စီးပိုးစွာ ဖိနှိမ်ခြင်း
Vol. 66 Ch. 979
တာအိုအရှင်အဆုံးစွန်မီးသည် ဤတိုက်ပွဲမရှိပဲ ဆက်လက်ကျင့်ကြံသွားမည်ဆိုလျှင်တောင် သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ဝင်ရောက်ဖို့ သိပ်ကြာမြင့်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း တာအိုအရှင်အင်မော်တယ်ဓားကဲ့သို့ စွမ်းအားကြီးသော ပြိုင်ဘက်တစ်ယောက်နှင့်ဆိုပါက တာအိုအရှင်အဆုံးစွန်မီးသည် ဤတိုက်ပွဲ၏ အနိုင်ရလဒ်နှင့်အတူ အခွင့်အလမ်းတစ်ခုကို ရှာဖွေကာ အဆင့်ချိုးဖြတ်တက်လှမ်းနိုင်ဖို့ အခွင့်များလေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် စွမ်းအားကြီးပုဂ္ဂိုလ်ဘွဲ့ကို ခံယူဖို့အတွက် တာအိုအရှင်အင်မော်တယ်ဓားကို အသုံးချချင်လေသည်။
သူက နှစ်ငါးထောင်ကျော်ကြာအောင် မကျင့်ကြံခဲ့ရပေ။ သို့သော်လည်း ကြောက်စရာကောင်းသည့်အဆိပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော သူ၏အတွေ့အကြုံသည် သူ၏ တာအိုနှလုံးသားနှင့်စိတ်စွမ်းအားကို အနိုင်မခံအရှုံးမပေး ဖျက်ဆီးလို့မရနိုင်သည့် အခြေအနေတစ်ခုထိ ရောက်ရှိနိုင်စေခဲ့လေသည်။
အဲ့ဒါကြောင့် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် သူ၏တိုက်ခိုက်ရည်ခွန်အားက အရင်ကထက်ပင် ပို၍သန်မာလာခြင်းဖြစ်လေသည်။
သူ၏ ပေကိုးဆယ်မြင့်မားသော ဓမ္မဝိသေသခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ခဲ့သည်မှာလည်း နှစ်ငါးထောင်ကြာ ထိုအတွေ့အကြုံကြောင့်ပင် ဖြစ်လေသည်။
“အန္တိမဓမ္မဝိသေသခန္ဓာကိုယ်တဲ့လား....”
တာအိုအရှင်အင်မော်တယ်ဓား၏ မျက်လုံးနှစ်ဖက်က နီရဲလာခဲ့လေသည်။ သူက အမှန်တကယ်ပင် ဒေါသထွက်လာပြီး တာအိုအရှင်အဆုံးစွန်မီးကို အသက်ရှင်လျက် ဖမ်းဆီးဖို့အတွေး မရှိတော့ပေ။ သူက သူ၏ အစွမ်းကုန်ကို ထုတ်ဖော်ပြိး ဤတိုက်ပွဲကို အနိုင်ရချင်စိတ်သာရှိတော့လေသည်။
“မင်းရဲ့... အန္တိမဓမ္မဝိသေသခန္ဓာကိုယ်ကို ဒီနေ့ ငါဖျက်ဆီးပြမယ်...”
တာအိုအရှင်အင်မော်တယ်ဓားက ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုဖြင့် ဟိန်းဟောက်လိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ ဓမ္မဝိသေသခန္ဓာကိုယ်သည် တာအိုအရှင်အင်မော်တယ်ဓားထက် ခေါင်းတစ်ဝက်စာ ပိုမြင့်နေလေသည်။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်နှစ်ခုကြား ဘယ်သူပိုသန်မာသလဲဆိုသည်မှာ တိုက်ပွဲတစ်ပွဲအပေါ်တွင်သာ မူတည်လေသည်။
သာမန် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုသည် သမိုင်းကြောင်းရှိသော အမွေခံ ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုနှင့် အမြင့်ချင်းတူနေမည်ဆိုလျှင်တောင် ၎င်းက ခွန်အားအရာမှာ သေချာပေါက်နိမ့်ကျနေပေလိမ့်မည်။
၁၈ မီတာ သတ္တုခန္ဓာကိုယ် ၊ ညိုးခြောက်ခြင်းဓမ္မဝိသေသခန္ဓာကိုယ် ၊ ဖန်သားဓမ္မခန္ဓာကိုယ်နှင့် ဆိုးယုတ်မြေကမ္ဘာခန္ဓာကိုယ်ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများကနေ လက်ဆင့်ကမ်းလာခဲ့သည့် အမွေခံဓမ္မဝိသေသခန္ဓာကိုယ်များသည် တုန်လှုပ်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြလေသည်။
အသက်မဲ့ဓားခန္ဓာကိုယ်သည် ဓားဂိုဏ်း၏ အမွေခံဓမ္မဝိသေသခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ မျက်လုံးနှစ်ဖက်သည် မီးတောက်များဖြင့် လောင်ကျွမ်းလာပြီး သူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“အင်မော်တယ်ဓား.... မင်းက ရှုံးသွားပြီ.. ဒီနေ့ကစပြီး မင်းရဲ့... ဂုဏ်ကျက်သရေကို ငါ့ခြေဖဝါးအောက်မှာ နင်းခြေပြမယ်...”
