အခန်း (၃၉၉)
Vol. 33 Ch. 399
“မိုးနဂါး နတ်ဘုရားအရှင်”
ထိုလူ ပေါ်ပေါက်လာသော အခါတွင် မူဟမ်ရှန်းက အရိုအသေ ပေးလိုက်ပါ၏။ သူက ထာဝရ ရှင်သန်ခြင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ တမန်တော်လေးပါးမှ တစ်ပါး ဖြစ်ပါသည်။ သူ၏အစွမ်းကို လျှော့တွက်၍ မရနိုင်ပါ။
သူသည် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူ ဖြစ်ပါသည်။ မတ်တတ် ရပ်နေရုံလေးနှင့်ပင် သူ့ထံမှ ပြိုင်ဘက် ကင်းသော အရှိန်အဝါများက တလူလူနှင့် ထွက်ပေါ်နေခဲ့၏။
“မိုးနဂါး နတ်ဘုရားအရှင် ဟုတ်လား”
အသစ်ရောက်လာသော လူအား မူချင်းကောက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ကြည့်လိုက်ပါ၏။ ထိုသူက မဟာသိုင်းဂိုဏ်း အဆင့် ဖြစ်နေသည်ကို သူမက ကောင်းကောင်း သိပါသည်။ သူမ ဘာလုပ်ရတော့မလဲ။
ထိုအခိုက်မှာပင် မူချင်းကောက လီချန်ချင်းသည် သူမကို ခရီးမထွက်ခင်တုန်းက ပေးခဲ့သော တိမ်တိုက်ပုံစံနှင့်တူသော ပန်းပုရုပ်ထုကို ထုတ်ယူလိုက်၏။ လီချန်ချင်းက အန္တရာယ် ရှိသောအချိန်တွင် ထိုပန်းပုရုပ်ထုကို အသုံးပြုရန်အတွက်ပါ သူမကို မှာကြားခဲ့ဖူးပါသည်။
ယခုအချိန်တွင် မူချင်းကောက ထိုပန်းပုရုပ်ထုကို အသုံးပြုရန် တွေးထားပါသည်။ မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူနှင့် ယှဉ်တိုက် မတိုက်နိုင်ကတော့ သူမ မသေချာပါချေ။ ထိုကဲ့သို့သော စွမ်းအားရှင်၏ ခွန်အားက အင်မတန်ကို ကြောက်ရွံ့ဖွယ် ကောင်းလှပါ၏။
လီချန်ချင်း ပေးထားသော ပန်းပုရုပ်ထုက ထွက်ပြေးနိုင်သော ပန်းပုရုပ်ထုဖြစ်ပြီး ထွက်ပြေးနိုင်မည် ဆိုရင်တောင် မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူ၏ မျက်စိအောက်တွင် ဝေးဝေးလံလံသို့ ပြေးနိုင်ပါ့မလား ဆိုတာလည်း သူမ စိတ်ပူနေပါသည်။
“မူဟမ်ရှန်း မင်းရဲ့ သမီးက ပါရမီတော့ ရှိပါတယ်”
မိုးနဂါး နတ်ဘုရားအရှင်က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ပြီးတော့ သူမရဲ့ ရုပ်ရည်က သူ့အမေနဲ့တောင် ခပ်ဆင်ဆင်ပဲကွ။ သွေးမျိုးဆက်အရတော့ သူက မင်းနဲ့ သူတော်စင်မတို့ရဲ့ သမီးဆိုတော့ ထာဝရရှင်သန်ခြင်း ဂိုဏ်းရဲ့ သူတော်စင်မ ဘွဲ့ကို သူမက ဆက်ခံရလိမ့်မယ်”
“အခု အခြေအနေကို ကြည့်ရတာတော့ မင်းရဲ့ သမီးက ပြောစကား ဆိုစကား နားမထောင်ဘူးပဲ။ သူတော်စင်မဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လိုချင်ပုံ မရဘူး”
မိုးနဂါးနတ်ဘုရားအရှင်သည် သူ၏မေးစေ့မှ မုတ်ဆိတ်မွှေးများကို သပ်လျက် ပြောလိုက်ပါသည်။
“မိုးနဂါးနတ်ဘုရားအရှင် ကျွန်တော်မျိုး သူမကို ကောင်းကောင်း ဆုံးမလိုက်ပါမယ်”
