အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်
Vol. 68 Ch. 1055
ထိုတံခါးကို ယခင်က သူမြင်ဖူးသည်။
ယင်းကို နတ်ဘုရားကွပ်မျက်စင်ပေါ်တွင် ပထမဆုံးအကြိမ် သူမြင်ခဲ့သည်။ ခေါင်းဆောင်သည် သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားကို စုစည်း၍ နတ်ဘုရားတစ်ပါး၏ ကုန်းမြေဆီသို့ လမ်းကြောင်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ထိုနေရာတွင် ဤတံခါးရှိသည်။
တံခါးသည် တစ်ပုံစံတည်း တူညီသည်။ တံခါးပေါ်မှ ကုတ်ခြစ်ရာများသည်ပင် အတူတူ ဖြစ်သည်။
ဤသည်မှာ ထိုတံခါးကို ဒုတိယအကြိမ် သူမြင်ရခြင်း ဖြစ်သည်။
ဘေးပတ်ဝန်းကျင်နှင့် အက်ကွဲကြောင်းထဲမှ အရှိန်အဝါသည် ရွှီချင်းကို ရင်းနှီးသော ခံစားမှုပေးသည်။ ယင်းက ဤနေရာကို သူ့အား ချက်ချင်း နားလည်သွားစေသည်။ ဤနေရာသည် ထိုနေ့က ခေါင်းဆောင်ဝင်သွားခဲ့သော နေရာဖြစ်သည်။
‘ ရွှံ့မြေခွေးက ဒီနေရာကို ရှာနေတာလား ’
ထိုအချိန်တုန်းက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် တံခါးနောက်မှ တည်ရှိမှုက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရွှီချင်း ရှင်းလင်းစွာ မှတ်မိသည်။
အဆင့်မြင့်နတ်ဘုရားဟူသော စကားလုံးက ကြီးကျယ်မြင့်မြတ်ခြင်းနှင့် အကြောက်တရားကို ရည်ညွှန်းသည်။
နီလာနတ်သမီးသည် အဆင့်မြင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး မီးစာကုန်းမြေ၏ အရှင်သခင်သည် အဆင့်မြင့်နတ်ဘုရားဖြစ်သည်။
နတ်ဘုရားများကြားတွင် စွမ်းအားကွာခြားမှုရှိသော်လည်း အဆင့်မြင့်နတ်ဘုရားတစ်ပါးက မည်မျှအားနည်းပါစေ အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။ သူတို့၏ စွမ်းအားများသည် သာမန်လူများ စိတ်ကူးယဉ်နိုင်သောအရာ မဟုတ်ပေ။
သို့ဖြစ်၍ ရွှီချင်း၏ စိတ်သည် ပရမ်းပတာဖြစ်လာသည်။
ခေါင်းဆောင်က ထိုသစ်သားတံခါးရှေ့မှာ ရပ်ပြီး အထဲမှ အဆင့်မြင့်နတ်ဘုရားတစ်ပါးနှင့် သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းစွာ သူမှတ်မိသည်။ တစ်ဖက်လူသည် ခေါင်းဆောင်ကို မီးခိုးရောင်ဆံခြည်မျှင်တစ်ခု ပေးခဲ့သည်။
သဲကန္တာရတစ်ခုလုံးမှ မီးခိုးရောင်လေသည် ထိုဆံခြည်မျှင်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
‘ တံခါးနောက်က အဆင့်မြင့်နတ်ဘုရားက စီနီယာအကိုကြီးရဲ့ အရင်ဘဝမှာ သူတို့ချင်း အပေးအယူတစ်ခု ပြုလုပ်ခဲ့တယ်…အဆင့်မြင့်နတ်ဘုရားရဲ့ အကူအညီကြောင့် စီနီယာအကိုကြီးက သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ယဇ်ပူဇော်အကနဲ့ ဖုံးကွယ်နိုင်ခဲ့တယ် ’
‘ အစိမ်းရောင်သဲကန္တာရက သူတို့ကြားက သဘောတူထားတဲ့ နေရာပဲ ’
‘ အဲ့ဒါက နီလာနတ်သမီးကို ရင်ဆိုင်ဖို့ နှစ်ပေါင်းများစွာကြာအောင် ပြင်ဆင်နေတဲ့ စီနီယာအကိုကြီးရဲ့ ဝှက်ဖဲတစ်ခုပဲ ’
