လမ်းပိတ်ခြင်း
Vol. 42 Ch. 630
အဘိုးအို၏ မျက်လုံးများက အကြိမ်ပေါင်းများစွာ စူးလက်နေပြီး ပြောင်းလဲနေသော်လည်း အဆုံး၌ အပြုံးနှင့် ပြောလာသည်။
“ရပါတယ်၊ ကျုပ် မစ္စတာဝိုင်ကို သေသေချာချာ စဉ်းစားဖို့ အကြံပေးချင်တယ်၊ တကယ်တော့ အဖိုးတန်ဆုံး ဆေးပင်အချို့က ကျုပ်တို့ မိုမိသားစုမှာပဲ ရနိုင်တာပါ”
ဘေးလူများက ခေါင်းခါ၍ သက်ပြင်းချနေသည်။
မြေအောက်ခန်းမှ လူအုပ်အတွင်း၌ အဖြစ်အပျက်တစ်ခုလုံးကို စောင့်ကြည့်နေသည့် အခြားမိသားစုများမှ လူများလည်း ရှိနေသည်။
အစက သူတို့သည် ရဲ့လင်းချန်က ကမ်းလှမ်းမှုကို လက်ခံသည့် အရိပ်အယောင် ပြလာပါက သူတို့သည် ရှေ့ထွက်၍ သူတို့၏ ကမ်းလှမ်းမှုဈေးနှုန်းကို တိုးမည် ဖြစ်ကာ သူ့အား အခြားသော အကျိုးအမြတ်များပါ ပေးမည်ဟု ကတိပေးရန် စဉ်းစားထားကြသည်။ သို့သော် ရဲ့လင်းချန်၏ စကားက လုံးဝ ညှိနှိုင်းခွင့်မရနိုင်သကဲ့သို့ ဖြစ်နေသဖြင့် သူတို့ မျက်မှောင်ကြုတ်နေသည်။
ထို့နောက် အချို့သော မိသားစုများသည် ရဲ့လင်းချန်နှင့် ပတ်သက်၍ သူတို့၏ ကံကို စမ်းရန် ရှေ့ထွက်လာ သော်လည်း အဖက်မလုပ်ခြင်းနှင့်သာ ကြုံလိုက်ရသည်။
မိုမိသားစုက ပိုက်ဆံကို ခေါင်းထဲမထားလျှင် ရဲ့လင်းချန်ကရော ပိုက်ဆံကို ဂရုစိုက်နေပါမည်လော။
သူ၏ လက်ရှိ ပိုင်ဆိုင်မှုသည် ဆေးများနှင့် အနာဂတ်၌ ထုတ်လုပ်မည့် နည်းပညာမြင့် ထုတ်ကုန်များ မပါလျင်တောင်မှ စုစုပေါင်း ဆယ်ဘီလီယံချီပြီ ဖြစ်သည်။ အနာဂတ်တွင် ရလာမည့် အမြတ်က ရဲ့လင်းချန်အတွက် ကိန်းဂဏန်းသာသာမျှသာ ဖြစ်ပြီး သူ့အတွက် ဆွဲဆောင်မှု မရှိချေ။
ထို့အပြင် ရဲ့လင်းချန်သည် ဆန်းကြယ်ကျွန်းမှ ဆောက်လုပ်ရေးအတွက်မှလွဲလျင် ပိုက်ဆံများများ မလိုအပ်ချေ။
သူသည် သူ့မိဘများ၏ အကောင့်ထဲသို့ ရံဖန်ရံခါ ယွမ်လေးသန်း သို့မဟုတ် ငါးသန်း ထည့်ပေးတတ်သည်။ သူ၏ မိသားစုက ရဲ့လင်းချန် ပိုက်ဆံရှာနိုင်ပြီး ပိုက်ဆံ ရလာသည့် အကြောင်းရင်းကိုလည်း သိနေသဖြင့် စိတ်အေး သွားကြသည်။ သို့သော် သူတို့သည် ယခုထိ သုံးဖြစ်ရန် တွန့်ဆုတ်နေကြသေးသည်။
