← Chapters

ကောင်းကင်ပြုပြင်ဂိုဏ်း။

Vol. 33 Ch. 462

ကောင်းကင်ပြုပြင်ဂိုဏ်း။

Vol. 33 Ch. 462

ဘာသာပြန်- The Fate

ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်းရှိ အထူးအင်အားစုငါးစုအနက် တစ်စုဖြစ်သော ကောင်းကင်ပြုပြင်ဂိုဏ်းသည် ချန်းမန်တောင်တန်းများအတွင်း၌ တည်ရှိသည်။ အခြားအထူးအင်အားစုကြီးလေးစုကဲ့သို့ ကောင်းကင်ပြုပြင်ဂိုဏ်းသည် အကြွင်းမဲ့သီးခြားခွဲ၍ မနေထိုင်ဘဲ တစ်ဝက်တစ်ပျက် ပေါ်ပေါ်လွင်လွင်နေထိုင်လျက်ရှိသည်။ ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ စွမ်းအားရှင်များသည် ကောင်းကင်ပြုပြင်ဂိုဏ်းသည် နက်ရှိုင်းကျယ်ပြောသော တောင်တန်းကြီးများအတွင်း၌ တည်ရှိသည်ကို သိထားကြသော်လည်း အခြားအထူးအင်အားစုကြီးလေးစု၏ တည်နေရာကိုတော့ဖြင့် မသိရှိကြပါ။ ထို့အတွက်ကြောင့် ထိပ်တန်းအင်အားစုခြောက်စု၏ စွမ်းအားရှင်များကို ရှန်ရှန်ကျုံ့ဂိုဏ်းက သတ်ဖြတ်လိုက်ပြီးနောက် ထိပ်တန်းအင်အားစုခြောက်စုကို နောက်ခံထားသော စွမ်းအားရှင်များသည် ကောင်းကင်ပြုပြင်ဂိုဏ်းနှင့် ပူးပေါင်းရန် စတင်တွေးတောလာကြသည်။

ချန်းမန်တောင်တန်းများ၏အနက်ပိုင်ရှိ တောင်စဥ်တောင်တန်းများ၏အကြား၌ ကြီးမားခမ်းနားသော နန်းတော်ကြီးများအစီအရီရှိနေကြကာ ယင်းနန်းတော်ကြီးများကို တိမ်စိုင်တိမ်လိပ်များနှင့် မြူခိုးမြူငွေ့များက ရစ်သိုင်းထားခဲ့သည်။ နတ်ဘုံလောကကဲ့သို့ ရှုမြင်မိသူတိုင်းကို လျို့ဝှက်ဆန်းပြားကာ ဒဏ္ဍာရီဆန်သော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ဤအချိန်တွင် ကောင်းကင်ပြုပြင်ဂိုဏ်း အဓိကခန်းမကြီးအတွင်း၌ ပထမသူတော်စင်လျို့ဖေးယုသည် အခြားသောသူတော်စင်နှစ်ပါးနှင့်အတူ အဓိကပလ္လင်ကြီးပေါ်၌ ထိုင်နေခဲ့ပြီး အောက်ဘက်တွင်တော့ ဂိုဏ်းချုပ်လျို့ချန်းကုန်းနှင့် အကြီးအကဲများရှိနေကြသည်။

ရှိရှိသမျှလူတိုင်း၏ မျက်နှာထက်တွင် လေးနက်နေသော အမူအယာများ ဖြစ်တည်နေကြသည်။

လျို့ဖေးယုသည် ကြင်နာသနားတတ်ဟန်ရှိသော တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေကာ မျက်နှာထက်၌ အရေးကြောင်းများပြည့်နက်နေသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ခါးတွင်တော့ မိုးကြိုးနှင့် လျှပ်စီးသင်္ကေတများ ရေးထွင်းထားသော ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားခဲ့သည်။

ဤအချိန်၌ လျို့ဖေးယု၏မျက်နှာထက်တွင် ဘယ်ခံစားချက်ကိုမျှ မတွေ့မြင်ရပါ။ ခန်းမကြီးတစ်ခုလုံးအတွင်းရှိလေထုမှာ အဆုံးစွန်ထိတိုင်အောင် ပြင်းထန်နေခဲ့သည်။

