← Chapters

ဖုန်းဟိုင်ဒေသငယ်မှ မိတ်ဆွေတစ်ဦး ရောက်ရှိလာခြင်း

Vol. 68 Ch. 1056

ဖုန်းဟိုင်ဒေသငယ်မှ မိတ်ဆွေတစ်ဦး ရောက်ရှိလာခြင်း

Vol. 68 Ch. 1056

နတ်ဘုရားတစ်ပါး၏ စွမ်းအားသည် အံ့ဖွယ်ကောင်းသည်။

ရွှံ့မြေခွေးနှင့် ဤခရီးစဉ်သည် ရွှီချင်းအား ထိုအချက်ကို ပိုပြီးနက်ရှိုင်းစွာ နားလည်စေခဲ့သည်။ တစ်ချိန်တည်းမှာ နတ်ဘုရားများအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း ပိုပြီးနက်ရှိုင်းလာသည်။

“ နတ်ဘုရားတွေမှာ ကောင်းတဲ့နတ်ဘုရား ဆိုးတဲ့နတ်ဘုရားဆိုပြီး မရှိဘူး ”

“ အားလုံးက လုပ်ဆောင်မှုပေါ်မှာ မူတည်တယ် ”

ရွှီချင်းသည် သူ့ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ဖူးသော နတ်ဘုရားများအကြောင်းကို သေချာပြန်စဉ်းစားလိုက်သည်။ သူတို့အားလုံးသည် ဤအခြေအနေထဲမှာ အံဝင်ခွင်ကျ ရှိကြသည်။

“ ဥပမာ အခု ငါစဉ်းစားနေတဲ့အရာက မြေပြင်ပေါ်က ပုရွက်ဆိတ်တွေ ငါ့လှုပ်ရှားမှုအကြောင်းကို စဉ်းစားနေတာမျိုးနဲ့ တူညီတယ်… နတ်ဘုရားတွေရဲ့ အတွေးတွေနဲ့ လုပ်ဆောင်မှုတွေက သာမန်အမြင်နဲ့ တွေးတောနိုင်တဲ့အရာမဟုတ်ဘူး ”

“ နတ်ဘုရားသဘာဝက သားရဲသဘာဝကို ထိန်းချုပ်နိုင်သွားပြီး လူသားသဘာဝက ပျောက်ကွယ်သွားတဲ့အခါမှ သူတို့လိုမျိုး ငါလည်းပဲ စဉ်းစားနိုင်လိမ့်မယ် ”

ရွှီချင်းသည် သဲကန္တာရဆီသို့ ဦးတည်ပျံသန်းသွားသည်။ ဤတစ်ကြိမ် သူ၏ အတွေ့အကြုံကို ပြန်အမှတ်ရသွားသောအခါ သူက ခေါင်းလှည့်လိုက်ပြီး အဝေးမှ လျှိုမြောင်ကို ကြည့်လိုက်သည်။

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်… ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အရှေ့သို့ ဆက်လက် အရှိန်မြှင့်တင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။

ရွှီချင်း၏ အရှေ့တွင် သဲမုန်တိုင်းထွက်ပေါ်လာသည်။ မီးခိုးရောင်လေသည် အပြင်လူများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားသော်လည်း သဲကန္တာရထဲမှ ဒေသခံကျင့်ကြံသူများကိုတော့ မကန့်သတ်ထားပေ။

သို့သော်လည်း ဤတစ်ကြိမ် သဲမုန်တိုင်းထဲသို့ သူဝင်ရောက်သွားသည့်အခိုက် ယင်းက ယခင်နှင့်မတူညီတော့ကြောင့် ရွှီချင်း ခံစားမိသွားသည်။ ယင်းက ပုံရိပ်ယောင်ဖြစ်ခြင်းလော သူမသေချာပေ။

“ ဒီသဲမုန်တိုင်းက အဆင့်မြင့်နတ်ဘုရားမီးလျှံလရဲ့ ဆံခြည်မျှင်ကနေ ဖြစ်ပေါ်လာတာ… သူ့ကို စောစောလေးကတင် ငါမြင်ခဲ့တယ်… ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ရပ်တန့်လိုက်ပြီး သူ၏ ခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် အတည်ပြုကြည့်ရန် ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။

