အဆင့်ခုနစ်
Vol. 68 Ch. 1062
လပုန်ကန်ခန်းမသည် တစ်ခါမှ ထိုကဲ့သို့ မတုန်ခါခဲ့ပေ။
အမြင့်မြတ်ဆုံးဘုရားကျောင်းသည် တောက်ပသော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းသည် လပုန်ကန်ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အဝေးမှ ကြည့်လျှင် ဤလောကကြီးကို သွေးအကာအကွယ်တစ်ခုက ဖုံးလွှမ်းသွားသည့်အလား အောက်မေ့ရ၏။
အဘယ့်ကြောင့်ဆိုသော် တူညီသော အခွင့်အာဏာနှစ်ခုက တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။
ယင်းက အနီရောင်လ၏ အခွင့်အာဏာ ဖြစ်သည်။
ဝမ်ကူးကုန်းမြေ၏ ရှေးဟောင်းလစန္ဒာ(၃၇)ခုထဲမှ တစ်ခုဖြစ်သော အနီရောင်လသည် လျှို့ဝှက်ဆန်းကြယ်မှုများစွာကို ပိုင်ဆိုင်ထားသည်။ ရှေးခေတ်အချိန်မှစ၍ အနီရောင်လနှင့်ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ နတ်ဘုရားမျက်နှာပျက်ကြီးရောက်ရှိလာပြီးနောက် ရှေးဟောင်းလစန္ဒာများသည် တစ်ခုပြီးတစ်ခု ကြွေကျသွားခဲ့ကြသည်။ ယခု လစန္ဒာ(၁၂)ခုသာ ကျန်ရှိတော့သည်။
ထို့ပြင် အနီရောင်လသည် ထိုလစန္ဒာ(၁၂)ခုထဲမှ တစ်ခုဖြစ်သည်။
၎င်းက အဆင့်ခုနစ်မှာ ရှိသည်။
ရှေးခေတ်ကာလကတည်းက ၎င်းကို ပိုးစုန်းကြူးလ၊ သွေးလ၊ ကြက်သွေးရောင်လ အစရှိသဖြင့် နာမည်အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယခုတော့ ၎င်းကို အနီရောင်လဟု ခေါ်ဆိုကြသည်။
နီလာနတ်သမီးသည် အနီရောင်လကို တွယ်ကပ်ခဲ့ပြီး တစ်ချိန်လုံး အနီရောင်လ၏ အခွင့်အာဏာကို ဝါးမျိုနေခဲ့သည်။ သူက အနီရောင်လကို အစားထိုးလိုခြင်း ဖြစ်သည်။ အကယ်၍ သူသာအောင်မြင်သွားလျှင် အနီရောင်လ နီလာနတ်သမီးဟူ၍ မရှိတော့ပေ။ ယင်းအစား နီလာနတ်သမီး အနီရောင်လဖြစ်လာလိမ့်မည်။
နီလာနတ်သမီးက အရှေ့ရောက်သွားပြီး အနီရောင်လက အနောက်ရောက်သွားလိမ့်မည်။
ဂိတ်တံခါးပေါ်မှ အနီရောင်အလင်းသည် ချောက်ချားဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ ရွှီချင်း၏ အသိစိတ်သည် နတ်ဘုရားသဘာဝ၏ အစားထိုးခံလိုက်ရသည်။ ဤအခိုက်အတန့်မှာ သူ၏ လူသားသဘာဝက မှေးမှိန်သွားပြီ ဖြစ်သည်။ သူ၏ သားရဲသဘာဝသည်သာ နတ်ဘုရားသဘာဝ၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ကြမ်းကြုတ်စွာ ထွက်ပေါ်လာပြီး နီလာနတ်သမီး၏ ပုံရိပ်ကို ဝါးမျိုလိုက်သည်။
ခေါင်းဆောင်သည်တော့ ရွှီချင်းနှင့် ခြားနားသည်။ သူ၏ အခြေအနေသည် အလွန်ထူးခြားသည်။ အပြာရောင်အလင်း တောက်ပလာသည့်အခါ သူ့ဆီမှာ နတ်ဘုရားသဘာဝဖြစ်စေ သို့မဟုတ် လူသားသဘာဝဖြစ်စေ မရှိတော့ဟန် ရ၏။ သူ၏ သားရဲသဘာဝသည်ပင် ဖရိုဖရဲဖြစ်နေသည်။
