လူငယ်လေးများ၏ အကြပ်အတည်း။
Vol. 33 Ch. 458
ဘာသာပြန်- The Fate
"အရှင့်ရဲ့နာမည်ကို သိပါရစေ။"
ဟွမ်ထျန်းအိမ်တော်၏ ဘိုးဘေးအိုကြီးသည် လက်သီးဆုပ် ဂါဝရပြုလိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
"ဒီအရှင်က ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ဖုန်းပါ။"
"ဂိုဏ်းချုပ်ဝမ်ကို လူကိုယ်တိုင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ကျုပ်တော့ မယဉ်မကျေး ပြုမူမိပါပြီ။"
ဝမ်ဖုန်း၏စကားဆုံးသွားပြီးနောက် ပဏ္ဍိတနယ်ပယ်အကြီးအကဲကိုးယောက်မှာ ထိတ်လန့်ခြောက်ခြားသွားကြသည်။ သူတို့က အလျှင်အမြန် လက်သီးဆုပ်ဂါရဝပြုလိုက်သည်။ သူတို့၏အမူအယာများက ပို၍တောင်လေးစားလာကြသည်။
ရှန်ရှန်ကျုံ့ဂိုဏ်း၏ ဂိုဏ်းချုပ်တွင် ထိုမျှလောက် သန်မာသော စွမ်အားပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ထင်မထားကြပါ။ ဒီလိုဆိုရင် ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ အကြီးအကဲတွေကရော ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်မလဲ။
ရှန်ရှန်ကျုံ့ဂိုဏ်းဟာ ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင်ဖြစ်လာခြင်းအပေါ် ပဏ္ဍိတနယ်ပယ်အကြီးအကဲကိုးယောက်သည် မည်သည့်ထင်မြင်ချက်မှ မရှိကြတော့ချေ။
ရှန်ရှန်ကျုံ့ဂိုဏ်း၏ ခွန်အားမှာ သူတို့လက်လှမ်းမီသောအရာ မဟုတ်ပါ။ ရှန်ရှန်ကျုံ့ဂိုဏ်းက ခွန်အားတူနေသော အထူးအင်အားစုများထက်စာလျှင် ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင်ဖြစ်လာရန် ပို၍ သင့်တော်လေသည်။
"ဂိုဏ်းချုပ်ဝမ်၊ ကျုပ်တို့ရဲ့ ဟွမ်ထျန်းအိမ်တော်ထဲမှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ လူငယ်မျိုးဆက်တစ်ချို့ရှိကြပါတယ်။ သူတို့က ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်းကို လေ့လာဖို့အတွက် ဝင်ရောက်ချင်ပါတယ်။"
ဟွမ်ထျန်းအိမ်တော် ဘိုးဘေးကြီး၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ပြောဆိုလိုက်သည်။
ကောင်မငယ်လေးယုရှီ၏ လုပ်ဆောင်ချက်များမှာ ကောင်းမွန်လေသည်။ ရွေ့လင်၏ လုပ်ဆောင်ချက်ကလည်း ကောင်းမွန်ပြီး ယဲယွမ်၏ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်သည်။ ယင်းနောက် ဖုန်းရှောင်၊ ပိုင်.....
ဟွမ်ထျန်းအိမ်တော်၏ ပဏ္ဍိတနယ်ပယ် ဘိုးဘေးအိုကြီးသည် သူတို့အိမ်တော်အတွင်းရှိ ရုပ်ရည်ချောမောပြေပြစ်သော အမျိုးသမီးတပည့်များအကြောင်း ဖိအားပေးတွေးတောလိုက်မိသည်။ သူတို့ ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း ဝင်နိုင်မဝင်နိုင်သည်က ပြဿနာမဟုတ်ဘဲ ဂိုဏ်းချုပ်ဝမ်ကို စိတ်ကျေနပ်အောင် ပြုမူရမှာကသာ အဓိကအရာဖြစ်လေသည်။
"ဂိုဏ်းချုပ်ဝမ်၊ ကျုပ်..."