“ ကွဲထွက်သွားစမ်း ”

မုန်တိုင်းသည် ဝုန်းခနဲ မြည်ဟိန်းလာသည်။

ရွှီချင်းသည် လက်ကို တိတ်ဆိတ်စွာ ပြန်ရုပ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

သို့သော်လည်း သူက အရှေ့သို့ လျှောက်သွားသည့်အခိုက် သူ၏ ဘေးပတ်ဝန်းကျင်မှ မုန်တိုင်းသည် ရုတ်တရက် တုန်လှုပ်လာပြီး သူ၏ အရှေ့မှာ ပြန့်ကျဲသွားသည်။ ထို့နောက် သူ၏ အရှေ့တွင် လျှိုမြောင်တစ်ခုပမာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

သဲမုန်တိုင်းများသည် လမ်းကြောင်း၏ ဘေးတစ်ဖက်စီတွင် ရပ်နေကြပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးထားကြသည်။ သူ့အရှေ့မှ ပေတစ်ထောင်ကျယ်ဝန်းသော လမ်းကြောင်းသည်သာ ဟာလာဟင်းလင်း ရှိသည်။

ရွှီချင်းသည် မျက်လုံးဝင်းလက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး မုန်တိုင်းကို အရိုအသေပေးလိုက်ကာ အဝေးသို့ အရှိန်တင်လိုက်သည်။

မကြာမီ ဘဝကံကြမ္မာဆိုးတောင်တန်းက မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

ရင်းနှီးကျွမ်းဝင်သော တောင်တန်းနှင့် မြို့တော်ကို မြင်လိုက်ရသောအခါ ရွှီချင်း၏ နှလုံးက အေးဆေးတည်ငြိမ်သွားသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက် လေထဲမှာ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ဆေးဆိုင်၏ နောက်ဖေးခန်းထဲတွင် ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ သူက အဓိကခန်းမဆီသို့ ထွက်လျှောက်လာသည့်အခိုက် စိတ်မပါဘဲ ငွေစာရင်းတွက်နေသော လင်းအာသည် ချက်ချင်း ခေါင်းမော့လိုက်သည်။

“ အကိုရွှီချင်း ”

လင်းအာသည် အလွန်လျင်မြန်သည်။ သူက နှစ်သက်သဘောကျသော ငွေစာရင်းစာအုပ်ကိုပင် ဘေးသို့ လွှတ်ပစ်လိုက်ပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။ ရွှီချင်းကို ပွေ့ဖက်လိုက်သည့်အခါ သူ၏ မျက်နှာသေးသေးလေးပေါ်တွင် ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။ သူက ရွှီချင်းထံမှ မူမမှန်သော မည်သည့်အရာကိုမှ ရှာမတွေ့ပေ။

“ အကိုရွှီချင်း… အကို ဘယ်သွားနေတာလဲ… ဘာလို့ ညီမကို ဘာမှမပြောသွားတာလဲ… ညီမက အရမ်းစိတ်ပူနေတာ… ”

လင်းအာသည် ရွှီချင်း၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လျက် ပြောသည်။ သူက တစ်စုံတစ်ခုကို စစ်ဆေးနေသည့်အလား တရှုပ်ရှုပ် အနံ့ခံလိုက်သည်။

နင်ယန်နှင့် ဝူကျန်းဝူသည်လည်း အလျှင်အမြန် ကြည့်လိုက်ကြသည်။ သူတို့က ပြပွဲကောင်းတစ်ခု ကြည့်ရရန် စောင့်မျှော်နေကြဟန် ရသည်။

ဝိညာဉ်သခင်မယုံကျင်းသည် ရေနွေးကျိုနေရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ ယောင်္ကျားတွေက တစ်ယောက်မှ အကျင့်မကောင်းဘူး ”

