ခရမ်းလပေါ်က နတ်ဘုရားကျောက်တိုင်
Vol. 68 Ch. 1066
ဤအခိုက်အတန့်မှာ ရွှီချင်း၏ အခြေအနေသည် မကောင်းမွန်ပေ။ သူ၏ လက်ရှိခန္ဓာကိုယ်က ပုံရိပ်ယောင်အခြေအနေလော သို့မဟုတ် ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခြင်းလော မသဲကွဲပေ။
စောစောက သေခြင်းသုံးမျိုးသည် သူ့အား မရေမတွက်နိုင်သော ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို တွေ့ကြုံခံစားစေခဲ့သည်။
ဤအခိုက်အတန့်မှာ သူ၏ အတွေးများက နှောင့်ယှက်ခံလိုက်ရပြီး မှတ်ဉာဏ်များက ဝေဝါးသွားသည်။ အတိတ်တုန်းက လီယုံကျောက်တိုင်အောက်ရှိ တဲအိမ်နှင့် ရိုးရာဓလေ့သည်သာ သူ၏ စိတ်ထဲတွင် ဖော်မပြနိုင်အောင် ရှင်းလင်းလာသည်။
မကြာမီ သီချင်းသံက သူ၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အရင်ဘဝက ဒီမှာမရှိဘူး… ဒါပေမဲ့ နောက်ဘဝက အမြဲတမ်း ဒီမှာရှိတယ်… မေတ္တာကို ဖြတ်တောက်ပြီး သေမျိုးလောကကို ရေးဆွဲမယ်… ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ကျောက်တိုင်ကို ကြည့်လိုက်သည်။ စီနီယာအကိုကြီးပြောသွားခဲ့သော ဤရိုးရာဓလေ့၏ အမည်ကို ရုတ်တရက် သူနားလည်သွားသည်။
ဝိညာဉ်တတ်လှမ်းခြင်း…
ယင်းက နတ်ဘုရားဖြစ်လာရန် ရိုးရာဓလေ့တစ်ခု ဖြစ်သည်။ သို့သော်လည်း ရိုးရာဓလေ့က တစ်ခုတည်းမဟုတ်ပေ။
ယင်းက နီလာနတ်သမီး၏ ရွေးချယ်မှုဖြစ်ပြီး တစ္ဆေလှိုင်ဂူထဲမှ အမျိုးသမီး၏ ရွေးချယ်မှုလည်းဖြစ်သည်။ တစ္ဆေလှိုင်ဂူထဲမှ အမျိုးသမီးသည်တော့ သူက ထိုရိုးရာဓလေ့ကို အချိန်အတော်ကြာ ကျင်းပနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
“ တစ္ဆေလှိုင်ဂူထဲမှာ အိပ်ပျော်နေတဲ့ နတ်ဘုရားက သူလုယူမယ့် ပစ်မှတ်ပဲ… သူက အဲ့ဒါကို အသုံးပြုပြီး သူ့ကိုယ်ပိုင်နတ်ဘုရားရာထူးကို ပိုင်ဆိုင်ချင်နေတာပဲ ”
“ ဝိညာဉ်တတ်လှမ်းခြင်းရိုးရာဓလေ့ထဲက ဒြပ်စင်ငါးမျိုးထဲမှာ အင်္ဂါမစုံအလောင်းက သတ္ထုဒြပ်စင်ကို ကိုယ်စားပြုပြီး ဇကာပေါက်အလောင်းက သစ်သားဒြပ်စင်ကို ကိုယ်စားပြုတယ်… ရေနစ်အလောင်းက ရေဒြပ်စင်ကို ကိုယ်စားပြုတယ်… ”
“ ဒါဆိုရင် နောက်လာမယ့်ဟာက မြေကြီးနဲ့ မီးပဲ ”
ရွှီချင်းက စိတ်ဆုံးဖြတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး သူ့အရှေ့မှ ကျောက်တိုင်ပေါ်မှာ နာမည်ကို ဆက်လက် ရေးဆွဲလိုက်သည်။
သူက ‘ ရွှီ ’ဟူသော စာလုံးကို ရေးဆွဲပြီးပြီ ဖြစ်သည်။ သို့သော်လည်း ‘ ချင်း ’ဟူသော စာလုံးက ကျန်နေသေးသည်။
ထိုကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသော နာမည်များက စုတ်ချက်များနှင့်ပတ်သက်ပြီး ဘာမှမသက်ဆိုင်ကြောင်း သူအာရုံခံနိုင်သည်။ အရိုးရှင်းဆုံး စုတ်ချက်သည်ပင် ဒြပ်စင်ငါးမျိုး၏ အပြစ်ဒဏ်ပေးခြင်းကို ကျော်လွှားရလိမ့်မည်။
နောက်ထပ်နှစ်ချက် ရေးဆွဲပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်က ပြိုကွဲသွားသည်။ အရေအတွက်များပြားသော မြေကြီးအတုံးအခဲများသည် လေထဲမှာ ထွက်ပေါ်လာကြပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပိကျလာကြသည်။ သူက မရှောင်ရှားနိုင်သလို မခုခံနိုင်ပေ။
ချက်ချင်းဆိုသလို ရွှီချင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး အုတ်ဂူတစ်ခု၏ အစားထိုးခံလိုက်ရသည်။
ထိုအုတ်ဂူပေါ်မှာ ကမ္ဗည်းကျောက်တိုင်တစ်ခု ရှိသည်။ သို့သော်လည်း ကမ္မည်းကျောက်တိုင်ပေါ်တွင် မည်သည့်စာလုံးကိုမှ မရေးထွင်းထားပေ။
ဤသည်မှာ ဒြပ်စင်ငါးမျိုးထဲမှ မြေမြှုပ်အလောင်းဖြစ်သည်။
နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှ ကျင့်ကြံသူများသည် မျက်လုံးမမှိတ်ဝံ့ကြပေ။ ဤအခိုက်အတန့်မှာ သူတို့၏ နှလုံးက တုန်လှုပ်သွားသည်။ ထိုမြင်ကွင်းက လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
ထိုရိုးရာဓလေ့သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ စတုတ္ထခန်းမသခင်နှင့် သူ၏ လက်အောက်ငယ်သားတချို့သည်သာ ဤရိုးရာဓလေ့အကြောင်းကို အနည်းအကျဉ်း သိထားကြသည်။
“ နတ်ဘုရားကဒ်ဘေးဒုက္ခ ”
စတုတ္ထခန်းမသခင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သို့သော်လည်း ဒဏ္ဍာရီလာရိုးရာဓလေ့က ဤနေရာမှာ မည်သို့ကြောင့် ထွက်ပေါ်လာကြောင်း သူနားမလည်ပေ။
နင်ယန်နှင့် တခြားလူများသည် ပိုပြီးထိတ်လန့်သွားကြသည်။ လင်းအာသည် အရှေ့သို့ ပြေးသွားချင်သည်။ သို့သော်လည်း ဝိညာဉ်သခင်မယုံကျင်းက သူ့ကို တားဆီးလိုက်သည်။
ဆေးဆိုင်ထဲ၌ နေထိုင်ခဲ့စဉ်အတွင်း ဝိညာဉ်သခင်မယုံကျင်းသည် လင်းအာအပေါ် တခြားလူများနှင့်ကွဲပြားသော အမြင်ရှိသည်။
လူတိုင်း၏ အတွေးများက ပရမ်းပတာဖြစ်နေစဉ် ရွှေရောင်ကျောက်တိုင်၏ ဘေးမှ အုတ်ဂူသည် ရုတ်တရက် တုန်လှုပ်လာသည်။ လက်တစ်ဖက်သည် မြေပုံထဲမှ ဆန့်တန်းထွက်လာသည်။ မကြာမီ ခန္ဓာကိုယ်တစ်ခုသည် အထဲမှ ဖြည်းဖြည်းချင်း တွားသွားထွက်လာသည်။
ထိုလူသည် ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။ သို့သော်လည်း ထူးဆန်းသည့်အချက်မှာ ရွှီချင်းက တွားသွားထွက်လာစဉ် မြေကြီးသည် လုံးဝမလှုပ်သွားပေ။ ဤသည်မှာ ရွှီချင်းက ထိုမြေကြီးထဲမှာ လုံးဝရှိမနေဟန် ရသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် ဝေဝါးနေပြီး ပုံရိပ်ယောင်နှင့် မခြားပေ။ သူက အချိန်မရွေး လွင့်ပြယ်သွားနိုင်ဟန် ရသည်။ သူက ကျောက်တိုင်ဆီသို့ စိတ်ရှုပ်ထွေးသော အမူအရာဖြင့် တစ်လှမ်းချင်း ဆက်လျှောက်သွားသည်။