ရဲ့လင်းချန်၏ မူလ အစီအစဉ်မှာ ရူကောင်းမြို့၌ စံအိမ်တစ်လုံး ဝယ်ယူပြီး ဝန်ထမ်းများ ငှားရမ်းကာ သူ၏မိဘများ အနားယူ၍ ဘဝကို အေးအေးချမ်းချမ်း နေနိုင်စေလိုခြင်း ဖြစ်သည်။ သို့သော် ထိုအစီအစဉ်အား မိဘ နှစ်ပါးလုံးက ငြင်းဆန်ကြသည်။ သူတို့သည် အိမ်ဟောင်းမှ မထွက်သွားလိုကြဘဲ သူတို့ဘဝ၏ အချိန်အများစုအတွက် အလုပ်လုပ်ချင်ကြလေသည်။ အလုပ်မရှိခြင်းက သူတို့အား မသက်မသာ ဖြစ်စေ၏။
ရဲ့လင်းချန် ဘာမှမပြောနိုင်တော့ဘဲ သူတို့၏ အတွေးအမြင်ကို အလေးထားလိုက်သည်။
ပိုက်ဆံသည် ရဲ့လင်းချန် အလွန် တန်ဖိုးထားသည့် အရာဖြစ်သည်။ ၎င်းကို သူ အကုန် မသုံးနိုင်သော်လည်း အနည်းဆုံးတော့ သူ မဆင်းရဲပေ။
*မိုမိသားစုတဲ့လား*
ရဲ့လင်းချန် စိတ်ထဲ၌ သူတို့ကို မှတ်ထားလိုက်သည်။
သူတို့မိသားစုအတွင်းသို့ သူ ခိုးဝင်ရန် မခက်ပေ။ အချိန်တန်လျင် သူသည် ဆေးပင်မျိုးစေ့ အချို့ကို ယူ၍ ပြန်ထွက်သွားနိုင်သည်။ သူ့အတွက် ဤနေရာသို့ လာရန် အချိန်ပေးရသဖြင့် လက်ချည်းဗလာနှင့် မပြန်နိုင်ပါ။
အရည်အသွေး ပြဿနာကိုမူ ရဲ့လင်းချန် စိတ်ထဲမ ထားချေ။ ကြီးမားသော ကိစ္စများကို အောင်မြင်အောင် လုပ်နိုင်သည့် သူများသည် အသေးအဖွဲအချို့အား စိတ်ထဲ ထားရန် မလိုချေ။ သူ့အတွက်က မျိုးစေ့အချို့ကို ရရန်သာ ဖြစ်သည်။ ယင်းက မိုမိသားစုကို မထိခိုက်စေနိုင်သလို မိုမိသားစု၌ ဆေးပင်များ ပြတ်လပ်နေခြင်းလည်း မရှိချေ။ အချိန်တန်ပါက သူသည် မိုမိသားစုအား အလျော်ပေးလိုက်ပေမည်။
သူသာ ကိစ္စတိုင်းကို စိုးရိမ်နေပါ သူ့စွမ်းရည်များအားလုံး ရှိနေခြင်းက ဘယ်လိုလုပ် အသုံးဝင်တော့မည်နည်း။ ထိုသို့လုပ်နေမည်ဆိုပါက သူ ပုန်းအောင်း၍သာ နေလိုက်သင့်ပေသည်။
မိုမိသားစုက ရဲ့လင်းချန်ကို မျက်စိကျနေသော်လည်း ရဲ့လင်းချန်တွင်လည်း သူတို့နှင့် ပတ်သက်၍ အစီအစဉ်များ ရှိနေသည်ကို မသိကြချေ။
ထိုအခိုက်တွင် ဘေးလူများက ခေါင်းခါ၍ သက်ပြင်းချနေကာ ရဲ့လင်းချန်အား အမြင်ကျဉ်းသည်ဟု ထင်နေကြသည်။ မိုမိသားစုကဲ့သို့သော မိသားစုကြီးက ရွှေဥဥပေးသော ငန်းအား ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ချေ။
