← Chapters

လက်ဖဝါးတစ်ဖက်ဖြင့် သုတ်သင်ခြင်း

Vol. 33 Ch. 460

လက်ဖဝါးတစ်ဖက်ဖြင့် သုတ်သင်ခြင်း

Vol. 33 Ch. 460

ဘာသာပြန်- The Fate

" သေဆုံးသွားခဲ့ရတဲ့ ထျန်းလင်းဂိုဏ်းတပည့်တွေအတွက် ဒီလူအိုကြီးက ဒီကနေ့မှာ လက်စားချေပေးမယ်!"

ချန်းဟွမ်က လီချင်းနှင့်အခြားသူများကို စိုက်ကြည့်လိုက်ကာ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်မှုများပြည့်နှက်လျက် သေမင်း၏စကားသံကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အသံကြီးသည် သူ၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ စွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ကာ အရပ်လေးမျက်နှာကို ခြောက်ခြားစေခဲ့သည်။

ဘုန်း.....

ပြင်းထန်သောစွမ်းအားများသည် လက်မောင်းတစ်လျှောက်စီးဆင်းသွားပြီး ချန်းဟွမ်၏လက်သီးကို နေမင်းကြီးတစ်စင်းအလား တလက်လက်တောက်ပစေခဲ့သည်။ အဆိုပါထိတ်လန့်ခြောက်ခြားဖွယ်စွမ်းအားကြီးက လီချင်းနဲ့ အခြားသူများကို စိတ်ဓာတ်ကျသွားစေခဲ့သည်။ ထိုလက်သီးချက်ကြီးသာ ကျဆင်းလာပါက သူတို့အားလုံး သံဿယမရှိ သေဆုံးကြရလိမ့်မည်။

" မင်းတို့ နောင်တရကြသလား။ "

လီချင်းက ဒဏ်ရာများပြည့်နှက်နေသော လီဟေးနဲ့ အခြားသူများကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

လီဟေးတို့က အသံတစ်ခုမှမပြုဘဲ ခေါင်းကိုခါရမ်းလိုက်ကြသည်။ သေခြင်းတရားနဲ့ ရင်ဆိုင်နေရသည့်အခါမှာတောင် သူတို့က ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေကြသေးသည်။ သူတို့၏နှလုံးသားထဲတွင် ဂိုဏ်းချုပ်က သူတို့ကို ဘဝသစ်တစ်ခုပေးခဲ့ရင်တောင်မှ ထိုက်ရွှမ်နတ်မင်းအဆင့်ကို ကျင့်ကြံဖို့ဆိုသည်က မဖြစ်နိုင်ပါ။ ဒါ့အပြင် သူတို့ရဲ့အဆင့်က အခုဘယ်မှာလဲ.....

ရှန်ရှန်ကျုံဂိုဏ်းကို ထိပါးရဲသူမှန်သမျှသည် သူတို့၏လက်စားချေခြင်းနဲ့ ထိုက်တန်သည်။ လက်ရှိ သူတို့သေဆုံးကြတော့မည်ဆိုသော်လည်း ထျန်းလင်းဂိုဏ်းကဲ့သို့သော ထိတ်တန်းအင်အားစုများ၏ လူငယ်မျိုးဆက်များကို သူတို့က သတ်ဖြတ်ခဲ့သေးသည်။ ဤသည်က ထိုက်တန်ပါသည်။

" နောင်ဘဝဆိုတာသာရှိခဲ့ရင် ငါမင်းတို့ရဲ့ အစ်ကိုကြီး ဖြစ်ချင်သေးတယ်။ "

လီချင်းက ပြုံရယ်လိုက်ပြီး အားနည်းစွာ ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုလိုက်ပြီးနောက် သူက သွေးများယိုစီးလျက်ရှိသော လင်းဖေးဝူကို နူးညံ့သောအကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ 