သူ၏ အသိစိတ်ထဲမှ မရေမတွက်နိုင်သော သေဆုံးမှုများက ရွှီချင်းကို အလွန်အားအင်ကုန်ခမ်းစေသည်။ သူ၏ မှတ်ဉာဏ်များက ဝေဝါးလာပြီး အသက်ဓာတ်က မှေးမှိန်လာသည်။
ဤအခိုက်အတန့်မှာ သူ့ဆီ၌ ပင်ကိုယ်တုံ့ပြန်မှုများသာ ကျန်ရှိတော့ပုံပေါ်သည်။ သူက ကျောက်တိုင်အရှေ့မှာ လက်မြှောက်လိုက်ပြီး စုတ်ချက်များကို ဖြည်းဖြည်းချင်း ရေးဆွဲလိုက်သည်။ နောက်ဆုံးမှာ စုတ်ချက်တစ်ခုသာ လိုအပ်တော့သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မီးတောက်ပင်လယ်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ပြင်းထန်သော မီးလောင်ကျွမ်းမှုအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က မည်းနက်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျသွားသည်။ သူက အလောင်းတစ်လောင်းသို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ဒြပ်စင်ငါးမျိုးထဲမှ မီးကျွမ်းအလောင်းဖြစ်သည်။
ကျောက်တိုင်ပေါ်တွင် ‘ ချင်း ’ဟူသော စာလုံးကို ပြီးမြောက်အောင် ရေးထွင်းရန် စုတ်ချက်တစ်ခုကျန်နေသေးသည်။
ဘေးပတ်ဝန်းကျင်မှ ဦးတည်ရာငါးနေရာတွင် အလောင်းတစ်လောင်းစီ ရှိကြသည်။ သူတို့က ထူးခြားသော နည်းလမ်းတစ်မျိုးစီဖြင့် သေဆုံးသွားကြပြီး လှုပ်ရှားမှုကင်းမဲ့နေကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ခေါင်းဆောင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ကျိုင်တုတ်တစ်ချောင်းသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ကျိုင်းတုတ်ကို ကျောက်တိုင်အောက်မှ အလောင်းငါးလောင်းဆီသို့ ညွှန်လိုက်သည်။ သူ၏ ပါးစပ်မှလည်း တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သည်။
“ နတ်ဘုရားအမိန့်တော်ထုတ်ပြန်တယ်… သေမျိုးဝိညာဉ်အလွန်… သေမျိုးအလောင်းတွေက ပုန်ကန်တယ်… ဝိညာဉ်တွေနဲ့ တစ္ဆေတွေက ပျောက်ကွယ်သွားတယ်… ဒြပ်စင်ငါးမျိုးက အခွင့်အရေးတစ်ခု အပ်နှင်းပေးတယ် ”
သူ၏ ရေရွတ်သံက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်နှင့် ခေါင်းဆောင်သည် ကျောက်တိုင်ဆီသို့ လျှောက်သွားပြီး ရွှီချင်း၏ အလောင်းငါးလောင်းကို လှည့်ပတ်လိုက်သည်။ သူ၏ ခြေလှမ်းက တဖြည်းဖြည်း မြန်ဆန်လာသည်။ သူ၏ အသံထဲမှ စိတ်ခံစားချက်သည်လည်း ပိုပြီးပြင်းထန်လာသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ လေသည် တဟူးဟူး တိုက်ခတ်လာပြီး တိမ်တိုက်များသည် မြန်ဆန်စွာ ရွေ့လျားသွားကြသည်။