ယနေ့တွင် တာအိုအရှင်အဆုံးစွန်မီးသည် တာအိုအရှင်အင်မော်တယ်ဓားကို နင်းခြေပြီး ပေါင်စည်းခန္ဓာအဆင့်သို့ နောက်ထပ်ခြေတစ်လှမ်း တက်လှမ်းချင်လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ ဓမ္မဝိသေသခန္ဓာကိုယ်က ထူးခြားသည့်နာမည်တစ်ခုမရှိဟု လူတိုင်းက တွေးထင်ခဲ့ကြလေသည်။
ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်သော သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်တွင် မှတ်တမ်းတင်ထားသည့် သွေးနီရောင်မီးတောက် ဓမ္မဝိသေသခန္ဓာကိုယ်ဖြစ်သည်ဆိုတာကို သိသည့်သူက မရှိသလောက်ပင်။ အဲ့ဒါသည် မီးတာအို၏ စံနမူနာတစ်ခုဖြစ်လေသည်။
တာအိုအရှင်နှစ်ယောက်က ခန်းမထဲမှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြလေသည်။ သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကလည်း တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြပေ။ သူတို့ထဲမှတစ်ယောက်က ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး အခြားတစ်ယောက်က ထက်ရှသော ဓားချီများကို ထုတ်ပေးနေလေသည်။ သူတို့၏ လက်နှစ်ဖက်ကို လွှဲယမ်းပြီး သူတို့က ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြလေသည်။
ဘုန်း....
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်နှစ်ခုအကြား ထိတွေ့ရိုက်ခတ်မှုက ကြောက်စရာကောင်းလွန်းလေသည်။
ခန်းမတစ်ခုလုံးက ချက်ချင်းပင် ပုံသဏ္ဌာန်ပျက်ယွင်းသွားခဲ့လေသည်။
ချွင်... ချွင်.. ချွင်...
ဓားချီများက ပစ်လွင့်ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို စကာပေါက်ဖြစ်စေ၍ ကြေမွသွားစေလေသည်။
ဒေါသူပုန်ထနေသော မီးတောက်များက လောင်ကျွမ်းတောက်လောင်ရင်း ပြိုကျပျက်စီးလာသော အပိုင်းအစများကို နီရဲသွားသည်အထိ အရည်ဖျော်ကာ မီးမိုးများကို ရွာကျလာစေလေသည်။
များစွာသော တာအိုအရှင်များက တုန်လှုပ်မှုဖြင့် နောက်သို့ အသည်းအသန် ဆုတ်လိုက်ကြလေသည်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်နှစ်ခုက ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။ သူတို့၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးများက လောကကိုပင် ဖျက်ဆီးဖို့ခြိမ်းခြောက်နိုင်သော နတ်ဘုရားသက်ရှိများနှင့် ဆင်တူနေလေသည်။
အဲ့ဒါက ဓမ္မဝိသေသတာအိုအရှင်များ၏ စွမ်းအားဖြစ်လေသည်။
နန်းကုန်လင်းနှင့်အခြားသူများ၏ မျက်လုံးများထဲတွင် မျှော်မှန်းတောင့်တမှုနှင့် အားကျမှုတို့က ပြည့်နှက်လာကြလေသည်။
သူတို့သည် ဤကဲ့သို့သော စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်မည်ဆိုလျှင် သူတို့ဘဝတစ်လျှောက် ကျင့်ကြံလာခဲ့ရသည်က အလဟသဖြစ်တော့မည်မဟုတ်ပေ။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်နှစ်ခုကြား တိုက်ပွဲသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။
“ဖောင်း....”