သူတို့ မိသားစုသည် သန်မာ၍ ခိုင်မာသော်လည်း ဥပဒေနှင့် အမိန့်တို့ကို ထည့်ထွက်နေမည် မဟုတ်ပါ။
သူတို့ မိသားစု ကြီးထွားလာနိုင်ခြင်းမှာ လမ်းတစ်လျှောက်၌ သွေးများ ခင်းခဲ့၍ ဖြစ်သည်။ သူတို့ မည်မျှ တိုက်ခိုက်ခဲ့ရသလဲ ဆိုသည်ကို ဘုရားသာ သိနိုင်ပေသည်။
တစ်နာရီကျော် လှည့်ပတ်ကြည့်ပြီး ဆေးပင်အသစ် ဆယ်ပင်ကျော် စုဆောင်းပြီးနောက် အခြား ထူးထူးခြားခြား မရှိတော့သည်ကို သူ သတိထားမိသွားသည်။ ရဲ့လင်းချန် သက်ပြင်းချ၍ တံခါးဘက်သို့ လျှောက်သွားလိုက်သည်။
ထွက်ပေါက်၌ ရဲ့လင်းချန်ကို အောက်သို့ ခေါ်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုနေရာ၌ ရပ်နေဆဲပင်။ သူသည် ယခင်ပုံစံအတိုင်း တံခါးစောင့်ကဲ့သို့ ရပ်နေသည်။
အနားသို့ နီးကပ်လာသောအခါ သူ့မျက်လုံးမှ ထက်သန်မှုကို ရဲ့လင်းချန် သတိပြုမိသွားသည်။
*သူက တကယ်ပဲ မိုမိသားစုကလား*
ရဲ့လင်းချန်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး အလိုလို သရော်ပြုံး ပြုံးမိသွားလေသည်။
*မင်းတို့က လှုပ်ရှားလာမှတော့ မင်းတို့ကို ရင်ဆိုင်ဖို့ ငါလဲ တွေဝေမနေတော့ဘူး*
“နေပါဦး မစ္စတာဝိုင်”
အဘိုးအိုက သူ့နောက် လိုက်လာသည်။
“မစ္စတာဝိုင် စဉ်းစားပြီးပြီလားလို့ ကျုပ် သိချင်ပါတယ်”
ရဲ့လင်းချန် ခေါင်းခါသည်။
“ကျုပ် ဆေးညွှန်းကို ရောင်းမှာ မဟုတ်ဘူး”
မိုမိသားစု၏ ရည်ရွယ်ချက်မှာ အမြတ်များများရအောင် ထားပြီး ဆေးကို အသုံးချ၍ အခြားသူများ၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်လိုခြင်းထက် မပိုကြောင်း သူ ခန့်မှန်းမိသည်။ ထိုသို့သော မိသားစုသည် လူအချင်းချင်း အရိုးပင် မကျန်အောင် ဝါးမျိုလိုသည့် အရင်းရှင်များ ဖြစ်ပေသည်။
ဤသည်ကို သိနေသဖြင့် သူသည် မိုမိသားစုအား ဘယ်သောအခါမှ ဆေးညွှန်း ရောင်းမည် မဟုတ်ပါ။
“မစ္စတာဝိုင်က ပြတ်သားနေတဲ့ပုံပဲ”
အဘိုးအို၏ မျက်နှာက ရုတ်တရက် အေးစက်သွားပြီး အကြည့်များက စူးရှလာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ရှေ့တိုးလာပြီး ထွက်ပေါက်ကို ပိတ်လိုက်သည်။
ခန်းမတွင်း၌ ရောင်းနေ၊ ဝယ်နေသံများ တဖြည်းဖြည်း တိုးသွားပြီး အားလုံးက ရဲ့လင်းချန်ကို လှည့်ကြည့်လာသည်။
