လပုန်ကန်ခန်းမသခင်များ
Vol. 68 Ch. 1063
ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို ကြားသောအခါ ဆွံ့အသွားသည်။ သူက ဂိတ်တံခါးနှင့် ခေါင်းဆောင်၏ တိုတမ်လေးကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ သူ၏ နောက်ဆုံးမှတ်ဉာဏ်မှာ သူနှင့် ခေါင်းဆောင်က နီလာနတ်သမီး၏ ပုံရိပ်ကို အောင်မြင်စွာ ဝါးမျိုနိုင်ခဲ့ခြင်း ဖြစ်သည်။
“ နီလာနတ်သမီးရဲ့ ပုံရိပ်ကို ဝါးမျိုပြီးတဲ့နောက် မေ့လျော့ခြင်းနယ်ပယ်ကို ငါအသုံးပြုခဲ့တယ်လို့ ဘာလို့ ခံစားမိနေတာလဲ ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အာရုံခံလိုက်သည်။ အရာအားလုံးက အဆင်ပြေနေကြောင်း သူရှာတွေ့သွားသည်။
“ ဖြစ်နိုင်တာက… ”
ရွှီချင်းက လေးနက်စွာ တွေးတောတော့မည့်အချိန် ဂိတ်တံခါးပေါ်မှ ခေါင်းဆောင်၏ တိုတမ်လေးက အော်ပြောလိုက်သည်။
“ မဟုတ်ဘူး ချင်းလေး… ငါ မှတ်ဉာဏ်တချို့ကို မေ့သွားတယ်… ဘာဖြစ်သွားတာလဲ… မဖြစ်ဘူး အဲ့ဒါကို ငါသေချာပြန်စဉ်းစားရမယ်… အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ် ”
ခေါင်းဆောင်က အလန့်တကြား ပြောသည်။
“ စီနီယာအကိုကြီး… အဲ့အကြောင်းကို ထပ်မစဉ်းစားနဲ့တော့ ”
ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။ သူက တံခါးကို တွန်းဖွင့်ချင်သည်။
သို့သော်လည်း ရွှီချင်းက ဂိတ်တံခါးနားသို့ ချဉ်းကပ်သွားသည့်အခိုက် ခေါင်းဆောင်၏ တိုတမ်လေးသည် ရုတ်တရက် အပြာရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သော ချောက်ချားဖွယ် ဟိန်းသံများသည် တိုတမ်လေးထံမှ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ အနီရောင်အလင်းသည် ခေါင်းဆောင်၏ တိုတမ်လေးပေါ်မှာ ထွက်ပေါ်လာသည်။ အနီရောင်အလင်းသည် အမြန်ပျံ့နှံ့လာပြီး တိုတမ်ကို စက္ကူအဖြစ်သို့ ပြောင်းလဲသွားစေသည်။
“ ငါ ငါမှတ်မိပြီ… ငါက နီလာနတ်သမီးရဲ့ ကျိန်စာတိုက်တာ ခံခဲ့ရတာပဲ… ဒီဟာကို ငါမမှတ်မိသင့်ဘူး… အဲ့ဒါမကောင်းဘူး… ချင်းလေး မြန်မြန် ငါ့ကို မေ့သွားအောင် လုပ်ပေးစမ်းပါ ”
ခေါင်းဆောင်သည် တစ်ခဏကြာ အံ့ဩသွားပြီးနောက် စိုးရိမ်ပူပန်လာသည်။ သူ၏ အသံထဲမှာ အဆုံးမဲ့သော နောင်တဖြင့် ပြည့်နှက်နေသည်။ ရွှီချင်း၏ အကြည့်သည်လည်း အေးခဲသွားသည်။ အက်ကွဲသံများသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အမူအရာသည် ပြောင်းလဲသွားပြီး ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက မေ့လျော့ခြင်းနယ်ပယ်ကို ထပ်မံ ထုတ်လွှတ်လိုက်သည်။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးထဲမှာ မိန်းမောတွေဝေသော အရိပ်အယောင် ထွက်ပေါ်လာသည်။
