← Chapters

မျှော်လင့်ချက် ပျက်သုဉ်းခြင်း

Vol. 66 Ch. 985

မျှော်လင့်ချက် ပျက်သုဉ်းခြင်း

Vol. 66 Ch. 985

“ဟင်းဟင်း”

ချင်ဖျန်ရန်က မြေပြင်ပေါ်တွင် လဲကျနေပြီး သူမ၏တစ်ကိုယ်လုံး ဖုန်များဖြင့် လူးနေလေသည်။ သူမ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူမ၏မျက်လုံးများက ဗလာကျင်းနေလေသည်။ မှင်သေသေ အမူအရာတစ်ခုနှင့်အတူ သူမက ရုတ်တရက် ရယ်မောလိုက်လေသည်။

ဆူဇီမိုနှင့် ယန်ပေးချန်က သူမကို လှမ်းကြည့်လိုက်ကြလေသည်။

ချင်ဖျန်ရန်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖျတ်ခနဲပေါ်လာပြီး သူမက ထေ့ငေါ့လိုက်လေသည်။

“တစ်ယောက်က မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်နိုင်တဲ့ မိစ္ဆာသားရဲ.. နောက်တစ်ယောက်က သွေးအေးရက်စက်ပြီးတော့ အညှာအတာ ကင်းမဲ့တဲ့ မိစ္ဆာ.. ရှင်တို့က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို့ ခေါ်နေကြတယ်ဆိုတော့.. ဘယ်လောက်တောင် လိုက်ဖက်တဲ့ အတွဲအစပ်လဲ”

ဆူဇီမိုသည် သူ၏ခေါင်းကို ခါပြီး ရယ်မောလိုက်လေသည်။ သူက အဲဒါကို အရေးလုပ်မနေပေ။

မမျှော်လင့်ထားစွာပင် ယန်ပေးချန်ကလည်း သူမကို သတ်ဖြတ်ခြင်း မရှိဘဲ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

“ညီလေးဆူ.. သွားကြရအောင်.. ဒီမိန်းမက သေပြီးနေပြီ.. သူက အသက်ရှင်နေသေးပေမဲ့လို့ သူ့ဘဝက သေနေပြီ”

ယန်ပေးချန် ဆိုလိုသည့် အဓိပ္ပာယ်ကို ဆူဇီမိုက နားလည်လေသည်။

ချင်ဖျန်ရန်သည် သနားစရာကောင်းသော လူတစ်ယောက်ဖြစ်လေသည်။ သူမသည် အသက်ရှင်နေသေးသော်လည်း သူမ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာ ရိုက်ချက်များက အရမ်းကို ပြင်းထန်လွန်းလေသည်။

ဆူဇီမိုနှင့် ယန်ပေးချန်က လှည့်ထွက်လာပြီး ထွက်ခွာတော့မည် ရှိစဉ်မှာပင် ချင်ဖျန်ရန်က ရုတ်တရက် အနည်းငယ် ရူးသွပ်သွားပုံရလေသည်။ သူမ၏ ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ထူမပြီး သူမက မြေပြင်ပေါ်တွင် သူမကိုယ်သူမ တရွတ်တိုက်ဆွဲ၍ သံကုန်ခြစ်ကာ လှမ်းအော်လိုက်လေသည်။

“ရှင်က အဆူရာပဲ.. ရှင်က သွေးဆာရက်စက်တဲ့လူ.. ဘာလို့ ကျွန်မကို မသတ်တာလဲ.. ကျွန်မကို လာသတ်လိုက်လေ”

ယန်ပေးချန်က သူမကို လှည့်ပင်မကြည့်ဘဲ လှောင်ပြောင်သရော်လိုမှုဖြင့် ပြုံးလိုက်လေသည်။

“အဆူရာတစ်ယောက်အနေနဲ့ ငါက လောကမှာ သေသင့်သေထိုက်တဲ့ လူတိုင်းကို သတ်ဖြတ်တယ်.. တချို့လူတွေက အသက်ရှင်သန်ဖို့အတွက် မသမာတဲ့ နည်းလမ်းပေါင်းစုံ အသုံးပြုကြတယ်.. အဲဒီလူတွေက သေသင့်သေထိုက်တယ်.. ဒါပေမဲ့လို့ တချို့လူတွေကြတော့လည်း သေဖို့ကလွဲပြီး ဘာမှမလိုချင်တော့ဘူး.. သူတို့ကိုတော့ ငါက မသတ်ချင်ဘူး”

