တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး အပိုင်း(၄၅၉)_ချစ်ခြင်းမေတ္တာများ
Vol. 33 Ch. 459
ဘာသာပြန်- The Fate
ကောင်းကင်ခွဲဖြာဟာ စကားမပြောခဲ့ဘဲ ထက်မြသောဓားသွားကို ကိုင်ဆောင်လျက် ချန်းဟွမ်နှင့် အခြားသောစွမ်းအားရှင်များကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ကျောရိုးဟာ ဖြောင့်တန်းလျက်ရှိပြီး သူဟာ အနောက်ကို အနည်းငယ်တောင်တွန့်ဆုတ်သွားခြင်း မရှိခဲ့ပါ။ ဖြောင့်တန်းခိုင်မာသော ကျောပြင်က လီချင်းနှင့် အခြားသူများကို မျက်ရည်ဝဲစေခဲ့သည်။
ထိုတံမြက်စည်းလှဲသော လူအိုကြီးသည် ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း ဝင်ရောက်လာပြီးသည်နှင့်တစ်ပြိုင်နက် အချိန်တိုင်းလိုလို ရှန်ရှန်ကျုံ့ဂိုဏ်း၏ ကြမ်းပြင်များနှင့် ကျန်သောနေရာများကို သန့်ရှင်းပေးခဲ့သည်။ သူတို့ဟာ ထိုလူ့ကို လှောင်ပြောင်ခဲ့ခြင်းမရှိသော်လည်း ကူညီမပေးခဲ့ကြပါ။
သို့ပါသော်လည်း အခုချိန်မှာတော့ သာမန်ဆန်သော တံမြက်စည်းလှည်းသည့် အဘိုးအိုသည် သူတို့၏ ရှေ့၌ မားမားမတ်မတ် ရပ်တည်၍ ကာကွယ်ပေးနေကာ အနည်းငယ်တောင် တွန့်ဆုတ်နေခြင်းမရှိခဲ့ချေ။
လီချင်းတို့အုပ်စုသည် လက်သီးတင်းတင်းဆုပ်လိုက်ပြီး ချန်းဟွမ်တို့ အဓိကအင်အားစုမှ စွမ်းအားရှင်များကို စူးစိုက်ကြည့်လိုက်သည်။ သူတို့၏နှလုံသားအတွင်း၌ အမုန်းတရားများ ပြည့်နှက်လျက်ရှိသည်။ သူတို့သာ လုံလောက်အောင်သန်မာခဲ့ပါက ကောင်းကင်ခွဲဖြာ ဤမျှလောက်အထိ ကာကွယ်ပေးစရာ လိုအပ်ပါဦးမည်လား။
"အဲ့ဒါက ထိုက်တန်လို့လား။"
ချန်းဟွမ်က ကောင်းကင်ခွဲဖြာ၏ တည်ငြိမ်နေသောမျက်နှာကို စူးစိုက်ကြည့်လိုက်ကာ တုန်ယင်နေသော နှလုံးသားဖြင့် မေးမြန်းလိုက်သည်။
ဒါကိုကြားတော့ ကောင်းကင်ခွဲဖြာက ပြုံးရယ်လိုက်ပြီး ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါ။ သို့သော်လည်း သူဟာ ဓားရှည်ကို ပိုမို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
အတိတ်တွင် သူဟာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ရန်သူတစ်ယောက်ဖြစ်ခဲ့သည်။ဂိုဏ်းချုပ်၏ သနားညှာတာမှုကြောင့်သာမဟုတ်ပါက သူ၏အသက်လည်း သေဆုံးခဲ့ပြီးဖြစ်လိမ့်မည်။ ဂိုဏ်းကို ဝင်ရောက်ပြီးနောက် သူဟာ ဂိုဏ်းနှင့်ဆက်စပ်နှီးနှောသွားပြီဖြစ်သည်။
ဒါ့အပြင် သခင်မကသာ သူ့ကို လျို့ဝှက်စွာ မကူညီပေးခဲ့ဘူးဆိုလျှင် သူဟာလည်း အခုအခြေအနေထိ ဘယ်လိုလုပ် ရောက်ရှိလာပါ့မလဲ။
လီချင်းတို့ဟာ ရှန်ရှန်ကျုံ့ဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသားများဖြစ်ကြပြီး သူတို့ကြီးပြင်လာခဲ့တာကို သူစောင့်ကြည့်နေခဲ့ရသည်။ သူဟာ လူအိုကြီးတစ်ယောက်ဖြစ်တာကြောင့် သေဆုံးရမှာကို မကြောက်ရွံ့ပါ။ သို့သော်လည်း လီချင်းနှင့် အခြားသူများကတော့ ငယ်ရွယ်ကြသေးသည်။ သူတို့ကို သေဆုံးခွင့် ဘယ်လိုလုပ်ပေးနိုင်ပါ့မလဲ?