ဂိတ်တံခါးပေါ်တွင် ခေါင်းဆောင်၏ တိုတမ်လေးသည် မျက်လုံးဖွင့်လိုက်သည်။
“ ဟမ်… ငါတစ်ခုခုကို မေ့သွားတယ်လို့ ဘာလို့ခံစားမိနေတာလဲ… စိတ်ဝင်စားစရာပဲ… သေချာပြန်တွေးကြည့်ရအောင်… ငါဘာကိုမေ့သွားလဲဆိုတာ သေချာပေါက် ပြန်မှတ်မိရမယ် ”
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။
“ စီနီယာအကိုကြီး… တစ်ခုခုတော့ လွဲမှားနေတယ်… စောစောက ငါ မေ့လျော့ခြင်းနယ်ပယ်ကို ထုတ်လွှတ်လိုက်တာဖြစ်ရမယ်… အဲ့လိုလုပ်ရတဲ့ အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိလိမ့်မယ် ”
“ ငါတို့က တစ်ခုခုကို မေ့ချင်လို့ အဲ့လိုလုပ်လိုက်တာဖြစ်နိုင်တယ်… တကယ်လို့ အဲ့ဒီဟာကို ငါတို့မှတ်မိနေမယ်ဆိုရင် ကဒ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ် ”
“ ဒီတော့ မင်း မှတ်မိအောင် မကြိုးစားဖို့ ငါအကြံပေးမယ် ”
ရွှီချင်းသည် စကားပြောပြီးနောက် မတ်တတ်ရပ်လိုက်သည်။ သူက လက်ကို ဂိတ်တံခါးပေါ်သို့ တင်လိုက်သည်။
“ စီနီယာအကိုကြီး… ဒီတံခါးကို အတူတူ တွန်းဖွင့်ရအောင် ”
ခေါင်းဆောင်၏ တိုတမ်လေးသည် ဇဝေဇဝါဖြစ်သွားသည်။ တစ်ခဏစဉ်းစားပြီးနောက် သူက ရွှီချင်း၏ အကြံကို လက်ခံလိုက်သည်။ သူက မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သံသယရှိနေဆဲဖြစ်သော်လည်း သူ၏ စူးစမ်းလိုစိတ်ကို ဖိနှိပ်ထားလိုက်သည်။
“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… အဲ့ဒီကိစ္စကို နောက်မှပဲ ငါစဉ်းစားတော့မယ်… လောလောဆယ် ဒီဂိတ်တံခါးကို တွန်းဖွင့်ပြီး လပုန်ကန်ခန်းမသခင်ဖြစ်လာကြရအောင် ”
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ တိုတမ်လေးသည် အပြာရောင်တောက်ပလာသည်။ သူက ရွှီချင်းနှင့် အတူပူးပေါင်းလိုက်ပြီး ဤခေတ်အတွင်းမှာ တစ်ခါမှ မပွင့်လာဖူးသော လပုန်ကန်ခန်းမမှ အမြင့်မြတ်ဆုံးဘုရားကျောင်း၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်လေသည်။
မကြာမီ လပုန်ကန်ခန်းမသခင်များက ထွက်ပေါ်လာကြတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာ ဘဝကံကြမ္မာဆိုးတောင်တန်း၏ ကဒ်ဘေးသည်လည်း အရေးကြီးအမှတ်သို့ ရောက်ရှိနေသည်။ နီလာနတ်သမီး၏ သေမျိုးအရေခွံက ဆင်းသက်လာသည့်အခါ သွေးပင်လယ်ထဲမှာ သီးခြားတည်ရှိနေသော တောင်တန်းသည် သေမျိုးအရေခွံ၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။
အရေပြားက လူးလွန့်သွားသည့်အခါတိုင်း တောင်တန်းဒေသသည် အတွင်းဘက်သို့ အနည်းငယ် ကျုံ့သွားလိမ့်မည်။ ထိုဧရိယာအတွင်းမှာရှိသော ကျောက်တုံးများ၊ သစ်ပင်ပန်းပင်များနှင့် သက်ရှိအားလုံးသည် ဝါးမျိုခံလိုက်ရပြီး အရေပြား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြလိမ့်မည်။
