သဲကန္တာရပေါ် နတ်ဘုရားဆင်းသက်ခြင်း
Vol. 68 Ch. 1060
အဆုံးမှာတော့ ရွှီချင်းက ထွက်ခွာသွားသည်။
သူက အမှတ်ကိုးဆေးလုံးဆရာသခင်ဖြစ်ကြောင်း ထုတ်ဖော်မပြောခဲ့ပေ။ သို့သော်လည်း သူ၏ နောက်လိုက်အဖွဲ့သားများအပေါ် တာဝန်ယူသင့်သည်ဟု ခံစားမိသည်။
မည်သို့ဖြစ်ပါစေ သူတို့က သူ့ကို ရှာဖွေရန် ဤနေရာသို့ ခက်ခဲကြမ်းတမ်းစွာ ခရီးနှင်လာကြခြင်းမဟုတ်ပါလော။ အမှတ်ကိုးဆေးလုံးဆရာသခင်အပေါ် သူတို့၏ ကြည်ညိုလေးစားမှုသည် မြင်သာထင်ရှားသည်။ လပုန်ကန်ခန်းမထဲ၌ အမှတ်ကိုးဆေးလုံးဆရာသခင် အလျှင်အမြန် နာမည်ကျော်ကြားလာခြင်းသည် သူတို့၏ ချီးမွမ်းပြောဆိုမှုနှင့် တစ်နည်းတစ်ဖုံ ပတ်သက်သည်။
ထို့ကြောင့် ရွှီချင်းသည် သူမထွက်သွားခင် အရိပ်မျက်လုံးတစ်လုံးကို အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်မှာ တိတ်တဆိတ် ချန်ထားခဲ့သည်။
အကယ်၍ သူတို့က အန္တရာယ်တစ်စုံတစ်ရာဖြင့် တွေ့ဆုံလျှင် ရွှီချင်းက ယင်းကို ချက်ချင်း အာရုံခံနိုင်ပြီး အကူအညီပေးနိုင်လိမ့်မည်။
ရွှီချင်း၏ သတိပေးမှုက အကြောင်းအရင်းမရှိခြင်း မဟုတ်ပေ။ အမှန်မှာ ဤရက်ပိုင်းတွင် အပြင်လောကမှ လပုန်ကန်ခန်းမစစ်တပ်သည် ကျရှုံးမှုကို မကြာခဏ တွေ့ကြုံခဲ့သည်။ အခြေအနေတစ်ရပ်လုံးကို ခြုံငုံကြည့်မည်ဆိုလျှင် လပုန်ကန်ခန်းမသည် အနီရောင်လဗိမာန်၏ လုံးဝဖိနှိပ်ခံထားရသည်။
ပြိုကွဲသွားသော တော်လှန်ရေးအင်အားစုများသည် အနီရောင်လကျင့်ကြံသူများ၏ အာရုံကို အများကြီး မဆွဲဆောင်ခဲ့ပေ။ မည်သို့ဖြစ်ပါစေ အနီရောင်လဗိမာန်ထဲမှ အင်အားစုတချို့သည် နီလာနတ်သမီးအား ယဇ်ပူဇော်ရမည့် သက်ရှိအရေအတွက် မလုံလောက်မည်ကို စိုးရိမ်နေကြသေးသည်။
သို့သော်လည်း တော်လှန်ရေးစစ်တပ် ပြိုကွဲသွားသည့်နှင့်အမျှ သဲကန္တာရသည် ပိုပြီးအာရုံစိုက်ခံလာရသည်။
အထူးသဖြင့် စတုတ္ထခန်းမသခင်၏ အဖွဲ့က သဲကန္တာရထဲသို့ ဝင်ရောက်သွားပြီးနောက်ပိုင်း ဖြစ်သည်။
အမှန်မှာ ရွှီချင်းသည် ဝူကျန်းဝူထံမှ သတင်းပို့မှုတစ်ခုကို လက်ခံရရှိခဲ့သည်။ သူ၏ နောင်သားမျိုးဆက်များက အပြင်ဘက်တွင် ကင်းထောက်တာဝန်ကို ထမ်းဆောင်နေကြပြီး ထိုအတောအတွင်း အနီရောင်လကျင့်ကြံသူများက သဲကန္တာရထဲသို့ ထိုးဖောက်ဝင်ရောက်ရန် မကြာခဏ ကြိုးစားနေကြကြောင်း ရှာတွေ့ခဲ့သည်။
သူတို့က သဲမုန်တိုင်း၏ ပိတ်ဆို့ခံထားရပြီး ဝင်ပေါက်ဧရိယာက ကန့်သတ်ခံထားရသော်လည်း ကြက်တူရွေးလေး၏ စုံစမ်းမှုအရ သဲကန္တာရ၏ အပြင်ဘက်တွင် အနီရောင်လကျင့်ကြံသူအများအပြား စုဝေးရောက်ရှိလာကြသည်။