ရွှီချင်းသည် လက်ဖက်ရည်သောက်နေသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ဘာမှမဖြစ်ခဲ့သည့်အလား ပြုမူလိုက်သည်။

ရွှံ့မြေခွေးအား သူသွားတွေ့မည့်ကိစ္စကို အိမ်ရှေ့စံမင်းသားက လင်းအာကို ပြောပြခဲ့ကြောင်း ရွှီချင်း သိလိုက်သည်။

သို့သော်လည်း ရွှီချင်းသည် ထိုကိစ္စကို စိတ်ထဲမထားပေ။ သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်ပြီး လင်းအာကို ကမ်းပေးလိုက်သည်။

“ အရင်ရက်တုန်းက ရွှံ့မြေခွေးကို အကိုသွားရှာတာ စီနီယာအကိုကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ပဲ… ပြီးတော့ ဒီဟာက မင်းအတွက်ပါ ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။

လင်းအာသည် ဇဝေဇဝါဖြစ်သော အမူအရာဖြင့် သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ သူက သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီးနောက် ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။

“ ရှေးဟောင်းဝိညာဉ်အရိုးဆေးလုံး ”

ရွှီချင်းသည် ပြုံးလိုက်ပြီး လင်းအာ၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“ မြန်မြန်သွားကျင့်ကြံချေ… ဒီအရိုးဆေးလုံးက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အရမ်းအသုံးဝင်တယ် ”

“ ကျေးဇူးတင်ပါတယ် အကိုရွှီချင်း… အကိုရွှီချင်းက ညီမအပေါ် အရမ်းကောင်းတာပဲ ”

လင်းအာသည် အလွန်ပျော်ရွှင်သွားသည်။ အကိုရွှီချင်းက သူ့အပေါ် အကောင်းဆုံးလူဟု စဉ်းစားလိုက်သည်။ လက်စသတ်တော့ ဤတစ်ကြိမ် အကိုရွှီချင်းက သူ့အတွက် ထိုရတနာကို ရယူပေးရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေးမိသောအခါ လင်းအာသည် စောစောတုန်းက သူ၏ သံသယဝင်မှုနှင့်ပတ်သက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူက အလျှင်အမြန် ပြောသည်။

“ အကိုရွှီချင်း… ညီမရဲ့ ဟင်းချက်လက်စွမ်းကို ထုတ်မပြရတာ အတော်ကြာသွားပြီ… ဒါကြောင့် ဒီနေ့တော့ ညီမ အကို့အတွက် ဟင်းကောင်းချက်ကျွေးမယ် ”

ရွှီချင်းသည် အစက ငြင်းဆန်ချင်သည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားကို ကြည့်ပြီးနောက် သူက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

လင်းအာသည် ပိုပြီးပျော်ရွှင်သွားသည်။ သူက အရိုးဆေးလုံးကို ယူဆောင်ပြီးနောက် ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ အရှေ့မှာ ထိုင်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ စီနီယာ… သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်လား ”

အိမ်ရှေ့စံမင်းသားသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို အောက်ချလိုက်သည်။

“ သူ့ရဲ့ ရည်ရွယ်ချက်ကရော ”

“ သူ့ရဲ့ ရည်ရွယ်ချက်က အဆင့်မြင့်နတ်ဘုရားမီးလျှံလနဲ့ အတူတူပါပဲ… ပြီးတော့ အခု နတ်ဘုရားကွပ်မျက်စင်မှာ ရွှံ့တံခါးတစ်ချပ် ထွက်ပေါ်လာပြီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

အိမ်ရှေ့စံမင်းသားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ တစ်ခဏ တွေးပြီးနောက် အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ စိတ်ဝင်စားစရာပဲ… လဝတ်ပြုဒေသကြီးမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ပေါ်လျှိုးလာနေပြီ… ကောင်လေး မင်းရဲ့ စီနီယာအကိုကြီးက မရိုးရှင်းဘူး… ဒါပေမဲ့ မင်းက ပိုပြီးအံ့ဩဖို့ကောင်းတယ် ”