ထိုဝါးမျိုမှုအောက်မှာ ဘဝကံကြမ္မာဆိုးတောင်တန်း၏ (၇၀)ရာခိုင်နှုန်းသည် ပျောက်ကွယ်သွားသည်။
ယင်းက ဆက်လက် စားသုံးနေသည်။
အနီရောင်လကျင့်ကြံသူများသည် အရူးအမူး ဝတ်ပြုနေကြသည်။ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ သူက ထိုကိစ္စကို မကြည့်ပေ။ ယင်းအစား သူက အဝေးတစ်နေရာသို့ ကြည့်နေသည်။
သူ၏ စိတ်အာရုံက တခြားတစ်စုံတစ်ခုပေါ်မှာ ရောက်နေဟန် ရသည်။
“ အိမ်ရှေ့စံမင်းသား… မင်းတို့တွေ ပေါ်မလာသေးဘူးလား ”
အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ဘဝကံကြမ္မာဆိုးတောင်တန်းကို ဝိုင်းရံထားပြီး ဖြည်းဖြည်းချင်း ဝါးမျိုခြင်းသည် သူ၏ အစီအစဉ်သာ ဖြစ်သည်။ သူက ဤနေရာကို ငါးစာအဖြစ် အသုံးပြုပြီး အိမ်ရှေ့စံမင်းသားနှင့် တခြားလူများထွက်ပေါ်လာအောင် တွန်းအားပေးချင်သည်။
အိမ်ရှေ့စံမင်းသားတို့အုပ်စုသည်သာ သူ၏ အဓိကပစ်မှတ်ဖြစ်သည်။
သို့မဟုတ်လျှင် မည်သို့ကြောင့် သူက ဘဝကံကြမ္မာဆိုးတောင်တန်းကို ကိုယ်တိုင်ရောက်လာပြီး အနီရောင်လဗိမာန်၏ အခြေခံအုတ်မြစ်ဖြစ်သော နီလာနတ်သမီး၏ သေမျိုးအရေခွံကို ထုတ်သုံးလိမ့်မည်နည်း။
“ တကယ်လို့ မင်းပေါ်မလာရင် ဒီနေရာက အရှင်ရဲ့ အစာဖြစ်လာလိမ့်မယ် ”
အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။
ဤအခိုက်အတန့်မှာ နီလာနတ်သမီး၏ သေမျိုးအရေခွံဖြင့် ဖုံးလွှမ်းခံထားရသော ဘဝကံကြမ္မာဆိုးတောင်တန်းထဲ၌ ကျင့်ကြံသူအားလုံးသည် ကျန်ရှိသော ဧရိယာ(၃၀)ရာခိုင်နှုန်းထဲမှာ စုဝေးရှိနေကြသည်။
စိတ်ပျက်အားငယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကူအညီမဲ့ခြင်း အစရှိသည့် မကောင်းသော စိတ်ခံစားချက်များသည် ဤနေရာမှ ကျင့်ကြံသူအားလုံးထံမှာ ထွက်ပေါ်လာကြသည်။
သူတို့၏ အဝတ်အစားက ဆုတ်ပြဲနေပြီး မျက်နှာက ညှိုးမှိုင်နေသည်။ သူတို့ထဲမှ အများစုသည် အားအင်ကုန်ခမ်းနေကြပြီး ဤအခိုက်အတန့်မှာ အလွန်အားနည်းနေကြသည်။ သူတို့က သေခြင်းကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ တတ်စွမ်းကြသည်။
သူတို့၏ ကြိုးစားမှုအားလုံးသည် အသုံးမဝင်ပေ။ စတုတ္ထခန်းမသခင်သည်ပင် နီလာနတ်သမီး၏ သေမျိုးအရေခွံအပေါ် ဘာမှမလုပ်နိုင်ပေ။
သူတို့သည် အကောင်းဆုံး ကြိုးစားခဲ့ကြပြီး ထိုမှေးမှိန်သော အရေပြားကမ္ဘာကို အစွမ်းကုန်သုံး၍ တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ မန္တန်များနှင့် နတ်ဘုရားအတတ်ပညာများသည် သေမျိုးအရေခွံကို ခြစ်ရာထင်အောင်ပင် မစွမ်းဆောင်နိုင်ကြပေ။
သေမျိုးများသည် နတ်ဘုရားကို မခုခံနိုင်ကြပေ။
သွေးမိုးသည် ဆက်လက် ရွာသွန်းနေဆဲဖြစ်ပြီး ကုန်းမြေသည် သွေးပင်လယ်အောက်မှာ နစ်မြုပ်သွားဟန် ရသည်။ သက်ရှိများသည် မတ်စောက်သော ကုန်းမြေများနှင့် တောင်ထိပ်များပေါ်တွင်သာ ရပ်နေနိုင်ကြသည်။