သို့သော်လည်း ထိုအနီရောင်လကျင့်ကြံသူများသည် အတင်းကာရော မဝင်လာဝံ့ကြချေ။ သူတို့က စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုကိစ္စက လူတိုင်းကို သတိကြီးစွာ ထားလာစေသည်။ အနီရောင်လကျင့်ကြံသူများအတွက်တော့ သူတို့က တစ်စုံတစ်ယောက်ရောက်ရှိလာရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုလူသည် ခုနစ်ရက်ကြာမြင့်ပြီးနောက် သဲကန္တာရ၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။
ထိုလူသည် အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူက ဝတ်စုံနီကို ဝတ်ဆင်ထားပြီး ဦးခေါင်းပေါ်တွင် ဧကရာဇ်သရဖူတစ်ခု ရှိသည်။ ထိုလူက အနီရောင်လဗိမာန်၏ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးမှလွဲ၍ တခြားလူမဟုတ်ပေ။
သူက ကျိုင်းတုတ်ကို ကိုင်ထားလျက် ရောက်ရှိလာသည်။ သူရောက်ရှိလာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။ လေသည် တဟူးဟူး တိုက်ခတ်လာပြီး တိမ်တိုက်များသည် တရွေ့ရွေ့ လှုပ်ရှားသွားကြသည်။ ဒုတိယ အနီရောင်လသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက အနီရောင်လ၏ ပုံရိပ်ယောင်ဖြစ်သည်။ ၎င်း၏ ထွက်ပေါ်လာမှုက ကောင်းကင်ကို လှုပ်ခါသွားစေပြီး ဒီရေအတတ်အကျဖြစ်စဉ်ကို ကန္တာရတစ်လျှောက် ပျံ့လွင့်သွားစေသည်။
ချက်ချင်းပင် သဲကန္တာရထဲမှ မုန်တိုင်းသည် ပြိုကွဲသွားသည်။ တောင်တန်းများသည် ပြိုကျလာပြီး မရေမတွက်နိုင်သော သဲမြေများသည် တုန်လှုပ်လာကြသည်။ မိုးခြိမ်းသံပမာ ကျယ်လောင်သော ပေါက်ကွဲသံသည် ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ပေါက်ကွဲသံက ဘဝကံကြမ္မာဆိုးတောင်တန်းတစ်လျှောက် ပျံ့လွင့်သွားသည့်အခါ ကောင်းကင်ပေါ်မှ အနီရောင်လသည် လရောင်ခြည်ကို ထုတ်လွှတ်လိုက်သည်။ လရောင်ခြည်သည် မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများသို့ ပြောင်းလဲသွားပြီး သဲကန္တာရပေါ်သို့ အဆက်မပြတ် ကျဆင်းလာကြသည်။
ကန္တာရတစ်ခုလုံးသည် တုန်လှုပ်လာပြီး ပြိုကျပျက်စီးသွားတော့မည့် လက္ခဏာများ ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ အနီရောင်လစွမ်းအားသည် သဲကန္တာရဆီသို့ စတင်ကျူးကျော်ဝင်ရောက်လာသည်။