“ ဒါတွေအားလုံးက ဆရာစီစဉ်ထားတာတွေပါ ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ အတိတ်ကို လွမ်းဆွတ်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားသည် တုံ့ဆိုင်းသွားသည်။ အစက သူသိထားသော သတင်းအချက်အလက်အရဆိုလျှင် ဆရာဆိုသူနှင့်ပတ်သက်ပြီး ရွှီချင်းပြောသော စကားများကို မယုံကြည်ပေ။ သို့သော်လည်း ရွှီချင်း၏ ကြောက်စရာကောင်းသော နားလည်နိုင်စွမ်းကို စဉ်းစားမိသွားသောအခါ ရွှီချင်း၏ ဆရာဆိုသူအပေါ် လေးနက်သောအမြင် သူ့မှာ ရှိလာသည်။ ထို့ပြင် သူ့တပည့်နှစ်ယောက်၏ လုပ်ဆောင်မှုတိုင်းသည် ထိတ်လန့်ဖွယ်ကောင်းသည်။

ထို့ကြောင့် သူက ရွှီချင်း၏ ဆရာအပေါ် အလွယ်တကူ အကဲမဖြတ်နိုင်ပေ။ ရွှီချင်း၏ ဆရာအကြောင်းကိုလည်း ပိုပြီး သူသိချင်လာသည်။

တစ်ချိန်တည်းမှာ အကြော်အလှော်သံများသည် မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။ ဟင်းနံ့သည် လေနှင့်အတူ အဓိကခန်းမဆီသို့ ပျံ့လွင့်လာသည်။ နင်ယန်က အနံ့ခံလိုက်လေရာ မျက်လုံးဝင်းလက်သွားသည်။

တံခါးနားတွင် မတ်တတ်ရပ်နေသော ဝူကျန်းဝူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့ဩသော အမူအရာ ဖြစ်ပေါ်လာသည်။

“ တရှဲရှဲမြည်သံနဲ့ တဖျစ်ဖျစ်မြည်သံ… သုံးပေရှည်လျားတဲ့ အငွေ့စီးကြောင်း… ရတနာရှစ်မျိုးအစားအသောက်တွေလား ”

အိမ်ရှေ့စံမင်းသားသည်ပင် မီးဖိုချောင်ဆီသို့ မကြည့်ဘဲ မနေနိုင်ပေ။ သူက ခေါင်းညိတ်လိုက်သည်။

“ ဒီကောင်မလေးက အခုလို ဟင်းချက်တတ်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

“ ဒါနဲ့ ရက်အနည်းငယ်ကြာပြီးရင် ငါခရီးထွက်တော့မယ်… ကာလတစ်ခုထိတော့ ငါပြန်လာနိုင်မှာမဟုတ်ဘူး… ပြီးတော့ ထိန်းချုပ်ရေး ကျောက်စိမ်းတံဆိပ်တော်ကို ငါ့ကို ပေးပါ ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းညိတ်လိုက်ပြီး ကြက်များကို ထိန်းချုပ်နိုင်သော ကျောက်စိမ်းတံဆိပ်တော်ကို အိမ်ရှေ့စံမင်းသားထံသို့ ကမ်းပေးလိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ကျောက်စိမ်းတံဆိပ်တော်ကို ယူပြီးနောက် တစ်ချက်ပွတ်သပ်လိုက်သည်။ ထို့နောက် တံဆိပ်တော်ကို ရွှီချင်းထံသို့ ပြန်ပေးလိုက်သည်။

“ အခုဆိုရင် ဒီတံဆိပ်တော်က နောက်ဖေးခြံဝန်းထဲက ကြက်တွေကို ထိန်းချုပ်နိုင်ရုံတင်မကဘူး ဒီထဲမှာ ဝိညာဉ်သခင်မယုံကျင်းနဲ့ ဘိုဘေးမိုကွေ့ရဲ့ အချုပ်အနှောင်တွေ ရှိသွားပြီ… အဲ့ဒါကို မင်းလိုအပ်သလို အသုံးချပါ ”