ဟွမ်ထျန်းအိမ်တော် ဘိုးဘေးအိုကြီး၏ စကားဆုံးသွားပြီးနောက် ကြွင်းကျန်ရစ်သော အထူးအင်အားစုနှစ်စုမှ ဘိုးဘေးများကလည်း အလျင်စလို ပြောဆိုလိုက်ကြသည်။
လူအိုကြီးဖန်း မင်းလုပ်ချင်နေတာ ဘာလဲဆိုတာ ငါတို့မသိဘူးထင်မနေနဲ့!
ဂိုဏ်းချုပ်ဝမ်က ငယ်ရွယ်ပြီး တက်ကြွနေသေးတယ်။ သူ့ရဲ့ဘေးနားမှာ ဂရုစိုက်စောင့်ရှောက်ပေးမယ့် အစေခံပျိုမလေးတွေမရှိလို့ ဘယ်ရမလဲ?
ဒါက အခွင့်ကောင်းကြီး မဟုတ်လား။ လှပပျိုမြစ်သော မိန်းမငယ်လေးများကို ဂိုဏ်းချုပ်ဝမ် သဘောကျသွားပါက သူတို့အတွက်လည်း အကျိုးရှိလေသည်။
"ကောင်းပြီ။"
ဝမ်ဖုန်းဟာ ပဏ္ဍိတဘိုးဘေးအိုကြီးများ၏ အကြံအစည်ကို မသိတာကြောင့် တခဏသာ စဥ်းစားလိုက်ပြီး သဘောတူလက်ခံလိုက်သည်။
"ကောင်းပြီ! ဒါဆိုရင် ကျုပ်တို့တွေ ပြန်လိုက်ပါဦးမယ်!"
ပဏ္ဍိတဘိုးဘေးကိုးယောက်သည် ပျော်ရွှင်နေသော အမူအယာများဖြင့် ဝမ်ဖုန်းကို ဂါဝရပြုလိုက်ကာ လည်ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။ သူတို့၏ အလျင်နှုန်းမှာ မြန်ဆန်လွန်းတာကြောင့် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြလေသည်။
အဲ့ဒီမိန်းမငယ်လေးတွေကို မြန်မြန်ပြန်ပြီး လေ့ကျင့်သင်ကြားပေးရမယ်။ ဒီလိုမှပဲ သူမတို့ရဲ့သွင်ပြင်နဲ့ ကောင်းကောင်းမွန်မွန် ခစားနိုင်လိမ့်မယ်။ နိယာမရှစ်ပါး၊ ကိုယ်ဟန်အမူအယာ သုံးဆယ့်ခြောက်ခုနှင့် ဆွဲဆောင်မှုနည်းလမ်း ခုနစ်ဆယ့်နှစ်သွယ်တို့ကို သင်ကြားပေးရမယ်ကွ!
"စနစ်၊ အန္တိမနယ်ပယ် ဆင့်ခေါ်ခွင့် ခြောက်ကြိမ်ကို ပူးပေါင်းပြီး ဆင့်ခေါ်လိုက်ပါ။"
ဝမ်ဖုန်းက ဘိုးဘေးအိုကြီးများထွက်ခွာသွားသော အရပ်မျက်နှာကို စူးစိုက်ကြည့်လိုက်ကာ မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး လျို့ဝှက်စွာ ပြောဆိုလိုက်သည်။
"ဒင်၊ ထျန်းကျွင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်ခွင့် တစ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"
"ဒင်၊ ရှန်းလုံယွမ် စွေ့ပါ့ကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ချက်ချင်း ပြောဆိုလိုက်သည်။
"စစ်ဆေးမယ်။"
ရှန်းလုံယွမ် စွေ့ပါ့ဟာ စွေ့ပါ့၏ အထွတ်အထိပ်အခြေအနေ၌ ရှိနေသည်ဟု ပြောဆိုနိုင်သည်။ သူ၏ ပါရမီရော ကျင့်ကြံမှုကပါ လုံယွမ်ကြောင့် ထိပ်တန်းအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အမည်မဲ့ ဓားသမားလိုလူမျိုးကတောင် သူ့ကို ချီးကျူးခဲ့ရလေသည်။
"ဒင်၊ စွေ့ပါ့၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အမည် -စွေ့ပါ့၊
ဘွဲ့- ချီလင်နတ်ဆိုး။
ကောင်းကင်ဘုံသွေးကြော - ဓားကောင်းကင်သွေးကြော၊ နတ်ဆိုးကောင်းကင်သွေးကြော။