ထိုကျူးကျော်မှုသည် အလွန်အမင်း အားကောင်းပြီး လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ပြင်းထန်သည်။ အနီရောင်လစွမ်းအား ဖြတ်သန်းသွားသည့်နေရာတိုင်း မြေပြင်သည် တုန်လှုပ်လာပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ယင်းက မြေပြင်ကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။
တစ်ချိန်တည်းမှာ ၎င်း၏ လွှမ်းမိုးမှုအောက်မှာ အနီရောင်လကျင့်ကြံသူများသည် သွေးနီအလင်းရောင် တောက်ပလာကြသည်။ ယင်းက နီလာနတ်သမီး၏ ကောင်းချီးပေးမှုစွမ်းအား ဖြစ်သည်။ တဖြည်းဖြည်း သူတို့က မုန်တိုင်းဒဏ်ကို တောင့်ခံနိုင်လာကြပြီး ကျယ်ပြောသော သဲကန္တာရထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားနေကြသည်။
သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်သည် ကြက်သွေးရောင်သို့ ပြောင်းလဲသွားပြီး မြေပြင်သည် အနီရောင်စွန်းထင်သွားသည်။
ထိုနတ်ဘုရားအစွမ်းအောက်မှာ မုန်တိုင်းသည် တဖြည်းဖြည်း ကျုံ့သွားသည်။ မုန်တိုင်းသက်ရောက်နိုင်သော ဧရိယာသည် ပိုပြီးနည်းပါးလာသည်။
သို့ဖြစ်၍ ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ရောက်ရှိရန် သူတို့အတွက် အချိန်တချို့သာ လိုအပ်လိမ့်မည်။
အန္တရာယ်အချက်ပေး ခေါင်းလောင်းသံသည် အလွန်ကျယ်လောင်လာသည်။ ယင်းက မမြင်နိုင်သော တောင်တန်းများကို ဖြစ်ပေါ်လာစေပြီး ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများ၏ နှလုံးသားကို ပြင်းထန်စွာ ဖိချလိုက်သည်။ ပြင်းထန်သော ဖိအားအောက်မှာ လူတိုင်းသည် အသက်ရှူမွန်းကြပ်လာကြသည်။
လူတိုင်းသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလာကြသည်။ စိတ်မသက်မသာဖြစ်ခြင်းနှင့် စိုးရိမ်ကြောင့်ကြမှုသည် အဆက်မပြတ် မြင့်တတ်သွားနေသည်။
တိတ်ဆိတ်မှုက ဘဝကံကြမ္မာဆိုးတောင်တန်းတစ်လျှောက် ပျံ့နှံ့သွားပြီး ဆေးဆိုင်ပေါ်ကိုလည်း သက်ရောက်လာသည်။
နင်ယန်၊ ဝူကျန်းဝူနှင့် လီယိုဖေးသည် စိုးရိမ်ကြောင့်ကြနေကြသည်။ ဝိညာဉ်သခင်မယုံကျင်းသည်ပင် အတူတူဖြစ်သည်။
နောက်ဖေးခြံဝန်းထဲမှ ကြက်များသည်လည်း အတူတူဖြစ်သည်။
ရွှီချင်းတစ်ယောက်တည်းသာ မည်သည့်စိတ်ခံစားချက်ကိုမှ ထုတ်ဖော်မပြပေ။ အခြေအနေက ရေဆူမှတ်သို့ ရောက်ရှိနေကြောင်း သူနားလည်သည်။ ဤကိစ္စအတွက် ဖြေရှင်းနည်းကို သူ၏ စိတ်ထဲမှာ ရှာဖွေလိုက်သည်။
“ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုရင် အိမ်ရှေ့စံမင်းသားနဲ့ တခြားလူတွေ ပြန်ရောက်လာမှဖြစ်မယ် ”
