ကောင်းကင်ပြုပြင်ဂိုဏ်းကို သွားမယ်
Vol. 33 Ch. 461
ဘာသာပြန်- The Fate
"ဒင်~ ချန်းဟွမ်နဲ့ စွမ်းအားရှင်များကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင့်ရှင့်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၁၀၀ ဘီလီယီယံနဲ့ ကောင်းကင်အဆင့်အန္တိမဆင့်ခေါ်ခွင့်တစ်ကြိမ် ဆုချလိုက်သည်"
ဝမ်ဖုန်း၏ပုံရိပ်က လီချင်းတို့၏အရှေ့၌ ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် စနစ်၏ အသံကလည်း တစ်ဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းကစနစ်၏ အသံကို လျစ်လျူရှူထားပြီး သူ၏လက်ကို ဆန့်ထုတ်လိုက်သည့်အခါ နူးညံ့ညင်သာသော စွမ်းအားတစ်ရပ်သည် သူ့လက်များထံမှ ပြေးထွက်သွားခဲ့ပြီး လီချင်းတို့နှင့် ကောင်းကင်ခွဲဖြာတို့ထံ ရောက်ရှိသွားလေသည်။
ကြီးမားပြီး နူးညံ့ညင်သာသော စွမ်းအားသည် လီချင်းနှင့် အခြားသူများ၏ကိုယ်တွင်းသို့ ရုတ်ချည်းဝင်ရောက်သွားကာ သူတို့၏ ဒဏ်ရာအနာတရများကို ကုသပေးလိုက်သည်။ ဝမ်ဖုန်း၏ မြင့်မြတ်စွမ်းအားများအကူအညီဖြင့် တဒင်္ဂအတွင်းမှာပဲ လီချင်းနှင့်အခြားသူများသည် ဒဏ်ရာရနေရာမှ ပြန်လည်သက်သာလာကြပြီး ကောင်းကင်ခွဲဖြာကလည်း သတိလစ်နေရာမှ နိုးထလာခဲ့သည်။
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် "
ဝမ်ဖုန်းက မဟာနတ်ဆိုးကြီးရွှမ်ရှတို့ကို ဦးဆောင်ပြီး လမ်းလျှောက်လာသည့်အခါ ကောင်းကင်ခွဲဖြာကလည်း လီချင်းတို့ကိုဦးဆောင်ပြီး ဝမ်ဖုန်းတို့ထံ လမ်းလျှောက်လာခဲ့သည်။ သူတို့က ဝမ်ဖုန်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်ပြီး အတူတကွ ညီညာစွာဦးညွတ်ဂါရဝပြုလိုက်သည်။
"မင်းတို့ကောင်တွေ တစ်ကယ့်ကိုတော်တယ်..."
ဝမ်ဖုန်းက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားထဲ၌ စိတ်လှုပ်ရှားနေမိသည်။ သူဟာ လီချင်းတို့ကို စိုက်ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။
ဤပထမအသုတ်တပည့်များသည် အင်မတန်မှ သန်မာကြီးပြင်းလာကြသည်။ သူတို့ဟာ မတွေ့ရတာ ကာလကြာမြင့်လေပြီ။ သူတို့၏ ယခင်က မရင့်ကျက်မှုများပျောက်ကွယ်သွားပြီး ဇွဲနပန်းနှင့် ရင့်ကျက်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
ဝမ်ဖုန်း၏ ချီးကျူးစကားကို ကြားလိုက်သည့်အခါ လီချင်းတို့သည် ပြုံးလိုက်မိကြသည်။ ဝမ်ဖုန်းထွက်ခွာသွားပြီးနောက် ယဲ့မုချင်က သူတို့ကို များစွာကူညီခဲ့သော်လည်း သူတို့၏ နှလုံးသားအတွင်း၌ ဝမ်ဖုန်း၏နေရာကို ဘယ်သူကမှ အစားမထိုးနိုင်ပါ။
သူတို့ အဆက်မပြတ်ကျင့်ကြံခဲ့တာ ဝမ်ဖုန်းရဲ့ ချီးကျူးစကားအတွက်ပဲ မဟုတ်ပေဘူးလား။
"မင်းတို့တွေ.. လက်စားချေချင်သလား?"
