တစ်ယောက်ချင်းတိုက်ပွဲ
Vol. 33 Ch. 464
ဘာသာပြန်- The Fate
မြင့်တက်လာသော နေဝန်းနဲ့အတူ ရွှေဝါရောင်အလင်းတန်းများသည် ချန်းမန်းတောင်တန်းများအတွင်း ဖြာဆင်းလျက်ရှိပြီး မရေမတွက်နိုင်ေ တောင်စဥ်တောင်တန်းများကို ရွှေဝါရောင်ကုတ်အင်္ကျီတစ်ထည် လွှမ်းခြုံပေးထားသည့်အလားဖြစ်နေလေကာ ရှေးဟောင်းတောင်တန်းနယ်မြေတစ်ခုလုံးသည် အင်မတန်သာယာ လှပနေခဲ့သည်။
အလှတရားမြင်ကွင်းကို ဖြိုခွင်းလျက် ဒါဇင်ကျော်သော လူပုံရိပ်များသည် ကောင်းကင်ပြုပြင်ဂိုဏ်း အထက်ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ကာ ပြင်းပြသောအရှိန်အဟုန်ကို ထုတ်ဖော်လျက် နတ်ဘုံတမျှခမ်းနားသော နေရာတစ်ခုလုံးကို တသိမ့်သိမ့်တုန်လှုပ်စေခဲ့သည်။
ထိုလူဒါဇင်ကျော်ကား ရှန်ရှန်ကျုံဂိုဏ်း၏စွမ်းအားရှင်များ ဖြစ်ကြလေသည်။
ခေါင်းဆောင်ဖြစ်သူဝမ်ဖုန်းသည် လေဟာပြင်အထက်၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး သူ၏ဝတ်ရုံများမှာ လေအလျင်ဖြင့် ယိမ်းနွဲ့နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ လေပြေညင်းညင်းတိုက်ခတ်လျက်ရှိပြီး ထာဝရရှင်သန်သူတစ်ပါးကဲ့သို့ ဖုန်မှုန့်တစ်မှုန့်မျှ ကပ်ညှိခြင်းမရှိပါ။
သူ၏ဘေးနားတွင်တော့ အမည်မဲ့ဓားသမား၊ လီပိုင်နဲ့ အခြားသူများ ရှိနေကြသည်။ သူတို့အားလုံးဟာ စစ်ပွဲနတ်ဘုရားများကဲ့သို့ ဒေါသထွက်နေကြပြီး အောက်ဘက်ရှိ ခမ်းနားသော နန်းတော်ကြီးများကို အေးစက်သောမျက်ဝန်းများဖြင့် ငုံ့မိုးကြည့်ရှူ့နေခဲ့သည်။
ဟွမ်....
ဝမ်ဖုန်းတို့ရောက်ရှိလာပြီးနောက် ကောင်းကင်ပြုပြင်ဂိုဏ်းခန်းမတွင် ခမ်းနားကြီးကျယ်သောစွမ်းအားများ မြင့်တက်ထွက်ပေါ်လာခဲ့ပြီး အမည်မဲ့ဓားသမား၊လီပိုင်နဲ့ အခြားသူများ၏စွမ်းအားများကို ယှဥ်ပြိုင်တိုက်ခိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို ဝမ်ဖုန်းတို့၏အရှေ့၌ လူဒါဇင်ကျော်ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းတို့ကို အေးစက်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။
လျိုဖေးယုတို့သည် ဝမ်ဖုန်းတို့အုပ်စုကို ဝေ့ဝဲကြည့်ရှုလိုက်ကာ ဝမ်ဖုန်းတို့၏ကျင့်ကြံမှုကို ခံစားသိရှိလိုက်ရပြီးနောက် သူ၏အမူအရာက အနည်းငယ်ပြေလျော့သွားခဲ့သည်။ သူထွင်းဖောက်မမြင်နိုင်သော ဝမ်ဖုန်းနဲ့ လီပိုင်မှတပါး ကြွင်းကျန်ရစ်သောလူများဟာ ထျန်းကျွင်းအထွတ်အထိပ်၌ ဖြစ်ကြသည်။
