင်းဂိုဏ်းကို မင်းက မဝင်ချင်ဘူးဆိုမှတော့ ငါမင်းကို ဖိအားမပေးပါဘူး..။ ဒါပေမဲ့ ငါ့ရဲ့လှုပ်ရှားမှုတွေကို ပိတ်ပင်ဖို့ မကြံစည်နဲ့..။ ငါ့အနားမှာပဲနေ … ငါမင်းကို ကောင်းကောင်းဆက်ဆံမယ်..။ မင်းက ငါ့ရဲ့တစ်ဦးတည်းသော သမီးပါကွာ..။ ငါမင်းကို ဘယ်တော့မှ ဒုက္ခရောက်အောင် မလုပ်ဘူး။ ဆေးဘုရင်တောင်ကြားမှာပဲ လိမ်လိမ်မာမာနေလိုက် ဘာပြဿနာမှ မရှိစေရဘူး..။ ငါတို့ရဲ့ထာဝရရှင်သန်ခြင်းဂိုဏ်းက အစီအစဉ်ကြီး အောင်မြင်သွားရင် မင်းအဖေလုပ်နေသမျှ အရာတွေအကုန်လုံးက ဘယ်လောက်မှန်ကန်သွားလဲဆိုတာကို မင်းနားလည်လာလိမ့်မယ်”

“အဟက်!!”

မူချင်းကောက လှောင်ပြောင်လိုက်၏။

“ရှင့်ရဲ့အစီအစဉ်တွေအကုန်လုံးကို ကျွန်မ စိတ်မဝင်စားဘူး..။ ရှင်အောင်မြင်မယ်လို့လည်း ကျွန်မ မထင်ဘူး။ ဒါတွေအကုန်လုံးက ရှင့်ဘာသာရှင် စိတ်ထင်ရာစိုင်းနေတာပဲ။ ရှင်က ကျွန်မကို အနားမှာထားချင်တယ်.. ဒါမဲ့ ကျွန်မက ထွက်သွားချင်တယ်..။ ကျွန်မက ထွက်သွားရုံတင်မကဘူး ..။ ရှင်ပြောသမျှ စကားတွေအကုန်လုံးကို လောကကြီးတစ်ခုလုံးသိအောင် ဖြန့်ပစ်လိုက်မှာပဲ”

“ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ရက်စက်ယုတ်မာတဲ့အကြောင်းတွေရော၊ ဆေးဘုရင်တောင်ကြားက လူတွေအကုန်လုံး သေသွားပြီဆိုတဲ့ အကြောင်းရော တစ်ခုမကျန် ကျွန်မ အကုန်ပြောပစ်မှာ”

ထိုစကားကို ကြားသောအခါတွင် မူဟမ်ရှန်း၏မျက်လုံးများထဲ၌ အေးစက်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ချင်းကော အဖေ့ကို ဖိအားမပေးနဲ့နော်”

မူဟမ်ရှန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။

“မင်းက ငယ်ငယ်လေးကတည်းက စကားနားထောင်တဲ့ ကလေးပါ”

“ကျွန်မငယ်ငယ်တုန်းက ရှင်က အရမ်းကို ကြင်နာတတ်တဲ့ ဖခင်တစ်ယောက်ပါ။ ကြင်နာတတ်တဲ့ မျက်နှာဖုံးအောက်မှာ ဒီလိုမျိုး ရက်စက်ယုတ်မာ ကောက်ကျစ်တဲ့ လူစားမျိုးဖြစ်နေမယ်လို့ ကျွန်မ မထင်ထားဘူး”

ထိုသို့ပြောပြီးသောအခါ မူချင်းကောက အနောက်သို့လှည့်ပြီး ထွက်သွားရန် ပြင်လိုက်၏။

သူမလှည့်လိုက်သောအခါတွင်ပင်လျှင် အရိပ်တစ်ခုက သူမရှေ့သို့ ဗြုံးကနဲ ရောက်လာသည်ကို တွေ့လိုက်ရသည်။ မူချင်းကောက ခပ်မြန်မြန်ပင် နောက်သို့ဆုတ်ပြီး လက်အဝှေ့ တစ်ချက်မှာပင် ရွှေအပ်များစွာနှင့် ပစ်လွှတ်လိုက်ပါ၏။

သို့သော် ထိုရွှေအပ်များသည် ထိုအရိပ်ထံသို့ မရောက်ခင် လေထဲမှာပင် တန့်သွားခဲ့ပါသည်။

“ကောင်မလေး မင်းရဲ့ ထိုက်ယီရွှေအပ်တွေက ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူးကွဲ့”

အသစ်ရောက်လာသော လူက အိုမင်းနေသော လေသံနှင့် ပြောလိုက်၏။ သူ့မျက်နှာသည် လွန်စွာ ရက်စက်ကြမ်းကြုတ်ဟန် ရှိ၏။ သူသည် အသက် လေးဆယ်ခန့်ရှိပြီး စွမ်းအားကြီးမားသော အရှိန်အဝါများထွက်ပေါ်နေသည်။ သူကအနည်းလေးတော့ အဆင့်မြင့် ဆရာသခင်အဆင့်တွင် ရှိမည်။

“မိုးနဂါးနတ်ဘုရားအရှင်”

All Chapters