ဘုန်း!
ပြင်းထန်သော သေဆုံးခြင်းအရှိန်အဝါများသည် ကောင်းကင်ခွဲဖြာ၏ခန္တာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကအတွင်း ပြည့်နှက်သွားခဲ့သည်။ ယင်းသေဆုံးခြင်းအရှိန်အဝါများ ပြည့်နှက်သွားသည့်အခါ ဝန်းကျင်တစ်ခွင်လုံးဟာ အုံ့ဆိုင်းသွားခဲ့ပြီး အသက်ဓာတ်များဖြတ်တောက်ခံလိုက်ရသည်။
ဓားရှည်ကိုကိုင်ဆောင်ထားသော သူ၏လက်က အနည်းငယ်ဝေ့ယမ်းလာသည့်အခါ သူ့လက်မောင်းအပေါ်၌ မီးခိုးရောင်ဆိတ်ငြိမ်ခြင်းသင်္ကေတများသည် ထွက်ပေါ်လာခဲ့ကာ သူ့ကို အင်မတန်မှ ထူးဆန်းသွားစေခဲ့သည်။
အဆိုပါ သုတ်သင်ခြင်းသင်္ကေတများထွက်ပေါ်လာခြင်းနှင့်အတူ ကောင်းကင်ခွဲဖြာမှ ထုတ်လွတ်နေသော အရှိန်အဟုန်များသည် ပိုမို၍ ပြင်းထန်လာခဲ့သည်။
ဓားရှည်မှ မူလအရင်းခံဖြစ်တည်လာခဲ့သော ဓားအလင်းတန်းသည် လေဟာပြင်ကို ဖြတ်တောက်လိုက်ကာ ကောင်းကင်ခွဲဖြာ၏ ခန္တာကိုယ်တစ်ခုလုံးမှာလည်း မီးခိုးရောင်အလင်းတန်းများအကြား ဖုံးအုပ်ခံလိုက်ရသည်။
ဓားသွားအထက်တွင် မီးခိုးရောင်သင်္ကေတများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ကာ ဓားသွားကို သတ္ထုတစ်မျိုးဖြင့် ဖုံးအုပ်နေသည့်အလား။ ဓားရှည်ဟာ တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး ဓား၏ အစွန်းက အင်မတန်မှ ပူပြင်းတောက်လောင်လာခဲ့သည်။
"ဖြတ်တောက်စေ!"
ကောင်းကင်ခွဲဖြာ၏ တိုးညှင်းသော ရေရွတ်သံနှင့်အတူ သူ့လက်ထဲရှိဓားရှည်မှာ ခုတ်ပိုင်းထွက်ပေါ်လာခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော မီးခိုးရောင်ဓားအလင်းတန်းသည် ချန်ဟွမ်းနှင့် အခြားသူများထံ ရုတ်တရက် ပြေးဝင် ခုတ်ပိုင်းသွားခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သောတိုက်ကွက်က ချန်းဟွမ်နှင့် အခြားသော ထျန်းကျွင်း အဆင့်စွမ်းအားရှင်များကို မျက်မှောင်ကျုံ့မိလိုက်စေသည်။ ထိုတိုက်ကွက်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် သတ်ဖြတ်မှုအရှိန်အဝါများကြောင့် သူတို့၏ နှလုံးအိမ်များက တစ်လှပ်လှပ်ခုန်ရင်သွားရ၏။
ထိုပုဂ္ဂိုလ်ဟာ ရှန်းယိကျိအထွတ်အထိပ်၌သာ ရှိသေးသော်လည်း ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုလူ့ကိုသာ မသတ်ဖြတ်လိုက်ပါက အနာဂါတ်မှာ ပြဿနာတစ်စုံတစ်ရာနှင့် တွေ့ကြုံရလိမ့်မည်။
ဘုန်း!