နတ်ဘုရား၊ လူသားနှင့် သားရဲတို့၏ ပုံသဏ္ဍာန်သုံးမျိုးသည် သူ၏ စိတ်ဆန္ဒအလျောက် အတူတကွ ပေါင်းစပ်သွားကြသည်။ ယင်းတို့ကို ခွဲခြားရန် မဖြစ်နိုင်ပေ။ ယင်းတို့က ထူးခြားသော အခြေအနေတစ်ခုကို ဖြစ်ပေါ်လာစေသည်။
သူတို့နှစ်ယောက်၏ ဝါးမျိုမှုအောက်မှာ နီလာနတ်သမီး၏ ပုံရိပ်သည် ကြက်သွေးရောင်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ အနီရောင်အလင်းသည် အပြင်းအထန် လှုပ်ခတ်လာသည်။ လက်ဖြင့် ဖုံးအုပ်ထားသော သူ၏ မျက်လုံးကို ဖွင့်လှစ်တော့မည်ဟန် ရ၏။ ထို့ပြင် ထပ်ဆင့်ပုံရိပ်များက နီလာနတ်သမီး၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ထပ်ဆင့်ပုံရိပ်များ ထွက်ပေါ်လာသောအခါ အနီရောင်အလင်းသည် ပိုပြီးတောက်ပလာပြီး ရွှီချင်းနှင့် ခေါင်းဆောင်အပေါ် ပိုပြီးဖိအားများလာစေသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ နီလာနတ်သမီးက နှစ်ချိုက်စွာ အိပ်မောကျနေခြင်းမဟုတ်ပါလော။ သူက ဂိတ်တံခါးပေါ်မှာ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုကိုသာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ သီအိုရီအရဆိုလျှင် ယင်းက အတိတ်တုန်းက လီယုံကျောက်တိုင်ပေါ်မှ သူ၏ အမှတ်အသားနှင့် တူညီပေသည်။
သို့သော်လည်း အတိတ်တုန်းက အမှတ်အသားသည် သူ၏ တမန်တော်ထံမှ ဖြစ်သည်။ ဂိတ်တံခါးပေါ်မှ ဤအမှတ်အသားသည်တော့ သူ၏ မူလခန္ဓာကိုယ်ထံမှ ဖြစ်သည်။ ထို့ကြောင့် ဤတစ်ခုက အများကြီး ပိုအားကောင်းသည်။
အကယ်၍ စစ်မှန်သော ကျင့်ကြံသူများဆိုလျှင် ဤအမှတ်အသားကို ခုခံရန် အလွန်ခက်ခဲလိမ့်မည်။ သူတို့က ယင်းကို ဖိနှိပ်ချင်လျှင် အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို အမှီသဟဲပြုရလိမ့်မည်။
သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်သည် စစ်မှန်သော ကျင့်ကြံသူများ မဟုတ်ကြပေ။ ရွှီချင်းက နတ်ဘုရားသဘာဝနှင့် ထိတွေ့သွားသည့်အခိုက် နတ်ဘုရားအစွမ်းကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးပြီ ဖြစ်သည်။
ခေါင်းဆောင်သည်တော့ သူက အစကတည်းက ထူးခြားဆန်းကြယ်သူဖြစ်သည်။ ထို့ကြောင့် သူက စစ်မှန်သော ကျင့်ကြံသူမဟုတ်ပေ။
ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာ သူတို့၏ စိတ်ဆန္ဒက နီလာနတ်သမီး၏ ပုံရိပ်ကို တရစပ် တိုက်ခိုက်လိုက်သည်။ ရွှီချင်းက အသွင်ပြောင်းလဲထားသော သွေးပင်လယ်သည် လောဘနှင့် အဆုံးမဲ့ဆာလောင်မှုကို သယ်ဆောင်လျက် နီလာနတ်သမီး၏ ပုံရိပ်ကို အလျှင်အမြန် ဝါးမျိုနေပြီး အနီရောင်လ၏ အခွင့်အာဏာကို စုပ်ယူနေသည်။