ဤနေရာမှ ဒြပ်နှောများသည် အလွန်အမင်း သိပ်သည်းသည်။ အမှန်မှာ ကျင့်ကြံသူများသည် စတင်သန္ဓေပြောင်းလဲနေကြပြီး နာကျင်စွာ အော်ဟစ်ညည်းတွားနေကြပြီ ဖြစ်သည်။ ဝေဒနာခံစားနေရသော သူတို့၏ ဘဝကို သူတို့၏ ရဲဘော်ရဲဘက်များက တိတ်တဆိတ် အဆုံးသတ်ပေးလိုက်ကြသည်။ သေဆုံးခြင်းသည် သူတို့အတွက် နာကျင်မှုကို သက်သာစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ဟန် ရ၏။
စတုတ္ထခန်းမသခင်သည် ထိုအဖြစ်အပျက်အားလုံးကို ခါးသီးစွာ ကြည့်လျက် မျက်လုံးမှိတ်လိုက်သည်။ သူ၏ ကြိုးစားရုန်းကန်မှုက အရာမထင်ခဲ့သည်ဟု တွေးမိသွားသောအခါ သူ၏ စိတ်က အသူရာချောက်နက်ထဲသို့ ပြုတ်ကျသွားသည်။
ဆရာသခင်ရှန့်လော့သည် သူ့နောက်မှာ ရှိသည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး ဝေဒနာခံစားနေကြသော ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူက အားလုံးကို အကူအညီမဲ့စွာ ကြည့်နေရသည်။
ဆေးလုံးသည် လူတိုင်းအတွက် မလုံလောက်ပေ။
လူအုပ်ထဲတွင် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များသည်လည်း ခါးသီးမှုကို ခံစားမိသွားကြသည်။ သူတို့၏ ယုံကြည်မှုက ပြိုလဲသွားတော့မည်ဟုပင် ခံစားမိနေကြသည်။
သူတို့သည် အဆုံးမှာတော့ အမှတ်ကိုးဆေးလုံးဆရာသခင်ကို ရှာမတွေ့ခဲ့ကြပေ။ ယခု သဲကန္တာရတစ်ခုလုံးက သွေးပင်လယ်ဖြစ်လာပြီး ဘဝကံကြမ္မာဆိုးတောင်တန်းက မကြာခင် ပျက်စီးသွားတော့မည် ဖြစ်သည်။ ထို့ကြောင့် တစ်နည်းဆိုရလျှင် သူတို့ရှာဖွေနေသော အမှတ်ကိုးဆေးလုံးဆရာသခင်က သေဆုံးသွားခြင်း သို့မဟုတ် ဤနေရာမှာ ရှိမနေခြင်း ဖြစ်နိုင်ပေသည်။
“ ဆရာသခင်က ဒီမှာရှိမနေဖို့ ငါဆုတောင်းတယ်… ”
နောက်လိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အမျိုးသမီးသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
လူအုပ်ထဲတွင် လင်းအာ၊ နင်ယန်နှင့် တခြားလူများလည်း ရှိနေကြသည်။
ကြက်ကလေးများ၊ ဝိညာဉ်သခင်မယုံကျင်းနှင့် ဘိုးဘေးမိုကွေ့သည် သူတို့၏ ဘေးမှာ ရှိနေကြသည်။ ဆေးဆိုင်သည်တော့ သေမျိုးအရေခွံ၏ ဝါးမျိုခံလိုက်ရပြီ ဖြစ်သည်။
“ အကိုရွှီချင်း… အကို ဘယ်မှာလဲ… ”
လင်းအာ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
နင်ယန်သည် တိတ်ဆိတ်သွားပြီး ဝူကျန်းဝူသည် ချောက်ချားနေသည်။ ကောင်းကင်က လူးလွန့်သွားတိုင်း လူတိုင်းသည် နှလုံးတုန်လာလိမ့်မည်။
ထိုအခိုက်အတန့်မှာ သေမျိုးအရေခွံက ထပ်မံကျုံ့သွားသည့်အခါ ပေါက်ကွဲသံများသည် အရပ်မျက်နှာအဘက်ဘက်တွင် ထွက်ပေါ်လာသည်။ တောင်တန်းများသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး ကုန်းမြေများသည် ဝါးမျိုခံလိုက်ရသည်။ ဘဝကံကြမ္မာဆိုးတောင်တန်း၏ ကျန်ရှိသော ဧရိယာသည် တဖြည်းဖြည်း သေးငယ်လာသည်။
