ဝမ်းနည်းဖွယ်သတိပေးသံ
Vol. 33 Ch. 452
ဘာသာပြန်- The Fate
မဟာနတ်ဆိုးရွှမ်ရှ၏ အမေးစကားက ဝမ်ဖုန်းကို အတွေးလွန်နေရာမှ လှုပ်နှိုးလိုက်သည်။ သူက စုရုံးလာသော လီပိုင်နှင့် အခြားသူများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
"အင်း... သူမ ထွက်သွားပြီ။ မင်းတို့တွေ အလျင်စလိုမလှုပ်ရှားသေးဘဲ ဒီဂိုဏ်းချုပ်ကို ကာကွယ်ပေးကြပါဦး"
သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ အထူးအင်အားစုကြီးများကို ကြောက်လန့်နေစရာမလိုတော့ပါ။ သို့ပါသော်လည်း ထိုအထူးအင်အားစုကြီးများကို အနိုင်ယူရန်မှာ မလွယ်ကူလောက်ချေ။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းက မရဏမျိုးနွယ်စုဝင်သုံးယောက်ကို ချိပ်ပိတ်ထားခဲ့သလိုမျိုး အခြားသော အထူးအင်အားစုကြီးများ၌လည်း ဝှက်ဖဲများ ရှိနေနိုင်သည်။ ထို့အတွက်ကြောင့် သူဟာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ အရင်ဦးဆုံး စွမ်းအားတိုးတက်အောင် ပြုလုပ်ပြီးမှသာ အခြားအထူးအင်အားစုများနှင့် ရင်ဆိုင်ရန် စီစဥ်ထားလေသည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
လီပိုင်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ပြီး ဝမ်ဖုန်း၏ ဘေးနား၌ ဝိုင်း၍ထိုင်လိုက်ကြကာ ဝမ်ဖုန်းကို စောင့်ရှောက်ပေးလိုက်သည်။
"စနစ်~ စနစ်နဲ့ဂိုဏ်းကို အဆင့်မြှင့်တင်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲ"
ဝမ်ဖုန်းက ကောင်းကင်တာအို၏ စည်းချက်သင်္ကေတကို အရင်ဦးဆုံး မစုပ်ယူသေးဘဲ လျှို့ဝှက်စွာ မေးမြန်းခဲ့သည်။
"ဒင်~ ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အကြွင်းမဲ့အာဏာရှင် ဖြစ်လာအောင် ပြုလုပ်ပြီး ဘုံလောကကြီးတစ်ခုလုံးက ကံတရားတွေကို စုပ်ယူလိုက်ပါ... ဒီလိုဆိုရင် ဂိုဏ်းနဲ့စနစ်ကို အဆင့် ၁၃ ကိုမြှင့်တင်နိုင်ပါလိမ့်မယ်"
ထွက်ပေါ်လာသော စနစ်၏အသံကြောင့် ဝမ်ဖုန်း၏ မျက်လုံးများမှာ လှုပ်ရှားသွားခဲ့လေသည်။ ဤစနစ်ဟာ ယွမ်ဟွားကောင်းကင် ဘုံရှိ အင်အားစုကြီးများကို ဖျက်ဆီးရန် ဖိအားမပေးခဲ့ဘဲ ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင် ဖြစ်လာစေရန် သာ ပြောဆိုခဲ့သည်။ ထိုသို့ပြုလုပ်ရန် အင်မတန်မှ လွယ်ကူပါပေသည်။
လူတစ်စုကို အနိုင်ယူပြီး ဖိနှိပ်ခြင်း... ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ အင်အားစုကြီးများဟာ သူ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်နိုင်ပါမည်လော။
"စနစ်~ ကောင်းကင်တာအိုရဲ့ စည်းချက်သင်္ကေတ သုံးခုကို စုပ်ယူမယ်..."
စနစ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ချက်များအကြောင်း သိရှိသွားပြီးနောက် ဝမ်ဖုန်းက လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။
ဘုန်း!