ပဏ္ဍိတနှစ်ပါးသတ်ဖြတ်ခံရသည့်သတင်းသည် ကောင်းကင်ပြုပြင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ တပည့်များကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ကောင်းကင်ပြုပြင်ဂိုဏ်းကြီးတစ်ခုလုံး၌ စိတ်အားယုတ်လျော့ဖွယ်လေထုကြီး ကြီးစိုးလျက်ရှိသည်။

ယင်းမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားရှင်များဖြစ်၏! ဒါ့အပြင် ကောင်းကင်ပြုပြင်ဂိုဏ်းကြီး၏ စစ်မှန်သော ထောက်တိုင်ကြီးများလည်းဖြစ်ကြသည်!

ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီးနှစ်ယောက် တစ်ပြိုင်နက်တည်း သေဆုံးခြင်းက ကောင်းကင်ပြုပြင်ဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်ကြီးဖြစ်သည်။

"ဘိုးဘေး၊ ကျုပ်တို့တွေ ဒီမှာထိုင်ပြီးစောင့်ဆိုင်းနေလို့ မရဘူးလေ။"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲသည် သည်းခံနိုင်စွမ်းမရှိတော့ဘဲ မတ်တပ်ထရပ်လျက်ပြောဆိုလိုက်သည်။

"ဘိုးဘေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့လူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ကျုပ်တို့ကောင်းကင်ပြုပြင်ဂိုဏ်းကြီးက ကြောက်လန့်နေရမှာလား။"

"သူတို့က ကောင်းကင်ပြုပြင်ဂိုဏ်းကို လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရမယ်ထင်နေရင် မှားယွင်းသွားလိမ့်မယ်။"

လျို့ဖေးယုက ထိုသူ့ကို ထူးမခြားနားစွာ စိုက်ကြည့်လျက် ပြောဆိုလိုက်သည်။

"မင်းက အရမ်းရိုးရိုးရှင်းရှင်း တွေးလွန်းတာကို။ တစ်ခြားတစ်ဖက်မှာ လူဘယ်လောက်များများ ရှိသလဲဆိုတာတောင် ငါတို့မသိရဘူး။ သူတို့ရဲ့ ကျင့်ကြံမှုကိုလည်း မသိရဘူး။ ဘယ်လိုလုပ်တိုက်ခိုက်ရမှာလဲ။"

"စတုတ္ထနဲ့ ပဥ္စမဘိုးဘေးတွေက ပဏ္ဍိတနယ်ပယ်မှာ ရှိနေကြတာတောင် လွယ်လွယ်ကူကူ အသတ်ခံလိုက်ရတယ်။ကောင်းကင်ပြုပြင်ဂိုဏ်းမှာ လူအများကြီးရှိနေတော့ကော ဘာအသုံးဝင်မှာလဲ။"

"မင်းက ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်ကို တားဆီးနိုင်လို့လား။"

ထိုစကားများထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဒေါသထွက်နေသော အကြီးအကဲများအားလုံး ရုတ်တရက်ငြိမ်ကျသွားကြသည်။ သူတို့၏ ပြင်းထန်သော အမျက်ဒေါသက တစ်ဖက်တွင် ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်များရှိနေကြောင်းကို မေ့လျော့သွားစေခဲ့သည်။

ထိုကဲ့သို့ တည်ရှိမှုကြီးများကို ပဏ္ဍိတအဆင့် ဘိုးဘေးသုံးယောက်ကလွဲပြီး ဘယ်သူကများ ယှဥ်ပြိုင်နိုင်မှာလဲ။ ကျန်ရစ်သော အကြီးအကဲများမှာ ထျန်းကျွင်းအထွတ်အထိပ်အဆင့်၌ ရှိနေကြသော်လည်း ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်များနှင့် နှိုင်းဆရပါက ပုရွတ်ဆိတ်များအလား သေးနုပ်လှသည်။

"အခြားအင်အားစုကြီးတွေနဲ့ ပူးပေါင်းတိုက်ခိုက်ကြရင်ရော?"