ထိုမြင်ကွင်းများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသောအခါ ကြီးမားသော တုန်လှုပ်မှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အရာအားလုံးကို ဆက်စပ်ကြည့်လိုက်သည်။
‘ ပြီးတော့ ရွှံ့မြေခွေးရဲ့ နတ်စင်ပေါ်မှာ ငါရှိနေတုန်းက မျိုးနွယ်စုအများကြီးက ဆဌဂံကြယ်ကို အရိုအသေပေးနေတာ မြင်ခဲ့တယ်… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ နေ၊ လနဲ့ ကြယ်ဆိုပြီး အဆင့်မြင့်နတ်ဘုရားသုံးယောက် ရှိတယ်… ’
ရွှီချင်းသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ရွှံ့မြေခွေးကို ကြည့်လိုက်သည်။
တစ်ဖက်လူ၏ သရုပ်ကို သူခန့်မှန်းမိသွားပြီဖြစ်သည်။
ရွှံ့မြေခွေးသည် ရွှီချင်းကို ချိုသာစွာ ပြုံးပြလိုက်သည်။ သူ၏ မျက်နှာမှာ ညုတုတုအမူအရာဖြင့် ပြည့်နှက်နေသည်။ သူက အက်ကွဲကြောင်းထဲသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားစဉ် သူ၏ ညှို့ဓာတ်ပြင်းသော ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။
“ အမကြီး… နောက်ဆုံးတော့ အမရဲ့ အမှတ်အသားကို ညီမရှာတွေ့ပြီ ”
ရွှံ့မြေခွေးသည် ညုတုတုအသံဖြင့် ပြောသည်။ ယင်းက နားထဲသို့ ဝင်ရောက်သွားသောအခါ နှလုံးသားကို လှိုင်းထသွားစေပြီး အတွေးအားလုံးကို စုပ်ယူဝါးမျိုနိုင်သော ဝဲကတော့တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။ ထိုအသံကို ကြားလိုက်ရသူတိုင်းသည် ယစ်မူးသွားနိုင်ပြီး နိုးထရန် ဆန္ဒမရှိတော့ပေ။
တံခါးသည် မပြောင်းလဲသွားဘဲ ပုံမှန်အတိုင်းရှိသည်။ ယင်းက ခေါင်းဆောင်ရောက်လာသည့် နေ့တုန်းကလို တံခါးကို အပြင်းအထန်ထုရိုက်ခြင်း မရှိပေ။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ အအေးဓာတ်နှင့် မကောင်းဆိုးဝါးစိတ်ဆန္ဒသည် ပိုပြီးထင်ရှားလာသည်။ ဒြပ်နှောများသည်လည်း ပိုပြီးသိပ်သည်းလာသည်။ ယင်းက အရာအားလုံးကို စတင်ဝေဝါးလာစေသည်။ ပါးလွှာသော မြူခိုးတစ်ခုသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
မြူခိုးထဲတွင် ကျင့်ကြံသူများအတွက် အလွန်အားကောင်းသော တားမြစ်ချက်များပါရှိသော်လည်း ယင်းတို့က ရွှံ့မြေခွေးအပေါ်မှာ အသုံးမဝင်ဟန် ရ၏။
သူက ရယ်မောလိုက်ပြီး သစ်သားတံခါးဆီသို့ လျှောက်သွားသည်။
“ ကြည့်ရတာ အမကြီးက အနာဂတ်မှာ ဒီနေရာကို ဆင်းသက်လာဖို့ ပြင်ဆင်ထားတဲ့ပုံပဲ… ဒါကြောင့် အမက နတ်ဝိညာဉ်တံခါးတစ်ချပ်ကို ချန်ထားခဲ့တာပေါ့… စိတ်ဝင်စားစရာပဲ ”
“ ဒီနှစ်တွေမှာ အမကြီး မူမမှန်ဘူးဆိုတာကို ညီမလေး သတိထားမိတယ်… အမက လျှို့ဝှက်ပြီး ဆောင်ရွက်တယ်… တစ်ယောက်တည်း တစ်ခုခုကို ဖုံးကွယ်ထားတယ်… ဒီတော့ ငါ့အမကြီး ဘာတွေများ လုပ်နေလဲဆိုတာ သိရအောင် ညီမက လိုက်စုံစမ်းရတော့တာပေါ့ ”
ရွှံ့မြေခွေးသည် နှုတ်ခမ်းသပ်လိုက်သည်။ သူက တံခါးရှေ့သို့ ရောက်ရှိသွားသည့်အခိုက် ပန်းရောင်အလင်းသည် သူ၏ မျက်လုံးထဲမှ ပေါ်လျှိုးလာသည်။