“ ပြီးတော့ လပုန်ကန်ခန်းမက အမြင့်မြတ်ဆုံးဘုရားကျောင်းရဲ့ ဂိတ်တံခါးကို တွန်းဖွင့်ပြီး လပုန်ကန်ခန်းမရဲ့ အရှင်သခင်ဖြစ်လာရမယ် ”
ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ လပုန်ကန်ခန်းမမှ လက်နက်ဝိညာဉ်တည်ရှိသော ကြေးမုံရေကန်အောက်တွင် ရေခဲရုပ်တုဒါဇင်ကျော်ရှိကြောင်း သူစဉ်းစားမိသည်။ သူတို့အားလုံးသည် ခန်းမသခင်စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြပြီး ကျရှုံးခဲ့သူများ ဖြစ်ကြသည်။
သူတို့အားလုံးသည် အလွန်အားကောင်းသော ကျင့်ကြံခြင်းစွမ်းအား ရှိကြသည်။ သူတို့ထဲမှ အများစုသည် စတုတ္ထခန်းမသခင်ကဲ့သို့ ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအင်အားစုသည် ရှိန်လောက်ဖွယ်ကောင်းသည်။ ယင်းက အနီရောင်လဗိမာန်၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးရန် အလွန်အရေးပါသည်။
သို့သော်လည်း အကယ်၍ သူက သူတို့ကို ချိပ်ပိတ်ထားခြင်းမှ ဖြေလွှတ်ပေးချင်လျှင် အရင်ဦးဆုံး လပုန်ကန်ခန်းမသခင်ဖြစ်လာရမည်။
ထို့ပြင် လပုန်ကန်ခန်းမသခင်၏ စွမ်းရည်များသည် ထိုမျှတင်မဟုတ်ပေ။ ဤကာလအတွင်း ခေါင်းဆောင်နှင့် သူ့ကြားမှ ဆက်သွယ်ပြောဆိုမှုအရ သူတို့က လပုန်ကန်ခန်းမ၏ ခန်းမသခင်ဖြစ်လာသည်နှင့်ချက်ချင်း လပုန်ကန်ခန်းမကို အစစ်အမှန်လောကထဲမှာ ဒြပ်ထည်ဖန်တီးနိုင်လိမ့်မည်။
ထိုအချိန်ကျလျှင် လပုန်ကန်ခန်းမက လပုန်ကန်ခန်းမသက်သက် မဟုတ်တော့ပေ။ ယင်းက အုပ်ချုပ်သူ၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။
၎င်း၏ စွမ်းအားသည် အလွန်ကြီးမားပြီး ဒေသကြီးတစ်ခုလုံးကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
“ အဲ့ဒါက ဒေသစစ်လက်နက်တစ်ခုပဲ ”
“ ပြီးတော့ ငါတို့က လပုန်ကန်ခန်းမသခင်ဖြစ်လာတာနဲ့ အမြင့်မြတ်ဆုံးအခွင့်အာဏာကို ပိုင်ဆိုင်နိုင်လိမ့်မယ်… ပထမခန်းမသခင်နဲ့ ပဉ္စမခန်းမသခင်ရဲ့ ချိပ်ပိတ်ထားတာကို ချက်ချင်း ဖြေလွှတ်ပေးနိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် လပုန်ကန်ခန်းမထဲက ကျင့်ကြံသူတွေက လပုန်ကန်ခန်းမထဲကို အစစ်အမှန်ခန္ဓာကိုယ်နဲ့ ဝင်ရောက်နိုင်ကြလိမ့်မယ်… အဲ့ဒါက သူတို့ကို အနီရောင်လဗိမာန်ရဲ့ လိုက်လံဖမ်းဆီးတာကနေ လွတ်မြောက်နိုင်စေလိမ့်မယ် ”
“ အိမ်ရှေ့စံမင်းသားကို ပြန်ရောက်လာအောင် လုပ်ဖို့က ငါတတ်နိုင်တဲ့အရာ မဟုတ်ဘူး… ဒါပေမဲ့ လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာပြီး အမြင့်မြတ်ဆုံးအခွင့်အာဏာကို ရရှိမယ်ဆိုရင် လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ် ”