အပြာရောင်အလင်းအောက်မှာ ခေါင်းဆောင်သည် အပြာရောင်ပိုးကောင်သို့ ပြောင်းလဲသွားပြီး နီလာနတ်သမီး၏ မျက်ခုံးနှစ်ခုကြားနေရာမှာ လဲလျောင်းလိုက်သည်။ ၎င်းက ပါးစပ်ဟလိုက်ပြီး အရူးအမူး ကိုက်ဝါးစားလိုက်သည်။
သို့သော်လည်း နီလာနတ်သမီးသည် နတ်ဘုရားတစ်ပါးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ထပ်ဆင့်ပုံရိပ်လွှာများသည် မြန်ဆန်စွာ တိုးမြှင့်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပုံရိပ်ရာထောင်ချီသည် သူ၏ ခန္ဓာကိုယ်ကို ထပ်ဆင့်လွှမ်းခြုံသွားကြသည်။ ယင်းက သူ၏ ပုံရိပ်ကို မြန်ဆန်စွာ ဒြပ်ထည်ဖြစ်တည်လာစေသည်။
တစ်ချိန်တည်းမှာ ထိုထပ်ဆင့်လွှမ်းခြုံမှုက နတ်ဘုရားအတတ်ပညာကို ပေါက်ကွဲထွက်လာစေသည်။ ရွှီချင်း၏ သွေးပင်လယ်သည် ပြိုကွဲသွားပြီး အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ ခေါင်းဆောင်၏ ပိုးကောင်သည် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ပြိုကွဲသွားသော သွေးပင်လယ်သည် တဖန်ပြန်စုဝေးသွားသည်။ ရွှီချင်း၏ မထူးမခြားနားမျက်နှာသည် သွေးပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။ ၎င်းက နီလာနတ်သမီးကို ဆက်လက် ဝါးမျိုလိုက်သည်။
သူက တစ်ခါဝါးမျိုလိုက်တိုင်း သူ၏ အနီရောင်လအခွင့်အာဏာက ပိုပြီးအားကောင်းလာလိမ့်မည်။
သူတို့က ဇစ်မြစ်တစ်ခုတည်းမှဖြစ်သောကြောင့် ရွှီချင်းသည် နီလာနတ်သမီး၏ ဖျက်ဆီးမှုကို လျစ်လျူရှုနိုင်သည်။ သို့သော်လည်း ထိုသို့ဝါးမျိုခြင်းသည် အစွန်းနှစ်ဖက်ရှိသည်။ သူက နီလာနတ်သမီးကို ဝါးမျိုနိုင်သကဲ့သို့ နီလာနတ်သမီးကလည်း သူ့ကို ပြန်ဝါးမျိုနိုင်ပေသည်။
အကယ်၍ ရွှီချင်းတစ်ယောက်တည်းသာဆိုလျှင် အခြေအနေကို သူက ပြောင်းပြန်လှန်ပစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ချန်းအားညိုက ဤနေရာမှာ ရှိနေသည်။
ပိုးကောင်၏ အက်ကွဲသွားသော အပိုင်းအစတစ်ခုစီက ပိုးကောင်အသစ်တစ်ကောင်သို့ ပြောင်းလဲသွားသည်။ ထိုအခါ ပိုးကောင်က တစ်ရာခန့်သို့ တိုးမြှင့်သွားသည်။ ၎င်းတို့အားလုံးသည် တကျီကျီမြည်သံကို ထုတ်ဖော်လိုက်ပြီး အရူးအမူး ကိုက်ဝါးစားလိုက်ကြသည်။
ချန်းအားညို၏ ကိုက်စားမှုက အပြာရောင်အလင်းကို နီလာနတ်သမီး၏ ပုံရိပ်ထံသို့ ပေါင်းစပ်သွားစေသည်။ ယင်းက ရွှီချင်းအပေါ် နီလာနတ်သမီး၏ ပြန်ဝါးမျိုခြင်းကို နှောင့်ယှက်လိုက်သည်။ ထို့ကြောင့် ရွှီချင်းက မည်သည့်အတားအဆီးမှမရှိဘဲ ချောမွေ့စွာ ဝါးမျိုနိုင်သွားသည်။ သူ၏ ဝါးမျိုခြင်းက နီလာနတ်သမီး၏ ပုံရိပ်မှ စွမ်းအားကို ပြိုကွဲထွက်သွားစေသည်။ ယင်းက ခေါင်းဆောင်ကို ပိုပြီးချောမွေ့စွာ ဝါးမျိုနိုင်စေသည်။
