အစစ်အမှန်အသွင်အပြင်ကို ထုတ်ဖော်ခြင်း
Vol. 68 Ch. 1059
အတိတ်တွင် တားမြစ်အဆိပ်သည် ရန်သူမိတ်ဆွေ မခွဲခြားနိုင်ပေ။ ယင်းကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်း၏ ဧရိယာအတွင်းမှာရှိသော အရာအားလုံးကို တိုက်စားပစ်လိမ့်မည်။
သို့သော်လည်း တားမြစ်အဆိပ်ကို သူ၏ မျက်လုံးထဲ၌ ထည့်သွင်းပြီးနောက်ပိုင်း ရွှီချင်းသည် တားမြစ်အဆိပ်ကို ပိုပြီးကောင်းမွန်စွာ ထိန်းချုပ်လာနိုင်သည်။ ယခု အဆိပ်မြူခိုးက သတ်မှတ်ထားသော ဦးတည်ရာဆီသို့သာ ပျံ့နှံ့သွားသည်။ ယင်းက လပုန်ကန်ခန်းမမှ ကျင့်ကြံသူအနည်းစုပေါ်မှာသာ သက်ရောက်မှု ရှိသည်။
တားမြစ်အဆိပ်၏ အဓိကပစ်မှတ်သည် အနီရောင်လကျင့်ကြံသူများ ဖြစ်ကြသည်။
အော်ဟစ်သံများနှင့် ညည်းညူသံများသည် အဆက်မပြတ် ပေါ်ထွက်လာသည်။ အနီရောင်လကျင့်ကြံသူအများအပြားသည် ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။ အားနည်းသော တချို့ကျင့်ကြံသူများသည် ခန္ဓာကိုယ်က မြန်ဆန်စွာ အရည်ပျော်ကျလာသည်နှင့် နှလုံးကွဲကြေသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က မြေပြင်ပေါ်မှာ သွေးရေအိုင်သို့ ပြောင်းလဲသွားကြသည်။
အများစုသည် သူတို့၏ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုထိ ပုပ်သိုးဆွေးမြေ့လာနေကြောင်း ခံစားမိကြသည်။ သူတို့က ပြင်းထန်သော နာကျင်မှုဝေဒနာနှင့် သေခြင်းအငွေ့အသက်ကို တစ်ပြိုင်နက် ခံစားမိကြသည်။ သူတို့အားလုံးသည် အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် အနီရောင်လစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း ရလဒ်က သူတို့၏ နှလုံးသားကို မွန်းကြပ်သွားစေသည်။
ကျင့်ကြံခြင်းစွမ်းအားမြင့်မားသော လူတချို့သာလျှင် အနီရောင်လစွမ်းအားဖြင့် တားမြစ်အဆိပ်ကို ယာယီခုခံနိုင်ကြသည်။
ထို့ကြောင့် လပုန်ကန်ခန်းမမှ ကျင့်ကြံသူများပေါ် ဖိအားသည် အများကြီး လျော့ကျသွားသည်။ စတုတ္ထခန်းမသခင်သည် လူတိုင်းကို သဲကန္တာရဆီသို့ ဦးတည်သွားကြရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သူသည် အစကတည်းက သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် သဲကန္တာရထဲမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများရှိမနေကြောင်း အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူက ဤနေရာကို ဒုက္ခမပေးချင်သောကြောင့် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများကို အဝေးသို့ မျှားခေါ်သွားပြီး သူသေကိုယ်သေရင်ဆိုင်ရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။