သူက တံခါးရှေ့သို့ ခြေချလိုက်သည်နှင့်ချက်ချင်း အနက်ရောင်သွေးအများအပြားသည် သစ်သားတံခါးပေါ်ရှိ အဟရာထဲမှ စိမ့်ထွက်လာသည်။ မြေပြင်သည် အနက်ရောင်သွေးဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။
ရွှီချင်းသည်လည်း ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းဆီသို့ ချဉ်းကပ်သွားသည်။ သို့သော်လည်း သူက အထဲမဝင်ပေ။ ယင်းအစား သူက အစွန်အဖျားမှာ ရပ်နေပြီး ဂရုတစိုက် ကြည့်နေသည်။
ရွှံ့မြေခွေးသည် မြေပြင်ပေါ်မှ အနက်ရောင်သွေးကို လျစ်လျူရှုထားပြီး ပြောသည်။ သူ၏ အသံသည် သိမ်မွေ့နေဆဲပင်။
“ အမကြီး… ညီမက ဒီနှစ်တွေမှာ အရမ်းအလုပ်ကြိုးစားခဲ့တာ… အဲ့ဒါက ကျောက်ကပ်တစ်ခုကို ရှာမတွေ့ခင်အထိပေါ့… ကျောက်ကပ်ပေါ်မှာ အမရဲ့ အရှိန်အဝါကို ညီမအနံ့ခံမိတယ်… အဲ့ဒါက အရမ်းဝေဝါးတယ်ဆိုပေမဲ့ ညီမဆီကနေ ဖုံးကွယ်လို့မရဘူး ”
“ အဲ့ဒီအချိန်မှာ အမကြီးရဲ့ ရည်ရွယ်ချက်ကို ညီမ ရေးတေးတေး ခန့်မှန်းမိလိုက်တယ်… အစားကောင်းကို တစ်ယောက်တည်း စားဖို့အတွက် အမက အရမ်းလျှို့ဝှက်ခဲ့တယ်… ကိုယ့်ညီမကိုတောင် ရှောင်ဖယ်ထားခဲ့တယ်… ညီမမှာတော့ အမကို ရှာတွေ့ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ် ”
“ ဒါပေမဲ့ လောကကြီးက အံ့ဖွယ်ကောင်းတယ်လေ ”
ရွှံ့မြေခွေးသည် ရယ်မောလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက ရယ်မောနေစဉ် ခန္ဓာကိုယ်က အကြမ်းပတမ်း လှုပ်ယမ်းသွားသောကြောင့် ဇာဝတ်စုံသည် ပိုပြီးလျောကျသွားသည်။ ယင်းက ဤအခိုက်အတန့်မှာ သူ၏ ဆွဲဆောင်မှုကို ပိုပြီးအားကောင်းလာစေသည်။
“ ဒီမောင်လေးရဲ့ ကိုယ်ပေါ်မှာ ကမ္မတစ်ခုရှိတာကို ညီမအာရုံခံမိခဲ့တယ်… အဲ့ဒီအချိန်မှာ သူက မကြာခင် အမကြီးနဲ့ တွေ့ဆုံလိမ့်မယ်လို့ ညီမရဲ့ နတ်ဘုရားအစွမ်းက ပြောပြနေတယ် ”
“ သူက အမကို ရှာတွေဖို့ ညီမရဲ့ လမ်းပြသူဖြစ်လာလိမ့်မယ် ”
“ သိပြီလား… ဒီဟာက အရာအားလုံးအတွက် အကြောင်းအရင်းပဲ… အမကို ညီမ လိမ်မပြောပါဘူး ”
“ အခုတော့ အမက ဘယ်ဟာကို စားဖို့ ကြံစည်နေတာလဲဆိုတာ ညီမသေချာသွားပြီ ”
ရွှံ့မြေခွေးက ထိုသို့ပြောလိုက်သည့်အခါ ဝုန်းခနဲ မြည်သံသည် သစ်သားတံခါးနောက်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ အထဲမှ တစ်စုံတစ်ယောက်က တံခါးကို ဒေါသတကြီး တိုက်ခိုက်နေဟန် ရသည်။ ချက်ချင်းပင် ဤဧရိယာတစ်ဝိုက်သည် အပြင်းအထန် တုန်လှုပ်လာသည်။
မြေပြင်ပေါ်မှ သွေးသည် လေထဲသို့ မြန်ဆန်စွာ မြှောက်တတ်သွားပြီး တောက်ပသော လတစ်စင်းအသွင်သို့ ပြောင်းလဲသွားသည်။ ယင်းက ကောင်းကင်ပေါ်သို့ မြင့်မြင့်မြှောက်တတ်သွားသည်။ လရောင်ခြည်သည် ဘေးပတ်ဝန်းကျင်သို့ ဖြာဆင်းကျလာပြီး နတ်ဘုရားအစွမ်းက အရာအားလုံးဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။