အကယ်၍ သူတို့ထဲမှ တစ်ယောက်သာမရှိလျှင် အောင်မြင်ရန် အလွန်ခက်ခဲလိမ့်မည်။
ထိုသို့ဖြင့် နီလာနတ်သမီး၏ ခန္ဓာကိုယ်ပေါ်မှ ထပ်ဆင့်ပုံရိပ်များသည် ဆက်လက် ပြိုကွဲထွက်သွားသည်။ သူ၏ အခြေအနေက တဖြည်းဖြည်း စတင်ဝေဝါးလာသည်။ သူက ရွှီချင်းနှင့် ချန်းအားညို၏ ဝါးမျိုမှုအောက်မှာ ပျောက်ကွယ်သွားတော့မည့်ဟန် ရ၏။
ထိုအခိုက်အတန့်မှာ ပြင်းထန်သော အားလှိုင်းအတတ်အကျများသည် နီလာနတ်သမီး၏ ပုံရိပ်ထံမှ ပေါက်ကွဲထွက်လာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်လုံးကို ဖုံးကွယ်ထားသော လက်နှစ်ဖက်က အောက်သို့ လျောကျသွားသည်။
သူ၏ လက်နှစ်ဖက်ကို ဖယ်ရှားလိုက်သည့်အခိုက် အချိန်သည် ရပ်တန့်သွားပြီး လေဟာနယ်က ပြောင်းလဲသွားဟန် ရ၏။ ကြယ်များက ရွေ့လျားသွားကြပြီး နတ်ဘုရားအစွမ်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ပြိုင်ဘက်ကင်းအောင် လှပသော မျက်နှာက ရွှီချင်းနှင့် ချန်းအားညို၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ မျက်လုံးမရှိပေ။ သွေးစီးကျနေသော ဟောင်းလောင်းပေါက်နှစ်ခုသာ ရှိသည်။
သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
ရွှီချင်းက အသွင်ပြောင်းလဲထားသော သွေးပင်လယ်သည် ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ကြီးမားသော စုပ်ယူအားသည် ထိုဟောင်းလောင်းပေါက်နှစ်ခုထဲမှ ပျံ့နှံ့ထွက်လာသည်။ ရွှီချင်း၏ ပြိုကွဲသွားသော သွေးပင်လယ်သည် မျက်လုံးအပေါက်နှစ်ခု၏ စုပ်ယူခံလိုက်ရသည်။
ချက်ချင်းဆိုသလို သွေးပင်လယ်သည် မျက်လုံးအပေါက်ထဲသို့ စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။ ဤသည်မှာ ယင်းက ဝါးမျိုခံလိုက်ရသည့်အလားပင်။
ခေါင်းဆောင်၏ ပိုးကောင်များသည်တော့ အနောက်သို့ အတင်းအကြပ် တွန်းထုတ်ခံလိုက်ရသည်။ နီလာနတ်သမီး၏ ပုံရိပ်သည် ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ပိုးကောင်တစ်ကောင်သည် ချက်ချင်း ဖမ်းဆုပ်ခံလိုက်ရပြီး အကြမ်းပတမ်း ဖျစ်ညှစ်ခံလိုက်ရသည်။
ပေါက်ကွဲသံနှင့်အတူ ထိုပိုးကောင်သည် ပြိုကွဲပျက်စီးသွားသည်။ ကမ္မစွမ်းအင်၏ သက်ရောက်မှုအောက်မှာ ယင်းက တခြားပိုးကောင်များအပေါ်လည်း သက်ရောက်သွားသည်။ လျှပ်တစ်ပြက်အတွင်း ပိုးကောင်အားလုံးသည် ပြိုကွဲပျက်စီးသွားကြသည်။
အရာအားလုံးက ပြီးဆုံးသွားဟန် ထင်ရသည်။