သို့သော်လည်း ခုခံမှုက အရာမထင်သောကြောင့် သူတို့က မရပ်တန့်လိုက်ကြပေ။
စတုတ္ထခန်းမသခင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ခွန်အားကျန်ရှိသေးသော ကျင့်ကြံသူများသည် အံတင်းတင်းကြိတ်လိုက်ကြပြီး လေထဲသို့ ပျံတတ်သွားကြသည်။ သူတို့က ခွန်အားအကုန်ကို အသုံးပြု၍ တိုက်ခိုက်လိုက်ကြသည်။
သူတို့၏ ကြိုးစားမှုက အရာမထင်လျှင်ပင် ဤအခိုက်အတန့်မှာ အတတ်နိုင်ဆုံး ခုခံချင်သေးသည်။
အမှန်မှာ သန္ဓေပြောင်းလဲတော့မည့် တချို့ကျင့်ကြံသူများသည် အလဟဿ သေဆုံးရန် မရွေးချယ်ခဲ့ကြပေ။ ယင်းအစား သူတို့က ခါးသီးစွာ ပြုံးလိုက်ကြပြီး လေထဲသို့ ပျံသန်းသွားကြသည်။ သူတို့က သေမျိုးအရေခွံနားသို့ ရောက်ရှိသွားကြသည့်အခါ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ကြသည်။
ပေါက်ကွဲသံများ မြည်ဟိန်းထွက်လာပြီး ကောင်းကင်တစ်ခွင်လုံး ဝမ်းနည်းပူဆွေးမှု အငွေ့အသက်ဖြင့် ပြည့်နှက်သွားသည်။
သေမျိုးအရေခွံသည် ဆက်လက် ကျုံ့သွားသည်။ သွေးမိုးသည် ပိုပြီးသိပ်သည်းလာပြီး သည်းထန်စွာ ရွာသွန်းလာသည်။
နီလာနတ်သမီး၏ သေမျိုးအရေခွံကို ခုခံတားဆီးနေသော မီးခိုးရောင်လေသည် ဧရိယာအနည်းငယ်မှာသာ ကျန်ရှိတော့သည်။ ယင်းက တအင့်အင့်ညည်းသံကို ထုတ်လွှတ်လျက် ဟိုတစ်နေရာ သည်တစ်နေရာ ပြန့်ကျဲသွားသည်။ နီလာနတ်သမီး၏ သေမျိုးအရေခွံထံမှ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုသံများသည်သာ လောကတစ်ခွင်သို့ ဆက်လက် ပဲ့တင်ထပ်သွားသည်။
စိတ်ပျက်အားလျော့မှုနှင့်အတူ အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ဘဝကံကြမ္မာဆိုးတောင်တန်း၏ ဧရိယာသည် သေးသထက် ပိုသေးငယ်လာသည်။ ဧရိယာက (၁၀)ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့်အခိုက် သေမျိုးအရေခွံ၏ လူးလွန့်မှုသည် ပိုပြီးမြန်ဆန်လာသည်။ အမှန်မှာ ဧရာမပါးစပ်ပေါက်များသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာကြပြီး အနီရောင်သွားရည်က ပိုမိုစီးကျလာသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော ဆာလောင်မှုသည် ပိုပြီးအားကောင်းလာသည်။
ထို့အတူ စိတ်ပျက်အားလျော့သော ခံစားမှုက ပိုပြီးနက်ရှိုင်းလာသည်။
“ အဆုံးသတ်တော့မယ် ”
စတုတ္ထခန်းမသခင်သည် ပါးစပ်အပြည့် သွေးအန်လိုက်ပြီး ခါးသီးစွာ ရယ်မောလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်မှ လက်အောက်ငယ်သားများကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