တာအိုအရှင်အင်မော်တယ်ဓား၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ၎င်း၏ လက်နှစ်ဖက်ဖြင့် ဧရာမဓားတစ်လက်ကို စုဖွဲ့ကာ သွေးနီရောင်ဓမ္မဝိသေသခန္ဓာကိုယ်၏ လက်တစ်ဖက်ကို ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်လေသည်။
မီးတောက်များဖြင့် တောက်လောင်နေသော ထိုလက်က တုတ်ခိုင်နေသော ကျောတိုင်တစ်ခုကဲ့သို့ ပြုတ်ကျသွားပြီး မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေလေသည်။
အစကတော့ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များသည် ကျင့်ကြံသူများ ဆင့်ခေါ်ထားသော ပုံရိပ်ယောင်များဖြစ်လေသည်။
သို့သော်လည်း ပိုင်းဖြတ်ခံလိုက်ရသော ထိုလက်တစ်ဖက်က အစစ်အမှန်ရုပ်ဒြပ်ရှိသည်ဟု ထင်ရလေသည်။
ပြတ်ကျသွားသော လက်၏စွမ်းအားသည် သာမန်ဓမ္မဝိသေသတာအိုအရှင်များကို သတ်ဖြတ်နိုင်ဖို့လုံလောက်လေသည်။
ဖောင်း....
လက်တစ်ဖက်သာကျန်ရှိသော သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကိုယ်သည် အခွင့်အလမ်းတစ်ခုကိုချိန်ဆပြီး အသက်မဲ့ဓားခန္ဓာကိုယ်၏ ရင်ဘတ်ကို ပစ်ထိုးချလိုက်လေသည်။
ဤထိတွေ့ရိုက်ခတ်မှုက နှစ်ဦးနှစ်ဖက် ပျက်စီးဆုံးရှုံးရသည်ဟုထင်ရလေသည်။
သို့သော်လည်း တာအိုအရှင်အင်မော်တယ်ဓား၏ အမူအရာက သိသိသာသာ ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့လေသည်။
သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကိုယ်၏လက်သီးသည် အသက်မဲ့ဓားခန္ဓာကိုယ်၏ ရင်ဘတ်ကိုထိုးဖောက်ဝင်ရောက်သွားပြီး တဖျတ်ဖျတ်တလက်လက် သွေးနီရောင်မီးတောက်များက ဒဏ်ရာမှတစ်ဆင့် တိုးဝင်လာခဲ့လေသည်။
ရွှစ်...
တောက်လောင်နေသောမီးတောက်များက ၎င်း၏ရင်ဘတ်မှတစ်ဆင့် အသက်မဲ့ဓားခန္ဓာကိုယ်၏ အတွင်းနှင့်အပြင်ကို လွှမ်းခြုံသွားခဲ့လေသည်။
မီးတောက်များက အပြင်ဘက်မှာလောင်ကျွမ်းနေမည်ဆိုလျှင် အသက်မဲ့ဓားခန္ဓာကိုယ်က ၎င်း၏ ထက်ရှသောဓားချီဖြင့် အဲ့ဒါကို ဖျက်ဆီးနိုင်လေသည်။
သို့သော်လည်း ယခုအခါမှာတော့ မီးတောက်များသည် အသက်မဲ့ဓားခန္ဓာကိုယ်၏ အတွင်းပိုင်းမှာပါ တောက်လောင်နေခဲ့လေသည်။
“ဂါး....”
တာအိုအရှင်အင်မော်တယ်ဓားက ညည်းတွားအော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်သွားလေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်အသတ်ထိတွန်းပို့ပြီး ဓမ္မစွမ်းအားများကို အဆက်မပြတ် ထိုးသွင်းလိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ဒေါသူပုန်ထနေသော မီးတောက်များကြားမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“လောင်ကျွမ်းလိုက်စမ်း...”
တာအိုအရှင်အဆုံးစွန်မီးက အော်ဟစ်၍ အမိန့်ပေးလိုက်လေသည်။
သွေးနီရောင်မီးတောက်ဓမ္မခန္ဓာကိုယ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏ပါးစပ်ကို ဖွင့်ဟကာ နီရဲနေသော ချော်ရည်စီးကြောင်းများကို အသက်မဲ့ဓားခန္ဓာကိုယ်ပေါ်သို့ ထွေးထုတ်လိုက်လေသည်။
ရှဲ....