ရွှီချင်းနှင့် ချန်းအားညိုကို ဖြေရှင်းပြီးနောက် နီလာနတ်သမီး၏ ပုံရိပ်သည် သူ၏ မျက်လုံးကို လက်နှစ်ဖက်ဖြင့် ပြန်ဖုံးအုပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။
ပမာဏများပြားသော သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ သူ၏ မျက်နှာသည်လည်း အလျှင်အမြန် ပြောင်းလဲသွားသည်။ ယင်းက ရွှီချင်း၏ မျက်နှာသို့ ပြောင်းလဲသွားသည်။ ရွှီချင်း၏ အခွင့်အာဏာသည် နီလာနတ်သမီး၏ အစစ်အမှန်ခန္ဓာကိုယ် သို့မဟုတ် ကိုယ်ပွားကို မယှဉ်နိုင်ပေ။ သို့သော်လည်း ၎င်းက နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုသာ ဖြစ်သည်။ သို့ဖြစ်၍ သူ့ကို အလွယ်တကူ မဖိနှိပ်နိုင်ပေ။
ယင်းက ခေါင်းဆောင်အတွက်လည်း အတူတူဖြစ်သည်။ ပိုးကောင်အားလုံးက ပြိုကွဲပျက်စီးသွားသော်လည်း အသွေးအသားသည် လွင့်ပြယ်မသွားခဲ့ပေ။ ယခု အသွေးအသားအားလုံးက ပြန်စုစည်းသွားပြီး လက်တစ်ဖက်သို့ ပြောင်းလဲသွားသည်။
ထိုလက်သည် ခြောက်သွေ့နေပြီး ယိုယွင်းပျက်စီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းပေါ်မှာ ချိပ်တံဆိပ်အစီအရင်များ ရှိသည်။ ဤသည်မှာ ထိုလက်က ဘုံကိုးဆင့်ငရဲပြည်ထဲမှ ဆန့်တန်းထွက်လာသည့်အလားပင်။ အနီးကပ်သေချာကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သော ဝိညာဉ်များက တစ္ဆေလက်များအသွင် ဖြစ်ပေါ်နေကြပြီး ထိုလက်၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်နေကြကြောင်း မြင်နိုင်လိမ့်မည်။ ဤသည်မှာ ထိုတစ္ဆေလက်များက အပြင်ထွက်လာရန် ဆန္ဒမရှိသည့်အလား လက်ကို အနောက်သို့ ပြန်ဆွဲခေါ်သွားရန် ကြိုးစားနေပုံပေါ်သည်။
သို့သော်လည်း ခြောက်သွေ့သော ထိုလက်သည် အရာအားလုံးကို လျစ်လျူရှုထားလျက် နီလာနတ်သမီး၏ မျက်ခုံးနှစ်ခုကြားနေရာဆီသို့ လက်ညှိုးညွှန်လိုက်သည်။
၎င်း၏ အနက်ရောင်လက်သည်းခွံသည် နီလာနတ်သမီး၏ နီဝမ်နယ်မြေကို တိုက်ရိုက် ထိတွေ့သွားသည်။
( နီဝမ်နယ်မြေ = မျက်ခုံးနှစ်ခုကြားနေရာ)
ပေါက်ကွဲသံနှင့်အတူ နီလာနတ်သမီး၏ တစ်ကိုယ်လုံးသည် တုန်ယင်လာပြီး စတင်ယိုယွင်းပျက်စီးလာသည်။ သူက ထိုစွမ်းအားကို ဖယ်ရှားချင်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှာရှိနေသော ရွှီချင်းက ပြန်ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို အထဲမှ ဝါးမျိုလိုက်သည်။
နီလာနတ်သမီး၏ ပုံရိပ်သည် အပြင်းအထန် တုန်ခါလာသည်။ အတွင်းနှင့်အပြင်၏ ပူးပေါင်းတိုက်ခိုက်မှုကြားမှာ သူက တောင့်ခံနိုင်သော အကန့်အသတ်သို့ ရောက်ရှိသွားဟန် ရသည်။ အသက်ငါးခါရှူချိန်ကြာပြီးနောက် သူက ဝေဝါးလာပြီး နောက်ဆုံးမှာတော့ ပြိုကွဲထွက်သွားသည်။