ဝမ်ဖုန်းရဲ့စကားဆုံးသွားသည့်အခါ နဂါးများပျံသန်းနေသကဲ့သို့ ရွှေရောင်သင်္ကေတသုံးခုသည် လေဟာပြင်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက် ယိမ်းထိုးသွားခဲ့သည်။
မြင့်မြတ်ပြီး ခမ်းနားကြီးကျယ်သော အရှိန် အဝါကြီးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ ထိုခမ်းနားကြီးကျယ်သော အရှိန် အဝါကြီး ဖြတ်သန်းသွားသည့်အခါ လီပိုင်နှင့်အခြားသူများ၏ ခန္ဓာကိုယ်များမှာ တုန်ရင်သွားကြသည်။ သူတို့ဟာ ဝမ်ဖုန်းကို ထိတ်လန့်ချောက်ချားစွာ လှမ်းကြည့်မိလိုက်သည်။
ဤအချိန်၌ ဝမ်ဖုန်းကို ကြည့်ရှုရသည်မှာ ကမ္ဘာလောကကြီး တစ်ခုကို စိုက်ကြည့်နေရသလိုမျိုး လီပိုင်နှင့်အခြားသူများ.ခံစားလိုက်ရသည်။ သူတို့ဟာ ဝမ်ဖုန်းကို အရှုံးပေးချင်စိတ်များ အလိုလိုပေါက်ဖွားလာခဲ့သည်။
လီပိုင်လိုမျိုး ပဏ္ဍိတနယ်ပယ် အထွတ် အထိပ်၌ရှိနေသော စွမ်းအားရှင်ကတောင် ထိုခံစားချက်ကို မတွန်းလှန်နိုင်ခဲ့ပါ။
"ဝေါင်း!"
လေဟာပြင်အတွင်း၌ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့ပုံပေါ်ပြီး မိုးကောင်းကင်ကြီးတစ်ခုလုံးဟာ ရုတ်တရက် မဲမှောင်သွားခဲ့သည်။ ဝမ်ဖုန်းခန္ဓာကိုယ်တစ်ခုတည်းကသာ အဖြူရောင်ပြိုးပြိုးပျက်ပျက် အလင်းတန်းများ ထုတ်လွှတ်လျက်ရှိပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဗဟိုချက်ကဲ့သို့ တည်ရှိနေခဲ့သည်။
တင်ပျဥ်ချိတ်ထိုင်နေသော ဝမ်ဖုန်း၏ ကိုယ်ခန္ဓာမှ မျက်စိကြိမ်းလောက်သော အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ မျက်ခုံးနှစ်ဖက်အကြား၌ နဂါးပုံစံသင်္ကေတလေးတစ်ခု ဖြစ်တည်နေခဲ့သည်။
ကောင်းကင်ဘုံစည်းချက်သင်္ကေ သုံးခုသည် ဝမ်ဖုန်း၏ ကိုယ်ခန္ဓာအတွင်း၌ လှည့်ပတ်နေခဲ့ကာ နဂါးဟိန်းသံများ စဥ်ဆက်မပြတ် ထုတ်လွှတ်လျက်ရှိသည်။
သန်မာခမ်းနားသော စွမ်းအားများသည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်ကို ချိန်းကြိုးများကဲ့သို့ တွယ်ပတ်ရစ်နှောင်လိုက်သည်။ အဖြူရောင်အလင်းတန်းများအလား တည်ရှိနေသော ချိန်းကြိုးကြီးများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း ကြီးတစ်ခုလုံးကို တွယ်ပတ်ရစ်နှောင်သွားခဲ့လေသည်။
ဤအဖြူရောင် သမုဒ္ဒရာကြီးအတွင်း၌ လီပိုင်နှင့်အခြားသူများသည် မိမိကိုယ်ကို သေးနုပ်သော ပုရွက်ဆိတ်များအလား ခံစားလိုက်ရသည်။ သူတို့ဟာ ထိုအဖြူရောင်အလင်းတန်းများကို စေ့စေ့စိုက်မကြည့်ရဲခဲ့ပါ။
တစ်ချိန်တည်းမှာပဲ ထျန်းလင်းဂိုဏ်းတည်ရှိရာနေရာ၏ အပြင်ဘက်တစ်နေရာတွင် ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်နေခဲ့သည်။
ယွမ်ဟွားကောင်းကင်ဘုံတစ်ခွင်၌ ယခင်ကကျော်ဇောခဲ့ဖူးသော ကျူရှောင်းသူရဲ ကောင်းများသည် တောင်တန်းနယ်မြေအတွင်း၌ ရှိနေခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်မှုကြီးကို ပြုလုပ်နေခဲ့သည်။
(ကျူရှောင်းသူရဲကောင်းများက လီချင်းတို့ မိမိဘာသာ ဖွဲ့ဆိုထားတဲ့နာမည်ပါ။လီချင်းတို့ ဂိုဏ်းတူညီအကိုကိုးယောက်ပေါ့)
"ဝှစ်!"