“ ရေနစ်အလောင်း အပေါ်တတ်လာစမ်း… အင်္ဂါမစုံအလောင်း ပြန်ထလာစမ်း… ဇကာပေါက်အလောင်း ပြန်လွတ်မြောက်လာစမ်း… မြေမြှုပ်အလောင်း ပြန်ထွက်လာစမ်း… မီးကျွမ်းအလောင်း ပြန်ရှင်သန်လာစမ်း ”
ဤအခိုက်အတန့်မှာ သေခြင်းရှင်ခြင်းက ပြောင်းပြန်လှည့်ပတ်သွားဟန် ရသည်။ သေမျိုးအရေခွံ၏ အပြင်ဘက်မှ ကောင်းကင်သည်ပင် တုန်လှုပ်သွားသည်။ ချက်ချင်းဆိုသလို လေ၊ မိုး၊ မိုးကြိုး၊ နေ၊ လနှင့် ကြယ်များသည် ပေါ်လျှိုးလာကြသည်။ နတ်ဘုရားများ၏ ရေရွတ်သံများပင် ထွက်ပေါ်လာသည်။
ရွှီချင်း၏ အလောင်းငါးလောင်းသည် တုန်ယင်သွားသည်။ ထူးဆန်းသော စွမ်းအင်တစ်မျိုးက သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝေဝေဝါးဝါး နိုးထလာနေဟန် ရသည်။
ခေါင်းဆောင်၏ အလျင်သည် မြန်သထက် ပိုပြီးမြန်ဆန်လာသည်။ အဆုံးမှာတော့ သူ၏ ပုံရိပ်ကို မြင်တွေ့ရန်ပင် ခက်ခဲလာသည်။ အကြွင်းအကျန်ပုံရိပ်များသာ ကျောက်တိုင်နှင့် ရွှီချင်း၏ အလောင်းများကို လှည့်ပတ်သွားနေသည်။ နောက်ဆုံးမှာတော့ ဟိန်းသံတစ်သံက မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာသည်။
“ လူတိုင်းကို ကယ်ဆယ်… ဘဝကိုပြောင်းလဲ… ဒုက္ခပင်လယ်ထဲကနေ ရုန်းထွက်… ပြန်လည်မွေးဖွားလာစမ်း ”
သူ၏ စကားသံဆုံးသွားသည်နှင့်ချက်ချင်း ခေါင်းဆောင်၏ ခန္ဓာကိုယ်နှင့် ရွှီချင်၏ အလောင်းများသည် ရပ်တန့်သွားကြသည်။ အဝေးမှကြည့်လျှင် ခေါင်းဆောင်က ပုံရိပ်ငါးခု ခွဲထွက်သွားကြောင်း မြင်နိုင်လိမ့်မည်။ ဤအခိုက်အတန့်မှာ ပုံရိပ်ငါးခုစလုံးသည် သူတို့၏ ကျိုင်းတုတ်ကို မြှောက်လိုက်ကြပြီး ရွှီချင်း၏ အလောင်းများပေါ်သို့ ညွှန်လိုက်ကြသည်။
ဝုန်းခနဲ မြည်သံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
“ ပြန်လာစမ်း ”
ခေါင်းဆောင်က အော်ပြောလိုက်သည့်အခါ အေးစက်စက်လေသည် ဘေးပတ်ဝန်းကျင်မှာ စတင်တိုက်ခတ်လာသည်။ ယင်းက အလွန်ချမ်းအေးသည်။ အကယ်၍ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် ထိုသူက အရိုးခိုက်ခိုက်တုန်သွားလိမ့်မည်။ ဤသည်မှာ မရဏလောကက ဖွင့်လှစ်သွားသည့်အလား မရေမတွက်နိုင်သော အော်ဟစ်သံများနှင့် မြည်ဟိန်းသံများက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
ချက်ချင်းပင် ရွှီချင်း၏ အလောင်းငါးလောင်းက တစ်ပြိုင်နက် မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ အုတ်ဂူထဲမှ အလောင်းသည်ပင် မြေပုံက ပြိုကျသွားပြီး အထဲမှ မျက်လုံးထွက်ပေါ်လာသည်။