နီလာနတ်သမီး၏ ပုံရိပ်သည် အပိုင်းပိုင်းအစစ ပြိုကွဲထွက်သွားသည်။ ယင်းက ရွှေရောင်သွေးသို့ ပြောင်းလဲသွားပြီး စတင်လွင့်ပြယ်သွားသည်။
ရွှီချင်းက အသွင်ပြောင်းလဲထားသော သွေးပင်လယ်သည် နီလာနတ်သမီး၏ ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ခွဲထွက်လာသည်။ သူက ပြန်စုဝေးသွားပြီး မျက်နှာတစ်ခုကို ဖွဲ့စည်းလိုက်သည်။ တစ်ချိန်တည်းမှာ အနီရောင်လအခွင့်အာဏာ၏ စွမ်းအင်အတတ်အကျသည် မတည်မငြိမ်ဖြစ်လာသည်။ သိသာစွာပင် သူ၏ အခွင့်အာဏာက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်မှာ ချန်းအားညို၏ ခြောက်သွေ့သော လက်သည် လွင့်ပြယ်သွားသည်။ ထိုနေရာမှာ ကျန်ရှိသော အပြာရောင်အလင်းတန်းက ပိုးကောင်တစ်ကောင်သို့ ပြောင်းလဲသွားသည်။ ထိုပိုးကောင်ပေါ်မှာ ခေါင်းဆောင်၏ မျက်နှာက ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှ ရူးသွပ်မှုသည် အလွန်ပြင်းထန်သည်။
နီလာနတ်သမီး၏ ပုံရိပ် ပြိုကွဲသွားပြီးနောက် ရွှေရောင်သွေးက စီးကျလာသည်။ ရွှေရောင်သွေးသည် အနီရောင်သွေးမျက်လုံးတစ်ခုသို့ ဖွဲ့စည်းသွားသည်။ ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အခါ နတ်ဘုရားစိတ်အာရုံက ပဲ့တင်ထပ်သွားသည်။
“ အနီရောင်ကျိန်စာ… ကျိန်စာစက္ကူ… ဝိညာဉ်ချဲ့ထွင်ခြင်း… ဘဝပေါင်းစပ်ခြင်း ”
ထိုစကားလေးမျိုးကို ပြောပြီးနောက် အနီရောင်သွေးမျက်လုံးသည် ပြန်မှိတ်သွားပြီး လွင့်ပြယ်သွားသည်။
ဤအခိုက်အတန့်မှာ အမြင့်မြတ်ဆုံးဘုရားကျောင်း၏ ဂိတ်တံခါးပေါ်မှ နီလာနတ်သမီး၏ တိုတမ်သည် နောက်ဆုံးမှာတော့ လုံးဝပျောက်ကွယ်သွားသည်။
ရွှီချင်းနှင့် ချန်းအားညိုသည် အောင်မြင်သွားသည်။
သို့သော်လည်း အေးစက်စက်လေပြေသည် ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးလာသည်။ ယင်းက မရှောင်လွှဲနိုင်သော ကမ္မစွမ်းအားကို သယ်ဆောင်လျက် တိုက်ခတ်လာခြင်း ဖြစ်သည်။ လေပြေသည် တိုက်ရိုက် သက်ဆင်းလာပြီး ရွှီချင်းနှင့် ခေါင်းဆောင်၏ အသိအမြင်ပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်း၏ စိတ်သည် တုန်ယင်သွားပြီး သွေးပင်လယ်သည် ပြိုကွဲထွက်သွားသည်။ သူ၏ စိတ်သည် ထိုထူးဆန်းသော စွမ်းအင်ကြောင့် လွင့်စင်သွားသည်။ သူ၏ စိတ်က ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသောအခါ သူက သွေးတစ်ပွက်အန်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်သည် အနီရောင်သို့ ပြောင်းလဲသွားပြီး စက္ကူတစ်ခုဖြစ်လာသည်။ သူ၏ အသွေးအသားများသည်လည်း ထိုအတိုင်းပင် ဖြစ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ စက္ကူရုပ်သို့ ပြောင်းလဲသွားနေသည်။