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

အဲဒါက အဆူရာသာလျှင်မဟုတ်.. သူသည်လည်းပဲ ထိုကဲ့သို့ ခံစားရလေသည်။

ချင်ဖျန်ရန်၏ အစက လှောင်ပြောင်ထေ့ငေါ့မှုသည် သူမက သေချင်နေသောကြောင့်ဆိုတာ ဆူဇီမိုက သိထားလေသည်။

သူမသည် မထီမဲ့မြင်ပြုသော စကားလုံးများဖြင့် ထပ်တလဲလဲ ရန်စလာခဲ့လေသည်။ အင်မော်တယ်ဂိုဏ်းများမှ တစ်စုံတစ်ယောက်ပင်လျှင် သူမကို သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက် ကောင်းကောင်း ရသွားပေလိမ့်မည်။

သို့သော်လည်း အဆူရာက ထိုသို့လုပ်ဖို့ ငြင်းဆန်ခဲ့လေသည်။

“ငါသိပြီ.. နင်က ငါ့ကို မသတ်ရဲဘူးမလား.. ဟင်းဟင်း.. နင်က ငကြောက်တစ်ကောင်ပဲ”

ရုတ်တရက်.. ချင်ဖျန်ရန်က ဟားတိုက်ရယ်မောလိုက်လေသည်။ သူမ၏အသံက ခြောက်ကပ်အက်ကွဲနေပြီး သူမက ပြောလိုက်လေသည်။

“နင်က ငါ့ကိုသတ်လိုက်ရင် စီနီယာအစ်ကို အင်မော်တယ်ဓားက ပြန်ပြီး လက်စားလာချေမှာကို ကြောက်နေတာပဲ.. ဟုတ်တယ်မလား”

ယန်ပေးချန်သည် မြေပြင်ပေါ်တွင် ရွှံ့များဖြင့် လူးနေသော ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ချင်ဖျန်ရန်ကို လှည့်ကြည့်လိုက်လေသည်။

“တော်တော်မိုက်မဲတဲ့ မိန်းမပဲ.. အင်မော်တယ်ဓားက နင့်အတွက် လက်စားလာချေဦးမယ်လို့တောင် အခုအချိန်ထိ ထင်နေသေးတာလား”

“အဲ့လိုပဲ ဖြစ်ရမှာပေါ့.. အင်း ဟုတ်တယ်.. အဲဒါ အဲ့လိုပဲ သေချာပေါက် ဖြစ်ရမယ်”

အစကတော့ ယန်ပေးချန်သည် သူမကို လှောင်ပြောင်ထေ့ငေါ့လိုက်ခြင်း ဖြစ်လေသည်။ သို့သော်လည်း ချင်ဖျန်ရန်က အဖြေတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား သူမ၏ အသက်မဲ့နေသော မျက်လုံးများက ဝင်းလက်လာခဲ့လေသည်။

ဆူဇီမိုက သနားစွာဖြင့် သက်ပြင်းချလိုက်လေသည်။

ချင်ဖျန်ရန်သည် တာအိုအရှင် အင်မော်တယ်ဓားကို အရူးအမူး စွဲလမ်းနေသော်လည်း သူမ၏ ကြီးမားသည့် သံယောဇဉ်က ရင်နင့်စရာပင်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးခဲ့ပြီး လူတစ်ယောက်၏ ငယ်ရွယ်နုပျိုမှုကလည်း အလျင်အမြန် ကုန်ဆုံးသွားခဲ့လေသည်။

မော်တယ်လောကရှိ အမျိုးသမီးတစ်ယောက်ဖြစ်စေ.. ကျင့်ကြံရေးလောကရှိ အမျိုးသမီးကျင့်ကြံသူများဖြစ်စေ.. သူတို့ဘဝ၏ အကြီးမားဆုံး ကံဆိုးမှုမှာ မှားယွင်းသောလူအပေါ် သူတို့၏ ယုံကြည်မှုကို ပုံအပ်လိုက်ခြင်းပင်။