ရွှီချင်းသည် အထဲသို့ မဝင်လာဘဲ အက်ကွဲကြောင်း၏ အစွန်အဖျားမှာသာ ရပ်နေသည့်တိုင် သူ၏ အသိစိတ်သည် လှုပ်ခါလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာသည်။
“ သောက်သုံးမကျတဲ့ကောင် ”
ရွှီချင်း၏ အကြည့်သည် တည်ငြိမ်သည်။ သူက နတ်ဘုရားလက်ချောင်းကို စိတ်ထဲမှ ခေါ်လိုက်ခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ဤခန္ဓာကိုယ်ကို နတ်ဘုရားလက်ချောင်းက ဖန်တီးထားခြင်းဖြစ်သောကြောင့် နတ်ဘုရားခန္ဓာကိုယ်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း နတ်ဘုရားလက်ချောင်းသည် ဘာမှအသုံးမကျပေ။
နတ်ဘုရားလက်ချောင်းသည် ဝမ်းနည်းသွားပြီး ခံပြင်းဒေါသထွက်သွားသည်။ သို့သော်လည်း ၎င်းက မည်သည့်စကားမှ ပြန်မပြောဝံ့ဘဲ ဆက်ပြီး သေချင်ဟန်ဆောင်လိုက်သည်။
ရွှီချင်းသည် နတ်ဘုရားလက်ချောင်းကို လျစ်လျူရှုထားလိုက်ပြီး သူ့အရှေ့မှ အရှိန်အဝါကို အစွမ်းကုန်သုံး၍ ခုခံလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားသည် တအိအိလှုပ်ခတ်လာသည်။
အထူးသဖြင့် သူ၏ အခွင့်အာဏာဖြစ်သည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်တစ်လျှောက် အကြမ်းပတမ်း ဖြတ်သန်းစီးဆင်းနေပြီး သူ၏ ဝန်ထုပ်ဝန်ပိုးကို ဝေမျှပေးလိုက်သည်။
သို့တိုင် ရွှီချင်းက ဖိအားကို မတောင့်ခံနိုင်သေးပေ။
“ အမက… ဘာလို့များ အရင်ကလို စိတ်ကြီးနေရတာလဲ ”
ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည့်အခါ ရွှံ့မြေခွေးသည် ရယ်မောလိုက်သည်။ နေ၊ လနှင့် ကြယ်များသည် သူ့အနောက်မှာ ထွက်ပေါ်လာကြပြီး ကြယ်တာရာကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြယ်တာရာကောင်းကင်ထဲရှိ ကြယ်အလင်းရောင်များသည် တစ်နေရာတည်းမှာ စုဝေးသွားပြီး ဆဌဂံကြယ်တစ်လုံး ဖြစ်ပေါ်လာသည်။
ကြယ်တိုတမ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဤနေရာမှ လှုပ်ခတ်မှုသည် ပိုပြီးပြင်းထန်လာသည်။ ဤသည်မှာ မမြင်နိုင်သော အင်အားနှစ်ခုမှာ ဤနေရာမှာ အချင်းချင်း တွန်းကန်နေဟန် ရသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ဖိအားအများစုသည် ချက်ချင်း လွင့်ပြယ်သွားသည်။
ထိုတွေ့ဆုံမှုသည် သိပ်မကြာခဲ့ပေ။ ချက်ချင်းဆိုသလို သူတို့၏ တိုက်ခိုက်မှုများကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ ဤနေရာက ငြိမ်းချမ်းမှုကို ပြန်လည်ရရှိပြီးနောက် စကားသံသည် သစ်သားတံခါးနောက်မှ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။
ယင်းက စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်နှက်နေသော အမျိုးသမီးအသံ ဖြစ်သည်။
“ ပျံတံတံမြေခွေးမ… နင်ဘာပြောချင်တာလဲ… လိုရင်းကိုပြော ”
ရွှံ့မြေခွေးသည် ‘ ပျံတံတံ ’ဟု အခေါ်ခံရခြင်းကို မည်သို့မှ စိတ်ထဲမထားပေ။ သူ့အတွက်တော့ ထိုစကားလုံးက သူ၏ အလှအပကို ချီးမွမ်းသော စကားဖြစ်သည်ဟု ယူဆထားသည်။ ထို့ကြောင့် သူက တောက်ပစွာ ပြုံးလိုက်သည်။
