← Chapters

ချိပ်စည်းကိုဖြိုခွင်းသော ဓါးတစ်လက် ၊ ပဏ္ဍိတအိုကြီးများ၏ အမျက် ဒေါသ။

Vol. 33 Ch. 455

ချိပ်စည်းကိုဖြိုခွင်းသော ဓါးတစ်လက် ၊ ပဏ္ဍိတအိုကြီးများ၏ အမျက် ဒေါသ။

Vol. 33 Ch. 455

ဘာသာပြန်- The Fate

ရှေးဟောင်းဗုဒ္ဓဂိုဏ်းတည်နေရာ၏ အပြင်ဘက်တွင် ထူထပ်သိပ်သည်းသော ချိန်းကြိုးများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ရစ်ပတ်တွယ်နှောင်ထားပြီး အပြည့်အဝတားဆီးထားခဲ့သည်။ လျှို့ဝှက်နယ်မြေ၏ ပတ်ပတ်လည်တွင်တော့ လူ ၁၂ ယောက်သည် တင်ပျဥ်ချိတ်ထိုင်နေကြသည်။ 

ထိုလူ ၁၂ယောက်မှာ အထူအင်အားစု ၄ စု၏ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားရှင်ကြီးများဖြစ်ကြသည်။ သူတို့ထံမှ စကြာဝဠာကြီး၏ မြင့်မြတ်သောစွမ်းအားများသည် အဆက်မပြတ်ထွက်ပေါ်နေပြီး ထူထဲသော ချိန်းကြိုးများကို ကောင်းချီးပေးနေကာ ချိပ်စည်းကို တည်မြဲအောင်ပြုလုပ်နေကြသည်။

"ဝှစ်..."

သို့ပါသော်လည်း ဤအချိန်တွင် ပဏ္ဍိတ ၁၂ ပါးသည် မျက်ဝန်းများကို တစ်ချိန်တည်း၌ ဖွင့်လှစ်လိုက်ကြပြီး ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီးသည် တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့တွေ ခံစားလိုက်ရလား?"

"ဒီစိတ်နှလုံးကို တုန်ရင်စေတဲ့ ခံစားချက်ကြီးက နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေတယ်... ရှေးဟောင်းဗုဒ္ဓဂိုဏ်းမှာ ဘာတွေဖြစ်ခဲ့တာလဲ?"

ဟွမ်ထျန်းအိမ်တော်၏ ပဏ္ဍိတအိုကြီးကလည်း အံ့အားသင့်နေသော အမူအရာဖြင့် မေးမြန်းလိုက်ကာ သူ၏ မျက်ဝန်းများက ရှေးဟောင်းဗုဒ္ဓဂိုဏ်း လျှို့ဝှက််နယ်မြေကို စူးစိုက်ကြည့်နေခဲ့သည်။

ကောင်းကင်ယံထိတိုင် မြင့်တက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ပဏ္ဍိတအိုကြီး ၁၂ ပါးကို ထိတ်လန့်သွားစေခဲ့သည်။ ယခုအချိန်မှာလည်း သူတို့ဟာ နှလုံးသားကို တုန်ရင်စေနိုင်သော အမျိုးအမည်မသိသည့် ခံစားချက်ကို တစ်ပြိုင်နက်တည်း ခံစားနေရပြန်သည်။

ဘုန်း!..

ပဏ္ဍိတ ၁၂ ပါးထိတ်လန့်နေကြစဥ်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်း အတွင်းပိုင်းမှ ထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုသည် မိုးကောင်းကင်ယံထိတိုင် ပျံတက်သွားခဲ့ပြီး ချိန်းကြိုးများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်လိုက်ကာ ချိန်းကြိုးကြီးများမှာ မီးရှုးမီးပန်းများ ကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

မိုးကောင်းကင်ထိ ပျံ့လွင့်ထွက်ပေါ်လာသော ဓားအလင်းတန်းကို သူတို့တွေ ကိုယ်တိုင်ကိုင်ကျ ရင်မဆိုင်ခဲ့ရသော်လည်း အဝေးမှခံစားနေရသော ဓားဆန္ဒအရှိန်အဝါများကတောင် ပဏ္ဍိတ ၁၂ ပါးကို ရေခဲဂူကြီးအတွင်းသို့ ကျရောက်သွားသလို ခံစားလိုက်ရစေခဲ့သည်။

"ရှပ်...ရှပ်..."