ဝမ်ဖုန်းက လီချင်းတို့ကိုစူးစိုက်ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့်ပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏ စကားများကိုကြားလိုက်ရသည့်အခါ လီချင်းတို့တစ်တွေသည် တစ်ယောက်ကိုတစ်ယောက် ခိုင်မာသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ပြီး ဝမ်ဖုန်းကို ခေါင်းညိတ်ပြလိုက်သည်။
ဂိုဏ်းချုပ်သာ အချိန်မီပေါ်မလာပါက သူတို့ဟာ ချန်းဟွမ်၏လက်သီးချက်အောက်တွင် ကျိန်းသေပေါက်သေဆုံးရလိမ့်မည်။ သူတို့လက်စားမချေဘဲ ဘယ်လိုကြောင့်နေရမလဲ?။ ဒါ့အပြင် သူတို့ ထိပ်တန်းအင်အားစု ၆ စု၏ပါရမီရှင်များကို သတ်ဖြတ်ခဲ့ခြင်းမှာ ထိပ်တန်းအင်အားစုကြီးများက ရှန်ရှန့်ကျုံဂိုဏ်းကို အရင်ဦးစွာ တိုက်ခိုက်ခဲ့၍မဟုတ်ပါလော။
"ကောင်းပြီ!... ဒီဂိုဏ်းချုပ်က ထိပ်တန်းအင်အားစုတွေကို မင်းတို့နဲ့အတူ ဖျက်ဆီးဖို့ အကြီးအကဲတချို့စေလွှတ်လိုက်မယ်"
ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ထိပ်တန်းအင်အားစုကြီးများအကြားရှိ ရန်ငြိုးမှာ ညှိနှိုင်း၍မဖြစ်နိုင်တော့ပါ။
"သွမ့်လန် ၊ ရှုံပါ့ ၊ ဒုတိယဓါးဧကရာဇ် ၊ တတိယဝက်ဧကရာဇ် နဲ့ လုံအာ မင်းတို့ငါးယောက်က လီချင်းတို့တွေကို ခေါ်ဆောင်ပြီး ထိပ်တန်းအင်အားစု ၆ စုကို ဖျက်ဆီးလိုက်ကြပါ"
ဝမ်ဖုန်းက နောက်ကျောဘက်ရှိ အကြီးအကဲများကို လှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။
"ကောင်းပါပြီဂိုဏ်းချုပ်!"
သွမ့်လန်တို့က လက်သီးဆုပ်ဂါရဝပြုလိုက်ကြသည်။
ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လီချင်းနှင့်လင်းဖေးဝူတို့ကို ခပ်ယောင်ယောင်အပြုံးဖြင့် လှမ်းကြည့်လိုက်ပြီး သူက ကျယ်လောင်စွာပြောဆိုလိုက်သည်။
"မင်းတို့တွေ ပြန်ရောက်လာတဲ့အခါ မင်းတို့နှစ်ယောက်ရဲ လက်ထပ်ပွဲကို ငါ ကိုယ်တိုင်ကိုယ်ကျ စီစဥ်ပေးမယ်"
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ လီချင်းက ရူးနှမ်းစွာပြုံးရယ်လိုက်ပြီး လင်းဖေးဝူကတော့ ရှက်ရွှံ့စွာခေါင်းငုံ့လိုက်မိသည်။
သူမဟာ စောနက သေဘေးနှင့်ရင်ဆိုင်ခဲ့ရတာကြောင့် အကြောက်တရားမရှိဘဲ ခံစားချက်များကို ထုတ်ဖော်ခဲ့သည်။ ယခုအခါမှာအရာအားလုံး ပြန်လည်၍လုံခြုံသွားလေရာ သူမ ဘယ်လိုလုပ် သတ္တိရှိပါတော့မလဲ။
"ဂိုဏ်းချုပ်... ကျွန်တော်တို့စောင့်ဆိုင်းနေပါ့မယ်"
လီချင်းတို့အုပ်စုက လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် သူတို့က သွမ်လန်တို့ အကြီးအကဲများနောက် လိုက်ပါသွားပြီး ထျန်းလင်းဂိုဏ်းဆီ ဦးတည်သွားကြသည်။
လီချင်းတို့တတွေ ထွက်ခွာသွားတာကို စောင့်ကြည့်လိုက်ရင်း ဝမ်ဖုန်းက မျက်နှာပေါ်ရှိအပြုံးကို ပြန်၍ရုတ်သိမ်းလိုက်ကာ ကောင်းကင်ခွဲဖြာကို စူးစိုက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"မင်းလို... တံမြက်စည်းလှဲသူတစ်ယောက်က တစ်နေ့နေ့မှာ ဒီလောက်အခြေအနေထိ တိုးတက်လာလိမ့်မယ်လို့ ငါတွေးထင်မထားခဲ့မိဘူး"
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ ကောင်းကင်ခွဲဖြာ၏ အိုမင်းရင့်ရော်နေသော မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ ဝမ်ဖုန်း၏ ချီးကျူးစကကြောင့် သူခံစားခဲ့ရသမျှအရာအားလုံးဟာ ထိုက်တန်လေပြီ။
"အခုချိန်ကစပြီး မင်းက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်"
ဝမ်ဖုန်းက ကောင်းကင်ခွဲဖြာ၏ ပုခုံးကိုပုတ်လိုက်ကာ ပြောဆိုလိုက်သည်။
"ဂိုဏ်းချုပ် ဒီလူအိုကြီးက တံမြက်စည်းလှဲနေရတာလေ... တံမြက်စည်းလှဲတဲ့အကြီးအကဲ ဘာလို့မလုပ်ရမှာလဲ?"