“ အမကြီး… အစားကောင်းဆိုတာ တစ်ယောက်တည်း စားလို့ကောင်းတဲ့ဟာ မဟုတ်ဘူး… ပြီးတော့ အဲ့ဒါက နီလာနတ်သမီးနော်… ”
နီလာနတ်သမီးဟု ပြောလိုက်သည့်အခါ စိုးရိမ်သော အရိပ်အယောင်သည် ရွှံ့မြေခွေး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ တကယ်လို့ အမကြီးတစ်ယောက်တည်းဆိုရင် နီလာနတ်သမီးကို စားဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး… အဲ့ဒီအစား ကြီးမားတဲ့ ဆုံးရှုံးမှုကို ပေးဆပ်ရလိမ့်မယ်… ဒီတော့ တို့ညီအမတွေ အတူတူ လက်တွဲလုပ်မယ်ဆိုရင်ရော ”
အေးစက်စက် နှာခေါင်းရှုံ့သံသည် သစ်သားတံခါးထဲမှ ပျံ့လွင့်ထွက်လာသည်။ နောက်အခိုက်အတန့်မှာ တံခါးပေါ်မှ ကုတ်ခြစ်ရာများသည် အသက်ဝင်လာဟန်ရပြီး သူတို့ဘာသာ လူးလွန့်လှုပ်ရှားလာကြသည်။ ယင်းတို့က တံခါးပေါ်မှာ အတူတကွ စုဝေးသွားပြီး ပိတ်နေသော မျက်လုံးတစ်လုံး ဖြစ်ပေါ်လာသည်။
ထို့နောက် မျက်လုံးသည် ရုတ်တရက် ပွင့်သွားသည်။
ဒြပ်နှောများသည် ထိုအခိုက်အတန့်မှာ ရုတ်တရက် သိပ်သည်းလာသည်။ ပုံပျက်တွန့်လိမ်ခြင်းသည် ပိုပြီးအားကောင်းလာသည်။ ထို့နောက် တီးတိုးပြောဆိုသံများက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ယင်းက နတ်ဘုရားမျက်လုံးဖြစ်သည်။
ယင်းက သူငယ်အိမ်နှစ်ခုပါရှိသော ရွှေရောင်မျက်လုံးဖြစ်သည်။ အေးစက်စက် အရှိန်အဝါသည် မျက်လုံးထံမှ ထွက်ပေါ်နေသည်။ မျက်လုံးသည် ရွှံ့မြေခွေးကို ကြည့်နေခြင်းမဟုတ်ပေ။ ရွှီချင်းကို ကြည့်နေခြင်း ဖြစ်သည်။
ထိုအကြည့်ကြောင့် ရွှီချင်း၏ နှလုံးသည် တုန်လှုပ်လာသည်။ အခွင့်အာဏာအားလုံးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သို့သော်လည်း ယင်းက နတ်ဘုရားအကြည့်၏ စွမ်းအားကို တွန်းလှန်ရန် ခက်ခဲနေဆဲပင်။ အနက်ရောင်အခိုးအငွေ့သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ဤသည်မှာ ဒြပ်နှောများက သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်လာနေသော လက္ခဏာဖြစ်သည်။
သေခြင်းရှင်ခြင်းအန္တရာယ်သည် ချက်ချင်း ပေါ်လျှိုးလာသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးက အော်ဟစ်ညည်းတွားလာပြီး တုန်ယင်လာသည်။ ယင်းတို့က ဒြပ်နှောများ၏ စွန်းထင်ခံလိုက်ရပြီး ယိုယွင်းပျက်စီးလာသည်။ ယင်းတို့က အပိုင်းပိုင်းအစိတ်စိတ် ကွဲထွက်သွားရန် သိပ်မလိုတော့ပေ။
ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ကို လျစ်လျူရှုထားလိုက်သည်။ သူက ဝိညာဉ်ကိုသာ ဒြပ်နှောများ၏ သက်ရောက်မှုမခံရရန် ထိန်းသိမ်းလိုက်သည်။ နောက်ဆုံးမှာတော့ နတ်ဘုရားလက်ချောင်းသည် ဆက်ပြီး သေချင်ယောင်မဆောင်နိုင်တော့ပေ။ ၎င်း၏ ခန္ဓာကိုယ်သည် ကြီးထွားလာသည်။ ၎င်းက ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် ထုတ်သုံးလိုက်သည်။