" ဖေးဝူ အတိတ်မှာတုန်းက ဒီဂိုဏ်းတူအကိုကြီး ရှက်ရွံ့ခဲ့တာကြောင့် မပြောရဲခဲ့ဘူး။ အခုအချိန်မှာတောင် မပြောဆိုဘူးဆိုရင် နောက်ထပ်ပြောဆိုဖို့ အခွင့်အရေးမရတော့မှာကို ဂိုဏ်းတူအကိုကြီး ကြောက်ရွံ့မိတယ်။ "

" ဘယ်အချိန်တုန်းကလဲတော့ အကိုကြီးလည်း မသိဘူး။ အကိုကြီးမင်းရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်... ပြီးရင် မင်းနဲ့အတူ ပြေးလွှားဆော့ကစားခဲ့ရတယ်... မင်းရဲ့အသံကို နားထောင်ခဲ့ရတယ် ...မင်းကိုလည်း အစဥ်အမြဲ ကြည့်ရှူ့ခဲ့ရတယ်...."

" နည်းနည်းတော့ နောက်ကျသွားပြီဆိုပေမဲ့ ဂိုဏ်းတူအကိုကြီး မင်းကို မေးချင်တယ်။ မင်း ငါ လီချင်းရဲ့ တာအိုလက်တွဲဖော်ဖြစ်ချင်လား။ "

လီချင်း၏စကားဆုံးသွားသည့်အခါ လင်းဖေးဝူ၏လှပသော မျက်ဝန်းအိမ်လေးအတွင်း၌ မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့သည်။ မျက်ရည်များဟာ သွေးများဖြင့် ရောထွေးလျက် သူမ၏နုညံ့သောမျက်နှာကလေးကို ဖုံလွှမ်းထားခဲ့သည်။

" ဂိုဏ်း....ဂိုဏ်းတူအမကြီး၊ မြန်မြန် အဖြေပေးလိုက်လေ။ "

မုယွင်ဖေးနှင့် အခြားသူများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ အစဥ်အမြဲတစ်သီးတစ်သန့်နေတတ်သော လီဟေးကတောင် ထပ်တူညီမျှစွာ အော်ဟစ်အလောဆော်လိုက်သေးသည်။

" ဒီအဖိုးကြီးက မင်းတို့ရဲ့ အသိသက်သေဖြစ်နေပေးမယ်! "

မနီးမဝေးတွင်ရှိနေသော ကောင်းကင်ခွဲဖျာ၏မျက်ဝန်းများထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့ကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

" ငါ ဆန္ဒရှိပါတယ်... "

လင်းဖေဝူက လီချင်းကို စူးစိုက်ကြည့်လိုက်ပြီး သူမရဲ့ သွေးရောင်လွှမ်းနေသောလက်ကို ဆန့်ထုတ်လျက် လီချင်း၏လက်ကို ဆုပ်ကိုင်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသည်နဲ့တပြိုင်နက် လီချင်းက ရူးနှမ်းစွာ အော်ဟစ်ရယ်မောလိုက်ပြီး လင်းဖေးဝူကို မမှိတ်မသုန် စူးစိုက်ကြည့်နေခဲ့သည်။ဤချိန်၌ သူတို့တစ်ယောက်ချင်းစီ၏မျက်ဝန်းများအတွင်း၌ ကျန်တစ်ယောက်သာ ရှိနေခဲ့ကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော လက်သီးချက်ကြီးက သူတို့အပေါ်သက်ဆင်းလာခဲ့ပြီ ဖြစ်သော်လည်း သူတို့ဟာ အနည်းငယ်တောင် အာရုံထွေပြား မသွားကြပါ။ သူတို့၏မျက်ဝန်းများက တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန်စူးစိုက်ကြည့်နေကြပြီး တစ်ယောက်၏ပုံရိပ်ကို တစ်ယောက်၏စိတ်နှလုံးအနက်ပိုင်း၌ မြဲမြံစွာ ခတ်နှိပ်နေသည့်အလားပင်။

" သေချင်နေတာပဲ!"