ဝိညာဉ်သခင်မယုံကျင်း၏ မျက်နှာသည် မည်းမှောင်သွားသည်။ သို့သော်လည်း သူက တိတ်ဆိတ်နေသည်။

ရွှီချင်းသည် ကျောက်စိမ်းတံဆိပ်တော်ကို ကောက်ယူပြီးနောက် သေချာသိမ်းဆည်းလိုက်သည်။ ယင်းက အိမ်ရှေ့စံမင်းသားသည် သူထွက်သွားပြီးနောက် ဤဆေးဆိုင်၏ လုံခြုံရေးကို စိတ်မချသောကြောင့် ပြင်ဆင်ထားခဲ့သော အရံအစီအစဉ်ဖြစ်သည်။

ထိုကျောက်စိမ်းတံဆိပ်တော်ဖြင့်ဆိုလျှင် ရွှီချင်းသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများမရှိသည့်အချိန်မှာ ဤဆေးဆိုင်ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်လိမ့်မည်။

“ စီနီယာ… ဒီခရီးစဉ်က အဖိုးကိုးကို ကယ်ဆယ်ဖို့လား ”

ရွှီချင်းသည် တစ်ခဏတွေးပြီးနောက် မေးသည်။

အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်သည်။

“ နဝမညီတော်ရဲ့ ချိပ်တံဆိပ်ကို ဖြေလျော့နိုင်မယ့် အခွင့်အရေးက မကြာခင် ရောက်လာတော့မယ်… ဒီတစ်ခေါက်တော့ မင်းဝင်ပါစရာ မလိုဘူး… ငါတို့ဘာသာ အဲ့ဒါကို ဖြေရှင်းနိုင်ပါတယ် ”

သူတို့ချင်းစကားပြောနေစဉ် လင်းအာသည် ဟင်းပွဲပြင်ထားသော ပန်းကန်ပြားနှစ်ချပ်ကို မီးဖိုချောင်ထဲမှ စိတ်လှုပ်ရှားစွာ သယ်ယူလာသည်။ သူက ပန်းကန်ပြားများကို စားပွဲပေါ်မှာ တင်လိုက်သည်။ ထို့နောက် သူက မီးဖိုချောင်ထဲသို့ နောက်တစ်ခေါက် ပြေးဝင်သွားသည်။ သူက လေးကြိမ်တိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားခဲ့သည်။ ထိုသို့ဖြင့် စားပွဲပေါ်မှာ ဟင်းလျာစုစုပေါင်း ရှစ်မျိုးထိ ရှိလာသည်။

လင်းအာ၏ ဟင်းချက်လက်စွမ်းသည် အတော်လေး တိုးတတ်လာသည်။ ဟင်းပွဲရှစ်မျိုး၏ အပြင်အဆင်နှင့် အနံ့သည် အတော်လေး ကောင်းမွန်သည်။ ရွှီချင်းသည်ပင် အနည်းငယ် အံ့ဩသွားသည်။

“ အဖိုး… အကိုရွှီချင်း… အမယုံကျင်း… ညီမချက်ထားတာကို လာစားကြည့်ကြပါ ”

ဟင်းပွဲများကို ပြင်ဆင်ပြီးနောက် လင်းအာသည် ဘေးတွင် မျှော်လင့်တကြီး မတ်တတ်ရပ်နေပြီး အားလုံးကို ဖိတ်ခေါ်လိုက်သည်။

လင်းအာ၏ ဖိတ်ခေါ်ခြင်းမခံရသည့် နင်ယန်နှင့် ဝူကျန်းဝူသည်ပင် ဘေးမှာ လာထိုင်ကြသည်။ ဝိညာဉ်သခင်မယုံကျင်းသည် အလုပ်ကို ခဏဘေးချိတ်ထားလိုက်ပြီး ဟင်းပွဲများကို ကြည့်လျက် ခေါင်းညိတ်လိုက်သည်။