သူ၏ ဝိညာဉ်သည်ပင် မရှောင်လွှဲနိုင်ပေ။ သူ၏ ကံကြမ္မာသည် ပြောင်းလဲခံလိုက်ရသည်။
ခေါင်းဆောင်၏ ပိုးကောင်သည် ထိုထူးဆန်းသော စွမ်းအင်အောက်မှာ အဆက်မပြတ် ပြိုကွဲသွားသည်။ နောက်ဆုံးမှာ ၎င်းက တိုတမ်လေးအသွင်သို့ ပြန်ပြောင်းလဲသွားပြီး စက္ကူအဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။ တိုတမ်လေး၏ မျက်နှာပေါ်မှာ တည်ကြည်လေးနက်သော အမူအရာ ထွက်ပေါ်လာသည်။
“ ဂျူနီယာညီလေး အဲ့ဒါက နတ်ဘုရားတွေ သူတို့မုန်းတီးတဲ့လူကို အပြစ်ဒဏ်ပေးတဲ့ ကျိန်စာပဲ… အဲ့ဒါက နတ်ဘုရားကျိန်စာ ”
“ ခဏတောင့်ခံထားဦး… ဒီကျိန်စာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ငါစဉ်းစားဦးမယ်… ပြီးသွားရင် မင်းကို ကူညီပေးမယ်… ဒီဟာက ဖြေရှင်းဖို့ အရမ်းခက်ခဲပြီး အရမ်းရက်စက်ကြမ်းကြုတ်တယ် ”
ခေါင်းဆောင်က စကားပြောလိုက်သည့်အခါ တိုတမ်လေးသည် အပြာရောင်အလင်းတောက်ပလာသည်။ ယင်းက ဝဲကတော့တစ်ခုသို့ ပြောင်းလဲသွားပြီး အစွမ်းကုန်သုံး၍ လှည့်ပတ်လိုက်သည်။ စူးရှသော အော်မြည်သံများနှင့် ကျယ်လောင်သော ဟိန်းသံများသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာကြသည်။ ဤသည်မှာ မရေမတွက်နိုင်သော တည်ရှိမှုများက အထဲ၌ ဟိန်းဟောက်နေကြသည့်အလားပင်။
ဟိန်းသံတစ်ခုစီသည် ဝိညာဉ်ကို လှုပ်ခါစေနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုကျိန်စာသည် အလွန်ရက်စက်ကြမ်းကြုတ်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်တစ်ဝက်က စက္ကူအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ အနီရောင်စက္ကူသည် အလွန်ထူးဆန်းပြီး ရွှီချင်း၏ အနီရောင်လအခွင့်အာဏာကို လျစ်လျူရှုထားနိုင်သည်။
အမှန်မှာ ရွှီချင်းက တားမြစ်အဆိပ်ကို ထုတ်သုံးခဲ့သည့်တိုင် ယင်းက အသုံးမဝင်ပေ။
ဤသည်မှာ ထိုကျိန်စာက သာမန်ကျိန်စာတစ်ခုမဟုတ်ဟန် ရ၏။ ထိုထဲမှာ အကြောင်းတရားနှင့် အကျိုးတရားဥပဒေသတို့ ပါရှိပုံပေါ်သည်။ ထိုကျိန်စာ၏ သက်ရောက်ခံလိုက်ရသူတိုင်းသည် သေချာပေါက် သေရလိမ့်မည်။
သို့သော်လည်း ရွှီချင်းသည် ထိုကျိန်စာထံမှ အကျိုးကျေးဇူးတချို့ ရရှိခဲ့သည်။ သူ၏ နတ်ဘုရားသဘာဝက ကျိန်စာကြောင့် ဖိနှိပ်ခံလိုက်ရ၍ လူသားသဘာဝက ပြန်လည်ပေါ်လျှိုးလာသည်။ သို့ဖြစ်၍ နှစ်ဖက်ညီမျှမှုအခြေအနေက ပြန်ထွက်ပေါ်လာသည်။
သို့သော်လည်း လူသားသဘာဝ၏ ပြန်ရောက်ရှိလာမှုသည် ကျိန်စာကို မဖြေရှင်းနိုင်ပေ။