ဒါကို တွေးမိလိုက်သည့်အခါ ချန်းဟွမ်နှင့် အခြားသူများထံမှ အင်မတန်ပြင်းပြသော စွမ်းအားအဟုန်များ ပေါက်ကွဲထွက်လာကြသည်။ ထျန်းကျွင်းအထွတ်အထိပ် စွမ်းအားရှင်ခုနစ်ယောက်၏ စွမ်းအားများသည် လေမုန်တိုင်းကြီးကဲ့သို့ ကမ္ဘာလောကကြီးကို လွမ်းခြုံသွားခဲ့သည်။
ချမ်းဟွမ်၏ အမူအယာဟာ အေးစက်နေခဲ့ပြီး သူဟာ ညာလက်ကိုဆန့်ထုတ်လိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် သူ၏ ညာလက်ဖဝါးအတွင်း စီးဝင်သွားခဲ့ကာ သူ၏လက်ဖဝါးအတွင်းပိုင်း၌ ရှေးဟောင်းသင်္ကေတတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါသင်္ကေတဟာ တစ်လက်လက်တောက်ပလျက်ရှိပြီး သူဟာ သင်္ကေတကို ပစ်လွှတ်လိုက်သည်။
"ဘုန်း"
ရှေးဟောင်းသင်္ကေတသည် အသက်ဝင်လာပုံပေါ်ကာ လက်ဖဝါးထံမှ ပျံသန်းထွက်ခွာသွားခဲ့သည်။ ယင်းနောက် ၎င်းက သွေးနီရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ခွဲဖြာထံသို့ အစွယ်များဖြဲလျက် ဟိန်းဟောက်လိုက်သည်။နဂါးကြီး၏ စွမ်းအားကား အရပ်လေးမျက်နှာကို တုန်လှုပ်စေခဲ့သည်။
ကျွင်းကျန်ရစ်သော ထျန်းကျွင်းအဆင့် စွမ်းအားရှင်များကလည်း ပြင်းထန်သောတိုက်ကွက်များကို ဖော်ထုတ်လိုက်ကြပြီး ကောင်းကင်ခွဲဖြာကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးများသည် ကောင်းကင်နှင်ကမ္ဘာမြေကို ဆုတ်ဖြဲတော့မည်ကဲ့သို့ဖြစ်နေခဲ့၏။
"ဘုန်း!"
ရုတ်တရက်ဆိုသလို မီးခိုးရောင် ဓားအလင်းတန်းသည် တိုက်ခိုက်မှုကြီးခုနစ်ခုနှင့် ထိတွေ့မိသွားကာ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းထွက်ပေါ်လာခဲ့သည်။ စွမ်းအားအရိပ်အငွေ့များသည် အရပ်လေးမျက်နှာသို့ လွင့်ပျံသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့သည်။ ပတ်ဝန်းကျင်၌ ဖုန်မှုန့်များ တသောင်းသောင်းထသွားစေခဲ့သည်။
မြေပြင်တစ်ခုလုံးကလည်း ဖိအားပေး ပင့်မြှောက်ခံလိုက်ရကာ ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။
"ဖစ်!"
ဓားအလင်းတန်းကို ဖြတ်သန်း၍ စွမ်းအားကြီးသော တိုက်ကွက်များသည် ကောင်းကင်ခွဲဖြာကို ထိရိုက်မိသွားကာ သူ၏မျက်နှာကို ဖြူဖျော့သွားစေလျက် စွေးစွေးနီသောသွေးများ အန်ထုတ်လိုက်ရစေသည်။ သူ့ခန္တာကိုယ်တစ်ခုလုံးက လေးညို့မှပစ်တင်လိုက်သော မြားကဲ့သို့ လွင့်စင်ထွက်သွားကာ မနီးမဝေးရှိ ကျောက်ဆောင်ကြီးနှင့် ပြင်းထန်စွာ ထိရိုက်မိသွားသည်။
ဘုန်း!!