အိမ်ရှေ့စံမင်းသား၏ မျက်နှာမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ သူက ဟင်းတစ်ဖက်ကို တူဖြင့် ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူ၏ မျက်ခုံးသည် မသိမသာ ပင့်တတ်သွားသည်။ ထို့နောက် သူက ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ မဆိုးဘူး ”

ဝိညာဉ်သခင်မယုံကျင်း၊ နင်ယန်နှင့် တခြားလူများသည်လည်း ဟင်းပွဲကို မြန်မြန် ကောက်ယူလိုက်ကြသည်။ သူတို့က တစ်ကိုက်စားကြည့်ပြီးနောက် ဝူကျန်းဝူသည် မျက်လုံးပြူးကျယ်သွားသည်။ နင်ယန်၏ မျက်နှာသည် နီမြန်းလာပြီး ဝိညာဉ်သခင်မယုံကျင်းက နှုတ်ဆိတ်သွားသည်။ သူတို့အားလုံးက ရွှီချင်းကို ကြည့်လိုက်ကြသည်။

လင်းအာက အနည်းငယ် စိတ်ပူပန်လာနေစဉ် ရွှီချင်းသည် အသားကို အနည်းငယ် ကိုက်ဝါးစားလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။

“ အရသာရှိရင် များများစားကြပါ ”

နင်ယန်သည် အတင်းအကျပ် မျိုချလိုက်ပြီး အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်သည်။

“ အရသာရှိတယ် ”

ဝူကျန်းဝူသည် အစက ငြင်းဆန်ချင်သည်။ သို့သော်လည်း ရွှီချင်းနှင့် အိမ်ရှေ့စံမင်းသားကို ကြည့်ပြီးနောက် သူက နည်းနည်း ထပ်ယူစားလိုက်သည်။ ဝိညာဉ်သခင်မယုံကျင်းသည်တော့ တိတ်ဆိတ်စွာ စားသည်။

ထိုသို့ဖြင့် ညနေထမင်းဝိုင်းသည် မြန်ဆန်စွာ ပြီးဆုံးသွားသည်။ ယင်းက လင်းအာကို အလွန်စိတ်ကျေနပ်စေသည်။ သူ၏ ဟင်းချက်ပညာက လက်တလော သိသိသာသာ တိုးတတ်လာကြောင်း သူခံစားမိသည်။ ထို့ကြောင့် သူ၏ ဟင်းချက်ပါရမီက ကျင့်ကြံခြင်းပါရမီထက် သာလွန်ခြင်းဖြစ်ရမည်ဟု တွေးမိသွားသည်။

“ အနာဂတ်မှာ ငါ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ရမယ် ”

လင်းအာသည် အတွေးနယ်ချဲ့လိုက်သည်။

အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး သုံးရက်ကုန်ဆုံးသွားသည်။

အိမ်ရှေ့စံမင်းသားသည် ထွက်ခွာသွားသည်။ သူမထွက်ခွာခင် တစ်ရက်အလိုမှာ လပုန်ကန်ခန်းမမှ စတုတ္ထခန်းမသခင် ထျန်းနန်ဇီသည် နှုတ်ဆက်ရန် ရောက်ရှိလာသည်။

အပြင်လောကမှ စစ်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ လပုန်ကန်ခန်းမမှ အင်အားအများစုသည် အနောက်ဆုတ်ရန် တွန်းအားပေးခြင်းခံခဲ့ရသည်။ ထိုထဲတွင် ဒုတိယခန်းမသခင်၏ စစ်တပ်သည် အရေးကြီးအခြေအနေသို့ ရောက်ရှိနေပြီး ကြီးမားသော သေကြေပျက်စီးမှုများကို တွေ့ကြုံခံစားခဲ့ရသည်။

သို့ဖြစ်၍ စတုတ္ထခန်းမသခင် ထျန်းနန်ဇီသည် သူ၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်ပြီး ဒုတိယခန်းမသခင်ကို စစ်ကူပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းက ဘေးကင်းလုံခြုံသော နေရာဖြစ်သော်လည်း ထျန်းနန်ဇီသည် အနောက်မှာ ပုန်းနေတတ်သည့် သူရဲဘောကြောင်သူမဟုတ်ပေ။ အပြင်လောကမှ အဖြစ်ဆိုးများကို သူက ထိုင်ကြည့်မနေနိုင်ပေ။