ကျင့်ကြံမှု -ထျန်းကျွင်း အထွတ်အထိပ်။
ကောင်းကင်အဆင့် အထူးစွမ်းအားများ-သွမ့်ဓားပညာ၊ မင်္ဂလာဝတ်ရုံ ပဥ္စလက်၊ သွေးနှင့်မီး နတ်ဆိုးစွမ်းအား။
ကံကြမ္မာ အထူးစွမ်းအားများ-နေကြတ်ခြင်း ဓားသိုင်းပညာ၊ ကမ္ဘာပျက်သုန်းခြင်းနတ်ဆိုးကိုယ်ထည်၊ သွေးကပ်ဘေးလက်သည်း၊ ရွမ်ကန်းကျီ စုံတွဲသိုင်း၊ နတ်ဘုရား ဖြိုခွင်းခြင်းအနုပညာ။
ကောင်းကင်ဘုံ လက်နက်-မီးတောက် လင်းကျန်း။"
"ကမ္ဘာပျက်သုန်းခြင်း နတ်ဆိုးကိုယ်ထည်နှင့် နေကြတ်ခြင်း ဓားသိုင်းပညာကို အသုံးပြုပြီး၊ နတ်ဘုရားဖြိုခွင်းခြင်း အနုပညာရဲ့အားဖြည့်မှုကို ရရှိမယ်ဆိုရင် စွေ့ပါ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက တစ်ရှိန်ထိုးတိုးတက်သွားပြီး ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားရှင်များနှင့်တောင် ရင်ဆိုင်နိုင်ပါတယ်။"
စွေ့ပါ့၏ စွမ်းရည်ဇယားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ သူက မဟာနတ်ဆိုးရွှမ်ရှနှင့် အနောက်ဘက်ရှိ လူများကို ဝေ့ဝိုက်ကြည့်ရှုလိုက်ကာ ပြောဆိုလိုက်သည်။
"သွားကြရအောင်။"
"ဂိုဏ်းချုပ်၊ ကောင်းကင်ပြုပြင်ဂိုဏ်းကို သွားတော့မလို့လား။"
မဟာနတ်ဆိုးရွှန်ရှက မျက်ဝန်းများကို မှေးကျဉ်းပြီး မေးမြန်းလိုက်သည်။
"လီချင်းတို့တွေကို ချင်းအာက လေ့ကျင့်ရအောင် ယွမ်ဟွားကောင်းကင်ဘုံကြီးဆီ ပို့ဆောင်လိုက်တယ်။ သူတို့ကို အရင်ဆုံးသွားရှာရအောင်။"
ဝမ်ဖုန်းက ခေါင်းကိုခါယမ်းလိုက်ပြီး ပြောဆိုလိုက်သည်။
"ဝိုး... အဲ့ဒီကောင်လေးတွေက ယွမ်ဟွားကောင်းကင်ဘုံထဲမှာလား။"
မဟာနတ်ဆိုးရွှမ်ရှ၏ မျက်ဝန်းများမှာ လင်းလက်တောက်ပသွားပြီး ပျော်ရွှင်စွာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ပွင့် ရှိနေပါသည်။ သူသည် ရှေးဟောင်းကမ္ဘာကြီးကို စွန့်ခွာသွားပြီးကတည်းက သူ၏ တပည့်များကို ထပ်မံတွေ့ဆုံခြင်းမရှိရတော့ပါ။ သူတို့ကို မလွမ်းဆွတ်ဘူးလို့ပြောဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ယခု သူတို့တွေ ပြန်လည်တွေ့ဆုံတော့မည်ဖြစ်ရာ ချင်းအာက သူတို့ကို ဘယ်လိုများ သင်ကြားပေးခဲ့သလဲဆိုတာ သိချင်မိသည်။
ထိုအကြောင်းတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက သူ၏စိတ်အာရုံအသိကို ဖြန့်ကျက်လိုက်သည်။ လှိုင်းများသဏ္ဌာန်ဖြင့် ဝမ်ဖုန်း၏စိတ်အာရုံသည် ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခွင်လုံးကို ဖြန့်ကျက်သွားခဲ့သည်။ တခဏအကြာမှာ ဝမ်ဖုန်းက လီချင်းနှင့်အခြားသူများတည်ရှိရာနေရာကို အာရုံခံမိလိုက်သည်။ သို့သော်လည်း သူ၏မျက်နှာက မဲမှောင်သွားလေသည်။
"ရဲတင်းလိုက်တာ! ငါတို့ရှန်ရှန်ကျုံ့ဂိုဏ်းကလူကို ထိရဲတယ်လား!"
