← Chapters

အခန်း (၄၀၁)

Vol. 33 Ch. 401

အခန်း (၄၀၁)

Vol. 33 Ch. 401

“ဟုတ်ပါတယ်ရှင့် အကိုချန်ချင်းဆိုတာ လူကြီးမင်း ချန်ချင်းကို‌ ပြောတာပါ”

မူချင်းကောက ခပ်မြန်မြန်ပင် ဖြေလိုက်သည်။

“ဒီညထိ စောင့်လိုက် ငါသူနဲ့ စကားပြောလိုက်မယ်။ သူအခုဘယ်မှာ ရှိလဲ”

လီရွှမ်းရှီက ပြန်မေးလိုက်၏။

“အကိုချန်ချင်းက မြောက်ပိုင်း အေးခဲနိုင်ငံမှာ ရှိပါတယ်”

“ကောင်းပြီ အခု လော‌လောဆယ် နင်တစ်ခုခု စားပြီးတော့ သွားနားထားလိုက်ဦး”

လီရွှမ်းရှီက ပြောလိုက်၏။ ထို့နောက်တွင် သူမသည် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးကို မှိတ်လိုက်၏။ သူမ၏ ပုံစံက တစ်စုံတစ်ခုကို ကျင့်ကြံနေဟန် ရှိပါသည်။

သွေးကဲ့သို့ ရဲရဲနီနေသော လှိုဏ်ဂူ တစ်ခု၌..

ဤနေရာတွင် တာအိုနိယာမများ၊ လောက၏ နိယာမများသည် ရှုပ်ထွေးလျက် ရှိပါသည်။

ထိုလှိုဏ်ဂူ အတွင်းထဲသို့ သာမန်လူ တစ်ဦးတစ်ယောက်ကများ ဝင်ရောက်သွားပါက ဘဝ တစ်သက်တာလုံး အပြင်သို့ ပြန်ထွက်နိုင်မည့် ဟန်ပန် မရှိပါ။ လှိုဏ်ဂူ အတွင်း၌ မရေမတွက်နိုင်သော လူများသည် အလုပ်ရှုပ်နေဟန် ရှိ၏။ လှိုဏ်ဂူ၏ အဆုံးသတ်၌ အမှောင်ထု တစ်ခု ရှိ၏။

ထိုအမှောင်ထု အတွင်း၌ ခပ်ဖျော့ဖျော့ ဟိန်း‌ဟောက်သံများကို ကြားလိုက်ရမည် ဖြစ်သည်။ ထိုဟိန်းဟောက်သံများကို ကြားလိုက်သူတိုင်းမှ မိမိတို့၏ စိတ်ဝိဉာဉ်တွေ တုန်ခါသွားမည်ကို ခံစားရမည်ဖြစ်၏။

“အရှင်”

ထိုအခိုက်မှာပင် လှိုဏ်ဂူ၏ အဝင်ဝ၌ လူတစ်ဦးက ဒူးထောက်ချပြီး တုန်ရီစွာဖြင့် သတင်းပို့နေပါသည်။

“မိုးနဂါး နတ်ဘုရား အရှင်က သေဆုံးသွားပါပြီ”

“အို…”

လှိုဏ်ဂူတွင်း၌ ရှိသော အသံတစ်သံက အံ့အားသင့်သော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

“သူက ဘယ်လိုများ သေသွားတာလဲ”

“အရှင့်ကို သတင်းပို့ပါတယ် မိုးနဂါးနတ်ဘုရားက လီရွှမ်းရှီနဲ့ တွေ့ပြီးတော့၊ လီရွှမ်းရှီ ရေချိုးနေတာကို ချောင်းကြည့်ခဲ့ပါတယ်။ သူမရဲ့ ဓားချက်တစ်ချက်အောက်မှာပဲ အသတ်ခံလိုက်ရတာပါ”

သတင်းပို့တဲ့ လူက တံတွေးတစ်ချက် မြိုချလျက် ပြောလိုက်သည်။ လှိုဏ်ဂူတစ်ခုလုံးကို တိတ်ဆိတ်မှုများက ဖုံးလွှမ်းသွားခဲ့ပါ၏။

“လီရွှမ်းရှီ ရေချိုးတာကို ချောင်းရင်း သေသွားတာတဲ့လား။ ဒီကောင် ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ”

အချိန်တော်တော် ကြာသွားသော အခါတွင် အတွင်းမှ အသံက ပြောလိုက်၏။

“မိုးနဂါး နတ်ဘုရား အရှင်ရဲ့ ဗီဇစရိုက်က တဏှာကြီးတဲ့ ဗီဇစရိုက် ရှိတယ်။ ဒီဗီဇစရိုက်ကြောင့်ပဲ သူ့ရဲ့ အဆုံးသတ်ကို ဖြစ်သွားစေတာပဲ”