ဤအချိန်၌ အကြီးအကဲတစ်ယောက်က ထ၍ ပြောဆိုလာခဲ့သည်။

ဤသည်ကိုကြားသော် လူတိုင်း၏ မျက်ဝန်းများသည် တောက်ပသွားကြပြီး လျို့ဖေးယုကို လှမ်းကြည့်လိုက်သည်။ သို့ပါသော်လည်း လျို့ဖေးယုကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

"ကျန်တဲ့အထူးအင်အားစုကြီးတွေက မုန်တိုင်းထဲကို ခြေလှမ်းချင်မှာ မဟုတ်ဘူး။ သူတို့က အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့လူတွေနဲ့ ငါတို့တိုက်ခိုက်ပြီး အင်အားယုတ်လျော့သွားမှာကိုတောင် စောင့်ဆိုင်းနေလောက်တယ်။"

လျို့ဖေးယုက ခေါင်းကိုခါယမ်းလိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

"မြင့်မြတ်တဲ့ ကောင်းကင်ပြုပြင်ဂိုဏ်းက အမည်မသိတဲ့ လူတစ်စုကို ကြောက်လန့်နေတယ်တဲ့လား!"

ဤကဲ့သို့ အချိန်အခါသမရတွင် အက်ကွဲကြမ်းရှသော အသံကြီးသည် ကောင်းကင်ပြုပြင်ဂိုဏ်းခန်းမအတွင်း၌ ဟိန်းထွက်သွားခဲ့သည်။ လျို့ဖေးယုနှင့် အကြီးအကဲများအားလုံး၏ နှလုံးသားများမှာ တောင့်တင်းသွားကြသည်။

ဘယ်လိုလူကများ ကောင်းကင်ပြုပြင်ဂိုဏ်းထဲကို တိတ်တဆိတ် ဝင်ရောက်လာနိုင်ရတာလဲ။

ဤအချိန်၌ ခန်းမကြီးထဲတွင် ချန်ခွမ်းဘုံအဆင့် စွမ်းအားရှင်ကြီးသုံးယောက် ရှိနေကြသည်။ သို့သော်လည်း တစ်ဖက်လူက သတိပြုမိခြင်းမရှိရအောင် ဝင်ရောက်လာနိုင်ခဲ့သည်။ ထိုလူတွေက ဘယ်လောက်တောင် အစွမ်းထက်လိမ့်မလဲ။

"ဘယ်သူလဲ။ ဒီအရှင်သခင်ကို ကိုယ်ထင်ပြစမ်း။"

လျို့ဖေးယု၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်သည့်အခါ သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဓားရှည်သည် ဓားအိမ်အတွင်းမှ ထွက်လာခဲ့ပြီး မီးတောက်မီးလျှံများ ဖုံးကွယ်နေကာ ငှက်မွေးသဏ္ဌာန်ရှိသော ဓားစွမ်းအင်သည် ခန်းမကြီးအတွင်း၌ ကခုန်လှုပ်ရှားလာခဲ့သည်။ ခန်းမအပြင်ဘက်ရှိ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားသည် လက်သီးတစ်ချက်ပစ်သွင်းလိုက်ပြီး ဓားအရှိန်အဟုန်များကို ချိုးဖျက်လိုက်သည်။ သူ၏ဘေးနားတွင်လည်း အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လူနည်းစု ရှိနေကြသည်။

"မင်းတို့က ဒီကို ဘာကြောင့်ရောက်လာကြတာလဲ။"

လျို့ဖေးယုနှင့် ပဏ္ဍိတနယ်ပယ် ဘိုးဘေးနှစ်ယောက်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး အနက်ဝတ်လူငါးယောက်ကို စူးစိုက်ကြည့်လိုက်ကာ နက်ရှိုင်းသော အသံဖြင့် မေးမြန်းလိုက်သည်။

ပဏ္ဍိတအထွတ်အထိပ်တွင် ရှိနေသည်ဖြစ်ရာ လျို့ဖေးယုသည် ထျန်းကျွင်းအဆင့် စွမ်းအားရှင်များကိုတောင် လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်စွမ်းရှိပါသည်။ သို့ပါသော်လည်း သူ၏တိုက်ကွက်ကို တစ်ဖက်လူက လွယ်ကူစွာ ချေပနိုင်ခဲ့သည်။ တွေးတောနေစရာမလိုဘဲ တစ်ဖက်ရန်သူဟာ သူနှင့်အဆင့်တူ သို့သည်းမဟုတ် သူ့ထက်ပို၍ သန်မာရမည်။

"ဟားဟား!"

