နှလုံးသားမဲ့ဆေဘာ
Vol. 66 Ch. 981
“အဆူရာက ဒီကိုဘာအတွက် ရောက်လာတာလဲ... သူက အသွန်းတစ်ရာဂိုဏ်းကို ဒီတိုင်းရောက်လာပြီး ဒီတိုင်းပဲပြန်ထွက်သွားတာလား..”
“ငါလည်းမသိဘူး... အဲ့ဒီလူရဲ့ အပြုအမူက အမြဲတမ်း ကျိုးကြောင်းဆီလျော်မှုရှိတာမဟုတ်ဘူး... သူက ဘာကိုစဥ်းစားနေလဲ ဘယ်သူသိမှာလဲ...”
“သူကလည်း ဆူဇီမိုအတွက် ရောက်လာတာ ဖြစ်နိုင်လောက်တယ်.. ဒါပေမယ့်လို့ တာအိုအရှင်အဆုံးစွန်မီးရဲ့ ခွန်အားကို မြင်တွေ့ပြီးတဲ့နောက် သူက မယှဥ်နိုင်ဘူးဆိုတာသိလို့ ပြန်လှည့်ထွက်သွားတာဖြစ်ရမယ်”
များစွာသော တာအိုအရှင်များသည် ယန်ပေးချန်၏ နောက်ကျောကိုကြည့်ပြီး တီးတိုးဆွေးနွေးနေကြလေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
ယန်ပေးချန်သည် ဤနေရာကို ရောက်လာခြင်းမှာ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တစ်ခုရှိကြောင်း သူတစ်ယောက်တည်းသာလျှင် သိနိုင်လောက်လေသည်။ ဒါ့အပြင် သူက သူ့ကိုကူညီဖို့အတွက်ရောက်လာတာ ဖြစ်ဖို့များလေသည်။
“အားလုံးပဲ... အတွင်းဘက်ခန်းမထဲကို ကြွခဲ့ကြပါ”
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို ခေါင်းညိတ်ပြပြီး အသွန်းတစ်ရာဂိုဏ်းအတွင်းဘက်သို့ လှည့်ဝင်သွားခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ပြီး အဲ့ဒါက အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ဆူဇီမိုသည် ယန်ပေးချန်၏ ကိစ္စအတွက်နှင့် သူ့ကိုအနှောက်အယှက်မပေးချင်ပေ။
ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုသည် အသွန်းတစ်ရာဂိုဏ်းအပြင်ဘက်သို့ တစ်ယောက်တည်းထွက်သွားဖို့ ဆုံးဖြတ်လိုက်လေသည်။
“ဆရာဦးလေး... ခင်ဗျားက ဘယ်သွားမလို့လဲ”
တာအိုအရှင်ကြယ်သွေးနီသည် ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုနှင့်ပက်ပင်းတိုးပြီး သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်လေသည်။
“ကျုပ်က ဒီတိုင်းပဲ လမ်းလေးဘာလေးထွက်လျှောက်မလို့...”
ဆူဇီမိုက မရေမရာပြန်ဖြေလိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီက သတိပေးလိုက်လေသည်။
“ဆရာဦးလေး သတိထားပါ.. အသွန်းတစ်ရာဂိုဏ်းကနေ ဝေးဝေးမသွားပါနဲ့... တာအိုအရှင်အင်မော်တယ်ဓားနဲ့ တခြားသူတွေက သိပ်ပြီးတော့ ဝေးဝေးမရောက်လောက်သေးဘူး”
ထိုသို့ပြောပြီးသည်နှင့် တာအိုအရှင်ကြယ်သွေးနီက ဂိုဏ်းမှအကြီးအကဲများကို သတင်းပေးပို့ဖို့အတွက် အလောတကြီးထွက်ခွာသွားခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးက အဆင့်ချိုးဖြတ်တက်လှမ်းတော့မည်ဖြစ်ပြီး အသွန်းတစ်ရာဂိုဏ်းမှ ပေါင်းစည်းခန္ဓာအကြီးအကဲများအားလုံးသည် သူ့ကိုကာကွယ်ပေးဖို့ ထွက်ပေါ်လာရပေမည်။ ဤဖြစ်စဥ်အတွင်း မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ပေ။
ထိုအခိုက်အတန့်တွင် လူတိုင်း၏ စိတ်အာရုံက တာအိုအရှင်အဆုံးစွန်မီးအပေါ်သို့ ရောက်ရှိနေပြီး မည်သူကမှ ဆူဇီမို၏ ထွက်ခွာသွားမှုကို သတိမထားမိကြပေ။ ဆူဇီမိုသည် ရှေ့သို့ လျှောက်လှမ်းလာရင်း အသွန်းတစ်ရာဂိုဏ်း၏ အစပ်သို့ ရောက်ရှိလာခဲ့လေသည်။
သူက အသွန်းတစ်ရာဂိုဏ်း၏ ဝင်ပေါက်ကို ဖြတ်ကျော်လာပြီး တံခါးစောင့်ကောင်လေးရှေ့သို့သွားကာ မေးလိုက်လေသည်။
“စောစောက ဓမ္မဝိသေသတာအိုအရှင်တွေက ဘယ်ဘက်ကို ထွက်သွားတာလဲ”
“ဟိုဘက်ကို...”