ရွှီချင်းသည် အိမ်ရှေ့စံမင်းသား ထိုင်နေကျ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး လေးနက်စွာ တွေးတောနေသည်။ သူက အခြေအနေအားလုံးကို သုံးသပ်နေခြင်း ဖြစ်သည်။
ခေါင်းဆောင်နှင့် ကိစ္စကြီးများစွာကို အတူလက်တွဲ လုပ်ဆောင်ပြီးနောက် ခေါင်းဆောင်၏ အစီအစဉ်ချမှုပုံစံကို အနည်းနှင့်အများ သူနားလည်လာသည်။
“ ခေါင်းဆောင်ရဲ့ အစီအစဉ်အရဆိုရင် သူက လပုန်ကန်ခန်းမသခင်ဖြစ်လာအောင် အရင်လုပ်မယ်… ပြီးသွားရင် သူ့အရင်ဘဝက ခန္ဓာကိုယ်ရယ် အိမ်ရှေ့စံမင်းသားတို့ မောင်နှမအုပ်စုရဲ့ အကူအညီနဲ့ဆိုရင် ဒေသကြီးတစ်ခုလုံးမှာရှိတဲ့ သက်ရှိအားလုံးရဲ့ စွမ်းအားကို စုစည်းနိုင်မယ်… ပြီးသွားရင် အားလုံးရဲ့ စုပေါင်းအင်အားနဲ့ အနီရောင်လဗိမာန်ဌာနချုပ်ကို အနီရောင်လ ရောက်မလာခင်မှာ ဖျက်ဆီးပစ်မယ်… အဲ့ဒါက ခေါင်းဆောင်ရေးဆွဲထားတဲ့ နီလာနတ်သမီးကို အနိုင်ယူဖို့ ပထမအဆင့်ပဲ ”
ရွှီချင်းသည် အရှေ့သို့ မျှော်တွေးကြည့်လိုက်သည်။ သူ၏ တည်ငြိမ်မှုက ဆေးဆိုင်ထဲမှ လူတိုင်းပေါ်သို့ ကူးစပ်သွားသည်။ မကြာမီ နင်ယန်နှင့် တခြားလူများသည် တည်ငြိမ်သွားကြသည်။ ရွှီချင်းသည် ယခင်က သူစုဆောင်းထားခဲ့သော နတ်ဘုရားသားတော်၏ သွေးများကို ယူဆောင်ပြီး လပုန်ကန်ခန်းမ၏ အမြင့်မြတ်ဆုံး ဘုရားကျောင်းဆီသို့ ဝင်ရောက်သွားသည်။ သူနှင့် ခေါင်းဆောင်သည် ဂိတ်တံခါးပေါ်မှ နီလာနတ်သမီး၏ ချိပ်တံဆိပ်ကို ဖျက်ဆီးရန် အရှိန်မြှင့်တင်လိုက်ကြသည်။
ယခင်က စည်ကားသက်ဝင်ခဲ့သော လပုန်ကန်ခန်းမသည် ယခု တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပထမခန်းမသခင်နှင့် ပဉ္စမခန်းမသခင်၏ ချိပ်ပိတ်မှုအောက်မှာ မည်သူမှ လပုန်ကန်ခန်းမထဲသို့ မဝင်ရောက်နိုင်ကြတော့ပေ။
ဧရာမတောင်ကြီးပေါ်မှ ဘုရားကျောင်းအားလုံးသည် တံခါးပိတ်သွားကြသည်။ ဘုရားကျောင်းထဲမှ အလင်းရောင်သည် မှေးမှိန်သွားပြီး အမွှေးတိုင်လောင်ကျွမ်းခြင်းလည်း မရှိတော့ပေ။
အမြင့်မြတ်ဆုံးဘုရားကျောင်းထံမှ ပေါက်ကွဲသံများသည်သာ ပိုပြီးကျယ်လောင်လာကြသည်။ ယင်းက မိုးခြိမ်းသံသဖွယ် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။
ဂိတ်တံခါးသည် ဆက်လက် လှုပ်ခါနေသည်။ ဤသည်မှာ တံခါးက အချိန်မရွေး ပွင့်သွားတော့မည့်ဟန် ရသည်။ အလင်းတန်းတချို့ပင် ဂိတ်တံခါး၏ အဟရာထဲမှ ပျံ့လွင့်ထွက်လာသည်။ တစ်ချိန်တည်းမှာ ယင်းက မြင့်မြတ်အရှိန်အဝါကို ဖြစ်ပေါ်လာစေသည်။