ချင်ဖျန်ရန်က အော်ပြောလိုက်လေသည်။

“ငါသိပြီ.. စီနီယာအစ်ကို အင်မော်တယ်ဓားက ငါ့ကိုစွန့်ပစ်ခဲ့တာ မဟုတ်ဘူး.. သူက အကူအညီတချို့ သွားရှာပြီးရင် သေချာပေါက် ပြန်လာမှာပဲ”

“အဲဒါ အမှန်ပဲ.. အဲ့လိုပဲ ဖြစ်ရမယ်”

သူမက သေချာသွားသည့်အလား.. ချင်ဖျန်ရန်သည် လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုပ်ပြီး တတွတ်တွတ် ရေရွတ်နေလေသည်။

ယန်ပေးချန်သည် သူ့ရှေ့တွင်ရှိသော ရူးသွပ်တော့မည့်ဆဲဆဲ အမျိုးသမီးကိုကြည့်ကာ စိတ်ထဲကနေ လှောင်ရယ်၍ လှည့်ထွက်လာခဲ့လေသည်။

သို့သော်လည်း သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။

“ဒီလိုဆိုမှတော့လည်း နင်လက်လျှော့လာအောင် ငါလုပ်ပေးရမှာပေါ့”

ယန်ပေးချန်က အေးစက်စွာ ပြောလိုက်လေသည်။

“ငါက ဒီနားမှာ လိုဏ်ဂူတစ်ခုကို ဖောက်လိုက်မယ်.. ပြီးရင် အဲဒီမှာ ယာယီအားဖြင့် နေထိုင်မယ်.. အင်မော်တယ်ဓားက ပြန်လာရဲမလား ငါကြည့်ရသေးတာပေါ့.. သူက ပြန်လာရဲမယ်ဆိုရင် ငါ သူ့ကို တစ်ခါတည်း သတ်လိုက်ရုံပဲ”

ထိုသို့ပြောပြီးသည်နှင့် ယန်ပေးချန်သည် ဆူဇီမိုဘက်သို့လှည့်ကာ မေးလိုက်လေသည်။

“မင်းမှာ တခြားလုပ်စရာ မရှိဘူးဆိုရင် လိုက်ခဲ့ပါလား.. ငါ့မှာ မင်းနဲ့ မျှဝေဖို့အတွက် ကျင့်ကြံခြင်း အမြင်တချို့ရှိတယ်”

“ကောင်းပြီလေ”

ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။

ဤနေရာက အသွန်းတစ်ရာဂိုဏ်းနှင့် သိပ်မဝေးပေ။ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် သူက အသွန်းတစ်ရာဂိုဏ်းသို့ အပြေးသွား၍ သတင်းစကား ပေးပို့နိုင်လေသည်။

ယန်ပေးချန်၏ အကြည့်က မလှမ်းမကမ်းတွင်ရှိသော တောင်ထွတ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။

ဘာစကားမှ မပြောဘဲ သူက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်း၍ မြေပြင်ပေါ်တွင် လဲကျနေသော ချင်ဖျန်ရန်ကို ရစ်ပတ်ကာ တောင်ထွတ်ဆီသို့ ပျံသန်းသွားခဲ့လေသည်။

ဆူဇီမိုက သူအဆင်ပြေကြောင်းကို အသွန်းတစ်ရာဂိုဏ်းဆီသို့ စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင် စေလွှတ်လိုက်လေသည်။

သူတို့သုံးယောက်သည် တောင်ထွတ်ရှေ့သို့ အလျင်အမြန်ပင် ရောက်ရှိသွားခဲ့လေသည်။

ယန်ပေးချန်သည် သူ၏ အဆူရာဆေဘာကို ဝှေ့ယမ်းပြီး တောင်ထွတ်ကို သာမန်ကာလျှံကာ ခုတ်ပိုင်းလိုက်လေသည်။ တို့ဟူးတုံးတစ်တုံးကို လှီးဖြတ်ရသည့်အလား ကြီးမားသည့် ကျောက်တုံးများက တစ်တုံးပြီးတစ်တုံး ထွက်လာခဲ့လေသည်။

ခဏကြာပြီးနောက်.. ရိုးရှင်းသည့် လိုဏ်ဂူခန်းဝါတစ်ခုကို တည်ဆောက်ပြီးစီးသွားလေသည်။

သူတို့သုံးယောက်က အထဲသို့ ဝင်ရောက်လိုက်လေသည်။

အဆူရာသည် ချင်ဖျန်ရန်ကို လှည့်ပင်မကြည့်ဘဲ ဘေးဘက်သို့ ချပေးကာ ခြေချိတ်ထိုင်လိုက်လေသည်။