“ ငါက လပုန်ကန်ခန်းမက စတုတ္ထခန်းမသခင်ပါ… အနီရောင်လကို ခုခံတားဆီးပြီး ငါ့ဇာတိမြေကို ကာကွယ်ဖို့ ငါ့မှာ တာဝန်နဲ့ ဝတ္တရားရှိတယ်… ငါ့မှာ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစမရှိရင်တောင် ဒီကဒ်ဘေးကို ရှောင်ဖယ်နေဖို့ ဆန္ဒမရှိဘူး ”

“ တစ်ယောက်ယောက်ကတော့ အရှေ့မှာ ရှိနေမှဖြစ်မယ်… ငါက အသက်လည်း ကြီးနေပြီ… အရိုးတွေကလည်း ဆွေးနေပြီ… ဘာလို့ အခုလိုအခိုက်အတန့်မှာ ငါ့ဘဝကို ဝမ်းမြောက်ဝမ်းသာ မကုန်ဆုံးရမှာလဲ ”

“ တကယ်လို့ ငါပြန်မလာနိုင်ရင် ငါ့ရဲ့ ပြိုကွဲသွားတဲ့ ဝိညာဉ်က လပုန်ကန်ခန်းမနဲ့ အတူရှိနေလိမ့်မယ် ”

ဤသည်မှာ ထျန်းနန်ဇီ ထွက်မသွားခင် နောက်ဆုံးပြောခဲ့သော စကားများ ဖြစ်သည်။ ထိုသို့ပြောနေစဉ် သူ၏ အမူအရာသည် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်နှာပေါ်မှာ သေခြင်းတရားကိုမမှုသော တည်ငြိမ်မှု ရှိသည်။

ကောင်းမွန်စွာ နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားသော ထျန်းနန်ဇီ၏ နောက်ကျောကို ရွှီချင်း ကြည့်လိုက်သည်။ ထိုစဉ် ဓားကိုင်ရုံးတော်သခင်၏ ဝေဝါးသော ပုံရိပ်က သူ၏ စိတ်ထဲမှာ ထပ်မံပေါ်ထွက်လာသည်။

“ သူတို့က စိတ်ဓာတ်ချင်းရော ခံယူချက်ချင်းရော တူညီကြတယ် ”

အနီရောင်လသည် ပိုပြီးနီးကပ်လာသည်။

ကောင်းကင်၏ အရောင်သည် ပိုပြီးရဲတောက်လာသည်။ ဤသည်မှာ သွေးနီရောင်အလင်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့်လားပင်။

အထူးသဖြင့် စတေးခံယင်မြစ်နားမှ ကမ်းစပ်များဖြစ်ကြသည်။ အဝေးမှကြည့်လျှင် စတေးခံယင်မြစ်သည် မူလ သွေးနီရောင်မှ ယခု ကြက်သွေးရောင်သို့ ပြောင်းလဲသွားသည်။ စတေးခံယင်မြစ်မှ အလွန်အားကောင်းသော သွေးနံ့နှင့် ယိုယွင်းပျက်စီးမှုအရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ထိုအတောအတွင်းတွင် လှေများနှင့် သင်္ဘောများသည် စတေးခံယင်မြစ်ပေါ်မှာ ထွက်ပေါ်လာခဲသည်။ မည်သို့ဖြစ်ပါစေ လဝတ်ပြုဒေသကြီးသို့ ကုန်ကူးသန်းရောင်းဝယ်ရန် ရောက်ရှိလာလေ့ရှိသော ကျင့်ကြံသူများသည် မွေးမြူရေးခြံက နတ်ဘုရား၏ ရိတ်သိမ်းခံရတော့မည်ဖြစ်ကြောင်း သိရှိထားကြသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ လှိုင်းထန်နေသော မြစ်ပြင်ပေါ်တွင် ယိုယွင်းပျက်စီးနေသော လှေငယ်တစ်စင်းသည် အဝေးမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ လှေငယ်ထွက်ပေါ်လာသော အရပ်သည် သန့်စင်ရေလှိုင်းဒေသကြီးထံမှ ဖြစ်သည်။