“ဒါ ဘာသဘောလဲ”
ရဲ့လင်းချန်သည် ရိပ်မိသော်လည်း ပြန်မေးလိုက်သည်။
“ဟဲဟဲ စိုးရိမ်စရာ မလိုပါဘူး မစ္စတာဝိုင်၊ ကျုပ်တို့ မိုမိသားစုက ပြတဲ့ စိတ်ရင်းက မလုံလောက်သေးဘူးနဲ့ တူတယ်၊ အဲ့ဒါကြောင့် ကျုပ် မစ္စတာဝိုင်ကို ကျုပ်တို့ မိသားစုအိမ်ကို ဖိတ်ခေါ်ချင်ပါတယ်၊ ဒါမှ မိုသခင်ကြီးက လူချင်းတွေ့ပြီး သူ့ရဲ့ စိတ်ရင်း မှန်ကန်မှုကို ပြနိုင်မှာပါ”
အဘိုးအိုက ရယ်နေသည်။
“ခင်ဗျားရဲ့ ကြင်နာမှုကို အသိအမှတ် ပြုပါတယ်၊ ဒါပေမဲ့ … မလိုအပ်ပါဘူး”
ရဲ့လင်းချန်က ပြန်ဖြေသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားက ဘေးဖယ်ပေးမည့် အရိပ်အယောင် မပြချေ။
“မစ္စတာဝိုင်၊ မင်း လူကိုယ်တိုင် လိုက်လာတာက ပိုကောင်းပါတယ်”
အဘိုးအို၏ အသံက မာလာသည်။
ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ လှမ်းခေါ်လိုက်သည်။
“အလီ”
အလီသည် အနောက်မှ ထွက်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားထံ တည့်တည့်မတ်မတ် လျှောက်သွားသည်။
“ပြင်းထန်လိုက်တဲ့အား”
တစ်စုံတစ်ယောက်က အလိုလို ရေရွတ်လာသည်။ အလီက လူကောင်ကြီးသည်ဟုသော သူ အစက ထင်ခဲ့မိသော်လည်း အလီ၏ အရှိန်အဝါက အပြည့်အဝ ထွက်ပေါ်နေချိန်တွင် အနည်းငယ် အသည်းငယ်တတ်သူ များသည် တုန်လှုပ်လာပြီး မျက်လုံးတွင်း၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာ၏။
ကြီးမားသော ခန္ဓာကိုယ် အချိုးအစားနှင့် အရှိန်အဝါက ဖိအားပြင်းလွန်းလှသည်။
“ဟားဟား၊ မင်းက မင်းသက်တော်စောင့်ကို အားကိုးတော့မလို့လား”
အဘိုးအိုက အထင်သေးသော အပြုံးပြုံးလာပြီး ခေါင်းခါလေသည်။
“မင်း ဒီကမ္ဘာကြီးထဲက ခွန်အားနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး၊ လူကောင်ကြီးတာက သန်မာတယ်လို့ မဆိုလိုဘူး”
“သူ့နဲ့ တိုက်ခိုက်ကြည့်ရင် သိလာပါလိမ့်မယ်”
ရဲ့လင်းချန်၏ အမူအရာက မပြောင်းလဲပေ။
“မောက်မာပြီး မကြောက်တတ်ဘူးပဲ”
အဘိုးအိုက သုန်မှုန်စွာ ပြောလာသည်။
“သက်တော်စောင့်ရဲ့ ခြေလက်တွေကို ချိုးပြီး မစ္စတာဝိုင်ကို သင်ခန်းစာ ပေးလိုက်စမ်း”