သူတို့၏အကြည့်များအောက်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်း လျှို့ဝှက်နယ်မြေအတွင်းမှ လူဒါဇင်ကျော် ရုတ်တရက့ ထွက်ပေါ်လာကြသည်။ ဦးဆောင်လာသူမှာ ဝမ်ဖုန်းဖြစ်ပြီး သူ၏ဘေးနားတွင် လီပိုင် ၊ မဟာနတ်ဆိုးရွှမ်ရှတို့ရှိနေကြကာ သူ၏အနောက်ဘက်တွင်တော့ နဲ့ဖုန်းနှင့် အခြားသူများရှိကြသည်။ 

"မင်းတို့က ဘယ်သူတွေလဲ?"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ မြင့်မြတ်သောအကြီးအကဲသည် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဝမ်ဖုန်းတို့ကို စိုက်ကြည့်လိုက်ကာ နက်ရှိုင်းသော အသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

အခြားသော ပဏ္ဍိတ ၁၁ ပါးမှာလည်း မည်သည့်အသံကိုမှ မပြုလုပ်သော်ငြား သူတို့ခန္ဓာကိုယ်မှ အရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ သူတို့က ဝမ်ဖုန်နှင့်အခြားသူများကို သတိကြီးကြီး ထားနေကြသည်။ သူတို့၏ အမူအရာများကို ပျက်ယွင်းသွားစေခဲ့သည်က သူတို့၏အရှိန်အဝါများမှာ ဝမ်ဖုန်းကို ထိတွေ့တော့မည့်အချိန်တွင် ရုတ်တရက် ပျယ်လွင့်ပျောက်ကွယ်သွားခဲ့ရသည်။

"ခင်ဗျားတို့က... ကျုပ်တို့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းက ထွက်လာမယ့်လမ်းကို ပိတ်ဆို့ထားတာပေါ့လေ!"

မဟာနတ်ဆိုးရွှမ်ရှက မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်ကို နဖူးနှင့် တက်တိုက်တော့မတက် မောက်မာစွာ ပြောဆိုလိုက်သည်။ မဟာနတ်ဆိုးကြီးရွှမ်ရှဟာ ဤအချိန်၌ စွမ်းအားကြီးချင်ယောင် ဆောင်နေခဲ့ပါသည်။ 

"အမှန်ပဲ!... ဒီချိပ်စည်းကို ကျုပ်တို့တွေ ပြုလုပ်ခဲ့တာပါ"

"မရဏမျိုးနွယ်စုရဲ့လူတွေ ချိပ်စည်းကိုချိုးဖြတ်သွားတာကို ကျုပ်တို့တွေ အာရုံခံမိလိုက်တယ်.. မရဏမျိုးနွယ်စုက ယွမ်ဟွားကောင်းကင်ဘုံကြီးကလူတွေကို ထိခိုက်လာမှာကို ကာကွယ်ရအောင် ကျုပ်တို့က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို ချိပ်ပိတ်ခဲ့တာပဲ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ? ဘာကြောင့်မလို့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းထဲမှာ ထွက်ပေါ်လာရတာလဲ?"