မူဟမ်ရှန်းက အလျင်အမြန်ပင် ပြောလိုက်၏။
“အခု အခြေအနေကို ကြည့်စမ်းပါဦး။ မင်းရဲ့သမီးက မင်းဘယ်လောက် ဆုံးမ ဆုံးမ နားမထောင်နေဘူးလေ အဲ့ဒီအစား သူက ထွက်ပြေးချင်နေသေးတယ်”
မိုးနဂါး နတ်ဘုရားအရှင်၏ အကြည့်သည် မူချင်းကော၏ လက်ထဲတွင် ရှိသော တိမ်တိုက်ပုံစံ ပန်းပုရုပ်ထုပေါ်သို့ ရောက်ရှိ သွားပါသည်။ သူ့လိုမျိုး အဆင့်ရှိသော ကျင့်ကြံသူပင်လျှင် ထိုပန်းပုရုပ်ထု၏ စွမ်းအားကို ခန့်မှန်းနိုင်ခြင်း မရှိပါ။
ဒါပေမဲ့ အဲ့ဒီပန်းပုရုပ်ထုကို အသုံးပြု ပြီးတော့ မူချင်းကောက ဤနေရာမှ ထွက်ပြေးမည်ကိုတော့ သူက အနည်းနဲ့ အများတော့ ခန့်မှန်းနိုင်ခဲ့ပါသည်။ မိုးနဂါး နတ်ဘုရားအရှင်က သတိပြုမိသွားသည် ဖြစ်သောကြောင့် မူချင်းကောကလည်း သူမ၏ အတွင်းစွမ်းအားများကို ပန်းပု ရုပ်ထုထဲသို့ သွတ်သွင်းလိုက်ပါသည်။
နောက်တစ်ခဏတွင် သူမ၏ခန္ဓာကိုယ် တစ်ခုလုံးသည် လေဟာနယ်ကို ဖြတ်သန်းသွားသည်ကို မူချင်းကောက ခံစားလိုက်ရပါ၏။ ထိုဖြတ်သန်း သွားသည့် ခံစားချက်၏ ဦးတည်ရာကို သူမက ထိန်းချုပ်နိုင်စွမ်း မရှိပါ။
ပန်းပုရုပ်ထုသည် ချက်ချင်းပင်လျှင် တိမ်တိုက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး မူချင်းကော၏ ခြေထောက်သို့ တိမ်တိုက်များ ဖုံးလွှမ်းသွားပါ၏။ ထို့နောက် ထိုတိမ်တိုက်များသည် မူချင်းကောကို ခေါ်ဆောင် သွားပါတော့သည်။
ရုတ်တရက် မူချင်းကောက ဆေးဘုရင် တောင်ကြား၏ အဝေးကို ရောက်ရှိသွား၏။ ဆေးဘုရင် ခန်းမမှ မူချင်းကောက ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မူဟမ်ရှန်းသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ပါ၏။
“ဒါကြီးက ဘယ်လိုရတနာမျိုးလဲ”
သို့သော် မိုးနဂါး နတ်ဘုရားအရှင်ကတော့ ထိတ်လန့် ကြောက်ရွံ့နေသော အမူအရာကို မပြပါချေ။
“ဒီနည်းလမ်းကို သုံးပြီးတော့ ထွက်ပြေးချင်တာလား။ မင်းက ငါ့ကို အထင်သေးလွန်းသွားပြီ။ သွားစမ်း”
ထိုအခိုက်မှာပင် မိုးနဂါး နတ်ဘုရားအရှင်၏ လက်ထဲ၌ စာလိပ်တစ်ခု ပေါ်လာခဲ့ပါ၏။ ထိုစာလိပ်ထဲမှ ရွှေကြိုး တစ်ချောင်းသည် ပျံသန်းထွက်ပေါ်လာသည်။ ကြိုးက ရုတ်တရက် ထွက်ပေါ်လာပြီး လေဟာနယ်ကို ထိုးဖောက်ပြီး ဝင်ရောက် ပျောက်ကွယ်သွားပါ၏။
ကြိုး၏ အစွန်း တစ်ဖက်ကိုတော့ မိုးနဂါး နတ်ဘုရားအရှင်က ကိုင်ဆုပ်လိုက်ပြီး သူသည်လည်း လေဟာနယ် အတွင်းသို့ ဝင်ရောက်ကာ ပျောက်ဆုံး သွားပါတော့သည်။
မြောက်ပိုင်း အေးခဲ နိုင်ငံတော်တွင်တော့ လီချန်ချင်းသည် ချင်အိမ်တော်သို့ ရောက်ရှိနေပါ၏။ သူက ယင်ချင်းအား သင်္ချာပုစ္ဆာ အပိုင်းကိန်း နိယာမ သဘောကို သင်ပြနေပါသည်။ ယင်ချင်းသည် ဉာဏ်ထက်မြက်ပြီး သင်ယူလွယ်သော မိန်းကလေး တစ်ဦး ဖြစ်ပါသည်။