ဤနှစ်များတွင် သူ၏ ပင်ပန်းနွမ်းနယ်မှုသည် အလွန်ပြင်းထန်လာသည်။ မျှော်လင့်ချက်မရှိသော ဤခုခံမှုအပေါ် သူက လက်မလျော့ချင်ပေ။ သို့သော်လည်း အမှန်တရားက သူ့အား ခါးသီးမှုကို ခံစားရစေသည်။
ရွှီချင်းက အထဲမှ ထွက်လျှောက်လာပြီး သဲကန္တာရအား ဖွင့်လှစ်လိုက်သည်ကို မြင်လိုက်ရသောအခါ စတုတ္ထခန်းမသခင်သည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ အင်အားစုများကို အရှေ့သို့ ပြေးသွားခိုင်းလိုက်သည်။
သူကိုယ်၌က လူတိုင်းအတွက် အချိန်ဆွဲပေးရန် ဝင်လှုပ်ရှားလိုက်သည်။
ပေါက်ကွဲသံများနှင့် ဓမ္မအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
အနီရောင်လကျင့်ကြံသူများသည် တားမြစ်အဆိပ်၏ ပိတ်ဆို့ခံထားရသော်လည်း သူတို့ထဲမှ ပညာရှင်ကျင့်ကြံသူများသည် အမြန်ပြေးထွက်လာကြသည်။ သူတို့က လပုန်ကန်ခန်းမမှ ကျင့်ကြံသူများကို လိုက်လံတိုက်ခိုက်ကြပြီး ကန္တာရထဲသို့ အတင်းကာရော ပြေးဝင်သွားကြသည်။
ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ ဧရာမကြက်များသည် အကူအညီပေးရန် ပြေးထွက်လာကြသည်။ ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ ကန္တာရ၏ အပြင်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။
“ တစ္ဆေအင်ပါယာတောင်ကုန်းက နတ်ဘုရားကွပ်မျက်စင်ဖြစ်လာပြီး (ဃ၁၃၂)ရဲ့ ကမ္မက ဆေဘာဓားရဲ့ မျှော့ကြောင်းဖြစ်လာစေ ”
ရွှီချင်းက ထိုသို့ပြောလိုက်သည့်အခါ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်၌ မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားသည်။ တစ္ဆေအင်ပါယာတောင်ကုန်းနှင့် (ဃ၁၃၂)သည် ဒြပ်ထည်ဖြစ်တည်လာကြသည်။ ပေတစ်သောင်းရှည်လျားသော အရိပ်သည် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေပြီး နတ်ဘုရားကွပ်မျက်စင်တစ်ခု ဖြစ်ပေါ်လာသည်။
တစ္ဆေအင်ပါယာသည် အရွယ်အစားကြီးမားသော ဧရာမအကျဉ်းထောင်ကို ဆုပ်ကိုင်လိုက်သည်။ ကမ္မစွမ်းအားသည် လျှိုမြောင်ပုံသဏ္ဍာန်ရှိသော မျှော့ကြောင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။
နတ်ဘုရားကွပ်မျက်စင်၏ အရွယ်အစားသည် အလွန်အံ့ဖွယ်ကောင်းသည်။ မြေကြီးတုန်ခါမှုကြားမှာ ယင်းက ကုန်းမြေပေါ်သို့ သက်ဆင်းလာပြီး အနီရောင်လကျင့်ကြံသူများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ရင်းနှီးသော ထိုမြင်ကွင်းက ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေသည်။
“ အဲ့ဒါက… ”
“ အရမ်းရင်းနှီးတယ် ”
အထိတ်တလန့် အော်သံများက ပဲ့တင်ထပ်လာသည့်အခါ ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ ကောင်းကင်ဘုံတာအိုက ဆေဘာဓားအဖြစ် ပြောင်းသွားပြီး နတ်ဘုရားကျိန်စာတားမြစ်အဆိပ်က ဓားသွားအဖြစ် ပြောင်းလဲစေ… ကျောက်ရှာအလင်းက ဓားအလင်းဖြစ်လာစေ ”