အသက်မဲ့ဓားခန္ဓာကိုယ်ပေါ်ရှိ ဓားချီများသည် ကြောက်စရာကောင်းသော ချော်ရည်များကြောင့် ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
အသက်မဲ့ဓားခန္ဓာကိုယ်သည် ရုန်းကန်လှုပ်ရှား၍ ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏ မျက်လုံး ၊ နား ၊ ပါးစပ်နှင့် နှာခေါင်းပေါက်များသည် ဒေါသူပုန်ထနေသော မီးတောက်များဖြင့် ပြည့်နှက်လာပြီး မီးခိုးများက အူထွက်လာလေသည်။
အသက်မဲ့ဓားခန္ဓာကိုယ်၏ အတွင်းအပြင်တွင် မီးတောက်များက တဟုန်းဟုန်းတောက်လောင်လာခဲ့လေသည်။
တာအိုအရှင်များစွာသည် ထိုသည်ကိုကြည့်ပြီး ကြောင်အ,မှင်တက်သွားကြလေသည်။ သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများက အထင်းသားပေါ်လွင်နေလေသည်။
တာအိုအရှင်အင်မော်တယ်ဓားက ရှုံးနိမ့်သွားရလေသည်။
လက်ရှိ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ် သို့မဟုတ် သူ၏အရွယ်ကောင်းကိုကျော်လွန်ပြီး သူ့ဘဝ၏နှောင်းပိုင်းအရွယ်ကို ရောက်ရှိလာနေသူကို ရှုံးနိမ့်သွားရလေသည်။
သွေးနီရောင်မီးတောက်ဓမ္မခန္ဓာကိုယ်က လက်တစ်ဖက်ကို ဆုံးရှုံးထားရသော်လည်း ၎င်းက ကောင်းကောင်းရပ်တည်နိုင်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက လျော့ကျသွားခြင်းမရှိပေ။ ၎င်းက ကြောက်စရာကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်နေဆဲပင်။
အသက်မဲ့ဓားခန္ဓာကိုယ်ကတော့ မီးတောက်များကြားမှာ ဘာမှမကျန်အောင် လောင်ကျွမ်းပြာကျသွားရလေသည်။
ဘုန်း....
လက်တစ်ဖက်ပြတ်ထားသော သွေးနီရောင်မီးတောက်ဓမ္မခန္ဓာကိုယ်သည် မာန်ဖီ၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။ ၎င်း၏ မီးတောက်များဖြင့်တောက်လောင်နေသော ခြေဖဝါးကိုမြှောက်ကာ တာအိုအရှင်အင်မော်တယ်ဓားကို ပြင်းထန်စွာ ပေါက်ချလိုက်လေသည်။
ထိုပေါက်ချက်က ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေဖျက်ဆီးမည့်အလား အထွတ်အထိပ်စွမ်းအားများကို သယ်ဆောင်ထားလေသည်။
တာအိုအရှင်အင်မော်တယ်ဓား၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဆေးလုံးတစ်ဆုပ်စာကို မျိုချကာ သူ၏အမြုတေစိတ်ဝိညာဥ်ကို အတင်းအကျပ်အသက်သွင်းလိုက်ရလေသည်။ သူက လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ပြီး ဧရာမဓားတစ်လက်ကို ဆုပ်ကိုင်ကာ ဝင်ရောက်လာသော ခြေဖဝါးကို ပစ်ထိုးလိုက်လေသည်။
ချွမ်း....
ဓားနှင့်ခြေဖဝါးတို့ထိတွေ့မိသောအခါ စူးစူးရှရှမြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
တာအိုအရှင်အင်မော်တယ်ဓားက တဆတ်ဆတ်တုန်ယင်သွားလေသည်။
အဲ့ဒီနောက် အားလုံး၏ အကြည့်အောက်တွင် ဧရာမဓားက လောင်ကျွမ်း၍ နီရဲလာခဲ့လေသည်။
ခွမ်း....
ဓားက ကျိုးသွားခဲ့လေပြီ....
ဖွီး....
တာအိုအရှင်အင်မော်တယ်ဓားသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကိုယ်၏ ခြေဖဝါးက သူ့အပေါ်ဆင်းသက်မလာခင် သူက နောက်သို့ အလောတကြီးခုန်ဆုတ်လိုက်ရလေသည်။
ထိုသို့ဆိုလျှင်တောင် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လေထဲတွင် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရလေသည်။
သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရလေပြီ....
သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်မရှိပဲ တာအိုအရှင်အင်မော်တယ်ဓား၏ ခွန်အားသည် အန္တိမဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ မလုံလောက်ပေ။
လက်တစ်ဖက်ပြတ်ထားလျှင်တောင် အန္တိမဓမ္မဝိသေသခန္ဓာကိုယ်က သူ့ကို ကောင်းကောင်းဖိနှိမ်နိုင်လေသည်။
ဘုန်းဘုန်းဘုန်း....
သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကိုယ်က တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များနှင့်အတူ တာအိုအရှင်အင်မော်တယ်ဓားဆီသို့ လျှောက်လှမ်းလာလေသည်။
“တာအိုရောင်းရင်းတို့ ကျုပ်ကိုကယ်ပါဦး...”
တာအိုအရှင်အင်မော်တယ်ဓားက ထိတ်လန့်တကြားအမူအရာဖြင့် အော်ဟစ်လိုက်လေသည်။
ကောင်းကင်ဇင်ယော်ဂိုဏ်းမှ တာအိုအရှင်ဖျက်ဆီးခြင်းကောင်းကင် ၊ မိုးကြိုးလေပြည်နန်းတော်မှ တာအိုအရှင်မီးတိမ်နှင့် အခြားသူများသည် စောစောက ရန်လိုတက်ကြွနေသော်လည်း ယခုအချိန်တွင်တော့ သူတို့သည် စိုးရိမ်ပူပန်နေကာ တိုက်ခိုက်ရဲခြင်းမရှိတော့ပေ။
လက်တစ်ဖက်ပြတ်ထားသော သွေးနီရောင်မီးတောက် ဓမ္မခန္ဓာကိုယ်ကိုပင် သူတို့က ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤတိုက်ပွဲက များစွာသော တာအိုအရှင်များကို အံ့အားသင့် မှင်တက်သွားစေလေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်းနေသည်မှာ သိသာလေသည်။ မည်သူကမှ သူ့ကိုရင်မဆိုင်ရဲကြပေ။
တာအိုအရှင်တိမ်လွှာမိုးစက်၏ မျက်လုံးက တဖျပ်ဖျပ်လက်သွားသော်လည်း သူက တိုက်ခိုက်ခြင်းမရှိပေ။
အခြားသောတာအိုအရှင်များသည် ကြောက်ရွံမှုဖြင့် လှုပ်ခြားမှုမပြုကြသလို သူတို့မှာ တခြားရည်ရွယ်ချက်များလည်း ရှိနေကြလေသည်။
တာအိုအရှင်အဆုံးစွန်မီးက အရာရာတိုင်းကိုလျစ်လျူရှုပြီး တာအိုအရှင်အင်မော်တယ်ဓားကို သတ်ဖြတ်လိုက်မည်ဆိုလျှင် အသွန်းတစ်ရာဂိုဏ်းက ဓားဂိုဏ်း၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
ထိုအချိန်တွင် များစွာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများကပါ ပါဝင်ပတ်သက်လာကြပေလိမ့်မည်။
တာအိုအရှင်တိမ်လွှာမိုးစက်အတွက်တော့ အင်မော်တယ်ဂိုဏ်းများကြား တိုက်ပွဲဖြစ်ပွားလျှင် သူ့အတွက် အကျိုးအမြတ်ပင် ရရှိနိုင်ကောင်းလေသည်။
သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းအတွက် တာအိုအရှင်အင်မော်တယ်ဓားကို တစ်ခါက ကူညီ၍ တိုက်ခိုက်ပေးဖူးသော်လည်း အဲ့ဒါက ထိုသူကမ်းလှမ်းခဲ့သော အကျိုးအမြတ်တချို့ကြောင့်ဖြစ်လေသည်။
နတ်မိမယ်နှင်းပွင့်ကလည်း ထူးမခြားနားအမူအရာတစ်ခု ရှိနေလေသည်။
သူမသည် ဤနေရာသို့မလာခင်ကတည်းက သူမက ကြားနေတစ်ယောက်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်တိုက်ပွဲကြားမှာ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း ကြိုတင်ပြောဆိုထားခဲ့လေသည်။
အခြားသော တာအိုအရှင်များ၏ တုံ့ပြန်ပုံများကို မြင်ရသောအခါ တာအိုအရှင်အင်မော်တယ်ဓား၏ နှလုံးသားက အေးစက်သွားခဲ့လေသည်။