မကြာမီ လှေငယ်၏ ပုံသဏ္ဍာန်သည် ရှင်းလင်းလာသည်။ လှေငယ်ပေါ်တွင် ပြုပြင်မွမ်းမံထားသော လက္ခဏာအများအပြားရှိလေရာ ယင်းက အချိန်မရွေး ပျက်စီးသွားနိုင်ဟန် ရသည်။ လှေငယ်သည် ကမ်းစပ်ဆီသို့ အရှိန်တင်၍ မောင်းနှင်နေသည်။ ယင်းက လမ်းတစ်လျှောက်ရှိ လှိုင်းလုံးများကို ချိုးဖောက်သွားပြီး နောက်ဆုံးမှာတော့ ကမ်းစပ်ဆီသို့ ရောက်ရှိသွားသည်။

ပုံရိပ်တစ်ခုသည် လှေငယ်ပေါ်မှ မြန်ဆန်စွာ ဆင်းသက်လာသည်။ သူက သွေးနီရောင် ကမ်းစပ်ပေါ်သို့ ခြေချလိုက်သည့်အခိုက် လှေငယ်သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပြိုကျပျက်စီးသွားပြီး မြစ်ထဲသို့ နစ်မြုပ်သွားသည်။

ထိုပုံရိပ်သည် မြစ်ထဲသို့ နစ်မြုပ်သွားသော လှေကို ကြည့်လျက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက အကြမ်းပတမ်း ခြေဆောင့်လိုက်သည်။

“ သူခိုးကောင်လေး… မင်းက ငါ့လင်းအာကို အချိန်အကြာကြီး ခေါ်သွားပြီးတော့ ပြန်လာမပို့ဘူး… လက်စသတ်တော့ မင်းက ဒီပရမ်းပတာနယ်မြေမှာကို ”

“ ငါ့လင်းအာက ဆာလောင်နေပြီး ကောင်းကောင်းမှ အိပ်ပျော်ပါ့မလား… သူက နေ့တိုင်း အခက်အခဲဒုက္ခတွေကို ရင်ဆိုင်နေရမှာ သေချာတယ်… ဒီကောင့်နောက်ကို လိုက်ရင်တော့ လင်းအာက သေခြင်းကဒ်ဘေးတွေကို အမြဲရင်ဆိုင်ရလိမ့်မယ်… အခုချိန်မှာ သူ့နောက်ကို တစ်ယောက်ယောက်ကများ လိုက်ဖမ်းနေမလား မသိဘူး… ငါ့သမီးလေးတော့ ကာကွယ်မယ့်လူမရှိဘဲ ကူကယ်ရာမဲ့နေလောက်ပြီ ”

“ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ဒီရွှီဆိုတဲ့ကောင်က လူကောင်းမဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ် ”

“ သူခိုးကောင်… မင်းစောင့်နေစမ်းပါ… ငါမင်းကို မတွေ့တွေ့အောင် ရှာပြမယ် ”

ကောင်းကင်ပေါ်မှ အနီရောင်အလင်းသည် ပုံရိပ်ပေါ်သို့ ကျဆင်းလာပြီး ထိုလူ၏ ပုံပန်းသဏ္ဍာန်ကို ပေါ်လွင်သွားစေသည်။ ထိုလူသည် ဖန်းချွန်လမ်းအဖိုးအိုမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီးနောက် သူ၏ မျက်နှာပေါ်မှာ အားအင်ချည့်နဲ့မှုဖြင့် ပြည့်နှက်လာသည်။ သူက အဝေးမှ ကောင်းကင်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

“ ဒါပေမဲ့ ဒီလောက်နေရာအကျယ်ကြီးမှာ ငါဘယ်ကနေ စရှာရပါ့မလဲ ”

All Chapters