ပေါက်ကွဲသံကြီးနှင့်အတူ ကျောက်ဆောင်ကြီးဟာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာပြီး တစ်စစီပြိုကျသွားခဲ့သည်။ ကောင်းကင်ခွဲဖြာတစ်ကိုယ်လုံးဟာ သနားစဖွယ်အတိဖြစ်နေခဲ့သည်။ သူ၏ အရိုးများဟာ ကျိုးကြေသွားခဲ့ပြီး သွေးများကလည်း စဉ်ဆက်မပြတ်ထွက်ပေါ်လျက် သူ့ကို သွေးလူသားတစ်ယောက်ကဲ့သို့ ဖြစ်လာစေခဲ့သည်။
သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ အင်မတန်မှ ထူးချွန်ပြောင်မြောက်သော်လည်း တစ်ဖက်ရန်သူမှာ ထျန်းကျွင်းအထွတ်အထိပ် စွမ်းအားရှင်ခုနစ်ယောက်ဖြစ်သည်။ထိုလူခုနစ်ယောက်၏ ပူးပေါင်းတိုက်ကွက်ကို မသေမပျောက် ခုခံနိုင်ခဲ့တာကတောင် အံ့ဖွယ်ဖြစ်နေလေပြီ။
ကောင်းကင်ခွဲဖြာ၏ မျက်ဝန်းများဟာ မှိုင်းညို့သွားခဲ့သည်။ သူက အံ့ကိုတင်းတင်းကြိတ်လျက် ဓားရှည်ကို ထောက်ကန်ကာ မြေပြင်သို့ ပြန်လည်ရပ်တည်ရန် ကြိုးစားလိုက်သည်။ သူကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ပြန်လည်၍ လဲပြိုသွားခဲ့လေသည်။
"လူအိုကြီးကောင်းကင်ခွဲဖြာ!"
လီချင်းနှင့် အခြားသူများသည် ကောင်းကင်ခွဲဖြာ၏နံဘေးသို့ ပြေးလွှားရောက်ရှိလာကြကာ သူ့ကိုထူမပေးလျက် စိုးရိမ်တကြီး စိုက်ကြည့်လိုက်ကြသည်။ လင်းဖေးဝူနှင့် လီထျန်းရှင်းတို့သည် ကုသရေးဆေးလုံးများ ထုတ်ယူလိုက်ကြပြီး ကောင်းကင်ခွဲဖြာ၏ပါးစပ်ထဲသို့ တိုက်ကျွေးပေးလိုက်ကာ သူတို့၏စွမ်းအားများကို လှည့်ပတ်လျက် ကောင်းကင်ခွဲဖြာ၏ ဒါဏ်ရာများကို ကုသပေးရန် ကြိုးစားနေကြသည်။
"ဒီလူအိုကြီးက အဆင်ပြေပါတယ်လေ။ ဒါပေမယ့် ဒီလူအိုကြီး ဒီကနေ့မှာ မြေမြှုပ်ခံလိုက်ရမှာကို စိုးရိမ်မိတယ်။"
ကောင်းကင်ခွဲဖြာက ပြုံးရယ်လိုက်ပြီး လီချင်း၏လက်ခုံကို ခပ်ဖွဖွ ပုတ်ပေးလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အကြောက်တရားများ ရှိမနေခဲ့ဘဲ လီချင်းတို့ကို မကယ်တင်နိုင်ခဲ့သည့်အတွက် လိပ်ပြာမသန့်မှုများသာ ရှိနေခဲ့သည်။
"ကောင်းကင်ခွဲဖြာနဲ့အတူ သေဆုံးရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာကြီးပါဗျာ။"
လီချင်းက ခပ်ဖွဖွရယ်မောလိုက်သည်။ သူ၏ မျက်နှာထက်တွင်လည်း အကြောက်တရားများရှိမနေခဲ့ပါ။သူဟာ ထိုအစား အင်မတန်မှ တည်ငြိမ်နေခဲ့သည်။