တံခါးစောင့်ကောင်လေးက လက်ညိုးထိုးပြလိုက်လေသည်။ ဆူဇီမိုသည် ခေါင်းညိတ်ပြပြီး တံခါးစောင့်ကောင်လေး ညွှန်ရာဘက်သို့ တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ထွက်ခွာလာခဲ့လေသည်။
သူသည် တာအိုအရှင်အင်မော်တယ်ဓား နှင့် အခြားသူများနှင့် ပက်ပင်းတိုးမည်ကို စိုးရိန်ပူပန်ခြင်းမရှိပေ။ သူသည် တိုက်ခိုက်ရည်ခွန်အားအရာမှာ သူတို့ကို မယှဥ်နိုင်သော်လည်း သွေးစတေးထွက်ပြေးခြင်းကဲ့သို့သော သူ၏ဝှက်ဖဲများစွာအပေါ် မှီခိုနိုင်လေသည်။
သိပ်မကြာမီ ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်နှင့် ထိလုမတက် ဝပ်ချလိုက်လေသည်။ သူ၏ ခြေလက်များကို တစ်ချိန်တည်းမှာလှုပ်ရှားပြီး သူ၏ခန္ဓာကိုယ်သည် စပါးအုံးမြွေတစ်ကောင်ကဲ့သို့ အသံမထွက်ပဲ ရှေ့သို့လျှောထိုးသွားလေသည်။
ဆူဇီမိုသည် ထူထဲသောမြက်တောတစ်ခုထဲ ရောက်ရှိလာပြီး ရပ်တန့်လိုက်လေသည်။ သူက မျက်လုံးကိုမှေးကျဥ်း၍ အာရုံစိုက်ကာ နားစွင့်လိုက်လေသည်။ ရှေ့တည့်တည့်လေထဲတွင် မတ်တတ်ရပ်နေကြသော လူအချို့ရှိလေသည်။
ဓားဂိုဏ်းမှ တာအိုအရှင်အင်မော်တယ်ဓားနှင့် ချင်ဖျန်ရန်....
အဲ့ဒီမှာ တာအိုအရှင်တိမ်လွှာမိုးစက် ၊ ကောင်းကင်ဇင်ယော်ဂိုဏ်းမှ တာအိုအရှင်ပျက်စီးခြင်းကောင်းကင် ၊ မိုးကြိုးလေပြည်နန်းတော်မှ တာအိုအရှင်မီးတိမ် ၊ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်နေတိမ် ၊ ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှာ ကိုယ်တော်ခုန်းဝမ်နှင့် ပညာဉာဏ်အလင်းကျောင်းတော်မှာ ကိုယ်တော်လျောင်မင်းတို့လည်း ရှိနေကြလေသည်။
အဲ့ဒီမှာ ဒြပ်စင်ငါးမျိုးဂိုဏ်းမှ တာအိုအရှင်ကောင်းကင်ပင်လယ်လည်း ရှိလေသည်။
တာအိုအရှင် ၉ ယောက်က အတူတကွ ရပ်နေကြလေသည်။
သူတို့၏ ရှေ့တည့်တည့်တွင် အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သွေးနီရောင်ဆေဘာတစ်လက်ကို ပုခုံးထက်တင်ထားသော အနက်ရောင်ဝတ်လူတစ်ယောက် ရှိနေလေသည်။
အဆူရာယန်ပေးချန်....
“အဆူရာ... မင်းက ဘာလို့ ငါတို့နောက်ကို လိုက်လာတာလဲ...”