သူသင်ပေးသော သင်္ချာ ပုစ္ဆာများကို ယင်ချင်းက ဖြေရှင်းနေသည်ကို လီချန်ချင်းက ထိုင်ကြည့်နေ၏။ ရုတ်တရက် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားသောကြောင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏ ပန်းပု ရတနာသည် မူချင်းကောက အသုံးပြုလိုက်ပြီ ဖြစ်ကြောင်းကို သူအာရုံခံလိုက် ရ၏။
အခြေအနေကို ကြည့်ရသည်မှာ မူချင်းကောမှာ သေရေးရှင်ရေး ပြသနာ တစ်ခုခုကို ကြုံတွေ့ပုံ ရနေ၏။ သို့သော် သူမလက်ထဲ၌ ထိုပန်းပု ရတနာ ရှိသောကြောင့် လီချန်ချင်းက အရမ်းကြီးတော့ စိုးရိမ်မနေခဲ့ပါချေ။
ထိုပန်းပုရုပ်ထုသည် တိမ်ပျံကို အတုခိုးပြီးတော့ လီချန်ချင်း ထုလုပ်ထားသည့် ပန်းပုရုပ်ပင် ဖြစ်သည်။ အနောက်အရပ်သို့ ခရီးသွားခြင်း ဒရမ်မာ ဇာတ်လမ်းတွဲထဲတွင် စွန်းဝူခုံးက တိမ်ကျွမ်းထိုး သိုင်းပညာနှင့် မိုင်ပေါင်း တစ်သိန်းရှစ်သောင်းကို တစ်ခဏအတွင်း သွားနိုင်စွမ်း ရှိပါသည်။
လီချန်ချင်းက စွန်းဝူခုံး၏ ခြေထောက်အောက်တွင် ရှိသော တိမ်ပျံများကို အတုယူကာ ပန်းပုရုပ်ထုကို ထုလုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် လီချန်ချင်း၏ တိမ်ပျံများသည် စွန်းဝူခုံး၏ တိမ်ပျံများလောက် စွမ်းအား ကြီးမားလှသည် မရှိသည့်တိုင် အသုံးပြုလိုက် ပြီးသည့်အခါတွင် အသုံးပြုသူကို လွန်စွာ ဝေးကွာသော နေရာ အကွာအဝေးထိ သယ်ဆောင်သွားမည် ဖြစ်ပါသည်။
ထိုပန်းပုရုပ်ထု၏ အားနည်းချက်မှာ ခန့်မှန်း၍ မရနိုင်ခြင်းပင် ဖြစ်၏။ အသုံးပြုသူကို ဘယ်လောက်ဝေးဝေးကို သယ်သွားမယ် ဆိုတာနဲ့ ဘယ်နေရာကို သယ်သွားမလဲ ဆိုတာကိုတော့ ပန်းပုရုပ်ကို ဖန်တီးသူ လီချန်ချင်း ကိုယ်တိုင်ပင်လျှင် မသိနိုင်ပါ။ ထိုအရာများ အားလုံးက ကံကောင်း၏ မကောင်း၏နှင့် သက်ဆိုင်သွားခဲ့ပါသည်။
ထို့အပြင် မူချင်းကော ကိုယ်တိုင်ပင်လျှင် မူလအဆင့်၏ အထွတ်အထိပ်တွင် ရှိ၏။ သူမက အန္တရာယ်ရှိသော နေရာသို့ ရုတ်တရက် ရောက်ရှိ သွားသော်လည်း သူမ၏ ကျင့်ကြံခြင်းနှင့် ဆိုလျှင် သိပ်ပြီးတော့ အန္တရာယ် ရှိမည် မဟုတ်ပါ။
“လူကြီးမင်း ချန်ချင်း ကျွန်မ လုပ်တာ မှန်ရော မှန်ရဲ့လားရှင့်”
ထိုအခိုက်မှာပင် ယင်ချင်းက သူမတွက်ချက်နေသော သင်္ချာပုစ္ဆာကို လီချန်ချင်းထံသို့ တိုးပြလိုက်၏။ ထိုအခိုက်မှာသာ လီချန်ချင်း၏ အာရုံများကလည်း ပစ္စုပ္ပန်သို့ ပြန်ရောက်လာပါတော့သည်။
အခြေအနေကို မူချင်းကောဘက်ကို ပြန်သွားကြည့်လိုက် ရအောင်…