ဆူဇီမိုက လိုဏ်ဂူ၏ ဝင်ပေါက်ရှေ့တွင် ရိုးရှင်း​သော ဝင်္ကပါတစ်ခုကို စတင်ခင်းကျင်းလိုက်လေသည်။

လိုဏ်ဂူ၏ တည်နေရာက အတော်လေး ကောင်းမွန်လေသည်။ ဤနေရာမှာ ရပ်ကြည့်လျှင် သူတို့သည် အပြင်ဘက်ရှိ အရာရာတိုင်းကို အပေါ်စီးကနေ မြင်နိုင်လေသည်။

တာအိုအရှင် အင်မော်တယ်ဓား ပြန်လာမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် အဲဒါကို သတိထားမိနိုင်လေသည်။

နောက်ပိုင်းအချိန်တွင်.. ယန်ပေးချန်သည် သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းနှင့် ပြန်လည်ကုသခြင်းတွင် ကုန်ဆုံးစေလေသည်။ အချိန်ရလျှင် သူက သူ၏ ကျင့်ကြံခြင်း အမြင်အချို့ကို မခြွင်းမချန်ဘဲ ဆူဇီမိုကို ရှင်းပြလေသည်။

သူတို့နှစ်ယောက်သည် ဆေဘာကျင့်ကြံသူများဖြစ်ပြီး ယန်ပေးချန်သည် မိစ္ဆာဂိုဏ်းများ၏ လျှို့ဝှက်ပညာရပ်ကိုပင် ဆူဇီမိုထံသို့ သင်ကြားပေးခဲ့ဖူးလေသည်။

ထိုစဉ်တုန်းက.. ဆူဇီမို၏ ကျင်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားသေးဘဲ သူနားမလည်နိုင်သော အချက်အချို့ ရှိနေခဲ့လေသည်။

သူက အဆူရာဆေဘာ စိတ်ဆန္ဒကိုလည်း ယခုအချိန်ထိ မကျင့်ကြံနိုင်သေးပေ။

ထိုအခိုက်အတန့်တွင်.. ယန်ပေးချန်၏ ရှင်းပြချက်များနှင့်အတူ သူ၏ သံသယများစွာက ပြေပျောက်သွားပြီးနောက် နားလည်သဘောပေါက်လာခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ.. ယန်ပေးချန်၏ ဒဏ်ရာများက တဖြည်းဖြည်း ပျောက်ကင်းလာခဲ့လေသည်။

သို့သော်လည်း သူ၏မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူလျော် ဖြစ်နေဆဲပင်။

ဆူဇီမို မေးသည့်အခါတိုင်း အဆင်ပြေကြောင်း ယန်ပေးချန်က သာမန်ကာလျှံကာ ပြန်ဖြေလေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. ချင်ဖျန်ရန်သည် လိုဏ်ဂူ၏ ဝင်ပေါက်ဝကို စောင့်ကြပ်၍ နံရံကိုမှီကာ အဝေးတစ်နေရာသို့ မျှော်လင့်စောင့်စားစွာဖြင့် ငေးကြည့်နေလေသည်။ သူမက အိပ်ပင်မအိပ်စက်နိုင်ပေ။

တကယ်ဆို သူမက သူမကိုယ်သူမပင် ပြန်လည်အားဖြည့်ခြင်းပင် မပြုလုပ်ပေ။

သူမ ပြန်လည်အားဖြည့်နေသည့် အချိန်တွင် တာအိုအရှင် အင်မော်တယ်ဓား ပြန်လာမှာကို မတွေ့မြင်လိုက်ရမှာကို သူမက စိုးရိမ်နေလေသည်။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပြီး တစ်ခဏအတွင်းမှာပင် ၁၀ရက်တာ ကြာသွားခဲ့လေသည်။