“ တာအိုရောင်းရင်းတွေ… တကယ်လို့ နောင်ဘဝဆိုတာ ရှိသေးတယ်ဆိုရင် ကျုပ် ဒီလမ်းကိုပဲ ထပ်ရွေးဦးမယ် ”
“ နတ်ဘုရားတွေက ပြိုင်ဘက်ကင်းတည်ရှိမှုမဟုတ်ဘူး… ”
စတုတ္ထခန်းမသခင်သည် နက်ရှိုင်းစွာ အော်ပြောလိုက်သည်။
“ မျှော်လင့်ချက်က ထာဝရ တည်မြဲနေမယ် ”
ဤနေရာမှ ကျန်ရှိသော ကျင့်ကြံသူများက ကျားကုတ်ကျားခဲ ရုန်းကန်လိုက်ကြပြီး သူတို့၏ နောက်ဆုံးအော်သံကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က ဤဘဝတွင် ဖြတ်သန်းခဲ့သော အခက်အခဲများနှင့် နောင်တများကို ဤစာကြောင်းထဲမှာ ဖွင့်ထုတ်ချင်ဟန် ရသည်။
ထိုအော်သံက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည့်အခါ နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ရုတ်တရက် ကျုံ့သွားသည်။ ၎င်းက နောက်ဆုံးကျန်ရှိသော ဧရိယာ (၁၀)ရာခိုင်နှုန်းကို ဝါးမျိုချင်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။
ရောင်ခြည်တန်းတစ်ခုသည် သေမျိုးအရေခွံ၏ ဖုံးလွှမ်းခံထားရသော လောကထဲမှာ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းသည် မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။
ယင်းက ရွှေရောင်အလင်းဖြစ်သည်။ ရွှေရောင်အလင်းသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီးနောက် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက နေလုံးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ဤဧရိယာအတွင်းမှာရှိသော အရာအားလုံးကို လွှမ်းခြုံသွားသည်။
သွေးမိုးက ရွှေရောင်အလင်းဖြင့် ထိတွေ့သွားသည့်အခါ တုန်ယင်လာပြီး အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
မြေပြင်ပေါ်မှ သွေးပင်လယ်သည် တိုက်ရိုက် ဆူပွက်လာပြီး အကြမ်းပတမ်း လှုပ်ခတ်လာသည်။ ဤသည်မှာ သွေးပင်လယ်က လွင့်ပြယ်သွားတော့မည့်ဟန် ရသည်။
သွေးမျိုးအရေခွံ၏ လူးလွန့်မှုသည် ထိုအခိုက်အတန့်မှာ ရပ်တန့်သွားသည်။ ဒြပ်ထည်မဲ့သော အလင်းရောင်သည် ဒြပ်ထည်ရှိလာပြီး သေမျိုးအရေခွံ၏ ကျုံ့သွားခြင်းကို ရပ်တန့်လိုက်သည်။
ကျင့်ကြံသူများ၏ နှလုံးသည် တုန်လှုပ်သွားသည်။ စတုတ္ထခန်းမသခင်သည် အလိုအလျောက် ခေါင်းမော့လိုက်သည်။ နင်ယန်နှင့် တခြားလူများသည်လည်း ထို့အတူပင်။ အထူးသဖြင့် လင်းအာပင်။ ယခု သူ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာ ထွက်ပေါ်လာသည်။ သူ၏ မသိစိတ်က အကိုရွှီချင်းရောက်ရှိလာပြီဟု သူ့အား ပြောကြားနေသည်။
အားလုံး၏ စိတ်ဝင်စားမှုအောက်မှာ ကြေးနီဂိတ်တံခါးတစ်ခုသည် အလင်းတန်းထဲမှာ ထွက်ပေါ်လာသည်။