အေးစက်သောအသံကြီးသည် ကမ္ဘာလောကအတွင်း၌ ကြမ်းတမ်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။ ခံစားချက်စိုးစဥ်းမျှမပါဝင်သော ထိုအသံကြီးက မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို အရုပ်ဆိုးသွားစေခဲ့သည်။ ဂိုဏ်းချုပ်တစ်ယောက် အင်မတန်မှ ဒေါသထွက်နေသည်ဖြစ်ရာ လီချင်းနှင့် အခြားသူများမှာ အခြေအနေကောင်းတွင် ရှိမနေလောက်တော့ပါ။
ဝမ်ဖုန်း၏ ပုံရိပ်ကဝေဝါးသွားပြီး အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်ပျောက်ကွယ်သွားခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကလည်း ဝမ်ဖုန်းအနောက်မှ လိုက်ပါသွားခဲ့သည်။ ဘယ်သူကများ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းသားများကို ထိရဲသလဲဆိုတာ သူတို့သိချင်နေမိကြသည်။
.........
ထျန်းလင်းဂိုဏ်း၏ အပြင်ဘက်တောင်တန်းတွေ ရှိရာနေရာ၌ လီချင်းနှင့် ဂိုဏ်းတပည့်များသည် လူအုပ်များ၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံနေရသည်။ သူတို့က အရှေ့ဘက်၌ရှိနေသော လူအုပ်စုကြီးကို အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေကြသည်။ သူတို့၏အရှေ့၌ ကောင်းကင်ခွဲဖြာသည် ဓားရှည်ကိုကိုင်ဆောင်လျက် သွေးချင်းချင်းလိမ်းနေသော ကိုယ်ထည်ဖြင့် မားမားမတ်မတ်ရပ်တန့်နေခဲ့သည်။ သူဟာ ထိခိုက်ဒါဏ်ရာများရရှိနေသော်လည်း အနောက်ကို အနည်းငယ်တွန့်ဆုတ်သွားခြင်းမရှိခဲ့ပါ။
သူတို့၏အရှေ့ဘက်တွင် ရာကျော်သောရန်သူများရှိနေကြကာ အနိမ့်ဆုံးကျင့်ကြံမှုက ထျန်းဝူအဆင့်အထက်၌ဖြစ်သည်။ ထျန်းလင်းဂိုဏ်းနှင့် အခြားသောထိပ်တန်းအင်အားစုခြောက်စုသည် လီချင်းတို့ကို ဖိနှိပ်ရန်အတွက် လူအုပ်စုတစ်စုကိုစေလွတ်ခဲ့ရုံသာမက ထျန်းကျွင်းအဆင့်စွမ်းအားရှင်ခုနစ်ယောက်ကိုလည်း စေလွှတ်ခဲ့သည်။
"မင်းတို့လို ဆန်ကုန်မြေလေးတွေကို ငါတို့က အရေးမစိုက်ချင်ခဲ့ပါဘူး။ ဒါပေမယ့် မင်းတို့က ပိုပိုဆိုးလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီလိုဆိုမှတော့ အားနည်းသူကို အနိုင်ကျင့်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့!"