ထိုကဲ့သို့အင်အားဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ အထွတ်အထိပ်ဟု ယူဆနိုင်သော်လည်း သူ၏ရှေ့မှောက်မှာတော့ အနည်းငယ်ဆိုးရွားနေသေးသည်။
ဟုတ်ပါပေသည်။ သူဟာ အရမ်းလည်း မောက်မာမနေခဲ့ပါ။ ထိုပုဂ္ဂိုလ်များဟာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့လေရာ စွမ်းဆောင်ရည်တချို့တော့ ရှိရမည်။ သူက ဝမ်ဖုန်းနှင့်လီပိုင်တို့ကို ထွင်းဖောက်ကြည့်ရှု့လိုသည့်အလား မျက်ဝန်းများကို မှေးကျည်းလျက် စေ့စေ့စိုက်ကြည့်လိုက်သည်။
လျိုေဖးယု၏စူးစမ်းနေသောအမူအရာနဲ့ နှိုင်းဆရပါက ကျန်ရစ်သော ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်မှာ ပို၍ တည့်တိုးဆန်နေခဲ့သည်။ ထိုသူ၏ပုံရိပ်ဟာ ဝေဝါးသွား၍ အုပ်စုနှစ်စု၏အရှေ့ဖက်၌ ထွက်ပေါ်လာခဲ့ပြီး သူ့လက်အတွင်း၌ ဓားအရှည်ကို ပင့်မလျက် ဝမ်ဖုန်းနဲ့အခြားသူများထံ ထိုးညွှန်ခဲ့ကာ ကျယ်လောင်စွာ ဟစ်ကြွေးပြောဆိုလိုက်သည်။
" ထွက်လာပြီး သေတဲ့အထိ တိုက်ခိုက်ကြစမ်း!"
ခမ်းနားကြီးကျယ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အသံကြီးသည် ကမ္ဘာလောကအတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ လေအဟုန်၌ စီးမျောနေခဲ့ပြီး ဝမ်ဖုန်းတို့ကို မြဲမြံသောမျက်ဝန်းများဖြင့် စူးစိုက်လျက်ရှိ၏။
ထိုကဲ့သို့ကိုယ်နေဟန်ထားက ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဂိုဏ်းတပည့်များကို လေးစားအားကျသွားစေခဲ့ပြီး သူတို့၏ယုံကြည်မှုများမှာလည်း တဖွဖွမြင့်တက်လာခဲ့ရသည်။
ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်က လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိနေရခြင်းမှာ စောနက သူတို့၏ ဆွေးနွေးမှုရလဒ်လည်း ဖြစ်လေသည်။ ဦးစွာပထမ သူတို့ဟာ သန်မာသော ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်ကိုစေလွှတ်၍ တစ်ဖက်ရန်သူ၏ခွန်အားကို စမ်းသပ်ရန် စီစဥ်ထားသည်။
တစ်ဖက်ရန်သူ၏ခွန်အား အတိမ်အနက်ကို သိရှိမှသာ ခိုင်မာသောဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်မှာဖြစ်သည်။
ဒါ့အပြင် သူတို့ဝန်မခံလိုသော်လည်း မရဏမျိုးနွယ်စုမှ စွမ်းအားရှင်ငါးယောက် ထွက်ပေါ်လာခြင်းက သူတို့ကို ပို၍ ယုံကြည်မှုရှိသွားစေခဲ့သည်။