ဟွမ်ထျန်းအိမ်တော်၏ မြင့်မြတ်သောအကြီးအကဲသည် လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ယဥ်ကျေးစွာမေးမြန်းလိုက်သည်။

သူ၏စောင့်ကြည့်မှုအောက်တွင် ထိုလူအများစုမှာ ထျန်းကျွင်းအထွတ်အထိပ်၌ ရှိနေကြသော်လည်း ဝမ်ဖုန်နှင့်လီပိုင်တို့က သူ့ကို နားလည်ရခက်သော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ သိသာထင်ရှားစွာဖြင့် စောနက ဓါးအလင်းတန်းကို ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က ပြုလုပ်ခဲ့ခြင်းဖြစ်လိမ့်မည်။

အခြားသော ပဏ္ဍိတကြီးများမှာလည်း ဘာစကားမှ မပြောကြသော်ငြား ဝမ်ဖုန်းတို့ကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏ မျက်လုံးများက အထူးသဖြင့် ဝမ်ဖုန်းနှင့်လီပိုင်တို့ကို သတိထားစောင့်ကြည့်နေကြသည်။ 

"အို... အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ချိပ်ပိတ်ခဲ့ပြီး ကျုပ်တို့ရဲ့ လမ်းကို နှောင့်ယှက်တားဆီးခဲ့တယ်။ လျော်ကြေးပေးဖို့ ဘယ်လိုစီစဥ်ထားလဲ?"

သူဟာ ရှန်ရှန့်ကျုံ အပြင်စည်းဂိုဏ်း၏ အထွေထွေစီမံအုပ်ချုပ်သူ ဖြစ်ပါသည်။ ထိုကဲ့သို့ ကြီးမားသော နောက်ခံကြီးဖြင့်ဆိုပါက ရှေ့မှောက်တွင် ပဏ္ဍိတ ၁၂ ပါးရှိနေရင်တောင် ကြောက်လန့်ရဦးမည်လော?။

"မင်း..."

မဟာနတ်ဆိုးရွှမ်ရှ၏ မောက်မာသော စိတ်နေသဘောထားက ကောင်းကင်ပြုပြင်ဂိုဏ်း၏ မြင့်မြတ်သော အကြီးအကဲ ၃ ယောက်ကို ဒေါသထွက်စေခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ မြင့်မြတ်သော အင်အားစုဖြစ်သည်နှင့်အညီ သူတို့ဟာ ယွမ်ဟွားကောင်းကင်ဘုံ၌ ပြိုင်ဘက်ကင်းပါသည်။ အခုတော့ ထျန်းကျွင်းအထွတ်အထိပ်သာသာရှိသော လူတစ်ယောက်က သူတို့ကို မောက်မာစွာ ဆက်ဆံလိုက်တာလား။

"မင်းတို့တွေ မလှုပ်ရှားသေးဘူးဆိုရင် ဒီပဏ္ဍိတက လှုပ်ရှားလိုက်မယ်... ဒီကလေးက အရမ်းကို မောက်မာရဲတယ်လား?"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် တိတ်ဆိတ်နေသော အခြားအကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ စွမ်းအားရှင်များမှာ များသောအားဖြင့် စိတ်တိုလွယ်ကြသည်။ ဤသည်မှာ သူတို့ကျင့်ကြံသော ကောင်းကင်ပြုပြင်မီးအနုပညာကျင့်စဥ်နှင့် ဆက်စပ်မှုရှိသည်။ သူတို့ဟာ ကမ္ဘာလောကကြီးအတွင်းမှ ပုန်းကွယ်နေထိုင်ကြသော်လည်း တစ်ယောက်ယောက်ကသာ သူတို့ကို ရန်စရဲပါက ကြီးမားသောကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မည်။

အခုအချိန်တွင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီးသည် မဟာနတ်ဆိုးရွှမ်ရှ၏ ရန်စခြင်းကို ခံလိုက်ရတာကြောင့် ပုရွက်ဆိတ်တစ်ကောင်၏ ပမာမခန့်လုပ်ခြင်းကို ခံစားနေရသကဲ့သို့ တွေးထင်လိုက်မိသည်။ သူဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ?...

ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတအိုကြီး၏ စကားကို ကြားလိုက်ရသည့်အခါ အခြားသောအထူးအင်အားစုကြီးများမှ ပဏ္ဍိတအိုကြီးများက ပါစပ်ဟလိုက်သော်လည်း ဘာကိုမှ ပြောဆိုမလာကြပါ။ သူတို့ဟာလည်း ဝမ်ဖုန်းနှင့်အခြားသူများ၏ ခွန်အားကို စမ်းသပ်ကြည့်ချင်သည်။ ဝမ်ဖုန်းတို့က သူတို့ရဲ့ ဂရုစိုက်မှုနဲ့ထိုက်တန်ရဲ့လားဆိုတာကိုပေါ့။

သို့ပါသော်လည်း ဘယ်သူကမှ စဦးစွာ မလှုပ်ရှားချင်ကြပါ။ ဤသည်က သူရဲ ဘောကြောင်ခြင်းမဟုတ်ဘဲ ခန့်မှန်း၍မရသော ဝမ်ဖုန်းတို့ကို ချိန်နေရသောကြောင့်သာဖြစ်သည်။

သူတို့ ၁၂ ယောက်ပြုလုပ်ထားသော ချိပ်စည်းကို ဓါးတစ်လက်ဖြင့် ဖြိုခွင်းဖို့ဆိုသည်က ထိုသူ၏ကျင့်ကြံမှုမှာ အနည်းဆုံးတော့ ချန်ခွမ်းယွမ်အဆင့်၌ ရှိနေလိမ့်မည်။ ထိုကဲ့သို့ တည်ရှိမှုကြီးသည် ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံး၌ ပေါ်ထွန်းမလာခဲ့ဖူးပါ။ သူတို့ဟာ အထူးအင်အားစုများဖြစ်သော်လည်း အသန်မာဆုံးမှာ ပဏ္ဍိတအထွတ်အထိပ်ထက် မပိုချေ။

ကမ္ဘာလောကကြီးတမျှ ကြီးမြတ်တဲ့ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို သူတို့ဘယ်လိုလုပ် အာခံရဲပါ့မလဲ။

ဒေါသထွက်လွယ်သော ကောင်းကင်ပြုပြင်ဂိုဏ်း အကြီးအကဲများက သူတို့အစား ဦးစွာစမ်းသပ်ပေးနေကြသည်။

ဟုတ်တာပေါ့... ဝမ်ဖုန်းတို့ကသာလုံလောက်အောင် မသန်မာဘဲ ပဏ္ဍိတအဆင့်၌သာ ရှိနေပါက သူတို့ဟာ အတူတကွပူးပေါင်းပြီး တိုက်ခိုက်ပစ်လိုက်မည်။

ပဏ္ဍိတတစ်ပါး၏ ကြွယ်ဝချမ်းသာမှုသည် သွေးချောင်းစီးစေရန် လုံလောက်လေသည်။ သူတို့၏ ခွန်အားက တစ်ဖက်ရန်သူကို ဖိချေနိုင်စွမ်းရှိပါက သူတို့ဟာလည်း ယဥ်ကျေးနေတော့မှာ မဟုတ်ပါ!

ဘုန်း!...

စကာဝိုင်းပြီးဆုံးသွားပြီးနောက် ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတအိုကြီး၏ ခန္ဓာကိုယ်မှ ပဏ္ဍိတအလယ်အလတ်အဆင့် ပြင်းထန်သောအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ကာ ရှေးဟောင်းဗုဒ္ဓဂိုဏ်း အထက်ကောင်းကင်ယံ၌ ရုတ်တရက် အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးများသည် အရပ်လေးမျက်နှာမှ စုရုံးလာခဲ့ပြီး ကောင်းကင်အထက်၌ ကြီးမားသော လေပွေကြီးကို ဖြစ်ပေါ်စေခဲ့သည်။ 

သူဟာ လက်ကို ဆန့်တန်းပြီး ဖမ်းဆုလိုက်သည့်အခါ အလျှံတညီးညီး တောက်ပနေသော အနီရောင်ဓါးကြီးသည် သူ့လက်ထဲ၌ ထွက်ပေါ်လာခဲ့ကာ မကောင်းဆိုးဝါးဆန်သော ဓါးဆန္ဒအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

သူက ဓါးရှည်ကိုထိုးသွင်းလိုက်သည့်အခါ မီးတောက်များ ကခုန်သွားခဲ့သည်!