တာအိုအရှင်တိမ်လွှာမိုးစက်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး စိတ်မရှည်မှုတစ်စွန်းတစ်စနှင့်အတူ မေးလိုက်လေသည်။
အဆူရာက လူထူးလူဆန်းတစ်ယောက်ဖြစ်ပြီး သူက သွေးဆာရက်စက်လေသည်။ မိစ္ဆာဂိုဏ်းများမှ သူများပင်လျှင် သူနှင့် ထိတွေ့ဆက်ဆံလိုစိတ်မရှိပဲ သူ့ကိုဝေးဝေးကနေ ရှောင်ရှားကြလေသည်။
ယန်ပေးချန်က ထူးမခြားနားအမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
“ငါ့ရဲ့ တာအိုဘွဲ့က အဆူရာဆိုမှတော့... ဒီကို သတ်ဖို့အတွက် ရောက်လာတာပေါ့”
တာအိုအရှင်တိမ်လွှာမိုးစက်က မေးလိုက်လေသည်။
“ဘယ်သူ့ကိုလဲ....”
“မင်းတို့အားလုံး....”
ယန်ပေးချန်သည် ထိုစကားကိုပြောလိုက်ပြီးနောက် နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
“ဟီးဟီး....”
“ဟားဟား.....”
ထို့နောက် ချက်ချင်းဆိုသလိုပင် တာအိုအရှင်ပျက်စီးခြင်းကောင်းကင် ၊ တာအိုအရှင်မီးတိမ်နှင့် အခြားသူများက လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်ကြလေသည်။
“မင်းက... ငါတို့ကို လာနောက်နေတာလား...”
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်နေတိမ်က လှောင်ရယ်မောလိုက်လေသည်။
သူတို့အုပ်စုသည် နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိအဆင့် ဓမ္မဝိသေသ ကျင့်ကြံသူများဖြစ်ကြလေသည်။ ဒါ့အပြင် သူတို့အဖွဲ့တွင် တာအိုအရှင်တိမ်လွှာမိုးစက်ကဲ့သို့ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်များလည်း ပါဝင်လေသည်။
အဆူရာသည် အလွန်တရာနာမည်ကြီးသော်လည်း သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာကာစ ဖြစ်လေသည်။
လူတိုင်းသည် သူ့ကို မြင့်မြင့်မားမား တွက်ချက်ထားခြင်းမရှိပေ။
တာအိုအရှင်တိမ်လွှာမိုးစက်၏ မျက်နှာကို ထောက်ထားနေခြင်းကြောင့်မဟုတ်လျှင် သူတို့သည် မကောင်းဆိုးဝါးမိစ္ဆာများကို နှိမ်နှင်းခြင်းဟူသော အကြောင်းပြချက်ဖြင့် ဤအဆူရာကို သတ်ဖြတ်မိပေလိမ့်မည်။
သို့သော်လည်း တာအိုအရှင် ၉ ယောက်ထဲတွင် မရယ်နိုင်သော လူအချို့ရှိလေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်က သူတို့ထဲမှ တစ်ယောက်ဖြစ်လေသည်။
အဆူရာက ဘယ်သောအခါမှ နောက်ပြောင်တတ်သူမဟုတ်ကြောင်း သူသိထားလေသည်။
အဆူရာက တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သည်ဟု ပြောလာလျှင် သူက အဲ့ဒါကို သေချာပေါက် ပြုလုပ်ပေလိမ့်မည်။
တာအိုအရှင်အင်မော်တယ်ဓားက မျက်မှောင်ကြုတ်ပြီး အဆူရာကို စိုးရိမ်ပူပန်သောအကြည််ဖြင့် ကြည့်လိုက်လေသည်။
သူက သူ၏အထွတ်အထိပ်အခြေအနေမှာရှိနေလျှင် အဆူရာကို အလွယ်တကူဖိနှိမ်နိုင်ပေလိမ့်မည်။
သို့သော်ယခုအခါမှာတော့ သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေခန္ဓာကိုယ်က ဖျက်ဆီးခံထားရလေသည်။ သူက တိုတောင်းအချိန်အတွင်း အဲ့ဒါကို ပြန်လည်ဆင့်ခေါ်နိုင်လိမ့်မည်မဟုတ်ပေ။
သူက အဆူရာနှင့်အမှန်တကယ်တိုက်ခိုက်ရမည်ဆိုလျှင် ရလဒ်ကို ကြိုတင်မခန့်မှန်းနိုင်တော့ပေ။
ကံကောင်းထောက်မစွာဖြင့် သူတို့ဘက်တွင် လူ ၉ ယောက်ရှိနေပြီး အဲ့ဒီမှာ အန္တရာယ်မရှိနိုင်လောက်ပေ။
ဒြပ်စင်ငါးမျိုးဂိုဏ်းမှ တာအိုအရှင်ကောင်းကင်ပင်လယ်သည် သူ့ကိုယ်သူ အားလုံးထဲမှာ အားအနည်းဆုံးဆိုတာ သိထားလေသည်။ အဲ့ဒါကြောင့် သူက အဆူရာကို လှောင်ပြောင်ဝံ့ခြင်းမရှိပေ။ သူက ညင်သာစွာချောင်းဟန့်၍ မေးလိုက်လေသည်။
“တာအိုရောင်းရင်း ကျုပ်တို့နဲ့ ခင်ဗျားက ရန်ငြိုးရန်စမှမရှိတာ.. ခင်ဗျားက ဘာလို့ ကျုပ်တို့ကို သတ်ချင်နေရတာလဲ...”