မရဏမျိုးနွယ်စုမှ လူများတွင် အခြားတစ်ပါးသော ရည်ရွယ်ချက်များရှိနေလျှင်တောင်မှ သူတို့ဟာ သူတို့ကောင်းကင်ပြုပြင်ဂိုဏ်းကို ကူညီပေးပါက ကောင်းကင်ပြုပြင်ဂိုဏ်းအနေဖြင့် တန်ကြေးတစ်ချို့ပေးဆပ်ဖို့ဆိုသည်က မဖြစ်နိုင်တာတော့ မဟုတ်ပါချေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပြုပြင်ဂိုဏ်းနှင့် မိုင်တစ်ရာအကွာအဝေးခန့်၌ မရဏမျိုးနွယ်စု၏ စွမ်းအားရှင်ငါးယောက်သည် ဝမ်ဖုန်းနှင့်အခြားသူများကို အဝေးတစ်နေရာမှ စောင့်ကြည့်နေခဲ့ကြသည်။ မရဏမျိုးနွယ်စုမှလူများက ခေါင်းကိုခါရမ်းလျက် ပျက်ရယ်ပြုလိုက်သည်။
" အဲ့တာက လူသားမျိုးနွယ်ရဲ့ မောင်မာထောင်လွှားတဲ့ လူတချို့ပါပဲလေ။ သူတို့က သေဆုံးမှာကိုတောင် မသိကြသေးဘူး။ "
ကြွင်းကျန်ရစ်သော မရဏမျိုးနွယ်စုမှလူများက စကားမပြောကြသော်လည်း သူတို့မျက်ဝန်းများအတွင်း၌ အထင်အမြင်သေးမှုများ ရှိနေခဲ့ကြသည်။
" အဲ့ဒီလူက ဆရာသခင်ရဲ့ ပစ်မှတ်ပဲကွ။ လွယ်ကူမှာတော့မဟုတ်ဘူး။ "
ဦးဆောင်လာသူ အနက်ဝတ်အမျိုးသားက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေသော ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။ သူယွမ်ဟွားကောင်းကင်ဘုံကြီးကို ရောက်ရှိလာပြီးနောက် ထွင်းဖောက်မမြင်နိုင်သေးသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပါ၏။
" ဆရာသခင်အလိုရှိနေမှတော့ အဲ့ဒီလူ ဘယ်လောက်ပဲ ထူးခြားဆန်းကြယ်ပါစေ၊လုံးဝ အသုံးမဝင်ဘူး။ "
ကျန်ရစ်သော အနက်ဝတ်အမျိုးသားက အက်ရှသောအသံဖြင့် ပြောဆိုခဲ့ကာ သူ၏စကားလုံးများအတွင်း၌ အဆုံးအစမဲ့သော လေးစားမှုများ ကိန်းဝပ်နေခဲ့သည်။
ထိုစကားလုံးများကို ကြားသိလိုက်ရသည့်အခါ အနက်ဝတ်အမျိုးသားက ပြုံးရယ်လိုက်မိသည်။ သူဟာ ဘာစကားကိုမျှ မပြောသော်လည်း သူ၏လှောင်ရယ်နေသောအမူအရာကို ကြည့်ရှုခြင်းအားဖြင့် သူ့အဖော်၏ စကားကို ထောက်ခံကြောင်း ထင်ရှားသည်။
ဆရာသခင်ဟာ ဧကန်ပြိုင်ဖက်ကင်းပါပေသည်!
" လီပိုင်! မင်းရဲ့ ဓားပညာကို တွေ့မြင်ခွင့် ပြုလိုက်စမ်းပါ။ "
ကောင်းကင်ပြုပြင်ဂိုဏ်းပဏ္ဍိတစွမ်းအားရှင်၏ ရန်စမှုကို ခံစားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ဘေးနားတွင်ရှိနေသာ လီပိုင်ကို ပြောဆိုလိုက်သည်။
ထိုပဏ္ဍိတအဆင့်စွမ်းအားရှင်သာသာလောက်ကို သူကိုယ်တိုင်လှုပ်ရှားရန် အဆင့်မမှီပါ။
လီပိုင်က ခေါင်းညိတ်လိုက်ပြီး သူ၏ဓားရှည်ကို ဝေ့ရမ်းကာဖြင့် ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတဘိုးဘေးအိုကြီး၏အရှေ့၌ ထွက်ပေါ်လာခဲ့သည်။
" ဖုန်းဟွမ်ဓားသိုင်းအက! "
ကောင်းကင်ပြုပြင်ဂိုဏ်းဘိုးဘေးအိုကြီး၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး ဟိန်းဟောက်ပြောဆိုလိုက်သည်။
ပြင်းပြသောဓားအဟုန်သည် သူ့ကိုယ်တွင်းမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ ခမ်းနားကြီးကျယ်သော စွမ်းအားကြီးက ကမ္ဘာလောကကို ယိမ်းထိုးစေခဲ့သည်။ သူ့လက်ထဲရှိ ဓားရှည်ထံမှ မရေမတွက်နိုင်သော မီးတောက်နီရောင်ကြာပွင့်များ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ယင်းကြာပွင့်များက အင်မတန်မှ ကျက်သရေရှိသော်လည်း အဆုံးအစမဲ့သောသတ်ဖြတ်ခြင်းအရှိန်အဝါများကို သယ်ဆောင်ထားခဲ့သည်။
အနီရောင်ကြာပွင့်တစ်ခုချင်းစီတိုင်းတွင် အေးစက်သောဓားဆန္ဒအရှိန်အဝါများ ဖုံးကွယ်ထားလေသည်။
ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတစွမ်းအားရှင်၏တိုက်ကွက်ကို မြင်တွေ့လိုက်ရသည့်အခါ လီပိုင်၏မျက်ဝန်းများဟာ အထင်အမြင်သေးမှုများ ပြည့်နှက်သွားခဲ့သည်။ သာမန်လူများ၏အကြည့်တွင် ကောင်းကင်ပြုပြင်ဂိုဏ်းစွမ်းအားရှင်၏ ဓားသိုင်းကွက်ဟာ အင်မတန်မှခြယ်လှယ်နိုင်စွမ်းရှိသော်လည်း ဓားသိုင်းပညာရှင်တပါး၏ အကြည့်အောက်တွင် ယင်းက ဟန်ရေးပြမှုသာဖြစ်သည်။ အစစ်အမှန်ဓားပညာရှင်များ၏ သိုင်းကွက်ဟာ သေသပ်ပါးလျပြီး အပိုစာသားများ မပါဝင်ပါ။
ထိုဓားကွက်နဲ့ ရင်ဆိုင်လိုက်ရသည့်အခါ လီပိုင်က ဓားရှည်ကို ခုတ်ပိုင်းလိုက်သည်။
လီပိုင်၏ဓားမှာ ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ သာမန်ဆန်လှသော်လည်း အသန့်စင်ဆုံးနဲ့ အပြင်းထန်ဆုံးဓားဆန္ဒအရှိန်အဝါများ ကိန်းဝပ်နေခဲ့သည်။
" ဘုန်း...."
တိုက်ခိုက်မှုကြီးနှစ်ခုသည် ထိတွေ့မိသွားပြီး ပြင်းပြသောအသံကို ထုတ်ဖော်ခဲ့သည်။ပေါက်ကွဲမှုစွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာကို ပျံ့လွင့်သွားခဲ့ပြီး ရှိရှိသမျှ အရာအားလုံးကို တိုက်စားဖျက်စီးသွားခဲ့သည်။ တောင်တန်းနယ်မြေကြီးတစ်ခုလုံးဟာ ရုတ်ချည်းဆိုသလို အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
လီပိုင်၏ဓားကွက်သည် အနီရောင်မီးတောက်ကြာပွင့်များ ပွင့်လန်းလျက်ရှိသော တစ်ဖက်ရန်သူ၏ဓားကွက်ကို သေသပ်တိကျစွာ ပိုင်းဖြတ်လိုက်သည်။ အဆုံးအစမဲ့သော အေးစက်သည့် ဓားဆန္ဒအရိပ်အငွေ့များသည် ကောင်းကင်ယံထိလွင့်တက်လျက်ရှိပြီး ဤဓားကွက်ကို အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းစေခဲ့သည်။
ဘုန်း......
လီပိုင်၏ဓားသည် ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတစွမ်းအားရှင်၏ဓားနဲ့ ပွတ်တိုက်မိသွားပြီး ဓားရှည်နှစ်လက်သည် လေထုအတွင်း၌ ရောထွေးဆက်ယှက်လျက်ရှိသည်။ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်သည် သူ့ဓားရှည်အတွင်းစီးဆင်းဝင်ရောက်လာသော ဖိအားတစ်ရပ်ကို ခံစားလိုက်ရကာ မထိန်းချုပ်နိုင်ဘဲ အနောက်ကို အနည်းငယ် ဆုတ်ခွာလိုက်ရသည်။
ကောင်းကင်ပြုပြင်ဂိုဏ်း၏ စွမ်းအားရှင်သည် လီပိုင်ကို တည်ကြည်လေးနက်စွာ စိုက်ကြည့်နေခဲ့ပြီး သူ့လက်ထဲရှိဓားရှည်မှာ အရိုင်းဆန်စွာ တုန်ခါနေခဲ့သည်။ သူ့ကိုယ်တွင်းရှိ သွေးနဲ့ချီစွမ်းအားများမှာလည်း ကပြောင်းကပြန်ဖြစ်လာခဲ့ရသည်။
သူဟာ ဝမ်ဖုန်းတို့အဖွဲ့၏စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ခဲ့ဖူးလေရာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်နှစ်ပါးကို ဝမ်ဖုန်းတို့က သတ်ဖြတ်ခဲ့သော်လည်း လေးလေးနက်နက် တွေးတောခြင်းမရှိခဲ့ပါ။
အဆိုပါပဏ္ဍိတစွမ်းအားရှင်နှစ်ပါးသည် ပဏ္ဍိတအလယ်အလတ်အဆင့်၌သာ ရှိသေးကာ သူကတော့ အထွတ်အထိပ်၌ ရှိလေသည်။ ချန်ခွမ်းဘုံအဆင့်၌ အနည်းငယ်သောကွာခြားမှုကတောင် ကမ္ဘာတမျှ နက်ရှိုင်းလှလေသည်။
ယခုအချိန်မှာတော့ သူ၏ခွန်အားကုန်တိုက်ကွက်ကိုတောင် လီပိုင်က လွယ်ကူစွာ ချေပနိုင်ခဲ့သည်။ ဤသည်ကြောင့် တစ်ဖက်ရန်သူ၏စွမ်းအားကို သူဟာ အထင်မသေးဝံ့တော့ပါ။
ဘုန်း....
သူဟာ လီပိုင်ကို အထင်အမြင်သေးရဲခြင်းမရှိတော့ဘဲ သူ့ကိုယ်တွင်းရှိစွမ်းအားများကို အရိုင်းဆန်စွာ နှိုးဆွလိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်၌ ပြင်းပြသော ဓားဆန္ဒအရိပ်အငွေ့များသည် လွှမ်းခြုံလျက်ရှိပြီး ကောင်းကင်ယံထိ လွင့်ပျံ့တက်သွားခဲ့သည်။ ကမ္ဘာလောကတစ်ခုလုံးဟာ မီးတောက်များအဖြစ် အရောင်ဆိုးခံလိုက်ရသည့်အလား နီစွေးလာခဲ့သည်။
" မြင့်မြတ်သော သွေးနီရောင်ဓား !"
ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတ အဘိုးကြီးအိုကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုလိုက်သည်။ သူ၏ဓားဟာ သွေးနီရောင်မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး တလက်လက်တောက်ပလျက်ရှိကာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မီးမြိုက်ပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။
ဤဓား ထွင်းဖောက်ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ကမ္ဘာလောကအတွင်းရှိ လေထုဟာ ဓားအလင်းတန်းတွင်ပါဝင်သော အနီရောင်မီးတောက်မီးလျှံများ၏ လောင်ကျွမ်းတိုက်စားခြင်းကို ခံခဲ့ရသည့်အလား နီရဲသွားခဲ့သည်။ အရပ်လေးမျက်နှာ၌ အပူချိန်ဟာ ထိတ်လန့်ဖွယ်ကောင်းသောအောင် မြင့်တက်သွားခဲ့ပြီး မိုးထိအောင်မြင့်မားနေသော သစ်ပင်ကြီးများသည် ရုတ်ချည်းပြာကျသွားခဲ့ရသည်။ လောကကြီးဟာ ကြီးစွာသော မီးပြင်းဖိုကြီးအတွင်း၌ ရောက်ရှိနေခဲ့သည့်အလားဖြစ်နေချေသည်။