လီချင်းတို့၏ချစ်ခြင်းမေတ္တာကို တွေ့မြင်လိုက်ရသည့်အခါ ချန်းဟွမ်ဟာ ဒေါသထွက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခွင်၌ အေးစက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ရစ်သိုင်းလွှမ်းခြုံခဲ့သည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ ထွက်ပေါ်လာခဲ့ပြီး လက်သီးချက်ကြီးကို ပို၍တောင်ထိတ်လန့်ဖွယ် ကောင်းလာစေခဲ့သည်။

" မစိုးရိမ်ပါနဲ့။ မင်းတို့သေရမှာ မဟုတ်ဘူး။ "

" မင်းတို့ရဲ့ အသိသက်သေကလည်း ငါပဲ!"

ဤအချိန်၌ ကျယ်လောင်အသံကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင်၌ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြီးထွက်ပေါ်လာခြင်းနဲ့အတူ လီချင်းနဲ့အခြားသူများရှိနေသောနေရာ၌ မမြင်တွေ့နိုင်သောဖိအားကြီးလဲ ထွက်ပေါ်လာခဲ့သည်။

ထိုဖိအားကြီးထွက်ပေါ်လာသည့်အခါ ချန်းဟွမ်နဲ့ အခြားသူများသည် ရုတ်တရက်ဖိနှိပ်ခံလိုက်ရကာ ချန်းဟွမ်ထုတ်ဖော်လိုက်သော လက်သီးလုံးကြီးမှာလဲ အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားရသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ယံထက်၌ တိမ်စိုင်တိမ်တိုက်များ အုပ်ဆိုင်းလာပြီး ထူထပ်သည်ထက် ထူထပ်လာခဲ့သည်။ ယင်းနောက် တိမ်စိုင်များအတွင်း၌ ကြီးမားသောတောင်တန်းကြီးကဲ့သို့ ဧရာမလက်ဖဝါးကြီးသည် တည်ရှိလာခဲ့သည်။

ဧရာမအရှိန်အဟုန်ကြီးသည် ကမ္ဘာလောကကြီးကို လွှမ်းခြုံသွားခဲ့ကာ ချန်းဟွမ်တို့အုပ်စုကို အသက်ရှုရ ခဲယဥ်းလာစေခဲ့သည်။ သူတို့ဟာ မိုးကောင်းကင်အထက်ရှိ လက်ဖဝါးရာကြီးကို ထိတ်လန့်တကြားလှမ်းကြည့်မိလိုက်ကြသည်။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?"

ချန်းဟွမ်နဲ့အခြားသူများသည် ထိတ်လန့်တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။

သေမင်း၏လက်ဖဝါးကြီးကဲ့သို့သော လက်ဖဝါးရာကြီးသည် သူတို့၏စိတ်နှလုံးကို တုန်ယင်စေခဲ့ပါပြီ။ သူတို့၏နှလုံးသားဟာ ဒရမ်ကဲ့သို့ တဒုတ်ဒုတ် ခုန်လှုပ်နေခဲ့သည်။ ဤလက်ဖဝါးချက်ကြီး ကျဆင်းလာသည့်အခါ သံဿယဝင်စရာမလိုဘဲ သူတို့အားလုံး သေဆုံးရလိမ့်မည်။

ကျုရှောင်းသူရဲကောင်းများရဲ့နောက်မှာ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စောင့်ရှောက်သူရှိနေတာလား။

ချန်းဟွမ်နဲ့အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားကြပြီး အကြောက်တရားများက မတားဆီးနိုင်စွာ နှလုံးအိမ်အတွင်း၌ လှိုက်တက်လာခဲ့ရသည်။ ကျူရှောင်းသူရဲကောင်းများ၏ နောက်ကွယ်၌ ထိုကဲ့သို့တည်ရှိမှုကြီးရှိနေလိမ့်မည်ဟု သူတို့အဘယ်မှာ မှန်းဆထားအံ့နည်း။

ယင်းမှာ ရှန်ခွမ်းအထွတ်အမြတ်ဘုံဖြစ်သည်။ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ ပြိုင်ဖက်ကင်းတည်ရှိမှုကြီးဖြစ်သည်!