လျို့ဖေးယု၏ စကားကို ကြားလိုက်ရသည့်အခါ ဦးဆောင်လာသော အနက်ဝတ်လူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကာ သူ၏ ခေါင်းဆောင်းကို ပင့်မလျက် မျက်နှာကို လစ်ဟပြလိုက်သည်။

"ဘယ်လို...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

အနက်ဝတ်အမျိုးသား၏ မျက်နှာသွင်ပြင်ကို တွေ့မြင်လိုက်ရသည့်အခါ လျို့ဖေးယုနှင့် အခြားသူများမှာ ရုတ်တရက် ထိတ်လန့်သွားကြသည်။ သူတို့က အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြပြီးအနက်ဝတ်အမျိုးသားကို မြဲမြံစွာ စူးစိုက်ကြည့်နေကြသည်။

"မရဏမျိုးနွယ်စု!"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အခြားပဏ္ဍိတစွမ်းအားရှင်သည် တစ်ကိုယ်လုံးတုန်လှုပ်လျက် မှတ်ချက်ပြုလိုက်မိသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သော မကောင်းဆိုးရွားအိုကြီးများဖြစ်သည့်အလျောက် သူတို့ဟာ သာမန်လူများ မထိတွေ့နိုင်သော လျို့ဝှက်ချက်များကို သိရှိထားကြပါသည်။ မရဏမျိုးနွယ်စု၏ လူသုံးယောက်ကို ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ ချိတ်ပိတ်ထားကြောင်းကိုလည်း သူတို့သိထားကြသည်။

ထိုမရဏမျိုးနွယ်စု၏ စွမ်းအားရှင်သုံးဦးကို ချိတ်ပိတ်ရန်အတွက် အထူးအင်အားစုကြီးငါးစု အဘယ်မျှလောက် ပေးဆပ်ခဲ့သည်ကို သူတို့သာ သိကြပါလိမ့်မည်။ အခုတော့ မရဏမျိုးနွယ်စုရဲ့ စွမ်းအားရှင်ငါးယောက်တောင် ထွက်ပေါ်လာတာလား။

"မစိုးရိမ်ပါနဲ့။ ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ ရန်သူဖြစ်ဖို့အတွက် ငါတို့ ဒီကို ရောက်လာကြတာ မဟုတ်ပါဘူး။"

အနက်ဝတ်အမျိုးသားက ရယ်မောပြောဆိုလိုက်ပြီး သူ၏ သွေးနီရောင်မျက်ဝန်းများအတွင်း၌ မထီမဲ့မြင်သော အကြည့်များရှိနေခဲ့သည်။

ဤသည်ကို ကြားလိုက်ရတော့ လျို့ဖေးယု၏ ထိတ်လန့်တုန်လှုပ်နေသော အမူအယာမှာ အနည်းငယ်ပြေလျော့သွားခဲ့သည်။ သို့ပါသော်လည်း သူဟာ သတိထားစောင့်ကြည့်နေမှုကို မလျော့ချနိုင်သေးဘဲ နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

"ဒါဆိုရင် မင်းတို့က ယွမ်ဟွားကောင်းကင်ဘုံကြီးကို ဘာကြောင့် ရောက်လာရတာလဲ?"

"မင်းတို့ ကောင်းကင်ပြုပြင်ဂိုဏ်းကို ကူညီပြီး ရန်သူကို ချေမှုန်းပေးဖို့ပေါ့။"

"ဘာ!?"