ထို့နောက် အလောင်းငါးလောင်းသည် ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။ သူတို့က အချင်းချင်း ထိတွေ့သွားသည့်အခိုက် တစ်ဦးပေါ်တစ်ဦး ထပ်ဆင့်လွှမ်းခြုံသွားကြသည်။
သူတို့က ပေါင်းစပ်သွားနေစဉ် ဆက်လက် လူးလွန့်သွားသည်။ နောက်ဆုံးမှာတော့ မျက်လုံးပိတ်နေသော ရွှီချင်း၏ အစစ်အမှန်ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သူက ယခင်ကနှင့် ခြားနားသွားပုံပေါ်သည်။ သို့သော်လည်း မည်သို့ခြားနားသွားကြောင်းပြောရန် ခက်ခဲလှသည်။ သူက မျက်လုံးဖွင့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော လှိုင်းဂယက်များဖြင့် ပြည့်နှက်နေသည်။
စောစောက သူသည် သေခြင်းထဲမှာ နစ်မွန်းသွားကြောင်း ခံစားမိခဲ့သည်။ သူက အမှောင်လောကထဲမှာရှိနေပြီး အသိစိတ်ကို ဆုံးရှုံးသွားခဲ့သည်။ သူက ထိုနေရာရှိ မရေမတွက်နိုင်သော ဝိညာဉ်များထဲမှ တစ်ကောင်ဖြစ်လာသည်။
စီနီယာအကိုကြီး၏ မန္တန်ရွတ်ဆိုသံက သူ၏ နားထဲသို့ ပဲ့တင်ထပ်လာသည့်အခါမှသာ သူက မန္တန်ရွတ်ဆိုသံ၏ လမ်းပြမှုနောက်သို့ လိုက်သွားခဲ့ပြီး သေခြင်းနယ်ပယ်မှ လွတ်မြောက်လာခဲ့သည်။ သို့သော်လည်း သူ၏ အတွေးများက ပရမ်းပတာဖြစ်နေဆဲပင်။
ခေါင်းဆောင်က အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး… ဘာလို့ နောက်ဆုံးစုတ်ချက်ကို မရေးဆွဲသေးတာလဲ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ကျောက်တိုင်ကို စိုက်ကြည့်လိုက်သည်။ ကျောက်တုံးပေါ်တွင် နောက်ဆုံးစုတ်ချက်တစ်ခု ပျောက်ဆုံးနေသည်။ မသိစိတ်၏ စေခိုင်းမှုမှ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ရွှီချင်း၏ နာမည်အပြည့်အစုံသည် ကျောက်တိုင်ပေါ်မှာ ထွက်ပေါ်လာသည်။
ချက်ချင်းပင် ကျောက်တိုင်သည် လှုပ်ယမ်းသွားပြီး ရွှေရောင်တောက်ပလာသည်။ ရွှေရောင်အလင်းသည် ရွှီချင်း၏ နာမည်ပေါ်မှာ စုဝေးသွားသည်။ ယင်းက သွေးဖြင့် ရေးသားထားသော နာမည်ကို ရွှေရောင်ပြောင်းလဲသွားစေသည်။
ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ သူ၏ ဝေဝါးသော မှတ်ဉာဏ်များက ဤအခိုက်အတန့်မှာ ချက်ချင်း ကြည်လင်ရှင်းလင်းလာသည်။ ဝေဝါးမှုအားလုံးက မျက်စိတစ်မှိတ်အတွင်း လွင့်ပြယ်သွားသည်။ အရာအားလုံးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ငါက နတ်ဘုရားကဒ်ဘေးဒုက္ခကို ကျော်လွှားနေတာပဲ ”
ရွှီချင်းက ပြန်နိုးလာသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက အမြန်ပြောသည်။