လီဟေးနှင့် အခြားသူများကလည်း ဘာစကားမှမပြောခဲ့ကြသော်ငြား သူတို့၏ အမူအယာများကလည်း အကြောက်အလန့် ကင်းမဲ့နေကြသည်။ သူတို့ဟာ ဤကနေ့မှာ မလွတ်မြောက်နိုင်တော့သော်လည်း ထိုလူများဟာလည်း သူတို့နှင့်အတူ တစ်ချိန်ချိန်မှာ မြေမြှုပ်ခံလိမ့်ရမည်ဟု မြဲမြံစွာ ယုံကြည်ထားကြသည်။
ဖတ်...ဖတ်။
"ဒါက ချစ်ခြင်းမေတ္တာ အဓိပ္ပါယ်တွေပြည့်ဝနေတဲ့ မြင်ကွင်းကောင်းကြီးပါလား။"
ရွတ်နောက်နောက်အပြုံးနှင့်အတူ ချန်းဟွမ်က လက်ခုပ်တီးလိုက်ပြီး လီချင်းနှင့် အခြားသူများထံ ဖြေးညင်းစွာ လမ်းလျှောက်လာခဲ့သည်။
"ငါတို့သေဆုံးရမယ်ဆိုရင်တောင် တိုက်ခိုက်ရင်းပဲ သေဆုံးမယ်!"
ချန်းဟွမ်၏ ရွှတ်နောက်နောက်အပြုံးကို ကြည့်လိုက်ရင်း လီချင်းနှင့် အခြားသူများ၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
ထိုစကားသံနှင့်အတူ ပြင်းထန်သော အရှိန်အဟုန်များသည် သူတို့ထံမှ လွင့်ပျံ့ထွက်ပေါ်လာခဲ့ကြကာ သူတို့ဟာ အသန်မာဆုံးတိုက်ကွက်များဖြင့် ချန်းဟွမ်ကို ကြောက်လန့်ခြင်းမရှိ ပြေးဝင် တိုက်ခိုက်လိုက်ကြသည်။
"ပုရွတ်ဆိတ်လေးတွေက ကောင်းကင်ကြီးကို ရင်ဆိုင်ချင်နေကြတာလား။ ရယ်ဖွယ်ကောင်းလိုက်တာ။"
ချန်းဟွမ်က မထီမဲ့မြင်ပြုံးရယ်လိုက်ကာ သူ၏လက်ကို ထပ်မံဆန့်ထုတ်လျက် ဝေ့ယမ်းလိုက်သည်။ ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများသည် လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ လီချင်းနှင့် အခြားသူများထံ တိုက်ခတ်သွားခဲ့သည်။
"ဘုန်း"
တိုက်ခိုက်မှုကြီးနှစ်ခုသည် ပြင်းပြစွာ ထိတွေ့မိသွားကြသည်။ လီချင်းတို့အုပ်စု၏ တိုက်ခိုက်မှုသည် စွမ်းအားမုန်တိုင်းနှင့် ထိတွေ့လိုက်မိသည့်အခါ စက္ကူစတစ်ရွက်လိုမျိုး ဆုတ်ဖြဲခံလိုက်ရသည်။ ထိတ်လန့်ဖွယ်ကောင်းသောဖိအားသည် လီချင်းနှင့်အခြားသူများကို တိုက်ရိုက်ထိခိုက်မိသွားပြီး လွင့်စင်ထွက်သွားစေခဲ့သည်။
"ဘုန်း!"
လီချင်းနှင့်အခြားသူများသည် မြေပြင်ပေါ်ပြိုလဲသွားခဲ့ကာ သူတို့၏မျက်နှာများက စက္ကူစတစ်ရွက်လိုမျိုး ဖြူဆုတ်နေကြသည်။ သူတို့၏ အရေပြားများကလည်း စုတ်ပြဲနေခဲ့ကာ သွေးများ စဥ်ဆက်မပြတ် စီးယိုလျက်ရှိသည်။ မျက်တောင်တစ်ခတ်အတွင်း၌ သူတို့ဟာ သွေးအတိဖြင့် ဖုံးလွှမ်းသွားခဲ့ပါသည်။