" အဲ့တာ ဂိုဏ်းချုပ်လား။ "

ထိတ်လန့်ခြောက်ခြားနေသော ချန်ဟွမ်တို့အုပ်စုနဲ့ နှိုင်းယှဥ်ရလျှင် လီချင်းတို့က ပျော်ရွှင်လာကြသည်။သူတို့ကိုယ်တွင်းရှိနာကြင်မှုများမှာ သက်သာရာရသွားပုံပေါ်သည်။ မနီးမဝေးရှိ ကောင်းကင်ခွဲဖြာသည် ထိုအော်ဟစ်သံကို ကြားလိုက်ရသည့်အခါ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ မေ့မြောသွားခဲ့သည်။

ထျန်းကျွင်းအထွတ်အထိပ်စွမ်းအားရှင်ခုနှစ်ယောက်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့်အတွက် သူဟာ နောက်ဆုံးသောစိတ်ဓာတ်ခွန်အားတွေကို မှီခိုပြီး သတိမလစ်အောင်တောင့်ခံနေခဲ့ရသည်။ ယခုအချိန်၌ မျှော်လင့်ချက်ထွက်ပေါ်လာပြီးဖြစ်ရာ သူတင်းခံထားသောစိတ်ဓာတ်တို့မှာလည်း ပြိုလဲသွားခဲ့ရသည်။

" ငါ့ရှန်ရှန်ကျုံဂိုဏ်းက လူတွေကို ထိရဲတယ်လား။ သေချင်နေတာပဲကွ! "

ဝမ်ဖုန်း၏အသံက ကောင်းကင်ယံထက်မှ ဟိန်းထွက်လာခဲ့ကာ အင်မတန်မှ လွမ်းမိုးခြယ်လှယ်နိုင်လှသည်။

" ရှန်ရှန်ကျုံဂိုဏ်းလား..."

" ကျုရှောင်းသူရဲကောင်းတွေက တကယ်တော့ ရှန်ရှန်ကျုံဂိုဏ်းက လူတွေလား။ "

" ဟာ......"

ဝမ်ဖုန်း၏စကားများကို ကြားလိုက်ရသည့်အခါ ချန်းဟွမ်နဲ့အခြားသူများသည် ထိတ်လန့်ခြောက်ခြားသွားကြသည်။ ကျူရှောင်းသူရဲကောင်းများ အမည်ရသော လူငယ်တစ်စုသည် အဘယ်ကြောင့်သူတို့၏ဂိုဏ်းသားများကို တိုက်ခိုက်နေရသလဲဆိုတာ သူတို့ နောက်ဆုံးမှာ နားလည်သွားကြသည်။

သူတို့က ခွန်အားစုဆောင်းပြီး ရှန်ရှန်ကျုံဂိုဏ်းကို လက်စားချေလိုခဲ့သည်။ သို့ပါသော်လည်း သူတို့က လီချင်းတို့၏သွယ်ဝိုက်သော နည်းလမ်းဖြင့် လက်စားချေခြင်းကို ခံနေရလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ အခုအချိန်မှာတော့ သူတို့ဟာ လက်စားချေဖို့ရန် အခွင့်အရေး မရှိတော့သည်သာမက ရှင်သန်ဖို့အခွင့်အရေးတောင် ပျောက်ဆုံးသွားလေပြီ။

ချန်းဟွမ်နဲ့အခြားသူများသည် စိတ်အားယုတ်လျော့သွားကြသည်...

လောကကြီးက အလွန်လျင်မြန်စွာ ပြောင်းလဲနေလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားအံ့နည်း။ များမကြာမှီက သူတို့ဟာ လီချင်းတို့ကို ပြုံးရယ်လျက် သတ်ဖြတ်ရန် ကြံစည်နေကြသော်လည်း လက်ရှိအချိန်မှာတော့ သူတို့အားလုံးသေဆုံးရတော့မည်။

" ဘုန်း....."