“ ဂျူနီယာညီလေး… မင်းမှာ နတ်ဘုရားမီးတောက်မရှိဘူး… ဒီဟာက အစစ်အမှန်နတ်ဘုရားကဒ်ဘေးဒုက္ခ မဟုတ်သေးဘူး… ဒီတော့ ဒီရိုးရာဓလေ့က မပြီးမြောက်နိုင်ဘူး… ဒါပေမဲ့ အဲ့ဒါက ကိစ္စမရှိဘူး… ဒီနတ်ဘုရားကျောက်တိုင်က နတ်ဘုရားဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်ပြီး နတ်ဘုရားစွမ်းအားကို လုယက်နိုင်တယ်… အဲ့ဒါက အရမ်းတန်ဖိုးကြီးမားတယ်… ဒီပစ္စည်းက ဒီတစ်ကြိမ်ကဒ်ဘေးဒုက္ခမှာ မင်းအတွက် တန်ဖိုးအကြီးမားဆုံး ပစ္စည်းပဲ ”
“ အခု နတ်ဘုရားမီးတောက်အပိုင်းကို ကျော်လိုက်ရအောင်… မင်းရဲ့ နာမည်ရေးထွင်းထားတဲ့ ဒီနတ်ဘုရားကျောက်တိုင်ကို နီလာနတ်သမီးရဲ့ သေမျိုးအရေခွံဆီ ပို့လွှတ်လိုက်ပါ ”
“ သေမျိုးအရေခွံကို ရှေးဟောင်းနတ်ဘုရားတစ်ပါးလို့ သဘောထားပြီး မင်းရဲ့ အမှတ်အသားကို ချန်ထားလိုက်ပါ… မင်းက ဒီသေမျိုးအရေခွံကို အခု မထိန်းချုပ်နိုင်သေးပေမဲ့ အနာဂတ်ကျရင် တစ်နေ့နေ့မှာ မင်းထိန်းချုပ်လာနိုင်လိမ့်မယ် ”
ရူးသွပ်မှုသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဂျူနီယာညီလေး… ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါပဲရနိုင်တယ် ”
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူက ကောင်းကင်ပေါ်မှ နီလာနတ်သမီး၏ သေမျိုးအရေခွံကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသော ရူးသွပ်မှုသည် ခေါင်းဆောင်ထက် ပိုပြင်းထန်သည်။ သူက ခေါင်းခါလိုက်သည်။
“ စီနီယာအကိုကြီး… ဒီနတ်ဘုရားကျောက်တိုင်ကို နီလာနတ်သမီးရဲ့ သေမျိုးအရေခွံဆီ ပို့လွှတ်တာက နည်းနည်း ဖြုန်းတီးရာမကျဘူးလား… ဘာပဲပြောပြော သေမျိုးအရေခွံက အရေခွံတစ်ခုပဲလေ ”
“ ဒီတစ်ကြိမ် ငါတို့ရဲ့ ရည်ရွယ်ချက်က နီလာနတ်သမီးဆိုမှတော့ ဒီနတ်ဘုရားကျောက်တိုင်ကို လောလောဆယ် ငါသိမ်းထားချင်တယ်… ပြီးသွားရင် အခွင့်အရေးတစ်ခုရှာပြီးတော့ အဲ့ဒါကို အနီရောင်လဂြိုလ်ဆီ ပို့လွှတ်မယ်… နီလာနတ်သမီးသိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အနီရောင်လစွမ်းအားကို ငါလုယက်ချင်တယ် ”
“ အနီရောင်လအခွင့်အာဏာမှာ အရှင်သခင်နှစ်ယောက် မရှိသင့်ဘူး ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် ရွှီချင်းက မည်မျှရူးသွပ်နေကြောင်း သူအာရုံခံနိုင်သည်။
ရွှီချင်းက စကားဆုံးအောင်ပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပုံရိပ်ယောင်လျှို့ဝှက်ရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ လျှို့ဝှက်ရတနာသိုက်က မြည်ဟိန်းသွားပြီး မြန်ဆန်စွာ လှည့်ပတ်သွားသည့်အခါ အထဲမှ ခရမ်းလက တောက်ပလာသည်။ အဆုံးမဲ့သော သွေးပင်လယ်သည် ခရမ်းလထဲမှ ပျံ့နှံ့ထွက်လာပြီး ဝဲကတော့တစ်ခုသို့ ပြောင်းလဲသွားသည်။