ကောင်းကင်သည် လှုပ်ရှားထကြွလာပြီး မိုဆာဆောက ဟိန်းဟောက်လိုက်သည်။ ၎င်းက ဆေဘာဓားသို့ ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်သည် အရပ်မျက်နှာပေါင်းစုံမှ ပျံသန်းလာပြီး ဓားသွားဖြင့် ပေါင်းစပ်သွားသည်။ ထိုအခါ တာအိုကိုပင် ပိုင်းဖြတ်နိုင်သော ကောင်းကင်ဘုံဆေဘာဓား ဖြစ်ပေါ်လာသည်။ ဓားသွားပေါ်တွင် အသင်္ချေအတတ်ပညာအားလုံးကို ချိုးဖောက်နိုင်ပြီး ပုံတူကူးယူနိုင်သော ကျောက်ရှာအလင်းလည်း ရှိသေး၏။
ကောင်းကင်ဘုံဆေဘာဓား ပေါ်ထွက်လာသည်နှင့်ချက်ချင်း အနီရောင်လကျင့်ကြံသူများဖြစ်စေ သို့မဟုတ် လပုန်ကန်ခန်းမမှ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံး၏ နှလုံးသားထဲမှ ရင်းနှီးသော ခံစားမှုသည် ချက်ချင်း မြင့်တတ်သွားသည်။ တချို့လူများသည် အကြောင်းအရင်းကို နားလည်ထားကြပြီးပြီ ဖြစ်သည်။
“ အဲ့ဒါက ဟိုတစ်ခေါက် ငါတို့ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာတဲ့ နတ်ဘုရားကွပ်မျက်စင်မဟုတ်လား ”
“ တစ်ပုံစံတည်းပဲ ”
“ မဟုတ်မှ အတိတ်မှာ နတ်ဘုရားကွပ်မျက်စင်ကို အသုံးပြုခဲ့တဲ့လူက ဒီလူပဲလား ”
ဘေးပတ်ဝန်းကျင်သည် ဆူပူအုံကြွသွားသည်။ ရွှီချင်းသည် သူ၏ အသွင်အပြင်ကို ဆက်လက် ဖုံးကွယ်မထားရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူ၏ အစစ်အမှန်အသွင်အပြင်ကို အားလုံး၏ အရှေ့မှာ ထုတ်ဖော်လိုက်သည်။
သူ၏ အစစ်အမှန်အသွင်အပြင်က ထွက်ပေါ်လာသည့်အခါ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤသည်မှာ မိုးကြိုးက သူတို့၏ စိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလား သူတို့၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေသည်။
လပုန်ကန်ခန်းမမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားသွားကြသည်။ ယခင်က သူတို့အားလုံး သေမည့်နေ့ကို ထိုင်စောင့်နေကြစဉ် နတ်ဘုရားကွပ်မျက်စင်မှ မြင်ကွင်းများသည် သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ နှလုံးသားထဲမှ မျှော်လင့်ချက်မီးတောက်ကို ပြန်ရှင်သန်လာစေခဲ့သည်။
ယခု သူတို့က စိတ်ပျက်အားလျော့နေချိန် နတ်ဘုရားကွပ်မျက်စင်နှင့် သူတို့၏ စိတ်ထဲမှ ထိုပုံရိပ်ကို နောက်တဖန် မြင်လိုက်ရသည်။
ဤအခိုက်အတန့်မှာ ထိုပုံရိပ်ကို လီဇီဟွား၏ ပုံရိပ်က ထပ်ဆင့်လွှမ်းခြုံသွားဟန် ရသည်။
ထိုသူ၏ အသံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။
“ ရွှေကျီးကန်းက ဆက်သွယ်ချက်ဖြစ်လာပြီး ခရမ်းလက ချိပ်တံဆိပ်ဖြစ်လာမယ် ”
ရွှေကျီးကန်းသည် သက်ဆင်းလာပြီး ခရမ်းလစွမ်းအားသည် မှော်သင်္ကေတများသို့ ပြောင်းလဲသွားသည်။ နတ်ဘုရားရတနာသိုက်၏ ထိန်းချုပ်မှုအောက်မှာ ယင်းတို့က တစ်ခုတည်း ဖြစ်လာသည်။