“အဆူရာက သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက်မလိုဘူး..”
ယန်ပေးချန်၏ မျက်လုံးက သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် တောက်ပလာခဲ့လေသည်။
ရုတ်တရက်ဆိုသလို သူ၏ပုခုံးက လှုပ်ရှားသွားပြီး သွေးရောင်ဆေဘာက အသက်ဝင်လာသည့်အလား ထိုးထွက်လာခဲ့လေသည်။
ဆေဘာပေါ်ရှိ သွေးကြောများက ပြန့်ကားသွားပြီး လေထဲတွင် သွေးချီက ပျံ့နှံ့သွားခဲ့လေသည်။
ရွှစ်....
သွေးရောင်က ဖြာကနဲလက်သွားလေသည်။
အဲ့ဒါက အရမ်းကို မြန်ဆန်လွန်းလေသည်။
တာအိုအရှင်ကောင်းကင်ပင်လယ်က အေးခဲတောင့်တင်းသွားလေသည်။
နောက်ခဏ၌ သူ၏ဦးခေါင်းသည် လေထဲသို့လွင့်ပျံသွားပြီး သွေးများက အဘက်ဘက်သို့ ပန်းထွက်လာခဲ့လေသည်။
လေထဲကနေ ဦးခေါင်းမဲ့အလောင်းတစ်လောင်းက ပြုတ်ကျသွားခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က ထက်ရှသော ဆေဘာချီဖြင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးပင်မရှိခဲ့ပေ။
တာအိုအရှင်ကောင်းကင်ပင်လယ်က သေလေပြီ...
သူသေဆုံးသည့်တိုင်အောင် သူဘာကြောင့်သေခဲ့ရသလဲ နားလည်မသွားခဲ့ပေ။
အဆူရာက ဤမျှအထိ ပြတ်သားပြီး သူ့ကို တုံ့ပြန်ဖို့အခွင့်အရေးတစ်ခုပင် ပေးလိမ့်မည်မဟုတ်ဟု သူက ထင်မှတ်မထားမိပေ။
မြက်တောထဲမှာ ဝပ်တွားနေသော ဆူဇီမိုသည် ထိုသည်ကိုမြင်သောအခါ သူသည် ရင်တစ်ချက်ထိတ်သွားပြီး တဖြည်းဖြည်း နားလည်သဘောပေါက်သွားခဲ့လေသည်။
အဆူရာက ဒီကိုဘာ့ကြောင့်ရောက်လာသလဲ နောက်ဆုံးမှာသူက နားလည်သွားခဲ့လေသည်။
အဆူရာက ဤနေရာကို သတ်ဖြတ်ဖို့အတွက်ရောက်လာခြင်းပင် ။
အဆူရာက သူ့အတွက် သတ်ဖြတ်ဖို့ ဤနေရာသို့ ရောက်လာခြင်းပင်။
ဆူဇီမိုတွေးထင်ထားခဲ့သည်က မှန်လေသည်။ ကြိုးကြာတစ်ထောင်ဂိုဏ်းမှ သတင်းသည် အလယ်ပိုင်းတိုက်တွင် ပျံ့နှံ့သွားပြီး ယန်ပေးချန်ကလည်း အဲ့ဒါကို ကြားသိခဲ့ရလေသည်။ ဒါ့အပြင် ဓားဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်း နှင့် အခြားအင်မော်တယ်ဂိုဏ်းများမှ ထိုကိစ္စကို သေချာပေါက် ခွင့်မလွှတ်ပဲ လှုပ်ရှားမှုပြုလုပ်ကြလိမ့်မည်ဆိုတာကို ယန်ပေးချန်က သိထားလေသည်။
အဲ့ဒါကြောင့် များစွာသောတာအိုအရှင်များက ဆူဇီမိုကို ဒုက္ခပေးချင်နေသည်ဟု ကြားသိရပြီးနောက် သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခါစဖြစ်လျှင်ပင် အကြောက်အလန့်ကင်းမဲ့စွာဖြင့် ဤနေရာသို့ ခရီးနှင်လာခဲ့လေသည်။