မူချင်းကော၏ လက်ရှိနေရာတွင်တော့ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စွန်းဝူခုံး၏ တိမ်တိုက်များက သယ်ဆောင်ကာ အလျင်အမြန် ထွက်ပြေးနေခဲ့သည်။ ထိုတိမ်တိုက်များက လွန်မင်းစွာ စွမ်းအား ကြီးမားလှ သောကြောင့် ကွာဝေးလှသော နေရာကို မျက်တောင် တစ်ခတ်အတွင်းမှာပင် ရောက်ရှိနေခဲ့၏။
“ပြသနာပဲ ငါဒီဟာကြီးကို ဘယ်လိုမျိုး ရပ်ရပါ့မလဲ”
မူချင်းကောက ကြောက်ရွံ့ထိတ်လန့်နေသည် ဖြစ်၏။ ထိုတိမ်တိုက်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းက လုံးဝကို မဖြစ်နိုင်ပါချေ။ တစ်ချိန်တည်းမှာပဲ မူချင်းကောက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပါ၏။ သူမလှည့်ကြည့်လိုက် သောအခါတွင် ရွှေကြိုး တစ်ကြိုးက သူမ၏နောက်သို့ ထပ်ကြပ်မကွာဘဲ လိုက်နေခဲ့ပါ၏။
ထိုရွှေကြိုး၏ အစွန်း တစ်ဖက်တွင်တော့ မိုးနဂါး နတ်ဘုရား အရှင်ကလည်း ပါလာခဲ့ပါသည်။ ထိုမြင်ကွင်းကို မြင်သောအခါတွင် မူချင်းကောက လွန်မင်းစွာ ထိတ်လန့်သွားခဲ့၏။ မိုးနဂါး နတ်ဘုရား အရှင်က သူမ၏နောက်သို့ လိုက်ပါနိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပါချေ။
“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
သူမသည် အလွန်တရာ ကြောက်ရွံ့နေသောကြောင့် ဤနေရာမှ အမြန် ထွက်သွားချင်နေပါသည်။ သို့သော် သူမအတွက် ကံဆိုးသွားသည်မှာ သူမကို သယ်ဆောင် ထားသော တိမ်တိုက်များက ရုတ်တရက် စွမ်းအား ကုန်သွားဟန် ရှိပါသည်။
ထို့ကြောင့် သူမသည် လေဟာနယ် အတွင်းသို့ ရောက်ရှိနေရာမှ လေဟာနယ်ကို နှစ်ခြမ်းကွဲပြီးတော့ စန်းယွမ်နယ်မြေ၏ လောလထဲသို့ ချက်ချင်း ပြန်ရောက် လာခဲ့ပါသည်။ သူမကို ဝန်းရံထားသည့် ထူးခြား ဆန်းကြယ်သော တိမ်တိုက်များက ချက်ချင်းကို အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့ပါ၏။
ပန်းပု ရတနာသည် တစ်ကြိမ်သာ အသုံးပြုနိုင်သော ရတနာ ဖြစ်ပါသည်။ မူချင်းကောက အလွန် ကြောက်လန့် သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။ သို့သော် သူမ၏ အောက်တွင် မြေပြင် မရှိဘဲ ရေကန်တစ်ကန် ရှိသည်ကို မြင်လိုက်တော့မှသာ သူမက အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ပါ၏။ သူမက မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ပြုတ်ကျခြင်းထက် ရေပြင်ပေါ်သို့ ပြုတ်ကျခြင်းက အသက် ရှင်နိုင်စွမ်း ပို၍ ရှိပေမည်။
ဝုန်းကနဲ မြည်သံနှင့် အတူ မူချင်းကောသည် ရေအိုင်ထဲသို့ ပြုတ်ကျသွား၏။ မူချင်းကောက ရေအိုင်ထဲမှ ခေါင်းထွက်လာပြီး အသက်လု ရှူလိုက်သည့်အခါတွင် ငယ်ရွယ်သော မိန်းမပျိုလေး တစ်ယောက်က သူမကို စိုက်ကြည့်နေသည်ကို မူချင်းကော တွေ့လိုက်ရသည်။