"ရှူး!..."

အနီရောင်မီးတောက်အရိပ်ကြီးသည် ကောင်းကင်ယံထက်မှ အဆိပ်ပြင်းသော မြွေကြီးတစ်ကောင်ကခုန်နေသလိုမျိုး လူး၍လိမ့်၍ ကျဆင်းလာခဲ့ကာ ဝမ်ဖုန်းနှင့်အခြားသူများထံ ပြေးဝင်တိုက်ခိုက်လိုက်သည်။

ကောင်းကင်နှင့်နေမင်းကို ဖုံးကွယ်ထားနိုင်သော ထောင်ကျော်သည့် မီးတောက်ဓါးများသည် အဆက်မပြတ် ကျဆင်းနေခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှ၏ ခြေထောက်များကို ပျော့ခွေသွားစေခဲ့သည်။ ဂိုဏ်းချုပ်က အလွန်သန်မာပြီး ဒီတိုက်ကွက်ကို တားဆီးနိုင်မှန်းသိထားသော်လည်း သူဟာ ခန္ဓာ ကိုယ်တုန်ရင်မှုကို မတောင့်ခံနိုင်ခဲ့ပါ။

သူဟာ ထျန်းကျွင်းအထွတ်အထိပ်၌သာ ရှိနေသေးသည်။ သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံနှင့် နီးကပ်လုမတက် ရှိနေခဲ့သော်လည်း ပဏ္ဍိတအလယ် အလတ်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့သည်ဖြစ်ရာ သူ အဘယ်မှာလျှင် တောင့်ခံနိုင်ပါ့မည်နည်း။

မေ့လျော့ခံအာကာပြင်အဆင့်နှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံတို့၏ ကွာခြားမှုသည် တစ်နှင့် နှစ်အတွင်းရှိ ကွာခြားမှုကဲ့သို့ ရိုးရှင်းမှုမရှိပါ။ 

ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတအိုကြီး စတင်လှုပ်ရှားလိုက်သည့်အခါ အခြားသော ပဏ္ဍိတစွမ်းအားရှင်များက ဝမ်ဖုန်းနှင့်အခြားသူများကို မျက်တောင်မခတ်ဘဲစူးစိုက်ကြည့်နေကြသည်။ သူတို့က သတင်းအချက်အလက်တစ်ခု လွတ်သွားမှာကိုတောင် စိုးရိမ်နေသည့်အလားပင်။ သူတို့ဟာ ကိုယ်တွင်းရှိ စွမ်းအားများကိုတောင် လျှို့ဝှက်စွာ လှုပ်ရှားထားကြပြီး အခြေ အနေများ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာပါက ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။

အခြားသော ပဏ္ဍိတစွမ်းအားရှင်များကတောင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီး ထုတ်ဖော်ခဲ့သော သိုင်းကွက်ကို အလွယ်တကူချေပနိုင်မှာမဟုတ်ကြပါ။ သို့ပါသော်လည်း ဝမ်ဖုန်းတို့၏ မျက်နှာထက်၌ အနည်းငယ်မျှသော အမူအရာကို မတွေ့မြင်ရခြင်းက ထိုပဏ္ဍိတအိုကြီးများကို ထိတ်လန့်အံ့ဩသွားစေခဲ့သည်။ ထိုပုဂ္ဂိုလ်၏ အမူအရာက အင်မတန်မှ တည်ငြိမ်နေသေးသည်။

All Chapters