ထိုဝဲကတော့သည် လျှို့ဝှက်ရတနာသိုက်ထဲမှ ပေါ်ထွက်လာသည်။ ယင်းက စုပ်ဝဲအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်း၏ အရှေ့မှ နတ်ဘုရားကျောက်တိုင်ကို လွှမ်းခြုံသွားသည်။
အသက်တစ်ခါရှူချိန်အတွင်းမှာ ပေတစ်ထောင်ရှည်လျားသော နတ်ဘုရားကျောက်တိုင်သည် ရွှီချင်း၏ လျှို့ဝှက်ရတနာသိုက်ထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရသည်။ ယင်းက ခရမ်းလပေါ်မှာ တန်းမတ်စွာ ထောင်မတ်နေသည်။
နတ်ဘုရားကျောက်တိုင်မှ ရွှေရောင်အလင်းသည် ချက်ချင်း ပျံ့နှံ့ထွက်လာသည်။ ထို့နောက် ယင်းက ခရမ်းလတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရွှီချင်း၏ အလောင်းငါးလောင်းသည် နတ်ဘုရားကျောက်တိုင်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြပြီး ခရမ်းလ၏ အားလှိုင်းအတတ်အကျများဖြင့် လိုက်လျောညီထွေဖြစ်သွားကြသည်။
ဒြပ်စင်ငါးမျိုး… အလောင်းငါးလောင်း…
သူတို့အားလုံးမှာ ကိုယ်စီထူးခြားချက်များ ရှိသည်။
အကယ်၍ တခြားတစ်ယောက်သာ ထိုခရမ်းလကို မြင်သွားမည်ဆိုလျှင် အနီရောင်လ၏ ရုပ်တုကို ပထမဆုံးအကြိမ် ရွှီချင်းမြင်ခဲ့စဉ်ကလို ထိတ်လန့်သွားလိမ့်မည်မှာ သေချာ၏။ အဘယ့်ကြောင့်ဆိုသော် ယင်းက နတ်ဘုရားများ၏ အပြင်အဆင်ဖြစ်ပေသည်။
သို့သော်လည်း ယခု ထိုအရာအားလုံးက ရွှီချင်း၏ လျှို့ဝှက်ရတနာသိုက်ထဲမှာ ရှိလာသည်။
နတ်ဘုရားကျောက်တိုင်က သက်ဆင်းလာပြီး ခရမ်းလပေါ်တွင် နေရာယူပြီးနောက် ရွှီချင်း၏ ကဒ်ဘေးဒုက္ခက နောက်ဆုံးမှာတော့ ပြီးဆုံးသွားသည်။
ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်ကို တိုက်ရိုက် ကျော်လွှားသွားပြီး တာအိုပျိုးထောင်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းသည်။ တစ်ချိန်တည်းမှာ သူ၏ တိုက်ပွဲစွမ်းအားသည် ကြီးကြီးမားမား တိုးမြှင့်သွားသည်။
တာအိုပျိုးထောင်ခြင်းအဆင့်သည် တခြားလူများအတွက်တော့ အချိန်ပေးပြီး ဖြည်းဖြည်းချင်း ဖြတ်ကျော်ရသော အဆင့်တစ်ခု ဖြစ်သည်။ သို့သော်လည်း ရွှီချင်းသည်တော့ ကောင်းကင်ဘုံတာအိုကို အစကတည်းက ပိုင်ဆိုင်ထားလေရာ သူ၏ လျှို့ဝှက်ရတနာသိုက်ထဲတွင် နိယာမများနှင့် ဥပဒေသများက တည်ရှိနေပြီးသား ဖြစ်သည်။
ထို့ကြောင့် သူက တာအိုပျိုးထောင်ခြင်းအဆင့်ကို အချိန်ပေးပြီး ဖြတ်ကျော်ရန် မလိုအပ်ပေ။
နောက်အခိုက်အတန့်မှာ လျှို့ဝှက်ရတနာသိုက်က စတင်လှည့်ပတ်လာသည်။ နေနာရီများက ဧရာမဆေးမီးဖိုများနှယ် အပြင်းအထန် လောင်ကျွမ်းလာဟန် ရ၏။
ကမ္ဘာတုန်လှုပ်စေမည့် ပေါက်ကွဲသံတစ်သံက မြည်ဟိန်းထွက်လာသည်။