မိုးနဂါး နတ်ဘုရားအရှင်၏ ခွန်အားက အစွမ်းကြီးကာ သန်မာပါသည်။ သူ၏ တဏှာကြီးမားသော ဂုဏ်သတင်းကလည်း ကျော်ဇောပါ၏။ ထို့ကြောင့် အမျိုးသမီးများနှင့် ပက်သက်ပြီး သူ့ကို လက်လွတ်စပယ် မလုပ်ရန် အကြိမ်ကြိမ် သတိပေးခဲ့ပါသည်။

လက်လွတ်စပယ် လုပ်လျှင် သူ၏ ပျက်စီးခြင်းကို ရောက်မည် ဟူ၍လည်း သတိပေးခဲ့ပါသည်။ သို့သော် သူသည် တစ်ခါမှ နားမထောင်ခဲ့ပါ။ နောက်ဆုံး၌ သူက ထိုသတိပေးချက်များကို လျစ်လျူ ရှုခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားကလည်း သန်မာလှပြီ ဖြစ်သောကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရန် မရှိဟု တစ်ထစ်ချ ယုံကြည်ထားသောကြောင့် ဖြစ်သည်။

သို့သော် ယခု အချိန်တော့ သူလုပ်ခဲ့တာ အတော်လွန်သွားခဲ့ပါ၏။ သူက တစ်ခြား အမျိုးသမီးကို ပြစ်မှားစော်ကားခဲ့ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်၏ ထိပ်ဆုံး လေးယောက်ထဲတွင် ရှိသော ကောင်းကင်နတ်သမီး ဓားအင်မော်တယ် လီရွှမ်းရှီ ရေချိုးနေတာကို သွားချောင်း ကြည့်ခဲ့မိသည် မဟုတ်ပါလား။

လီရွှမ်းရှီက နယ်နယ်ရရ မဟုတ်ပါ စန်းယွမ် နယ်မြေကြီး တစ်ခုလုံး၏ အရှင်သခင် ဖြစ်သော ကျန်းထျန်းယွမ်ကိုပင် ဖိနှိပ်နိုင်သူ ဖြစ်ပါသည်။ သူမ ရေချိုးတာကို ချောင်းကြည့်ခြင်းက ရူးမိုက်သော အလုပ်ပင် ဖြစ်၏။ ထိုရလဒ်ကြောင့် ထာဝရရှင်သန်ခြင်း ဂိုဏ်းသည် စွမ်းအား ကြီးမားသော ဗိုလ်ချုပ်တစ်ဦးကို ဆုံးရှုံးလိုက် ရပါတော့သည်။

ညသို့ရောက်ပါပြီ။ လီချန်ချင်းက အရင်ညများလို စောစော မအိပ်ပါ။ မူချင်းကောထံမှ မည်သည့် သတင်းစကားကိုမျှ မရသောကြောင့် လီချန်ချင်း စိတ်ပူနေပြီ ဖြစ်သည်။ လီချန်ချင်းက ကြိုးစားပြီးတော့ အိပ်ပျော်အောင် လုပ်လိုက်ပါသည်။

သူအိပ်ပျော်သွားသော အခါတွင် သူ၏ နတ်ဘုရား ဝိဉာဉ်ရေကန်၌ ရင်းနှီးသော ခံစားချက်ကို ခံစားလိုက် ရ၏။ ထို့နောက် ရုတ်တရက် သူ၏ အသိစိတ်များ အားလုံးသည် နတ်ဘုရား ဝိဉာဉ် ရေကန်ဘေးသို့ ရောက်သွားခဲ့ပါသည်။ ရေကန်၏ တစ်ဖက်အခြမ်းတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက သူ့ကို စောင့်ကြိုနေခဲ့၏။

ထိုသူမှာ အရင်တုန်းက သူတွေ့ဖူးနေကျ သူပင် ဖြစ်၏။ သို့သော် သူမထံမှာ ပေါ်နေသော အရှိန်အဝါကတော့ အရင်နှင့် မတူဘဲ ပြောင်းလဲနေပြီ ဖြစ်သည်။

“လူကြီးမင်း ချန်ချင်းကို အရိုအသေ ပေးပါတယ်ရှင့်”

လီရွှမ်းရှီက လီချန်ချင်းအား အရိုအသေပေးပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“ထူးထူးဆန်းဆန်း ဧည့်သည်ပါလား”

လီချန်ချင်းက လီရွှမ်းရှီကို စိုက်ကြည့်နေ၏။ သူက စကားများများ မပြောပါ။ မေးခွန်းတစ်ခုသာ မေးလိုက်၏။

“ငါ့ဆီကို လာလည်ရတာ ဘာကိစ္စနဲ့ လာလည်တာလဲ”

“ဒီနေ့ ကျွန်မ လာတာက မူချင်းကောနဲ့ ပက်သက်ပြီး သတင်းပေးချင်လို့ပါ။ မူချင်းကောက လောလောဆယ်မှာ ကျွန်မ အနားမှာ ရှိနေပါတယ်”