ရံဖန်ရံခါ လပုန်ကန်ခန်းမထဲမှ တောင်ကြီးတစ်ခုလုံးသည် တုန်ယင်သွားသည်။ ကြီးမားသော လှိုင်းဂယက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။ ယင်းက တောင်ကြီး၏ အပြင်ဘက်မှ ဟင်းလင်းပြင်ကို ဖရိုဖရဲဖြစ်သွားစေသည်။
ဂိတ်တံခါး၏ တုန်ခါမှုသည် ဤခေတ်အတွင်းမှာ ယခင်က ဖြစ်ပေါ်ဖူးသော်လည်း ယခုကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။
ကံမကောင်းစွာပင် လပုန်ကန်ခန်းမထဲမှာ မည်သူမှ မရှိသောကြောင့် ထိုမြင်ကွင်းကို မမြင်နိုင်ကြပေ။ သို့မဟုတ်လျှင် သူတို့က အလွန်ထိတ်လန့်သွားကြလိမ့်မည်။
အမြင့်မြတ်ဆုံးဘုရားကျောင်းထဲတွင် ဂိတ်တံခါးပေါ်မှ နီလာနတ်သမီး၏ တိုတမ်သည် သုံးပုံနှစ်ပုံ ဝေဝါးနေပြီ ဖြစ်သည်။
ယင်းက နတ်ဘုရားသားတော်၏ သွေးကြောင့်ဖြစ်သည်။ တိုတမ်ကို ဖျက်ဆီးရာတွင် ယင်းက အဓိကသော့ချက်ဖြစ်သည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါဝင်သည်။
“ ချင်းလေး… ငါတို့တွေ ဒီတိုတမ်ကို အများဆုံး ငါရက်အတွင်းမှာ ဖျက်ဆီးနိုင်လိမ့်မယ် ”
ရွှီချင်းက အထဲဝင်သွားသည့်အခိုက် ခေါင်းဆောင်၏ စိတ်လှုပ်ရှားသော အသံက ဂိတ်တံခါးထဲမှ ထွက်ပေါ်လာသည်။ ဤအတောအတွင်း သူက အစွမ်းကုန် ကြိုးစားခဲ့သည်။ ရွှီချင်းသည်လည်း အကောင်းဆုံး ကြိုးစားခဲ့သည်။ သူတို့နှစ်ယောက်သည် အရှိန်မြှင့်တင်ခဲ့ကြသည်။
“ အဲ့ဒီအချိန်ကျရင် ငါတို့နှစ်ယောက်က လပုန်ကန်ခန်းမသခင်ဖြစ်လာကြမယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဂိတ်တံခါးကို ဖွင့်လှစ်ရန် ခေါင်းဆောင်နှင့်အတူ ပူးပေါင်းလိုက်သည်။
မည်သို့ကြည့်ပါစေ အပြင်ဘက်မှ အခြေအနေက အရေးကြီးအမှတ်သို့ ကျရောက်နေသော်လည်း အကယ်၍ မတော်တဆမှုသာ ဖြစ်ပေါ်မလာလျှင် သူတို့ထံမှာ အချိန်အလုံအလောက် ရလိမ့်မည်။
သို့သော်လည်း မတော်တဆမှုက အဆုံးမှာ ထွက်ပေါ်လာဆဲပင်။
ရွှီချင်းနှင့် ခေါင်းဆောင်က ဂိတ်တံခါးကို ချိုးဖြတ်နေသည့် တတိယမြောက်နေ့တွင် အနီရောင်လကျင့်ကြံသူများသည် သဲကန္တာရတစ်ခုလုံးကို ဝန်းရံလိုက်ကြသည်။ ကန္တာရတစ်ခုလုံးသည် ထက်ဝက်နီးပါး လျော့ကျသွားသည်။
အနီရောင်လကျင့်ကြံသူများ ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်နှင့် မြေပြင်သည် အနီရောင်သို့ ပြောင်းလဲသွားလိမ့်မည်။