ဤသည်ကို မြင်သောအခါ ရွှီချင်းသည် စိတ်အေးသွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး တံခါးပေါ်မှ မျက်လုံးကို အရိုအသေပေးလိုက်သည်။
“ စီနီယာကို နှုတ်ဆက်ပါတယ် ”
တံခါးပေါ်မှ နတ်ဘုရားမျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။
“ ငါမင်းကို မှတ်မိတယ်… အရင်တစ်ခေါက်က မင်းက ဟိုသူခိုးကောင်နဲ့ ရောက်လာခဲ့တယ်… အခုတစ်ကြိမ် မင်းက ပျံတံတံမြေခွေးမနဲ့ ရောက်လာတယ် ”
ရွှီချင်းက စကားမပြောနိုင်ခင် ရွှံ့မြေခွေးသည် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး ရွှီချင်းနှင့် တံခါးပေါ်မှ နတ်ဘုရားမျက်လုံးကြားမှာ ရပ်လိုက်သည်။ သူက နတ်ဘုရားအကြည့်ကို ပိတ်ဆို့လိုက်သည့်အခါ ရွှီချင်းပေါ်မှ ဖိအားသည် သိသိသာသာ လျော့နည်းသွားသည်။
ထို့နောက် သူက ဆွဲဆောင်မှုရှိစွာ အနောက်လှည့်လိုက်သည်။ သူက ရွှီချင်းကို ကြင်နာယုယစွာ ကြည့်လိုက်သည်။
“ မောင်လေး… ဘာမှမကြောက်နဲ့… မမ အနားမှာ ရှိတယ် ”
ထိုသို့ပြောပြီးနောက် သူက သစ်သားတံခါးကို ပြန်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ အမကြီး… အဲ့ဒါက မင်းရဲ့ မတ်လေးပါ… ဒါကြောင့် သူ့ရဲ့ ယန်အဆီအနှစ်ကို မျက်စိမကျပါနဲ့… အဲ့ဒါက ညီမလေးအပိုင်ပါ ”
တံခါးပေါ်မှ နတ်ဘုရားမျက်လုံးသည် ရွှံ့မြေခွေးကို စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူက နောက်ထပ် မည်သည့်စကားမှ မပြောပေ။ မျက်လုံးသည် ဖြည်းညင်းစွာ ပြန်မှိတ်သွားပြီး ကုတ်ခြစ်ရာများအဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။
ရှင်းလင်းစွာပင် အဆင့်မြင့်နတ်ဘုရားမီးလျှံလက ရွှံ့မြေခွေး၏ အကြံကို လက်ခံရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် အမကြီး ”
ရွှံ့မြေခွေးသည် ပန်းပေါင်းတစ်ရာပွင့်ဖူးသွားသကဲ့သို့ ပြုံးလိုက်သည်။ ယင်းက ဖော်မပြနိုင်အောင် လှပသည်။ အမှန်မှာတော့ အကယ်၍ သူ့မှာ ညှို့ဓာတ်မရှိလျှင်ပင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်တစ်ယောက် ဖြစ်နေဆဲပင်။ သူ၏ ညုတုတုအပြုအမူက သူ၏ အလှအပကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။ ယင်းက သူ့အား မြင်လိုက်ရသူတိုင်းကို မိန်းမောတွေဝေသွားစေရန် လုံလောက်သည်။
ဤအခိုက်အတန့်မှာ သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူတို့၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ကျုံ့သွားဟန် ရသည်။ အက်ကွဲသံနှင့်အတူ ရွှံ့တံခါးတစ်ချပ်သည် လေထဲမှာ ဒြပ်ထည်ဖြစ်ပေါ်လာပြီး သစ်သားတံခါးနောက်မှာ ထွက်ပေါ်လာသည်။
“ အမကြီး… ဒါဆို ညီမလေးပြန်တော့မယ်နော် ”