“သူ့ရဲ့ အခြေအနေကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ခုချိန်ကစပြီးတော့ သူမက ကျွန်မနားမှာပဲ နေရတော့မယ်။ လူကြီးမင်း စိတ်ပူနေမှာကို သူမက အရမ်းကို စိုးရိမ်နေတယ်လေ”

“အဲ့ဒါကြောင့် ဒီသတင်းကို ကျွန်မကိုယ်တိုင် လာပြီး သတင်းပေးတာပါ”

လီရွှမ်းရှီက အမှန်တရားကို မချွင်းမချန် ပြောပြလိုက်ပါ၏။

“အော် အခြေအနေတွေက ဒီလိုတွေ ဖြစ်သွားတာကို”

လီချန်ချင်းက သဘောပေါက်ခဲ့ပါသည်။ မူချင်းကောက အဖမ်းခံလိုက်ရပြီ ဖြစ်၏။

“လိုအပ်တာတွေ အကုန်လုံး ကျွန်မ ပြောပြီးပြီ ဖြစ်လို့ ကျွန်မကို သွားခွင့်ပြုပါဦး”

လီရွှမ်းရှီက ထွက်သွားရန် ဟန်ပြင်လိုက်၏။ သို့သော် လီချန်ချင်း၏ အနက်ရောင်ဖြစ်နေသော မျက်ဝန်းများက ရွှေရောင် ဖြစ်သွားပါသည်။ ရုတ်တရက် နတ်ဘုရား ဝိဉာဉ်ရေကန်၏ ပတ်ပတ်လည်တွင် ရှိသော လေထုမှာ အေးခဲသွားပြီး လီရွှမ်းရှီ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တောင့်တင်း သွားခဲ့ပါသည်။

“ငါမင်းကို ထွက်သွားခွင့်ပေးသေးလို့လား။ မင်းက စန်းယွမ် နယ်မြေ အရှင်သခင်နဲ့ သိပ်မကြာခင်မှာ တိုက်ခိုက်ရတော့မယ်။ မင်းနိုင်ဖို့အတွက် ယုံကြည်ချက် ဘယ်လောက်ရှိလဲ”

လီချန်ချင်း၏ ဟန့်တားမှုကြောင့် လီရွှမ်းရှီသည် တဒုတ်ဒုတ် ခုန်နေသော နှလုံးကို တည်ငြိမ်စွာ ထိန်းရင်း လေသံကို ဟန်မပျက်ထိန်းလျက် ဖြေလိုက်ပါသည်။

“ကျွန်မ နိုင်ဖို့အတွက် အခွင့်အလမ်း ပိုများပါတယ်ရှင့်”

လီရွှမ်းရှီက လီချန်ချင်းကို မဝံ့မရဲ ကြည့်လိုက်ပါ၏။

“ကျွန်မမှာ နိုင်ဖို့ အခွင့်အရေးသာ မရှိဘူးဆိုရင် အကိုလီကို သတ်ပြီးတော့ ကျွန်မရဲ့ စွမ်းအားတိုးအောင် လုပ်ခဲ့မှာ မဟုတ်ပါဘူး”

“ကျွန်မရဲ့ မူလအစီအစဉ်ကတော့ အကိုလီက သေသွားပြီးတော့ ကျွန်မသာ စန်းယွမ်နယ်မြေရဲ့ အရှင်သခင် ဖြစ်လာရင် ကျွန်မက အကိုလီကို အသက်ပြန်သွင်းမယ့် နည်းလမ်းတစ်ခုခုကို မဖြစ်မနေ ရှာမယ်လို့ တွေးထားတာပါ”

“အဲ့တာကြောင့်လည်း ဒီလိုမျိုး အစီအစဉ်ကို စွန်းစားပြီးတော့ လုပ်ရဲတာပါ။ ဒါပေမဲ့ ကံအရမ်း ကောင်းသွားတာက အကိုလီက အခုထက်ထိ အသက် ရှင်နေသေးတယ်လေ”

“ဒါပေမဲ့ သူ့နှလုံးသားက သေသွားပြီလေ”

လီချန်ချင်းက တည်ငြိမ်စွာဖြင့် ဆက်ပြော၏။ လီရွှမ်းရှီက တိတ်ဆိတ်သွားခဲ့ပါသည်။ နတ်ဘုရားဝိဉာဉ် ရေကန်၏ ပတ်ပတ်လည် တစ်ခုလုံးသည် တိတ်ဆိတ်မှုနှင့်သာ ဖုံးလွှမ်းသွားခဲ့၏။ ထို့နောက်မှ သူမက ဖြေးညင်းစွာ ပြောလိုက်ပါသည်။

“တစ်နေ့နေ့မှာတော့ သူ့နှလုံးသားက ပြန်ရှင်လာမှာပါ။ ပြန်ရှင်တာသေချာအောင်ကို ကျွန်မလုပ်မယ်”

All Chapters