ဤစစ်ဆင်ရေး၏ ဦးသျှောင်ဖြစ်သော အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ကျိုင်းတုတ်ကို ကိုင်ဆောင်လျက် လေထဲသို့ ပျံသန်းသွားသည်။ သူက မွန်းစတားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
မြေပြင်ပေါ်မှ အနီရောင်လကျင့်ကြံသူများသည် ဝမ်းလျားမှောက်လိုက်ကြပြီး ဂါထာမန္တန်ကို ရွတ်ဆိုလိုက်ကြသည်။
တဖြည်းဖြည်း သွေးနီအလင်းသည် လေထဲသို့ မြှောက်တတ်သွားပြီး ပိုပြီးသိပ်သည်းလာသည်။ ယင်းက ဝဲကတာ့တစ်ခုသို့ ပြောင်းလဲသွားပြီး မြည်ဟိန်းသွားသည်။
ဝဲကတော့က (၉၉)ကြိမ်အထိ လှည့်ပတ်ပြီးနောက် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ကျိုင်းတုတ်ကို မြင့်မြင့်မြှောက်လိုက်သည်။
ကမ္ဘာမြေတုန်ဟီးစေမည့် ကျယ်လောင်သော မြည်ဟိန်းသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်သည် သဏ္ဍာန်မဲ့သော ဧရာမလက်တစ်စုံ၏ ဆုတ်ဖြဲခံလိုက်ရသည့်အလား အကြမ်းပတမ်း လှုပ်ရှားထကြွလာသည်။
ကီလိုမီတာ(၅၀၀၀)ကျယ်ဝန်းသော အက်ကွဲကြောင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
အက်ကွဲကြောင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း အဆုံးမဲ့သော သွေးသည် အက်ကွဲကြောင်းထဲမှ စီးကျလာသည်။ ယင်းက သွေးမိုးသဖွယ် သဲကန္တာရတစ်ခုလုံးပေါ်သို့ ရွာသွန်းလာသည်။
ဘဝကံကြမ္မာဆိုးတောင်တန်းကို ကာကွယ်ပေးထားသော မုန်တိုင်းသည် သွေးမိုးရွာသွန်းမှုအောက်မှာ မြန်ဆန်သော အလျင်ဖြင့် လွင့်ပြယ်သွားနေသည်။ အံ့ဩစရာအကောင်းဆုံးအရာမှာ အက်ကွဲကြောင်းထဲမှ ပေါ်လျှိုးလာနေသော အရှိန်အဝါ ဖြစ်သည်။
ထိုအရှိန်အဝါသည် အလွန်ကြောက်စရာကောင်းပြီး ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။ ယင်းက သဲကန္တာရတစ်ခုတည်းကို သက်ရောက်နေခြင်းမဟုတ်ဘဲ လဝတ်ပြုဒေသကြီးတစ်ခုလုံးကို သက်ရောက်နေခြင်း ဖြစ်သည်။
ချက်ချင်းပင် ဤဒေသကြီးထဲမှ သက်ရှိအားလုံးသည် နှလုံးတုန်လာကြသည်။ ထိုအရှိန်အဝါအောက်မှာ သူတို့၏ ဝိညာဉ်က တုန်ယင်လာကြသည်။
ထိုသို့ဖြစ်ရသည့်အကြောင်းမှာ အရေပြားအပိုင်းအစတစ်ခုက အက်ကွဲကြောင်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသောကြောင့် ဖြစ်သည်။
ယင်းက ပိုကြီးသထက် ကြီးမားလာသည်။ ယင်းက ကောင်းကင်ပေါ်မှ ဧရာမအမိုးခုံးသဖွယ် ထွက်ပေါ်လာသည်။ ယင်း၏ အပေါ်မှာ နိမ့်ရာမှ မြင့်ရာသို့ သွယ်တန်းတည်ရှိနေကြသော တောင်တန်းများကို မြင်တွေ့နိုင်ပေသည်။ ထို့ပြင် နေ၊ လနှင့် ကြယ်များသာမက ကြယ်တာရာကောင်းကင်သဖွယ် ဖြစ်တည်နေသော အချုပ်အနှောင်အစီအရင်များလည်း ပါရှိသေးသည်။ ထိုထဲမှာ ထောင်သောင်းချီသော မျိုးနွယ်များထံမှ ဝိညာဉ်များ၏ ငိုကြွေးသံများလည်း ထွက်ပေါ်နေသည်။