“ အချိန်ပါဝင်တယ်… ”
“ နေနာရီသက်စောင့်မီးအိမ်နဲ့ ထိန်းချုပ်ပြီး အမိန့်ပေးမယ်… ”
နေနာရီသက်စောင့်မီးအိမ်ငါးခုသည် ရွှီချင်း၏ အနောက်မှာ ဖြစ်ပေါ်လာကြသည်။ သက်စောင့်မီးအိမ်မှ မီးတောက်များသည် ညအမှောင်ထုကို လှုပ်ခါသွားစေသည်။ နေနာရီပေါ်မှ နာရီလက်တံများက မြန်ဆန်စွာ လှည့်ပတ်သွားကြသည့်အခါ အချိန်ကာလ၏ အရှိန်အဝါက ပေါ်လျှိုးလာသည်။
နောက်အခိုက်အတန့်မှာ နာရီလက်တံများက နေမွန်းတည့်ရန် ဆယ့်ငါးမိနစ်အလိုသို့ ကျရောက်သွားကြသည်။
“ မွန်းတည့်ချိန်ရောက်ရင် ကောင်းကင်နဲ့ မြေပြင်က အတူပိုင်းဖြတ်ခံရမယ် ”
ရွှီချင်းက ဓားချက်ကို ထုတ်ဖော်လိုက်သည့်အခါ သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။
ကောင်းကင်ဘုံဆေဘာဓားသည် ဧရာမတောင်တန်းကြီးတစ်ခုသဖွယ် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ယင်းက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး မြေပြင်ကို တုန်ခါသွားစေသည်။
ထိုပိုင်းဖြတ်မှုက ကျင့်ကြံသူများဆီသို့ မဟုတ်ပေ။ လောကကြီးဆီသို့ ဖြစ်သည်။
ဆေဘာဓားသည် အဆုံးမဲ့နတ်ဘုရားအစွမ်းဖြင့် ကျဆင်းလာသည်။ ဆေဘာဓားက ဓားမျှော့ကြောင်းဖြင့် ထိတွေ့သွားသည့်အခါ ယင်းက ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားပြီး လေဟာနယ်ကို အက်ကွဲသွားစေသည်။
လူတိုင်းက ချောက်ချားတုန်လှုပ်နေကြစဉ် ဆေဘာဓားသည် အနီရောင်လကျင့်ကြံသူများ၏ လမ်းကြောင်းကို လုံးဝဖြတ်တောက်လိုက်သည်။
ကြီးမားသော ချောက်နက်တစ်ခုက မြေပြင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ မုန်တိုင်းများသည် အန္တရာယ်အရှိန်အဝါနှင့်အတူ အဆုံးမဲ့စွာ ပေါ်လျှိုးလာပြီး ချောက်နက်၏ ဘေးနှစ်ဖက်ဆီသို့ ပျံ့လွင့်သွားကြသည်။
အနီရောင်လကျင့်ကြံသူများသည် ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ကြသည်။ သူတို့အားလုံးသည် ထိတ်လန့်သွားကြသည်။
ဤအခိုက်အတန့်မှာ အုပ်ချုပ်သူက ရွှီချင်း၏ ကိုယ်ပေါ်မှာ ထွက်ပေါ်လာနေဟန် ရ၏။ လောကကြီးသည် သူ၏ ထွက်ပေါ်လာမှုကြောင့် တုန်ယင်သွားသည်။ အတိတ်တုန်းက သက်ရှိအားလုံး၏ မှတ်ဉာဏ်ထဲမှာ ထွက်ပေါ်လာခဲ့သော နတ်ဘုရားကွပ်မျက်စင်သည် ယခု အနီရောင်လကျင့်ကြံသူများနှင့် လပုန်ကန်ခန်းမမှ ကျင့်ကြံသူများ၏ ရှေ့တော်မှောက်မှာ မျက်ဝါးထင်ထင် ထွက်ပေါ်လာသည်။
ယင်းက သူတို့၏ အသိစိတ်ကို ကြီးကြီးမားမား လှုပ်ခါသွားစေသည်။ နတ်ဘုရားကွပ်မျက်စင်သည် အဆုံးမဲ့သော အရှိန်အဟုန်နှင့် ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်လျက် ကန္တာရ၏ အပြင်ဘက်မှာ တည်ရှိနေသည်။