“ဟုတ်ကဲ့”
လူလတ်ပိုင်းအရွယ် အမျိုးသားက ညစ်ကျယ်ကျယ် ပြုံးလာသည်။ သူသည် အရပ် ၁.၈၅ မီတာသာ ရှိသောကြောင့် သူ့ထက် နှစ်မီတာကျော် မြင့်မားသော အလီနှင့် ယှဉ်လိုက်လျှင် ပုနေသယောင် ဖြစ်နေ၏။ သူ၏ ကြွက်သားများက အလီလောက် မကြီးဘဲ ပို၍ အားနည်းပုံ ပေါ်နေလေသည်။
သို့သော် သူ၏မျက်လုံး၌ အထင်သေးခြင်းတို့သာ ပြည့်နှက်နေ၏။ သူက ယုံကြည်မှုရှိစွာ မောက်မောက်မာမာနှင့် ရှေ့သို့ တိုးလာသည်။
“ပွဲသိမ်းပြီ၊ အဲ့လူထွားကြီး နာလိမ့်မယ်”
“ဟုတ်ပါ့မလား၊ သူ့ခန္ဓာကိုယ်က တော်တော် သန်မာတာ၊ နွားသိုးတစ်ကောင်လိုပဲ”
“သူက နွားသိုးတစ်ကောင်လို ထွားတာက ဘာအသုံးဝင်လို့လဲ၊ သူ့ပြိုင်ဘက်က ဘယ်သူလဲ မင်း မသိဘူးလား၊ ဒီလူက မိုမိသားစုရဲ့ ထောင်ချီတဲ့ သက်တော်စောင့်တွေထဲမှာ နံပါတ်တစ်ပဲ၊ သူ့နာမည်ပြောင်က ကျားနက်”
“မိုမိသားစုရဲ့ သက်တော်စောင့်တွေအားလုံးက ကြေးစားတွေကနေ မွေးလာတာ၊ သူတို့ထဲက ဘယ်သူမဆိုက နွားတစ်ကောင်ကို အသာလေး သတ်နိုင်တယ်”
“သူတော့ သေပြီ၊ လူထွားကြီးတော့ သေမှာပဲ၊ ကျားနက်ရဲ့ နည်းလမ်းတွေက အမြဲ ရက်စက်တယ်၊ သူ့ကို ဒီတာဝန် ပေးတယ်ဆိုတော့ မိုမိသားစုက နတ်ဆေးဆရာဝိုင်ကို ပစ်မှတ်ထားနေတာပဲ”
လူအုပ်ကြီးက ခေါင်းသာခါ၍ သက်ပြင်းချနေကာ သူတပါး ကံဆိုးမှုအပေါ် ဝမ်းသာနေကြသည်။
ကျားနက်၏ ကျော်ကြားမှုကို လူတိုင်း သိကြသည်။ သူသည် မိုမိသားစု၏ သက်တော်စောင့် ဖြစ်သော်လည်း စီချွမ်-တိဘက် ဒေသအတွင်းရှိ မိုမိသားစု၏ မြေအောက် အင်အားစုများ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ သူ၏ ကြွက်သားများက သံမဏိကဲ့သို့ မာကျောကျစ်လျစ်ကာ ပြင်းထန်သော ကွန်ဖူး လေ့ကျင့်ခန်းများကို လေ့ကျင့်ပြီး ကြောက်စရာကောင်းသည်ဟု သတင်းထွက်လေသည်။
မိုမိသားစု၌ တစ်နှစ်ပတ်လုံး ရန်သူများစွာ ရှိသည်။ တစ်ခါက တစ်စုံတစ်ယောက်သည် ကျားနက်အား ဓားဖြင့် အလစ်ဝင် ထိုးသော်လည်း ကျားနက်၏ အရေပြား တစ်ဝက်မျှကိုသာ ထိုးဖောက်ခဲ့သည်။ ဓားက ထပ်၍ တိုးမဝင်တော့ကာ ဒဏ်ရာက အပေါ်ယံ လျှပ်၍သာ ထိသွားလေသည်။
စာစဉ် ၄၂ ပြီးပါပြီ။