ထျန်းလင်းဂိုဏ်း၏ စွမ်းအားရှင် ချန်းဟွမ်သည် ကောင်းကင်ခွဲဖြာကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။
သူ၏အသံမှာ ခက်ထန်ကြမ်းတမ်းနေသော်လည်း အမှန်တကယ်မှာတော့ ချန်းဟွမ်နှင့် အကြီးအကဲခုနှစ်ယောက်သည် ကောင်းကင်ခွဲဖြာ၏ခွန်အားကို ထိတ်လန့်နေမိသည်။ ထိုသူဟာ ရှန်းယိကျိအထွတ်အထိပ်တွင်သာ ရှိနေသည်မဟုတ်ပါလော။ သို့သော်လည်း သူဟာ သူတို့လို ထျန်းကျွင်းအထွတ်အထိပ် အကြီးအကဲများစွာ၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့သည်။
ဤသည်ကို ကြည့်ရှုခြင်းအားဖြင့် ကောင်းကင်ခွဲဖြာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို တွေ့မြင်နိုင်လေသည်။
ထိုကဲ့သို့ တိုက်ပွဲဝင်စွမ်းအားကို ထိတ်လန့်ဖွယ်ကောင်းသည်ဟု ပြောဆိုလျှင်တောင် မလုံလောက်ပါချေ။
ထိုပုဂ္ဂိုလ်၏ ကာကွယ်ပေးမှုကြောင့်သာမဟုတ်ပါက ကျူရှောင်းသူရဲကောင်းများဟုခေါ်သော ကြွက်စုတ်တစ်သိုက်ကို သူတို့ဟာ အရင်ကတည်းက သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်လိမ့်မည်။
"လူအိုကြီး ခင်များအရင်ဆုံးထွက်သွားပါ။ ခင်များသန်မာလာတဲ့အထိ စောင့်ဆိုင်းပြီးမှ ကျုပ်တို့အတွက် လက်စားချေပေးပါ!"
လီချင်းက သနားစဖွယ်ဖြစ်နေသော ကောင်းကင်ခွဲဖြာကို စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။
ကောင်းကင်ခွဲဖြာ၏ ခွန်အားဖြင့်ဆိုပါက ဤတိုက်ပွဲမြေပြင်မှ ဖောက်ထွက်နိုင်ကြောင်း သူသိထားသည်။ သူတို့ကို ကယ်တင်ရန်မဟုတ်ပါက ကောင်းကင်ခွဲဖြာတစ်ယောက် ဤမျှလောက်ထိ အထိနာနေရမှာ မဟုတ်ပါချေ။
"ဟုတ်တယ်လူအိုကြီး!"
"အဲ့ဒီလူတွေ ကျွန်တော်တို့ကို သတ်ဖြတ်ဖို့ဆိုရင် လွယ်ကူမှာ မဟုတ်ဘူး!"
"ခင်ဗျားအရင်ဆုံးထွက်သွားပါ။ အနာဂတ်မှာ သူတို့ကို မီးလောင်တိုက်သွင်းပြီး ကျွန်မတို့အတွက် လက်စားချေပေးချေ!"
လီချင်း၏စကားဆုံးသွားသည့်အခါ လင်းဖေးဝူနှင့် အခြားသူများကလည်း အော်ဟစ်ပြောဆိုလိုက်ကြသည်။ သူတို့၏ မျက်ဝန်းများက နီရဲနေကြပြီး တစ်ဖက်၌ရှိနေသော ချန်းဟွမ်တို့အုပ်စုကို သတ်ဖြတ်မှုအရှိန်အဝါများ ပြည့်နှက်လျက် စိုက်ကြည့်နေကြသည်။
သူတို့ဟာ အဓိကအင်အားစုကြီးများ၏ လူငယ်ပါရမီရှင်များကို အမဲလိုက်သတ်ဖြတ်ခဲ့သည့်အတွက် နောင်တမရပါ။ သူတို့တတွေ သတိလက်လွတ်ဖြစ်သွားပြီး အဓိကအင်အားစုကြီးများ၏ ထောင်ချောက်အတွင်း ကျရောက်သွားခဲ့သည်ကိုသာ နောင်တရမိလေသည်။
ဒီလိုမှမဟုတ်ပါက သူတို့ရဲ့ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ဒီလူတွေရဲ့ ဝန်းရံပိတ်ဆို့ခြင်းကို ခံရမှာတဲ့လား။ ဒီလိုဆိုလျှင်တောင် အဓိကအင်အားစုများ၏ လူငယ်ပါရမီရှင်များကို သူတို့က ရနိုင်သမျှ သတ်ဖြတ်သွားဦးမည်။