စတုတ္ထခန်းမသခင်သည် ရွှီချင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက နတ်ဘုရားကွပ်မျက်စင်၏ ပိတ်ဆို့ထားမှုကို အခွင့်ကောင်းယူ၍ ကျင့်ကြံသူသိန်းပေါင်းများစွာကို ဦးဆောင်ပြီး သဲကန္တာရထဲသို့ ဝင်ရောက်သွားသည်။
အနီရောင်လကျင့်ကြံသူများထဲမှ ဗလာနတ္ထိပညာရှင်ကျင့်ကြံသူများသည်တော့ သူတို့သည် နှလုံးတုန်သွားကြသော်လည်း မရပ်တန့်သွားကြပေ။ နတ်ဘုရားကွပ်မျက်စင်သည် အလွန်အံ့ဖွယ်ကောင်းသော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့် နိမ့်ကျမှုကြောင့် ယင်းက သူတို့ကို အနောက်ဆုတ်သွားစေရန် မလုံလောက်သေးပေ။ ထို့ကြောင့် သူတို့က ဆက်လက် ကျူးကျော်ဝင်လာကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သဲကန္တာရ၏ အနက်ပိုင်းထဲရှိ ဘဝကံကြမ္မာဆိုးတောင်တန်း၏ ဦးတည်ရာထံမှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ပေါ်လျှိုးလာသည်။
ချက်ချင်းပင် နေ၊ လနှင့် ကြယ်များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ကြယ်များက ရွှေ့ပြောင်းခံလိုက်ရသည့်အလားပင်။ အချိန်မြစ်၏ စီးဆင်းမှုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ မဟာတာအို၏ အရှိန်အဝါသည် ကျယ်ပြောသော အချိန်မြစ်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအင်ဖြစ်သည်။
မကြာမီ မျက်လုံးတစ်စုံသည် အချိန်မြစ်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက မင်းသမီးမင်မိန်၏ မျက်လုံးဖြစ်သည်။
ထိုအကြည့်ကြောင့် သဲကန္တာရ၏ အပြင်ဘက်မှ အနီရောင်လကျင့်ကြံသူများသည် ထိတ်လန့်သွားကြပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။ သူတို့က ကန္တာရထဲသို့ အတင်းကာရော ဝင်ရောက်ဝံ့ခြင်းမှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက သဲကန္တာရထဲမှာ ရှိမနေဘူးဟု သတင်းရထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့်၏ အရှိန်အဝါက ယခု သူတို့အားလုံးကို ချောက်ချားသွားစေသည်။
ယင်းက အတုယောင်ဖြစ်နိုင်သော်လည်း အနီရောင်လကျင့်ကြံသူအများစုသည် စွန့်စားရန် ဆန္ဒမရှိကြပေ။ အထူးသဖြင့် အနီရောင်လက မကြာခင် သက်ဆင်းလာတော့မည့် အခြေအနေမှာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ထိုမြင်ကွင်းသည် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူက မထွက်သွားခင် စီစဉ်မှုများ ထားရစ်ခဲ့ကြောင်း ဖော်ပြနေလေသည်။
ထို့ကြောင့် တည်ငြိမ်ရေးသည် အနီရောင်လကျင့်ကြံသူများ၏ အဓိကဦးစားပေး ဖြစ်လာသည်။
သူတို့၏ အနောက်ဆုတ်သွားမှုက လပုန်ကန်ခန်းမမှ ကျင့်ကြံသူများကို ကန္တာရထဲသို့ အောင်မြင်စွာ ခြေချနိုင်သွားစေခဲ့သည်။
သဲကန္တာရထဲသို့ ဝင်ရောက်သွားပြီးနောက် လူတိုင်းသည် ခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းကို စိတ်လှုပ်ရှားသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ကြည်ညိုလေးစားစွာ ဦးညွတ်လိုက်ကြသည်။