ကောင်းကင်ခွဲဖြာက ပြုံးရယ်လိုက်ပြီး ပြောဆိုလိုက်သည်။
"မင်း... ရူးအတဲ့ လူအိုကြီးကတော့...."
"ကောင်းပြီ မင်းသဘောပါပဲလေ..."
ဝမ်ဖုန်း၏မျက်နှာက ခဲတောင့်သွားခဲ့ကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် မာန်မဲလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."
ကောင်းကင်ခွဲဖြာက ဦးညွတ်လိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။
"ကောင်းပြီ... လူအိုကြီး မင်းဘာလို့ဂိုဏ်းချုပ်ကို ဒီလောက်ယဥ်ကျေးနေရတာလဲ?"
မဟာနတ်ဆိုးရွှမ်ရှ၏ ပုခုံးများကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရယ်စွာပြောဆိုလိုက်သည်။
"စနစ်~ ထီကံစမ်းဖို့ ဂိုဏ်းအမှတ် ၅၀၀ ဘီလီယံကို အသုံးပြုလိုက်ပါ ရရှိလာတဲ့ကျင့်ကြံမှုတွေကို အမည်မဲ့ဓါးသမား ၊ ချီမိန်ချွေရွှယ် ၊ ယဲ့ကူချန် ၊ ဖောင့်ပန်း ၊ မန်ချီရှင်းနဲ့ ချွမ်ယင်းတို့အပေါ် ကောင်းချီးပေးလိုက်ပါ"
ကောင်းကင်ခွဲဖြာနဲ့ တစ်ခဏတာစကားပြောဆိုပြီးနောက် ဝမ်ဖုန်းက တိုးညင်းစွာရေရွတ်လိုက်သည်။
သူဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းဌာနကို ရှာဖွေရန် အလျင်မလိုခဲ့ပါ။ ကမ္ဘာဘောလုံးလေးရှိနေမှတော့ သူဟာ မြေပြင်၌ ရှန်ရှန့်ကျုံဂိုဏ်း တည်နေရာပြုလုပ်မည့်အရေးကို အာရုံအရမ်းမထားတော့ချေ။
သို့ပေသော်ငြားလည်း ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင်ဖြစ်လာရန်အတွက်ကတော့ သူ့အတွက်အနည်းငယ် ခဲယဥ်းပေလိမ့်မည်။
အဆိုပါ အထူးအင်အားစုကြီးများက ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင်အဖြစ် လေးစားပါမည်ဟု ကတိပြုခဲ့သော်လည်း သဘောထားကွဲလွဲမှုများ ရှိနေနိုင်သေးသည်။ ကောင်းကင်ပြုပြင်ဂိုဏ်းကို ဖျက်ဆီးပြီး အထူးအင်အားစုကြီးသုံးစုကို ထိတ်လန့်စေခြင်းကသာ ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင် ဧကန်ဖြစ်လာစေလိမ့်မည်။
"ဒင်~ နဲ့ဖုန်း၏ကျင့်ကြံမှု ဆယ်ပုံတစ်ပုံကိုရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် "
"ဒင်~ ....!"