လျှို့ဝှက်ရတနာသိုက်သည် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ မြန်ဆန်စွာ ဒြပ်ထည်ဖြစ်တည်သွားနေသည်။
ရွှီချင်း၏ ကျင့်ကြံခြင်းသည်လည်း နောက်ထပ် အဆင့်ချိုးဖြတ်သွားသည်။ သူက ဝိညာဉ်သိုက်ပထမအဆင့်သို့ ရောက်ရှိသွားသည်။
ရွှီချင်း၏ ဆံပင်ရှည်သည် လေနှင့်အတူ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ အဝေးမှကြည့်လျှင် သူက အလွန်ချောမောသည်။ သူ့အနောက်မှ လျှို့ဝှက်ရတနာသိုက်ထဲတွင် လောကတစ်ခုပါရှိပြီး ဆေးမီးဖိုသည် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ သူ၏ အရှိန်အဝါသည် သက်တံ့သဖွယ် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
မြေပြင်ပေါ်မှ ကျင့်ကြံသူသိန်းပေါင်းများစွာထဲတွင် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူ အများအပြားရှိကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် ဆွံ့အသွားကြသည်။ သူတို့၏ နှလုံးက ပရမ်းပတာလှုပ်ခတ်လာသည်။
ရွှီချင်း၏ လျှို့ဝှက်ရတနာသိုက်သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ထူးခြားအံ့ဖွယ်ကောင်းသည်။
ကျင့်ကြံသူများကို ပိုပြီးထိတ်လန့်သွားစေသည်မှာ ရွှီချင်း၏ အနောက်မှ လေက ပရမ်းပတာ လှုပ်ခတ်လာပြီး ဂိတ်တံခါးပွင့်နေသော ဘေးပတ်ဝန်းကျင်က ဝေဝါးသွားနေခြင်း ဖြစ်သည်။ ဧရာမကြေးမုံတစ်ချပ်သည် ထိုနေရာမှာ အလျှင်အမြန် ဒြပ်ထည်ဖြစ်တည်လာနေသည်။
ထိုကြေးမုံသည် ကောင်းကင်ပေါ်မှာ အလျှင်အမြန် ပျံ့နှံ့သွားသည်။ ယင်းက အလွန်ခမ်းနားထည်ဝါပြီး ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ကြေးမုံပေါ်တွင် ဧရာမတောင်ကြီးက ပုံရိပ်ထင်ပေါ်လာသည်။ ထိုတောင်ပေါ်တွင် ဘုရားကျောင်းတစ်သိန်းကျော်ရှိသည်။ ဘုရားကျောင်းထဲတွင် ရုပ်တုတစ်ခုစီ ရှိသည်။
ပုံရိပ်တစ်ခုသည် ကြေးမုံထဲမှာ ထွက်ပေါ်လာသည်။ ထိုလူသည် အဖိုးအိုတစ်ယောက် ဖြစ်သည်။ ထိုအဖိုးအိုသည် လပုန်ကန်ခန်းမ၏ လက်နက်ဝိညာဉ်မှလွဲ၍ တခြားလူမဟုတ်ပေ။
သူက ဂိတ်တံခါးအရှေ့မှ ရွှီချင်းနှင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ အဆုံးမှာတော့ သူက ခေါင်းငုံ့လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
“ အရှင်သခင်တို့ကို နှုတ်ဆက်ပါတယ် ”
လပုန်ကန်ခန်းမနှင့်ပတ်သက်သည့် မရေမတွက်နိုင်သော သတင်းအချက်အလက်များသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ စိတ်ထဲသို့ တိုးဝင်သွားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ချိန်တည်းမှာ ပြောလိုက်ကြသည်။
“ ရုပ်တုအားလုံး… ကိုယ့်နေရာကို ပြန်ရောက်လာစမ်း ”