လေထဲမှ ရွှီချင်းသည် ထိုအရာအားလုံးကို ကြည့်ရှုနေသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ လမ်းကြောင်းပွင့်နေသော သဲကန္တာရသည် တဖန်ပြန်ပိတ်သွားပြီး အပြင်ဘက်မှ အနီရောင်လကျင့်ကြံသူများ၏ အမြင်ကို ပိတ်ဆို့လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက လူတိုင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ပင်ပန်းနွမ်းနယ်၍ မျက်နှာဖြူဖျော့နေသော စတုတ္ထခန်းမသခင်ကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
“ နှုတ်ဆက်ပါတယ် စီနီယာ ”
စတုတ္ထခန်းမသခင်၏ အမူအရာသည် တည်ကြည်နေသည်။ သူတို့ကြားမှ အဆင့်ကွာခြားမှုကြောင့် ရွှီချင်းကို သူအထင်မသေးဝံ့ပေ။ သူက ရွှီချင်းကို အရိုအသေပြန်ပေးလိုက်သည်။
“ အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျင့်ကြံသူသိန်းပေါင်းများစွာကြားမှ အရေအတွက်ထောင်ဂဏန်းသာရှိသော အဖွဲ့တစ်ဖွဲ့သည် ရွှီချင်း၏ စိတ်အားရုံကို ဆွဲဆောင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က အော်ဟစ်ချီးမြှောက်နေသောကြောင့် ဖြစ်သည်။
ယခင်က ရွှီချင်းက အနီရောင်လကျင့်ကြံသူများကိုသာ အာရုံစိုက်ခဲ့သောကြောင့် သူတို့ကို သတိမထားမိပေ။ ယခု သူက သေချာမြင်လိုက်ရသောအခါ သူတို့၏ အဝတ်အစားများသည် ရွှီချင်းကို အံ့ဩသွားစေသည်။
အထူးသဖြင့် အရှေ့ဆုံး အမျိုးသမီး၏ လုပ်ရပ်ကို သူမြင်လိုက်ရသည့်အခါ ဖြစ်သည်။ သူက အလွန်စိတ်လှုပ်ရှားသောကြောင့် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး သဲကို နမ်းလိုက်သည်။
သူ့အနောက်မှ လူတစ်ထောင်ကျော်သည်လည်း ထိုအတိုင်း လိုက်လုပ်ကြသည်။
ရွှီချင်းသည် အံ့ဩသွားပြီး မျက်တောင်ခတ်လိုက်သည်။ ထူးဆန်းသော ခံစားချက်က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာစဉ် စတုတ္ထခန်းမသခင်က နူးညံ့စွာ ပြောသည်။ သူ၏ အသံထဲမှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေသည်။
“ မိတ်ဆွေလေး… သူတို့က အမှတ်ကိုးဆေးလုံးဆရာသခင်ရဲ့ နောက်လိုက်တွေပါ… သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဆရာသခင်ရဲ့ တာအိုအသံကို နှစ်လကြာနားထောင်ခွင့်ရခဲ့တဲ့ တမန်တော်တစ်ယောက်လို့ သူ့ကိုယ်သူ ပြောပါတယ် ”
“ သူတို့အဖွဲ့ကို အနယ်နယ်အရပ်ရပ်က လူတွေနဲ့ စုဖွဲ့ထားတယ်ဆိုပေမဲ့ အတော်လေး စည်းလုံးကြပါတယ်… သူတို့က ကျုပ်တို့အဖွဲ့နဲ့ လိုက်လာတာ မဟုတ်ပါဘူး… ကျုပ်တို့က မမျှော်လင့်ဘဲ လမ်းမှာ တွေ့ဆုံခဲ့ကြတာပါ ”
“ သူတို့ရဲ့ ဦးတည်ရာက ဒီသဲကန္တာရပါ ”