"ဒင်~ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်... ရရှိလာတဲ့ကျင့်ကြံမှုတွေကို အမည်မဲ့ဓါးသမားတို့အပေါ်ကောင်းချီးပေးပြီးပါပြီ ၊ အမည်မဲ့ဓါးသမားတို့ရဲ့ ကျင့်ကြံမှုက ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ"
စနစ်၏ အေးစက်စက်အသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး အမည်မဲ့ဓါးသမားတို့ကို ကမ္ဘာဘောလုံးလေးအတွင်းမှ ဆင့်ခေါ်လိုက်သည်။
"ကိုးမြှီးမြေခွေး မင်းက ဝမ်ရွှယ်ကလေးကို ကမ္ဘာဘောလုံးလေးထဲ ပြန်လည်ခေါ်ဆောင်သွားပါ... ပြီးရင်တော့ ကျန်းစန်ဖုန်းတို့ကို သူမကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခိုင်းလိုက်"
ဝမ်ဖုန်းက ကိုးမြှီးမြေခွေးကို စူးစိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
သူ၏ ကျင့်ကြံမှုမှာ သာမန်မဟုတ် ထူးကဲသော်လည်း သူဟာ ဤအချိန်၌ အထူးအင်အားစုကြီးဖြစ်သော ကောင်းကင်ပြုပြင်ဂိုဏ်းနှင့် ရင်ဆိုင်ရတော့မည်။ ကောင်းကင်ပြုပြင်ဂိုဏ်းတွင် သူ ၊မကိုင်တွယ်နိုင်သော ဝှက်ဖဲများ ရှိနေနိုင်သေးသည်။
ဝမ်ရွှယ်ကလေးကို ဝမ်ဖုန်းက အင်မတန်မှ အလေးထားပြီး ထိခိုက်ဒဏ်ရာမရစေချင်ပါ... ဒါက သူ့ရဲ့ပထမဆုံး တိုက်ရိုက်တပည့်လေ။
"ဆရာ..."
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ကိုးမြှီးမြေခွေးဘာမှမပြောနိုင်သေးခင်မှာ ဝမ်ရွှယ်ကလေးက အရည်လဲ့နေသော မျက်ဝန်းကြီးများဖြင့် ဝမ်ဖုန်းကို သနားစဖွယ် စူးစိုက်ကြည့်လိုက်သည်။ ဝမ်ရွှယ်ကလေး၏ နှလုံးသားထဲတွင် ဝမ်ဖုန်းကို သူမ၏အဖေအဖြစ်သတ်မှတ်ပြီးပြီဖြစ်သည်။ သူမဟာ ဝမ်ဖုန်းနဲ့တစ်ခဏတာတောင် ခွဲခွာမနေချင်ပါ။
ဆရာက သူမကိုကာကွယ်ပေးဖို့ သူမအဖေ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုထားတဲ့လူလေ။
ဤကမ္ဘာကြီးအတွင်းတွင် သူမ၌ ဆွေမျိုးများမရှိတော့ဘဲ သူမ၏ဆရာကသာ သူမ၏တစ်ဦးတည်းသော ဆွေမျိုးဖြစ်လေသည်။
"မစိုးရိမ်ပါနဲ့ ဆရာက မင်းကိုထားသွားမှာမဟုတ်ပါဘူး... မင်းကို လုံခြံတဲ့နေရာမှာ ထားထားပေးရုံပါ ။အဲ့ဒီမှာ အစ်ကိုတွေ အစ်မတွေအများကြီးလည်းရှိသေးတယ်"
ဝမ်ဖုန်းက ဝမ်ရွှယ်ကလေး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး ညင်သာစွာပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ ဝမ်ရွှယ်ကလေး၏ မျက်နှာက အနည်းငယ်ပျော့ပြောင်းသွားခဲ့သော်လည်း ဝမ်ဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သေးသည်။
ဝမ်ဖုန်းက ကိုးမြှီးမြေခွေးကို မျက်ခုံးပင့်ပြလိုက်သည့်အခါ သူမက ချက်ချင်းနားလည်သိတတ်စွာဖြင့် ဝမ်ရွှယ်ကလေးကို ကမ္ဘာဘောလုံးလေးအတွင်း ခေါ်ဆောင်သွားခဲ့သည်။
ဤမြင်ကွင်းက ယခုလေးတင်ထွက်ပေါ်လာသော အမည်မဲ့ဓါးသမားတို့ကို အံ့အားသင့်သွားစေခဲ့သည်။ ဂိုဏ်းချုပ်မှာလည်း ညင်သာနူးညံ့တဲ့အခြမ်းရှိလိမ့်မယ်လို့ ငါတို့ထင်မထားမိဘူး။
"သွားမယ်! ကောင်းကင်ပြုပြင်ဂိုဏ်းဆီ သွားကြမယ်!"
ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သူဟာ အမည်မဲ့ဓါးသမားတို့ကို စိုက်ကြည့်လိုက်ကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။