အနက်ဝတ်အမျိုးသား၏ စကားဆုံးသွားသည့်အခါ လျို့ဖေးယုဟာ မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ သူဟာ ထိုပုဂ္ဂိုလ်၏ အစစ်အမှန် ရည်ရွယ်ချက်ကို သိမြင်လိုသည့်အလားပင်။

"ငါဘာလုပ်ချင်လဲဆိုတာ မင်းတို့ခန့်မှန်းနေစရာမလိုပါဘူး။ မင်းတို့ကို ကူညီပေးမယ့် လူတွေလို့သာ သိထားလိုက်စမ်းပါ။"

အနက်ဝတ်အမျိုးသားက ရှင်းပြခြင်းမရှိဘဲ ထပ်မံပြောဆိုခဲ့သည်။

ထိုလွှမ်းမိုးချုပ်ကိုင်နိုင်သော အပြုအမူသည် ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲများကို ဒေါသထွက်သွားစေခဲ့သော်လည်း သူတို့ဟာ ဘာတစ်ခွန်းမှ မဟရဲကြပါ။ မရဏမျိုးနွယ်စုမှ လူများအကြောင်း ထိတ်လန့်ခြောက်ခြားဖွယ် ဒဏ္ဍာရီများရှိနေကြသည်လေ။

"ကျုပ်တို့ရဲ့ ကောင်းကင်ပြုပြင်ဂိုဏ်းက ခင်ဗျားတို့ အရေးစိုက်ဖို့အတွက် သေးနုပ်လွန်းပါတယ်။"

လျို့ဖေးယု၏ မျက်ဝန်းများမှာ အေးစက်နေပြီး ထူးမခြားနားစွာ ရှိနေခဲ့သည်။

မရဏမျိုးနွယ်စုမှ လူများနှင့် ပူးပေါင်းလိုက်ခြင်းက ကျားရေခြုံခြင်းနှင့် တူညီသည်။ သူတို့ ဒီအကြပ်အတည်းကို ဖြတ်သန်းနိုင်ခဲ့ရင်တောင်မှ သူ၏ ကောင်းကင်ပြုပြင်ဂိုဏ်းဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရလိမ့်မည်။ အခြားသော အထူးအင်အားစုကြီးများသာမက ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးက သူတို့ကို အရှက်ရစရာအဖြစ် ကျိန်းသေသတ်မှတ်လိမ့်မည်!

ဒါ့အပြင် အဆိုပါ မရဏမျိုးနွယ်စုသည် ဖိတ်ခေါ်မထားဘဲ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူတို့တွင် အခြားသော ရည်ရွယ်ချက်မရှိဘူးဟု ပြောပါက လုံးဝယုံကြည်နိုင်ဖွယ်မရှိ!

"ဟေး၊ အဲ့ဒါက မင်းသဘောဆန္ဒအတိုင်း မဟုတ်ဘူးလေ။"

အနက်ဝတ်အမျိုးသားသည် လှောင်ရယ်ပြောဆိုလိုက်ပြီး မီးခိုးရောင်မျဥ်းကြောင်းများပြည့်နှက်နေသည့် သူ၏ လက်ကို ဆန်တန်းလိုက်ကာ ဖြေးညှင်းစွာကုတ်ဆွဲလိုက်သည်။ အဓိကခန်းမကြီးအတွင်း၌ ရုတ်တရက် လေပြင်းများတိုက်ခတ်လာခဲ့ပြီး သေခြင်း၏ အရှိန်အဝါသည် ခန်းမကြီးအတွင်းသို့ ပျံ့နှံ့သွားခဲ့ကာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲများအားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ မရဏမင်းနှင့် ထိပ်တိုက်တွေ့နေရသည့်အလား သူတို့၏ ခန္တာကိုယ်တစ်ခုလုံးမှာ အေးစက်တောင့်တင်းသွားကြသည်။

လျို့ဖေးယုနှင့် ပဏ္ဍိတနယ်ပယ် စွမ်းအားရှင်ကြီး သုံးယောက်သည် အနက်ရှိုင်းဆုံး ခံစားလိုက်ကြရသည်။ သေခြင်း၏ ပြင်းပြသော အရှိန်အဝါများသည် သူတို့ကို တိုက်ရိုက်ဖိနှိပ်နေခဲ့ကာ သူတို့ကိုယ်တွင်းရှိ စွမ်းအားများကို စီးဆင်းမရဖြစ်စေခဲ့သည်!

All Chapters