ထိုအရေပြားတစ်ခုလုံးသည် ကြက်သွေးရောင်ဖြစ်ပြီး အနီရောင်ငရဲဖြင့် ဆင်တူသည်။ ယင်းက မကောင်းဆိုးစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။
သို့သော်လည်း ယင်းက မြင့်မြတ်အရှိန်အဝါကို ပေးစွမ်းသည်။ ဤသည်မှာ ထိုအရေပြားက ကောင်းမှုနှင့် မကောင်းမှု၊ တရားမျှတမှုနှင့် ယုတ်မာမှု၊ သေခြင်းနှင့် ရှင်ခြင်းကို အတူတကွ ပေါင်းစည်းထားသည့်အလားပင်။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။
ထိုအရေပြားထွက်ပေါ်လာသည်နှင့် ကောင်းကင်သည် စတင်ဝေဝါးလာသည်။ ဤသည်မှာ ကောင်းကင်က ပျောက်ကွယ်နေပြီး အက်ကွဲကြောင်းတစ်ခုတည်း ကျန်ရှိတော့သည့်အလားပင်။ မြေပြင်သည်လည်း ပုံပျက်တွန့်လိမ်လာနေသည်။
နတ်ဘုရားအစွမ်းသည် ကောင်းကင်ဆီသို့ ထိုးတတ်သွားသည်။
အနီရောင်လကျင့်ကြံသူများသည် အရူးအမူး အရိုအသေပေးလိုက်ကြသည်။
မကြာမီ အရေပြားက လူသားအသွင်သို့ ဖြည်းဖြည်းချင်း တွန့်လိမ်သွားသည်။ ခြေလက်များနှင့် ခန္ဓာကိုယ်က ဖြစ်ပေါ်လာသည်။
နောက်ဆုံးမှာတော့ ဦးခေါင်းမဲ့ခန္ဓာကိုယ်တစ်ခုက ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
၎င်းက တစ်လက်မဆင်းသက်လာတိုင်း မြေပြင်သည် တုန်ယင်လာပြီး အောက်ဘက်သို့ ဆယ်ပေခန့် ချိုင့်ဝင်သွားသည်။ မုန်တိုင်းသည် အလျှင်အမြန် လွင့်ပြယ်သွားသည်။ သဲမြေသည် ဆက်လက်အက်ကွဲသွားပြီး သွေးမိုး၏ ရွာသွန်းမှုအောက်မှာ အနီရောင်ဖုန်မှုန့်သို့ ပြောင်းလဲသွားကြသည်။
သွေးမိုးသည် ဘေးပတ်ဝန်းကျင်သို့ ဆက်လက် ရွာသွန်းသွားသည်။ သွေးမြစ်များသည် အရပ်မျက်နှာပေါင်းစုံမှာ ထွက်ပေါ်လာကြပြီး သဲကန္တာရကို ဝန်းရံလိုက်ကြသည်။ ဤသည်မှာ ငရဲပြည်မှ ကြေးချွတ်သန့်စင်ဘုံက သေမျိုးလောကဆီသို့ သက်ဆင်းလာသည့်အလားပင်။
အော်ဟစ်ညည်းညူသံများသည် အရေပြားထဲမှာ ပဲ့တင်ထပ်နေသည်။ ယင်းက ကြားရသူတိုင်းကို ကျောချမ်းသွားစေလိမ့်မည်။
ထိုအရေပြားသည် အနီရောင်လဗိမာန်၏ အထွတ်အမြတ်ရတနာဖြစ်သည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို ဖိနှိပ်နိုင်ပြီး ဒေသကြီးတစ်ခုလုံးမှ သက်ရှိအားလုံးကို တုန်လှုပ်သွားစေနိုင်သည်။
ယင်းက နီလာနတ်သမီး၏ သေမျိုးအရေခွံဖြစ်သည်။