“ ဘာလို့လဲဆိုတော့ အမှတ်ကိုးဆေးလုံးဆရာသခင်က ဒီနေရာမှာ နေထိုင်တယ်လို့ သူတို့က ယူဆထားကြလို့ပါ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ထိုအုပ်စုကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ထိုအုပ်စုထဲမှ အဖွဲ့ဝင်များသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ဘေးပတ်ဝန်းကျင်မှ မုန်တိုင်းသည်ပင် သူတို့၏ ဆွေးနွေးသံများကို မဖုံးလွှမ်းနိုင်ပေ။
“ ဒီနေရာက ငါတို့ရဲ့ မြင့်မြတ်ကုန်းမြေပဲ ”
“ ဟုတ်တယ်… ဆရာသခင်ရဲ့ ဆေးလုံးထဲမှာ အဖြူရောင်လေပါဝင်တယ်… တစ်နည်းပြောရရင် အဖြူရောင်လေက ကျိန်စာဖယ်ရှားဆေးလုံးအတွက် သော့ချက်ပဲ… လဝတ်ပြုဒေသကြီးထဲမှာ အဖြူရောင်လေရှိတာ ဒီနေရာတစ်ခုပဲ ရှိတယ် ”
“ တမန်တော်ပြောတာ မှန်တယ်… ဆရာသခင်က သေချာပေါက် ဒီမှာရှိရမယ် ”
“ လောကကြီးက ပရမ်းပတာဖြစ်နေချိန်မှာ ငါတို့က ဆရာသခင်ကို တွေ့အောင်ရှာပြီး ဘေးကနေ ကာကွယ်ပေးရမယ် ”
သူတို့၏ စိတ်လှုပ်ရှားသော အမူအရာကို ကြည့်နေရင်း ရွှီချင်းသည် ထူးဆန်မှုကို ခံစားမိသွားသည်။ ထို့ပြင် သူတို့၏ စကားသံများကို နားထောင်ပြီးနောက် အဖွဲ့ခေါင်းဆောင်ဖြစ်သော အမျိုးသမီးက တာအိုအသံကို နှစ်လကြာ နားထောင်ခဲ့သူဟု ကြားသိလိုက်ရသောအခါ တစ်ဖက်လူ၏ သရုပ်ကို ရွှီချင်း ချက်ချင်း နားလည်သွားသည်။ ထိုအမျိုးသမီးက ရင်ဘက်ဗလာနှင့် လူထွားကြီးရုပ်တုဖြစ်သည်။
ထိုသို့ဖြင့် သူတို့အားလုံးသည် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ပြန်ရောက်ရှိလာကြသည်။
စတုတ္ထခန်းမသခင်နှင့် တခြားလူများသည် ယခင်က သူတို့ဆောက်လုပ်ထားခဲ့သော တပ်စခန်းများဆီသို့ ပြန်သွားကြသည်။ အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်အဖွဲ့များသည်တော့ ခွဲထွက်သွားကြသည်။
လာမည့်ရက်များတွင် ထိုအုပ်စုသည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ ပြန့်ကျဲသွားပြီး အမှတ်ကိုးဆေးလုံးဆရာသခင်ကို လိုက်လံစုံစမ်းကြသည်။ မည်သည့်ရလဒ်မှ မထူးခဲ့သော်လည်း သူတို့က အလွန်ဇွဲကောင်းကြသည်။
သူတို့က ရွှီချင်းနေထိုင်သော မြို့နှင့် မနီးမဝေးမှာ ကိုယ်ပိုင်စခန်းများ တည်ဆောက်ခဲ့ကြသည်။
သူတို့က ထိုနေရာမှာ ရုပ်တုတစ်ခုကိုပင် တည်ဆောက်ခဲ့ကြသည်။ ထိုရုပ်တုသည် လပုန်ကန်ခန်းမထဲမှ ရွှီချင်း၏ ရုပ်တုနှင့် အတော်လေး ဆင်တူသည်။
ရွှီချင်းသည် သူတို့အပေါ် အာရုံမစိုက်ဘဲ မနေနိုင်ပေ။ သူက ထိုသို့အခြေအနေမျိုးကို တစ်ခါမှ မတွေ့ကြုံဖူးချေ။ ထို့ကြောင့် သူက ရုပ်တုဆောက်လုပ်ပြီးသည့်နေ့မှာ ထိုနေရာဆီသို့ ခရီးထွက်ခဲ့သည်။
သူက စခန်းထဲသို့ ဝင်ရောက်သွားသောအခါ ထိုနေရာမှ ကျင့်ကြံသူတစ်ထောင်ကျော်သည် အလွန်စိတ်လှုပ်ရှားနေကြကြောင်း မြင်သွားသည်။ သူတို့က သဲကန္တာရတစ်ခုလုံးကို ပုံဖော်ထားသော ဧရာမမြေပုံတစ်ခုကိုပင် ရေးဆွဲထားသည်။