ပြီးခဲ့သည့်​ ရက်များအတွင်း ကျင့်ကြံသူများစွာက ဤနေရာကို ဖြတ်သွားခဲ့ကြလေသည်။

သို့သော်လည်း သူတို့ထဲမှ အများစုသည် ဓမ္မဝိသေသ အဆင့်အောက်မှသူများ ဖြစ်ကြလေသည်။ မူလနတ္ထိအဆင့်များပင်လျှင် ရံဖန်ရံခါမှသာ ပေါ်ထွက်လာတတ်လေသည်။

တာအိုအရှင် အင်မော်တယ်ဓားသည် အကူအညီတချို့ ရယူပြီး ပြန်လာချင်သည်ဆိုလျှင် ၁၀ရက်တာက လုံလောက်လေသည်။

၁၀ရက်လုံးလုံး မအိပ်စက်ခဲ့ရသော ချင်ဖျန်ရန်သည် ပင်ပန်းနွမ်းလျသည့်ပုံပေါက်နေပြီး သူမ၏မျက်နှာက အဝါရောင်သမ်းလာလေသည်။

သို့သော်လည်း သူမက လက်မလျှော့ပေ။

အချိန်တစ်ရက် ကုန်ဆုံးသွားတိုင်း သူမ မျက်လုံးထဲရှိ အလင်းရောင်က တစ်စိတ်တစ်ပိုင်း မှေးမှိန်သွားခဲ့လေသည်။

တစ်လကြာပြီးနောက်.. သူမ မျက်လုံးများက အသက်မဲ့သွားခဲ့လေသည်။

ဆူဇီမိုသည် သူ့ရှေ့ရှိ အမျိုးသမီးကို ငေးကြည့်ပြီး သူမကို မမှတ်မိနိုင်လုနီးပါးပင်။

အစက.. ချောမောလှပ၍ ရဲဝံ့သော ဓားဂိုဏ်းမှ အမျိုးသမီးသည် ယခုအခါ တစ်ကိုယ်လုံး ညစ်ပေရေ၍ အသားအရေက အဝါရောင်သမ်းကာ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေလေသည်။

သူမသည် အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူတစ်ယောက်ကို မပြောနှင့်.. မော်တယ်လောကမှ လယ်သူမတစ်ယောက်နှင့်ပင် မနှိုင်းယှဉ်နိုင်တော့ပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. သူမသည် သူမကိုယ်သူမ ဆေးကြောသန့်စင်ခြင်း သို့မဟုတ် ဖြီးလိမ်းခြင်း လုံးဝ မရှိခဲ့ပေ။

အမျိုးသမီးတစ်ယောက်သည် သူမ၏ချစ်သူအတွက် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ကြလေသည်။

သူမက ထိုလူအပေါ်မှာ လက်လျှော့သွားခဲ့လေပြီ။

အဲဒါကြောင့် သူမသည် သူမ၏ ရုပ်ရည်သွင်ပြင်ကို လုံးဝ ဂရုမစိုက်တော့ပေ။

သူမက လှပသည်ဖြစ်စေ.. ရုပ်ဆိုးသည်ဖြစ်စေ.. အရေးမဟုတ်တော့ပေ။

ပြီးခဲ့သည့် တစ်လလုံးလုံး.. ချင်ဖျန်ရန်သည် သူမကိုယ်သူမ လုံးဝ မကုသခဲ့ပေ။ သူမက အိပ်စက်ခဲ့ခြင်းလည်း မရှိသောကြောင့် သူမ၏ဒဏ်ရာများသည် အခြေအနေပိုဆိုးလာခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ဆွေးရိလာခဲ့ပြီး ညှီစို့စို့ အနံ့များကလည်း ဟောင်ထွက်လာခဲ့လေသည်။

သို့သော်လည်း သူမက အဲဒါကို လျစ်လျူရှုထားပြီး လိုဏ်ဂူ၏ ဝင်ပေါက်ဝမှာ မှီရပ်၍ အသက်မဲ့နေသော မျက်လုံးများနှင့်အတူ အဝေးတစ်နေရာသို့သာ ငေးမျှော်ကြည့်နေလေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့လေသည်။

သူမ၏ မျက်လုံးထဲမှာ မျက်ရည်များ လုံးဝမရှိတော့ပေ။

မျှော်လင့်ချက် ပျက်သုဉ်းခြင်းထက် ပို၍ ဝမ်းနည်းစရာကောင်းသည့်အရာ ဘာမှမရှိတော့ပေ။

All Chapters