အဲ့ဒါသည် အတိတ်ကာလတုန်းကလည်း ထို့အတူပင်။ ထိုစဥ်က ယန်ပေးချန်သည် မူလနတ္ထိအဆင့်သို့ တက်လှမ်းခါစဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်က ဒုက္ခနှင့် ကြုံတွေ့နေရသည်ဟု ကြားသိရသောအခါ သူသည် နယ်မြေတိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ဖို့ နေ့နေ့ညည တစ်နှစ်ကြာအောင် ခရီးအပြင်းနှင်လာပြီး ဆန်းကြယ်တောင်ထွတ်၏ သေရေးရှင်ရေး အကျပ်အတည်းကို တစ်ယောက်တည်းလိုလို ဖြေရှင်းပေးခဲ့လေသည်။
အဆူရာသည် နှလုံးသားကင်းမဲ့ပြီး သူ၏ဆွေမျိုးများကိုပင် ဂရုမထားဟု လူတိုင်းက တွေးထင်ကြလေသည်။ သို့သော်လည်း အဆူရာသည် သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုကို အောင်မြင်ရရှိသည်ဆိုသော်လည်း သူ၏အရိုးထဲတွင် စီးဆင်းနေသော ဆူပွက်နေသည့်သွေးအချို့ရှိကြောင်း ဆူဇီမိုက သိထားလေသည်။
တကယ်တမ်းနှလုံးသားကင်းမဲ့သည့်အရာမှ သူ့လက်ထဲရှိ အဆူရာဆေဘာဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက စွမ်းအားကြီးမားသော်လည်း သူသည် ဆင်ခြင်ငဲ့ကွက်ရဆဲဖြစ်ပြီး တာအိုအရှင်အင်မော်တယ်ဓားကို အမှန်တကယ် သတ်ဖြတ်ရဲခြင်းမရှိပေ။
အဲ့ဒါကြောင့် သူ၏ လွှမ်းမိုးနိုင်စွမ်းနှင့် ခြိမ်းခြောက်နိုင်စွမ်းကို တည်ဆောက်၍ သူ့လိုသည့်အပိုင်းကိုရရှိပြီးနောက် သူက အချိန်မီရပ်တန့်ခဲ့လေသည်။
ဘာပဲပြောပြော တာအိုအရှင်အဆုံးစွန်မီးသည် အသွန်းတစ်ရာဂိုဏ်းအတွက် နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဥ်းစားပေးရလေသည်။
သို့သော်လည်း ယန်ပေးချန်က ဘာကိုမှစိုးရိမ်ပူပန်မနေပေ။
အကြောင်းမှာသူသည် သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုကို သက်သေထူရသော အဆူရာတစ်ယောက်ဖြစ်နေသောကြောင့်ပင်။
တာအိုအရှင်အဆုံးစွန်မီးသည် တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများကို သင်ခန်းစာတစ်ခုပေးရုံမျှသာဖြစ်လေသည်။ အဆူရာယန်ပေးချန်အတွက်တော့ သူသည် သူတို့ ၉ ယောက်ကို အသက်ရှင်လျက် ပြန်သွားခွင့်ပေးဖို့ စိတ်ကူးမရှိပေ။
တာအိုအရှင်များသည် တုန်လှုပ်သွားပြီး နောက်သို့ဆုတ်လိုက်ကြလေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်ကလွဲလျှင် အဆူရာသည် သူတို့ ၉ ယောက်အပေါ် အမှန်တကယ်လှုပ်ရှားရဲလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
အဲ့ဒါထက် အဆူရာ၏ နည်းလမ်းများသည် ဤမျှလောက်ကြောက်သရာကောင်းလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
တာအိုအရှင်ကောင်းကင်ပင်လယ်သည် တုံ့ပြန်ဖို့အခွင့်အရေးတစ်ခုပင် မရလိုက်ပဲ ဆေဘာခုတ်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။