မြေပုံပေါ်မှ တချို့ဧရိယာများကို အမှတ်အသားပြုလုပ်ထားသည်။ ရှင်းလင်းစွာပင် ထိုဧရိယာများသည် သူတို့ရှာဖွေပြီးသော နေရာများ ဖြစ်ကြသည်။
ရွှီချင်း၏ ရောက်ရှိလာမှုသည် လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ တမန်တော်အမျိုးသမီးသည် လုပ်လက်စ အလုပ်များကို ရပ်ထားလိုက်ပြီး ရွှီချင်းကို ကိုယ်တိုင် လာရောက်ကြိုဆိုသည်။
“ နှုတ်ဆက်ပါတယ်… တာအိုရောင်းရင်း ”
သူက ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမှတ်ကိုးဆေးလုံးဆရာသခင်ရုပ်တု၏ ဘေးမှာ မတ်တတ်ရပ်နေသည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
ထိုစဉ် ရွှီချင်းက ရုပ်တုကို ကြည့်နေခြင်း ဖြစ်သည်။ ရုပ်တုသည် အတော်လေး အသက်ဝင်ပြီး အနုစိတ်သည်။ သူက တစ်ဖက်လူ၏ စကားကို ကြားသောအခါ ရုပ်တုထံမှ အကြည့်ပြန်ရုပ်လိုက်သည်။
သူက အမျိုးသမီးကို မြင်သွားသောအခါ လူထွားကြီးရုပ်တု၏ ပုံရိပ်သည် သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက ထိုနှစ်ခုကို မည်သို့မှ မတွဲစပ်နိုင်ပေ။ ထို့ကြောင့် သူက ရုပ်တုကို ပြန်ကြည့်လိုက်ပြီး အမျိုးသမီးကို သတိပေးလိုက်သည်။
“ အနီရောင်လ ဆင်းသက်လာတဲ့အခါကျရင် အနီရောင်လဗိမာန်ကို သဲကန္တာရက တားဆီးနိုင်တော့မှာ မဟုတ်ဘူး… ဘဝကံကြမ္မာဆိုးတောင်တန်းကနေ ထွက်ခွာတာက အရမ်းအန္တရာယ်များတယ်… မင်းတို့တွေ အခုလို လိုက်ရှာမနေသင့်ဘူး ”
ဤသည်ကိုကြားသောအခါ အမျိုးသမီးသည် စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
“ အဲ့ဒါကြောင့်ပဲ ငါတို့က ရှာဖွေတာကို မြန်မြန်လုပ်ဆောင်နေရတာ… ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအခါကျရင် ဆရာသခင်လည်းပဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ် ”
ရွှီချင်းသည် တုံ့ဆိုင်းသွားပြီး ပြောသည်။
“ ဆရာသခင်က ဘေးကင်းလုံခြုံနေမှာပါ… ပြီးတော့ တကယ်လို့ မင်းသူ့ကို တွေ့ရင်တောင် ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ ”
ထိုအခါ အမျိုးသမီးသည် ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း ရယ်မောလိုက်ကြသည်။
“ တာအိုရောင်းရင်း… ရှင်နားမလည်ပါဘူး ”
“ ဘာပဲပြောပြော… ရှင်က ဆရာသခင်ကို အရင်က မမြင်ဖူးဘူးမဟုတ်လား… ငါကတော့ ဆရာသခင်ရဲ့ တာအိုအသံကို နှစ်လကြာ နားထောင်ဖူးတယ်… ဆရာသခင်ရဲ့ အနောက်ကိုလည်း မရေမတွက်နိုင်အောင် လိုက်ခဲ့ဖူးတယ်… ဒါကြောင့် ဆရာသခင်ရဲ့ အပြုအမူ၊ အရှိန်အဝါနဲ့ ဆွဲဆောင်မှုကို ငါကောင်းကောင်း အာရုံခံနိုင်တယ်… ဆရာသခင်ကို မှတ်မိဖို့ ငါ့အတွက် တစ်ခေါက်ကြည့်ဖို့ပဲ လိုအပ်ပါတယ် ”
အမျိုးသမီးသည် စကားပြောနေရင်း ရွှီချင်းကို ကြည့်လိုက်သည်။