ဝမ်ဖုန်း၏အသံကြီးနဲ့အတူ ထိတ်လန့်ဖွယ်ကောင်းသော လက်ဖဝါးရာကြီးသည် ကောင်းကင်ယံထက်မှ ချန်းဟွမ်နဲ့အခြားသူများထံ တရွေ့ရွေ့ဖိနှိပ်ကျလာခဲ့သည်။ လေထုဟာ ကြီးမားသောစွမ်းအားကြီးကြောင့် တွန့်လိမ်ပျက်စီးသွားရသည်။

ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးသည် ချန်းဟွမ်နဲ့အခြားသူများကို ဖိနှိပ်ထားခဲ့သည်။သူတို့ဟာ ဧရာမလက်ဖဝါးကြီးမှ လွတ်မြောက်အောင် အပြင်းအထန်ကြိုးစားကြသော်လည်း ယင်းဖိအားကြီးထံမှ မလွတ်မြောက်နိုင်ကြပါ။

" ဘုန်း ....."

ဧရာမလက်ဖဝါးကြီးသက်ဆင်းလာသည့်အခါ ကမ္ဘာမြေပြင်တစ်ခုလုံး ယိမ်းထိုးသွားရပြီး လေထုအတွင်း၌ ဖုန်မှုန့်များတသောင်းသောင်း ထသွားခဲ့သည်။ အရာအားလုံးဟာ လက်ဖဝါးကြီးကြောင့် ဖျက်စီးခံလိုက်ရသည်။

လေပြင်းမုန်တိုင်းသည် လီချင်းနဲ့အခြားသူများထံဖြတ်သန်းတိုက်ခတ်တော့မည့်အချိန်၌ သူတို့၏ခန္ဓာကိုယ်မှ ညင်သာသောစွမ်းအားတစ်ရပ်ထွက်ပေါ်လာခဲ့ပြီး လေလှိုင်းလုံးများကို ပိတ်ပင်တားဆီးလိုက်တာကြောင့် သူတို့ဟာ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာမရခဲ့ပါ။

လီချင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ဖေးမလျက် မတ်တပ်ရပ်လိုက်ကြပြီး ဂိုဏ်းချုပ်၏လက်ဖဝါးကြောင့် တစ်စစီပျက်စီးသွားသော တောင်တန်းနယ်မြေကြီးကို ကြောင်အလျက် ငေးစိုက်ကြည့်မိလိုက်ကြသည်။

ဂိုဏ်းချုပ်က ဘယ်လိုတောင် သန်မာရတာလဲ။

ထျန်းကျွင်းအထွတ်အထိပ်စွမ်းအားရှင်ခုနှစ်ယောက်နဲ့ ထျန်းဝူအထက်အဆင့် စွမ်းအားရှင်ရာကျော်က ဂိုဏ်းချုပ်ရဲ့လက်ဖဝါးကြောင့် အရိုးတစ်စမကျန်အောင် ရိုက်နှက်ခံလိုက်ရတာလား။

ထိတ်လန့်စရာအကောင်းဆုံးမှာ ဂိုဏ်းချုပ်က ထွက်တောင်မလာခဲ့သေးပါ။ ဂိုဏ်းချုပ်ဟာ ဒီနေရာကို ရောက်မလာသေးဘဲ လက်ဖဝါးတစ်ချက်သာ လေထုအတွင်းစေလွှတ်ခဲ့တာ ဖြစ်သော်လည်း အဆိုပါလက်ဖဝါးချက်ကြီးက အဓိကအင်အားစုကြီးခြောက်စုကို လုံးဝဖျက်စီးခဲ့သည်။

အချိန်တစ်ခုထိတိုင်အောင် လီချင်းနဲ့အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်နေသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်မိလိုက်ကြသည်။ သခင်မရဲ့ လေ့ကျင့်ပေးမှုကြောင့် သူတို့ဟာ ဂိုဏ်းချုပ်ထက်တောင် ပိုမိုသန်မာလာခဲ့ပြီဟု တွေးထင်ခဲ့သည်။နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ပါပဲလေ။ လုံးဝကို နှိုင်းယှဥ်ဖို့ မဖြစ်နိုင်ဘူး!

All Chapters