လီချင်းက လက်ကိုဆန့်ထုတ်လိုက်ပြီး ထျန်းလင်းဂိုဏ်းသားတစ်ယောက်၏ ကိုယ်ခန္ဓာအတွင်း စိုက်ဝင်နေသော ဓါးရှည်ကိုဆွဲထုတ်လိုက်သည်။ နီးမြန်းနေသော သွေးစက်များသည် မြေပြင်အနှံ့စွန်းထင်းသွားခဲ့သည်။ သူက တစ်ဖက်ရှိ ထျန်းလင်းဂိုဏ်းသားကို ပြုံးရယ်လျက်စိုက်ကြည့်လိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများအတွင်းရှိ ခက်ထန်မှုများကြောင့် ထျန်းလင်းဂိုဏ်းသားများသည် တစ်ကိုယ်လုံး တုန်လှုပ်လာကြကာ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်ခွာမိလိုက်ကြသည်။
"ထျန်းလင်းဂိုဏ်းတဲ့လား... ကြည့်ရတာ ဘာမှလည်းမဟုတ်ပါဘူးကွာ"
လီချင်းသည် သူ့လက်ထဲ၌ရှိနေသည့် သွေးစွန်းနေသော ဓါးကို သိမ်းဆည်းလိုက်ပြီး ထူးမခြားနားစွာ ပြောဆိုလိုက်သည်။ သူ့မျက်နှာထက်၌ ထွက်ပေါ်နေသော မထီမဲ့မြင်အပြုအမူများသည် များစွာသော ထျန်းလင်းဂိုဏ်းသားများကို ဒေါသထွက်သွားစေခဲ့သည်။
ယခင်က ထျန်းလင်းဂိုဏ်းသည် ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံး၌ ထိပ်တန်းအင်အားစုကြီးဖြစ်ပြီး ကြီးမြတ်သော ဂုဏ်သရေကို ပိုင်ဆိုင်ထားသည်။ ယွမ်ဟွားကောင်းကင်ဘုံတစ်ခွင်၌ ဘယ်သူကမှ ထျန်းလင်းဂိုဏ်းကို ရန်မစရဲကြပါ။
သို့ပေသိ ထျန်းလင်းဂိုဏ်းချုပ်က စွမ်းအားရှင်တစ်စုကို ခေါ်ဆောင်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ရာမှာ လုံးဝပြန်မလာခဲ့တော့ပါ။ ထိုအချိန်မှစ၍ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ ထျန်းလင်းဂိုဏ်း၏ ဂုဏ်သရေသည် အဆုံးစွန်တိုင် လျော့ကျသွားခဲ့ရသည်။
ထျန်းလင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များထွက်လာပြီး အခြေအနေကို ထိန်းသိမ်းလိုက်၍ မဟုတ်ပါက ထျန်းလင်းဂိုဏ်းသည် အခြားအင်အားစုကြီးများ၏ ဝါးမြိုမှုကိုတောင် ခံရနိုင်သည်။
စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဦးဆောင်မှုအောက်တွင် ထိပ်တန်းအင်အားစု ၆ စုသည် အတူတကွ အင်အားများစုပေါင်းခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။
သို့ပါသော်လည်း သူတို့လူသူ မစုဆောင်းနိုင်သေးခင်မှာ ကျူးရှောင်းသူရဲကောင်းများအမည်ရသူ ကျင့်ကြံသူတစ်စုသည် တံခါးဝသို့ ခွေးရူးတစ်ကောင်အလား ရောက်လာခဲ့ကာ ထျန်းလင်းဂိုဏ်းသားများကို သတ်ဖြတ်နေခဲ့သည်။
များစွာသော ထျန်းလင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကျူရှောင်းသူရဲကောင်းများကို သတ်ဖြတ်လိုကြသည်။ သူတို့ ထိပ်တန်းစွမ်းအားရှင်များကို စေလွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျူရှောင်းသူရဲကောင်းများသည် အရိပ်တောင်မမြင်ရအောင် ထွက်ပြေးသွားခဲ့သည်။ ထိပ်တန်းအင်အားစုစစ်တပ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်နှင့်တစ်ပြိုင်နက် ကျူရှောင်းသူရဲကောင်းများကလည်း ယခုလိုပြန်လည်၍ ထွက်ပေါ်လာပြန်ပြီး ထျန်းလင်းဂိုဏ်းသားများကို သတ်ဖြတ်တိုက်ခိုက်ပြန်၏။
ဤသည်က ထျန်းလင်းဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များကို မုန်းတီးနာကြည်းသွားစေခဲ့သည်။ သို့ပါသော်လည်း သူတို့တတ်နိုင်တာ ဘာမှမရှိပါ။ သာမန်ထျန်းလင်းဂိုဏ်း၏ စွမ်းအားရှင်များသည် ကျူရှောင်းသူရဲကောင်းများကို လုံးဝရင်မဆိုင်နိုင်ကြပါ။
"မင်းတို့လို ထျန်းလင်းဂိုဏ်းလေးက ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စရဲတယ်လား..."