ရွှံ့မြေခွေးသည် ရွှံ့တံခါးဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက တံခါးဆီသို့ ရောက်ရှိသွားသောအခါ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ မျှော်လင့်မှုက သူ၏ ရွှန်းလဲ့တောက်ပသော မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
“ မောင်လေး… မမရဲ့ အိမ်ကို ခဏလောက် အလည်လိုက်မလား ”
ရွှီချင်း၏ အမူအရာသည် လေးနက်လာသည်။ သူက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
ရယ်မောသံက ပဲ့တင်ထပ်သွားသည်။ ရွှံ့မြေခွေးသည် မျှော်လင့်မှုဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
“ ဒါဆို မမပိုင်တဲ့ ယန်အဆီအနှစ်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားဖို့ မျှော်လင့်ပါတယ်… မမ ပြန်နှင့်တော့မယ်… စားသောက်ပွဲနေ့ကျရင် မမကို ဖိတ်ခေါ်ဖို့ မမေ့နဲ့ဦးနော် ”
သူက ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
ချက်ချင်းပင် မြူခိုးအလွှာသည် ငွေရောင်အရိုးတစ်ခုကို လွှမ်းခြုံလျက် ရွှီချင်းထံသို့ ဦးတည်လာသည်။ ရွှီချင်းက ဘာမှမတုံ့ပြန်နိုင်ခင်မှာ မြူခိုးက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
နောက်အခိုက်အတန့်မှာ ကြယ်များက ရွေ့လျားသွားသည့်အလား သို့မဟုတ် အချိန်က ပြောင်းပြန်လှည့်ပတ်သွားသည့်အလား ရွှီချင်း၏ အသိအမြင်ထဲတွင် အရာအားလုံးက ဆန့်ကျင်ဘက် ဦးတည်ရာဆီသို့ ရွေးလျားသွားနေသည်။ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားကုန်းမြေနှင့် ဟင်းလင်းပြင်လမ်းကြောင်းထဲတွင် ပြောင်းပြန်ရွေ့လျားနေသည်။
မြူခိုးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်က ချိုင့်ဝှမ်းထဲမှာ ပြန်ထွက်ပေါ်လာသည်။
ကောင်းကင်သည် အနီရောင်ဖြစ်နေပြီး အေးစက်စက်လေက ဆက်လက် တိုက်ခတ်နေဆဲပင်။
ချိုင့်ဝှမ်းထဲမှ မြက်ပင်များသည် လေယူရာ ယိမ်းနွဲ့နေသည်။ အနားတွင် မည်သူမှ မရှိပေ။
ရွှီချင်းသည် နေရာမှာ မတ်တတ်ရပ်နေသည်။ သူက မြေအောက်လှိုင်ဂူနှင့် နတ်ဘုရားကုန်းမြေဆီသို့ တစ်ခါမှ မရောက်ခဲ့ဖူးသည့်အလား ခံစားနေမိသည်။ ဤသည်မှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက အိမ်မက်တစ်ခုဖြစ်ဟန် တူသည်။
သူက မိန်းမောတွေဝေသွားသည်။ တစ်ခဏကြာပြီးနောက် သူက ခေါင်းငုံ့လိုက်ပြီး လက်ဖဝါးကို ဖွင့်ကြည့်လိုက်သည်။
ယင်းက ငွေရောင်အရိုးတစ်ခု ဖြစ်သည်။
အတိတ်တွင် ရွှံ့မြေခွေးကို ပထမဆုံးအကြိမ် သူမြင်ခဲ့စဉ်က တစ်ဖက်လူသည် ထိုသို့ပစ္စည်းကို ထုတ်ပြခဲ့ဖူးကြောင်း သူမှတ်မိသည်။ ယင်းက ရှေးဟောင်းဝိညာဉ်အရိုးဆေးလုံး ဖြစ်သည်။ ယင်းက ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်များအတွက် အလွန်အသုံးဝင်သည်။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက လက်သီးဆုပ်လိုက်ပြီး လျှိုမြောင်၏ အနက်ပိုင်းဆီသို့ အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာ ”