အန္တိမ ဓမ္မဝိသေသ
Vol. 66 Ch. 978
ရွှစ်..
တာအိုအရှင် အဆုံးစွန်မီးသည် သူ၏လက်ဝါးကို မှောက်လှန်ပြီး အနီရောင် အလင်းတန်းတစ်ခုကို ဖြာလက်သွားစေလေသည်။
ချက်ချင်းပင် မီးလှံတစ်စင်းက တာအိုအရှင် အင်မော်တယ်ဓား၏ရှေ့မှာ ထွက်ပေါ်လာပြီး ဘေးပတ်လည်ကို လောင်မြိုက်သွားစေလေသည်။
များစွာသော တာအိုအရှင်များက နောက်သို့ဆုတ်လိုက်ကြလေသည်။
ဤအဆင့်တိုက်ပွဲမှာ အရမ်းနီးကပ်စွာ ရှိနေလျှင် သူတို့ပါ အထဲသို့ ဆွဲသွင်းခံရနိုင်လေသည်။
ချွမ်း..
တာအိုအရှင် အင်မော်တယ်ဓား၏ လှုပ်ရှားမှုကို မည်သူကမှ ရှင်းရှင်လင်းလင်း မမြင်လိုက်ရပေ။ သို့သော်လည်း သူ၏လက်ထဲတွင် ဓမ္မအင်းကွက် ၆ခုနှင့်အတူ အေးစက်နေသော ဓားရှည်တစ်လက်က ပေါ်ထွက်လာခဲ့လေသည်။
အဲဒါက မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
မီးလှံက မြန်ဆန်သော်လည်း တာအိုအရှင် အင်မော်တယ်ဓား၏ ဓားနည်းစနစ်က ပို၍ပင် မြန်ဆန်လေသည်။ သူ၏ဓားကို ဆွဲထုတ်ပြီးနောက် သူက ခုတ်ပိုင်းလိုက်ပြီးသား ဖြစ်နေလေပြီ။
ဇီး..
ဓားက လှံဖျားနှင့် ထိတွေ့ရိုက်ခတ်ပြီး သွေးနီရောင်လှံ၏ ကိုယ်ထည်တစ်လျှောက် လျှောတိုက်ကာ အပိုင်းပိုင်း လှီးဖြတ်လိုက်သည့်အလား စူးစူးရှရှ မြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
သားရဲတစ်ထောင် တောင်ကြားမှာတုန်းက ဆူဇီမိုသည် တာအိုအရှင် အင်မော်တယ်ဓား၏ နည်းစနစ်များကို တွေ့မြင်ခဲ့ဖူးလေသည်။
သို့သော်လည်း အဲဒါက တာအိုအရှင် အင်မော်တယ်ဓား၏ ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။
ယခု အနီးကပ်စောင့်ကြည့်ရင်း ဆူဇီမိုသည် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်၏ ကြောက်စရာကောင်းမှုကို အမှန်တကယ်ပင် ခံစားလိုက်ရလေသည်။
သူတို့နှစ်ယောက်သည် တစ်ချက်မျှ တိုက်ခိုက်ဖလှယ်ပြီးနောက် ခန်းမတစ်ခုလုံးရှိ ဓမ္မစွမ်းအားများက ခမ်းခြောက်အောင် စုပ်ယူခံလိုက်ရသည်ဟု ထင်ရပြီး ခန်းမတစ်ခုလုံးက တုန်ခါလာခဲ့လေသည်။
ရွှစ်..
တာအိုအရှင် အင်မော်တယ်ဓားသည် တာအိုအရှင် အဆုံးစွန်မီး၏ မီးလှံကို ခုတ်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပြီးနောက် လုံးဝ ရပ်တန့်မသွားခဲ့ပေ။ ဖျတ်ခနဲဆို သူက ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး တာအိုအရှင် အဆုံးစွန်မီး၏ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။
ဓမ္မဝိသေသ တာအိုအရှင်များသည် အနီးကပ် တိုက်ခိုက်ရည်မှာ သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူက သိထားလေသည်။
အဲဒါကြောင့် သူသည် စစချင်းမှာပင် သူတို့၏ အကွာအဝေးကို တိုတောင်းစေပြီး သူ၏ အထွတ်အထိပ် ဓားတာအိုဖြင့် တာအိုအရှင် အဆုံးစွန်မီးကို ဖိနှိမ်ချင်လေသည်။
ဝုန်း..
တာအိုအရှင် အဆုံးစွန်မီး၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏နှာရောင်ကို သူ၏လက်ညိုးဖြင့် ညင်သာစွာ ထိလိုက်လေသည်။ သွေးနီရောင်မီးဖိုတစ်ခုက ပျံသန်းထွက်ပေါ်လာပြီး သူ၏ရှေ့သို့ ကျဆင်းကာ ဝင်ရောက်လာသော ဓားကို ပိတ်ဆို့တားဆီးလိုက်လေသည်။
ထိုဧရာမ မီးဖိုကလည်း မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
သူတို့နှစ်ယောက်က တိုက်ခိုက်ဖလှယ်လိုက်သည့် ခဏမှာပင် သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ထုတ်ဖော်ပြီးသား ဖြစ်နေကြလေပြီ။
ရွှစ်.. ရွှစ်..
တာအိုအရှင် အင်မော်တယ်ဓားက ဖျတ်ခနဲ တစ်ဖန်လှုပ်ရှားလိုက်ပြီး သွေးနီရောင်မီးဖိုကို လှည့်ပတ်ကာ တာအိုအရှင် အဆုံးစွန်မီး၏နောက်သို့ ရောက်ရှိလာခဲ့လေသည်။
သူ၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းပင် မြန်ဆန်လေသည်။
နိုးထဝိညာဉ်များနှင့် မူလနတ္ထိများကို မပြောနှင့်.. လက်ရှိ ဓမ္မဝိသေသ တာအိုအရှင် အချို့ပင်လျှင် အဲဒါကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
“အဲဒါက ဓားဂိုဏ်းရဲ့ ဓားစတေးထွက်ပြေး နည်းစနစ်မလား.. အဲဒါက သူ့ရဲ့နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်”
“တာအိုအရှင် အင်မော်တယ်ဓားက အဲဒီ ဓားစတေးထွက်ပြေး နည်းစနစ်နဲ့ ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ သူ့ရဲ့ သန်မာတဲ့ ရန်သူတွေကို သတ်ဖြတ်နိုင်ခဲ့တယ်”
“အဆင့်တူချင်းမှာဆိုရင် အဲ့ဒီ လှုပ်ရှားမှုနည်းစနစ်ကို ဘယ်သူကမှ မယှဉ်နိုင်ဘူး”
လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များ အားလုံးက သာမန်အညတရများ မဟုတ်ကြပေ။ ဤတိုက်ပွဲအပေါ် သူတို့၏ ကိုယ်ပိုင်ရှုမြင်ပုံများ ကိုယ်စီရှိကြလေသည်။
တာအိုအရှင် အင်မော်တယ်ဓား၏ အကဲဖြတ်မှုက အတော်လေး တိကျလေသည်။
သူက သုံးပေရှည်သော ဓားရှည်တစ်လက်ကို ကိုင်ထားပြီး သူ၏ ဓားစတေးထွက်ပြေး နည်းစနစ်အပေါ် မှီခိုကာ ပေါ့ပါးဖျတ်လတ်စွာဖြင့် လှုပ်ရှားနေလေသည်။
တာအိုအရှင် အင်မော်တယ်ဓား၏ မူပိုင်ဓမ္မလက်နက်က သွေးနီရောင်မီးဖိုတစ်လုံး ဖြစ်လေသည်။
အဲဒါက သန်မာသော်လည်း ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားနိုင်ခြင်း မရှိပေ။
တာအိုအရှင် အင်မော်တယ်ဓားသည် လှည့်ပင်မကြည့်ဘဲ သူ၏လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ကာ ငေါက်ငမ်းလိုက်လေသည်။
“ပျက်ပြယ်စမ်း”
ရွှစ်.. ရွှစ်.. ရွှစ်..
ချက်ချင်းပင် သွေးနီရောက်မီးတောက်သုံးခုက တာအိုအရှင် အင်မော်တယ်ဓား၏ ဘေးမှာ ထွက်ပေါ်လာပြီး သူ့ကို လှည့်ပတ်လိုက်လေသည်။
“သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်”
ဆူဇီမို၊ နန်းကုန်လင်းနှင့် အခြားသူများသည် အဲဒါကို ချက်ချင်းပင် မှတ်မိသွားလေသည်။ အဲဒါက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်မှာ ပါရှိသော ဓမ္မပညာရပ်တစ်ခုဖြစ်ပြီး အဲဒါကို ခုခံရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးစလုံး အသုံးပြုနိုင်လေသည်။
တာအိုအရှင် အင်မော်တယ်ဓား၏ ဓားသည် တာအိုအရှင် အဆုံးစွန်မီးနောက်သို့ ရောက်ရှိလာသည့် ခဏမှာပင် မီးတောက်လုံးတစ်လုံး၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။ ချက်ချင်းပင် မီးတောက်များက သူ၏ဓားပေါ်သို့ ခုန်တက်လာပြီး ၎င်း၏အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့လေသည်။
“ငြိမ်းသေစမ်း”
သူက ငေါက်ငမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ဓားချီတစ်ခုကို ပစ်ထုတ်ကာ အသက်ဓာတ်အားလုံးကို ဖျက်ဆီးချင်သည့်အလား စွမ်းအားတစ်ခုနှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်လေသည်။
အသက်မဲ့ ဓားပညာရပ်..
ဓားကျင့်ကြံသူများက သတ်ဖြတ်ခြင်းမှာ အထူးပြုကြလေသည်။
တာအိုအရှင် အင်မော်တယ်ဓား၏ လက်ထဲတွင် သတ်ဖြတ်ခြင်း နည်းစနစ်များက သူတို့၏ အကန့်အသတ်အထိ ရောက်ရှိသွားကြလေသည်။
တာအိုအရှင် အဆုံးစွန်မီးက သူ၏ခန္ဓာကိုယ်ကို လှည့်လာခဲ့လေပြီ။ သူ၏မျက်လုံးက ဝင်းလက်သွားပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်လေသည်။ အစက သူ့ကို လှည့်ပတ်နေသော မီးတောက်လုံး သုံးလုံးသည် လျင်မြန်စွာ စုစည်းသွားပြီး ဧရာမ မီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေလေသည်။
သမာဓိတာအိုမီး..
ရွှစ်..
ထိုမီးလုံးက တာအိုအရှင် အင်မော်တယ်ဓားဆီသို့ ရက်ရက်စက်စက် ပစ်ဝင်သွားလေသည်။ ၎င်းဖြတ်သွားရာတစ်လျှောက် ဓမ္မစွမ်းအားများက လောင်ကျွမ်းပြာကျသွားပြီး လေဟာနယ်က တွန့်လိမ်သွားလေသည်။
“အသက်မဲ့ဓားကွက် ခုတ်ပိုင်းစမ်း”
တာအိုအရှင် အင်မော်တယ်ဓား၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ဓားက တဝီဝီမြည်၍ တုန်ခါလာလေသည်။ သူသည် လက်တစ်ဖက်ဖြင့် ဓားကွက်တစ်ခုကို ဆင့်ခေါ်ထုတ်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ဓားကို ဝှေ့ယမ်းလိုက်လေသည်။ သူက ဝင်ရောက်လာသော မီးလုံးကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်လေသည်။
ဝုန်း..
သမာဓိတာအိုမီးက ထိုခုတ်ချက်ဖြင့် အပိုင်းပိုင်း ကွဲထွက်သွားခဲ့လေသည်။
“မဟန်တော့ဘူး.. သမာဓိတာအိုမီးကတောင် အင်မော်တယ်ဓားရဲ့ ထက်ရှမှုကို မခုခံနိုင်ဘူး”
တာအိုအရှင်ကြယ်သွေးနီ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် သူက တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားမိလိုက်လေသည်။
ဆူဇီမိုကလည်း အာရုံစိုက်ကြည့်လိုက်လေသည်။
သမာဓိတာအိုမီးသည် တာအိုအရှင် အင်မော်တယ်ဓား၏ ဖျက်ဆီးခြင်း ခံရပြီးတာတောင် တာအိုအရှင် အဆုံးစွန်မီး၏ ဓမ္မပညာရပ်က ရပ်တန့်သွားခြင်း မရှိသည်ကို သူက ရှင်းလင်းစွာ မြင်နေရလေသည်။
ကြေမွသွားသော မီးတောက်လေးများသည် တာအိုအရှင် အင်မော်တယ်ဓားဆီသို့ တစ်ဖန်ပြန်လည် ပျံသန်းလာခဲ့လေသည်။
၎င်းတို့က ရောက်ရှိလာသောအခါ အတူတကွ စုစည်းသွားပြီး နောက်ထပ် သမာဓိတာအိုမီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေလေသည်။
များစွာသော တာအိုအရှင်များက လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြလေသည်။
သူ၏ မီးအပေါ် ယဉ်ပါးထိန်းချုပ်နိုင်စွမ်းက လူတိုင်းကို အံ့အားသင့် မှင်တက်သွားစေလေသည်။
ဆူဇီမိုသည်လည်း ခဏမျှ ကြောင်အ,မှင်တက်သွားခဲ့လေသည်။
ထိုမီးနည်းစနစ်က ဤမျှအတိုင်းအတာအထိ ထိန်းချုပ်နိုင်သည်လား.. ။
တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသော တာအိုအရှင် အင်မော်တယ်ဓားကို မပြောနှင့်.. ဘေးကနေ ရပ်ကြည့်နေသူများပင်လျှင် အံ့အားသင့်၍ တုန်လှုပ်သွားရလေသည်။
သူသည် သမာဓိတာအိုမီးကို ခုတ်ချက်တစ်ချက်ဖြင့် ဖျက်ဆီးနိုင်ခဲ့လေသည်။ သို့သော်လည်း သူ၏ဓားကို ပြန်မရုတ်သိမ်းနိုင်ခင်မှာပင် နောက်ထပ် သမာဓိတာအို မီးလုံးတစ်လုံးက သူ့ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
ထိုမီးတောက်က ယခင်ကထက် ပို၍သေးငယ်သွားသော်လည်း အဲဒါက အန္တရာယ်ရှိနေဆဲပင်။
သူ့အနေဖြင့် ဓားကို ပြန်ရုတ်သိမ်း၍ တစ်ဖန်ပြန်လည်ခုတ်ပိုင်းဖို့က နောက်ကျသွားခဲ့လေပြီ။
“အသက်မဲ့ ဓားခန္ဓာ”
တာအိုအရှင် အင်မော်တယ်ဓားသည် ဟိန်းဟောက်၍ သူ၏ခန္ဓာကိုယ်မှ ဧရာမပုံရိပ်ယောင်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။ အဲဒါက အကန့်အသတ်မဲ့သော ဓားချီများဖြင့် ပြည့်နှက်နေပြီး သူ၏ရှေ့တွင်ရှိသော သမာဓိတာအိုမီးကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်..
တိုက်ပွဲ၏ ဤနေရာအရောက်တွင်.. လူတိုင်း အံ့အားသင့်သွားရသည်မှာ တာအိုအရှင် အင်မော်တယ်ဓားသည် အရေးနိမ့်နေပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်ကိုပင် ထုတ်ဖော်လိုက်လေပြီ။
“၈၉ပေ.. အဲဒါက ပေ၉၀ နီးပါးတောင် ရှိနေပြီပဲ”
“အထင်ကြီးစရာပဲ.. အင်မော်တယ်ဓားက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်ခဲ့တုန်းက သူ့ရဲ့ ဓမ္မဝိသေသ ခန္ဓာကိုယ်က ၈၅ပေပဲ ရှိသေးတယ်.. အခု သူက အဲဒါကို ၈၉ပေ ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့ပြီလား”
“ဒီတိုင်းဆက်သွားရင် သူက ပေ၉၀ မြင့်မားတဲ့ ဓမ္မဝိသေသ ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံလာနိုင်လိမ့်မယ်လို့ ငါထင်တယ်”
“ဒီတိုက်ပွဲရဲ့ အဖြေက ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်တွေရဲ့ ပြိုင်ဆိုင်မှုအပေါ် မူတည်သွားပြီ”
တာအိုအရှင်များ ဆွေးနွေးနေစဉ်မှာပင် ဧရာမ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်က ၎င်း၏ ထက်ရှမှုကို ထုတ်ဖော်ပြီး တာအိုအရှင် အဆုံးစွန်မီးထံသို့ ပြေးဝင်သွားခဲ့လေသည်။
ဝုန်း..
တာအိုအရှင် အဆုံးစွန်မီး၏ ခန္ဓာကိုယ်ထံမှလည်း ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
ဧရာမ ပုံရိပ်ယောင်တစ်ခုက သူ၏ရှေ့မှာ ထွက်ပေါ်လာပြီး လျင်မြန်စွာ မြင့်မားကြီးထွားလာခဲ့လေသည်။ အဲဒါက သွေးနီရောင်ဖြစ်ပြီး မီးတောက်များ တဖွားဖွားဖြင့် လောင်ကျွမ်းကာ ချစ်ချစ်တောက် ပူလောင်သော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။
များစွာသော တာအိုအရှင်များ၏ အမူအရာက သုန်မှုန်စွာဖြင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
သူတို့ရှေ့ရှိ ဓမ္မဝိသေသ ခန္ဓာကိုယ်က တာအိုအရှင် အင်မော်တယ်ဓား၏ ဓမ္မဝိသေသ ခန္ဓာကိုယ်ထက် ခေါင်းတစ်ဝက်စာ ပိုမိုမြင့်မားနေသည်ကို သူတို့က ရုတ်တရက် သတိထားမိသွားလေသည်။
“ဒီဓမ္မဝိသေသ ခန္ဓာကိုယ်က.. “
“ဘုရားရေ.. အဲဒါက ပေ၉၀ပဲ”
“အန္တိမ ဓမ္မဝိသေသ ခန္ဓာကိုယ်”
၉ ဆိုသော ဂဏန်းသည် အဆုံးစွန်ကို ကိုယ်စားပြုပြီး ပေ၉၀ မြင့်မားသော ဓမ္မဝိသေသ ခန္ဓာကိုယ်များကို အန္တိမ ဓမ္မဝိသေသဟု သတ်မှတ်နိုင်လေသည်။
“အဆုံးစွန်မီးကတော့ လုပ်ချလိုက်ပြန်ပြီဟေ့.. ခင်ဗျားက ဂျူနီယာလေးတွေကို သင်ခန်းစာတစ်ခုပေးဖို့ ပြင်ဆင်ထားတာပဲ”
မိုးပျံငှက်မွှေးဂိုဏ်းမှ တာအိုအရှင် ဂမ္ဘီရလက အံ့အားတသင့် ရေရွတ်လိုက်လေသည်။
“ပေ ၉၀.. အန္တိမ ဓမ္မဝိသေသ”
တာအိုအရှင် တိမ်လွှာမိုးစက်၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။
လွန်ခဲ့သည့် နှစ်ငါးထောင်က တာအိုအရှင် အဆုံးစွန်မီး၏ ဓမ္မဝိသေသ ခန္ဓာကိုယ်သည် ပေရှစ်ဆယ်သာ မြင့်မားပြီး သူနှင့် သိပ်မကွာပေ။
နှစ်ငါးထောင် ကြာမြင့်ပြီးနောက်.. သူ၏ခန္ဓာကိုယ်ကို ပျက်စီးဆုံးရှုံးခဲ့ရတာတောင် တာအိုအရှင် အဆုံးစွန်မီး၏ ဓမ္မဝိသေသ ခန္ဓာကိုယ်က ဤမျှကြောက်စရာကောင်းသည့် အဆင့်ထိ ဘယ်လိုတောင် ရောက်ရှိသွားခဲ့ရတာလဲ..။
သူ၏ခန္ဓာကိုယ်ကို ပျက်စီးဆုံးရှုံးခဲ့ရပြီး သူ၏ အထွတ်အထိပ်အရွယ်ကို ကျော်လွန်ကာ သူ့ဘဝ၏ နှောင်းပိုင်းအရွယ်ကို ရောက်ရှိလာပြီးနောက် တာအိုအရှင် အဆုံးစွန်မီး၏ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် ကျဆင်းသွားလိမ့်မည်ဟု လူတိုင်းက တွေးထင်ခဲ့ကြလေသည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ငါးထောင်အတွင်း တာအိုအရှင် အဆုံးစွန်မီးက မည်သို့မည်ပုံ ရှင်သန်ခဲ့ရသည်ကို ဆူဇီမိုကလွဲလျှင် မည်သူကမှ မသိကြပေ။
အေးစက်ရေကန်၏ အနက်ပိုင်းထဲမှာ တာအိုအရှင် အဆုံးစွန်မီးသည် အမျိုးအမည် မသိရသော အဆိပ်ဖြင့် နှစ်ငါးထောင်ကြာအောင် တစ်ကိုယ်တည်း တိုက်ခိုက်ခဲ့ရလေသည်။
တာအိုအရှင် အဆုံးစွန်မီးက သေဆုံးသွားမည်ဆိုလျှင်တော့ သူ၏ ကြိုးစားအားထုတ်မှုများက အလဟဿ ဖြစ်သွားပေလိမ့်မည်။
ယခု သူက ပြန်လည်မွေးဖွားပေါ်ထွက်လာသောအခါ.. နှစ်ပေါင်းများစွာ ကြာမြင့်အောင် မမျှော်မှန်းနိုင်သော မီးဆေးမှု၏အောက်တွင် သူ၏ အမြုတေစိတ်ဝိညာဉ်က မနှိုင်းယှဉ်သာအောင် သန့်စင်လာပြီး ကြောက်စရာကောင်းသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်က ဓမ္မဝိသေသ အဆင့်ကိုပင် ကျော်လွန်နေခဲ့လေပြီ။
တာအိုအရှင် အင်မော်တယ်ဓားက သူ့ကို စိန်ခေါ်မလာခဲ့လျှင်တောင် တာအိုအရှင် အဆုံးစွန်မီးက သူ့ကို တိုက်ခိုက်ပေလိမ့်မည်။
တာအိုအရှင် အဆုံးစွန်မီးသည် သူ၏ ကျင့်ကြံမှုအဆင့်ကို နောက်တစ်ဆင့်သို့ တက်လှမ်းဖို့အတွက် တာအိုအရှင် အင်မော်တယ်ဓားကို လှေကားထစ်တစ်ခုအဖြစ် အသုံးချချင်နေလေသည်။