လီချင်းက ပြုံးရယ်လိုက်ပြီး သတ်ဖြတ်မှုအရှိန်အဝါများသည် သူ့ခန္ဓာကိုယ်တစ်ခွင်လုံး၌ ရစ်သိုင်းနေခဲ့သည်။ သူ့လက်ထဲရှိ ဓါးရှည်၌ အေးစက်သော ဓါးအလင်းတန်းများ ဖြာဆင်းထွက်ပေါ်လာခဲ့ပြီး သူဟာ ဓါးရှည်ကို ကိုင်ဆောင်လျက် ပြေးထွက်လာခဲ့သည်။ ကျယ်ပြောနက်ရှိုင်းသော ဓါးစွမ်းအားများသည် ထျန်းလင်းဂိုဏ်းသားများကို ကြောက်ရွှံ့တုန်လှုပ်စေခဲ့သည်။
သူတို့ကိုပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ လီချင်း၏ စကားလုံးများပင် ဖြစ်ပါတော့သည်။ သူ၏စကားများကို ကြားလိုက်ရသော ထျန်းလင်းဂိုဏ်းသားများသည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
"မင်းက ရှန်ရှန့်ကျုံဂိုဏ်းသားလား?"
ရှန်ရှန့်ကျုံဂိုဏ်း!!
ဤကနေ့ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံး၌ ရှန်ရှန့်ကျုံဂိုဏ်းသည် ဒဏ္ဍာရီဖြစ်လာခဲ့သည်။ ယင်းက ထိပ်တန်းအင်အားစု ၅ စုအတွက်တော့ အိမ်မက်ဆိုးကြီးအလားပင်။
ရှန်ရှန့်ကျုံဂိုဏ်းကြောင့်သာမဟုတ်ပါက အောက်ဘုံသို့စေလွှတ်လိုက်သော အင်အားစု ၆ စု၏ တပ်များမှာ ဝမ်းနည်းဖွယ်အဆုံးသတ်ကို ကြုံတွေ့ခဲ့ရမှာ မဟုတ်။
ယွမ်ဟွားကောင်းကင်ဘုံတစ်ခွင်၌ လှိုင်းကယက် ထစေခဲ့သူ ပါရမီရှင် ၉ ယောက်က တစ်ကယ်တော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတွေလား?။
ပထမဆုံးအကြိမ်ဖြစ် ထျန်းလင်းဂိုဏ်းသားများသည် ရှန်ရှန့်ကျုံဂိုဏ်းကို ထိတ်လန့်လာမိသည်။ အဆိုပါမကောင်းဆိုးဝါးဆန်သော ပါရမီရှင် ၉ ယောက်သည် ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို ဖျက်ဆီးရန်တောင် လုံလောက်နေခဲ့ပါသည်။ လူငယ်မျိုးဆက်များအကြား၌ သူတို့ကို ဘယ်သူကမှ မယှဥ်ပြိုင်နိုင်ကြပါ။
"ဘာ!..."
"မလုပ်နဲ့..."
ထျန်းလင်းဂိုဏ်းသားများ ထိတ်လန့်ချောက်ချားနေစဥ်တွင် လီချင်းက သတ်ဖြတ်ရန်ဓါးကို ပင့်မြှောက်လိုက်သည်။ ထက်မြသော ဓါးအလင်းတန်းသည် ရုတ်တရက် သက်ဆင်းလာခဲ့ပြီး ထျန်းလင်းဂိုဏ်းသားတစ်ယောက်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်သွားခဲ့သည်။ စွေးစွေးနီသော သွေးစက်များသည် အခြားသောထျန်းလင်းဂိုဏ်းသားများ၏ ကိုယ်ပေါ်သို့ ပက်ဖြန်းသွားခဲ့သည်။ ထျန်းလင်းဂိုဏ်းသားများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
သူတို့က ထွက်ပြေးလိုခဲ့သော်လည်း လီချင်း၏ ဓါးစွမ်းအားမျက်မှောက်မှ ထွက်မပြေးနိုင်ခဲ့ကြပါ။ သူတို့ဟာ လီချင်း၏ ဓါးအလင်းတန်းကြီးကို စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။
"ကြွက်စုတ်လေး မင်းကသေချင်နေတာပဲ!"
ထျန်းလင်းဂိုဏ်းသားများကို လီချင်းက သတ်ဖြတ်လိုက်ပြီးသည့်နောက်တွင် ဒေါသထွက်နေသော ဟိန်းဟောက်သံကြီးသည် တောအုပ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။