ထိုဂိတ်တံခါးသည် အလွန်ကြီးမားပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်ဟန် ရသည်။ ဂိတ်တံခါး သက်ဆင်းလာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် ရေတံခွန်ပေါ်မှ ရေစီးကျလာသကဲ့သို့ ဒလဟော ပေါ်ထွက်လာသည်။
နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ မြေပြင်သည် တုန်လှုပ်သွားပြီး အပြင်လောကမှ သွေးပင်လယ်ပေါ်တွင် လှိုင်းလုံးကြီးများ ပေါ်လျှိုးလာကြသည်။
အနီရောင်လကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။ အဝေးသို့ ငေးကြည့်နေသော အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူက အိမ်ရှေ့စံမင်းသားကို ဆက်လက် မစောင့်ဆိုင်းတော့ပေ။ ယင်းအစား သူက နီလာနတ်သမီး၏ သေမျိုးအရေခွံကို ကြည့်လိုက်သည်။ ထိုအခါ သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ ဒီအရှိန်အဝါက ”
တစ်ချိန်တည်းမှာ ဘဝကံကြမ္မာဆိုးတောင်တန်းထဲရှိ လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအားလုံးသည် သိသာသော အပြောင်းအလဲတစ်ခုဖြင့် တွေ့ကြုံသွားကြသည်။ ဤအခိုက်အတန့်မှာ အဆုံးမဲ့သော လှိုင်းဂယက်များက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှ တုံ့ပြန်မှုအရ ထိုဂိတ်တံခါးကို ချက်ချင်း မှိတ်မိသွားကြသည်။
“ အဲ့ဒါ… ”
“ အမြင့်မြတ်ဆုံးဘုရားကျောင်းရဲ့ ဂိတ်တံခါးပဲ ”
“ အမြင့်မြတ်ဆုံးဘုရားကျောင်းရဲ့ ဂိတ်တံခါးက ဒီနေရာမှာ တကယ်ကြီး ထွက်ပေါ်လာတယ် ”
“ လပုန်ကန်ခန်းမက ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား ”
“ ဖြစ်နိုင်တာက… ”
ပြင်းထန်သော အသက်ရှူသံများနှင့် အထိတ်တလန့် အော်သံများသည် ဤအခိုက်အတန့်မှာ အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။ ဧရာမကြေးနီဂိတ်တံခါးသည် လေထဲမှာ မားမားမတ်မတ် တည်ရှိနေပြီး နီလာနတ်သမီး၏ သေမျိုးအရေခွံကို တားဆီးလိုက်သည်။
ဂိတ်တံခါးသည် အတွင်းဘက်မှ ဖြည်းညင်းစွာ ပွင့်သွားသည်။
နတ်ဘုရားများ၏ ရေရွတ်သံများနှင့် တူညီသော ရေရွတ်သံများသည် ဂိတ်တံခါးထဲမှ ပဲ့တင်ထပ်လာသည်။ ချက်ချင်းပင် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။
စိတ်လှုပ်ရှားနေကြသော သက်ရှိအားလုံး၏ မယုံကြည်နိုင်သော အကြည့်အောက်မှာ ပုံရိပ်နှစ်ခုသည် အကန့်အသတ်မဲ့သော အလင်းတန်းများနှင့်အတူ ဂိတ်တံခါးထဲမှ ဖြည်းညင်းစွာ ထွက်လာကြသည်။
“ လပုန်ကန်ခန်းမသခင် ”
စတုတ္ထခန်းမသခင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။
ထိုအသံသည် ကောင်းကင်ဘုံမိုးကြိုးသွားသဖွယ် သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးတစ်ခုလုံး တုန်ယင်သွားသည်။ ပြန်လည်ရှင်သန်သော စိတ်ဆန္ဒသည် မြေကြီး၊ တောင်တန်းများနှင့် သက်ရှိအားလုံးထံမှ ပေါ်လျှိုးထွက်လာသည်။