သူ၏ ခန္ဓာကိုယ်က ပြောင်းလဲနေပြီး ဝိညာဉ်က မှေးမှိန်လာနေကြောင်း ရွှီချင်း အာရုံခံမိသည်။ အဆုံးမဲ့သော အအေးဓာတ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သေခြင်းစိတ်အာရုံက သူ၏ အသိအမြင်ထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။
အကယ်၍ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူက စက္ကူအဖြစ် လုံးဝပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း သိသည်။ သူက အသက်တစ်ရာရှူချိန်အတွင်း အနီရောင်စက္ကူရုပ်သို့ ပြောင်းလဲသွားလိမ့်မည်။
“ ဒီကျိန်စာက… မဖြေရှင်းနိုင်လောက်ဘူး ”
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ (ဃ၁၃၂)ထဲသို့ ဝင်ရောက်သွားသည်။ ယခင်က သူနားလည်ထားခဲ့သော မေ့လျော့ခြင်းအယူအဆသည် ဤအခိုက်အတန့်မှာ ပျံ့လွင့်လာသည်။ ယင်းက သူ၏ တစ်ကိုယ်လုံးနှင့် အမြင့်မြတ်ဆုံးဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုထဲမှာ ဂိတ်တံခါးပေါ်မှ ခေါင်းဆောင်၏ တိုတမ်လေးလည်း ပါဝင်သည်။
“ အမ် ”
ကျိန်စာကို အကောင်းဆုံးကြိုးစား၍ ဖြေရှင်းနေသော ခေါင်းဆောင်သည် တစ်ခဏကြာ မိန်းမောတွေဝေသွားသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာထွက်ပေါ်လာသည်။
မေ့လျော့ခြင်းသည် ကမ္မအားလုံးကို ဖြတ်တောက်ပစ်နိုင်သည်။
ကျိန်စာသည် ကမ္မ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထို့ကြောင့် သူက ကျိန်စာနှင့်ပတ်သက်သော မှတ်ဉာဏ်ကို သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံမှ ထာဝရ ဖျောက်ဖျက်ပစ်နိုင်သရွေ့ ကမ္မ၏ သက်ရောက်မှုအားလုံးကို ဖြတ်တောက်ပစ်နိုင်လိမ့်မည်။
ယင်းက နယ်ပယ်စွမ်းအားနှင့် နတ်ဘုရားအတတ်ပညာကြားမှ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။
ထို့ပြင် နယ်ပယ်ဟူသည် ရှေးဘုရင်ရွှမ်ယုံခေတ်တွင် နတ်ဘုရားများကို ရင်ဆိုင်နိုင်ရန် ဖန်တီးခဲ့သော လမ်းစဉ်တစ်ခု ဖြစ်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
မိနစ်သုံးဆယ်ကြာပြီးနောက် ဂိတ်တံခါးဘေးမှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အမူအရာထွက်ပေါ်လာသည်။
“ စောစောက ဘာဖြစ်သွားတာလဲ ”
ဂိတ်တံခါးပေါ်မှ ချန်းအားညို၏ တိုတမ်ပေါ်တွင် မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ သူက အသိစိတ်ဗလာဖြစ်နေသော အမူအရာဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
“ ဟာ… စောစောက ဘာဖြစ်သွားတာလဲ… ထူးဆန်းလိုက်တာ… ငါတစ်ခုခုကို မေ့သွားတဲ့ပုံပဲ… မဖြစ်ဘူး… ငါသေချာ ပြန်စဉ်းစားကြည့်ရမယ်… ”