← Chapters

တာအိုအမွေအနှစ်ကုန်းမြေ

Vol. 66 Ch. 987

တာအိုအမွေအနှစ်ကုန်းမြေ

Vol. 66 Ch. 987

မလှမ်းမကမ်းတွင် အော်ဟစ်သံအချို့ ခဏကြာအောင်ထွက်ပေါ်လာပြီးနောက် အရာအရာတိုင်းက ပုံမှန်ပြန်ဖြစ်သွားလေသည်။

သိပ်မကြာမီ ယန်ပေးချန်က သွေးရနံ့ခပ်ဖျော့ဖျော့နဲ့အတူ ပြန်ရောက်လာလေသည်။

သူက လိုရင်းကို တန်းပြီးမေးလိုက်လေသည်။

“တာအိုအမွေအနှစ်ကုန်းမြေနဲ့ ပတ်သက်ပြီး မင်းဘယ်လောက်များများသိထားလဲ..”

“ဘာမှမသိဘူး... ကျုပ်အဲ့ဒါကို ကြားတောင်မကြားဖူးဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။

ယန်ပေးချန်က ပြောလိုက်လေသည်။

“အဲ့ဒါက မထူးဆန်းပါဘူး... ဆန်းကြယ်တောင်ထွတ်ရဲ့ ခွန်အားက တာအိုအမွေအနှစ်ကုန်းမြေနဲ့ ထိတွေ့နိုင်တဲ့အဆင့်ကိုမရောက်သေးဘူး...မင်းကတော့ အလယ်ပိုင်းတိုက်ကို ရောက်လာတာ မကြာသေးတဲ့အတွက် မင်းကိုဘယ်သူမှ အဲ့ဒီအကြောင်းပြောထားမှာ မဟုတ်လောက်ဘူးလို့ ငါထင်တယ်..”

“တာအိုအမွေအနှစ်ကုန်းမြေက အလယ်ပိုင်းတိုက်မှာရှိတဲ့ နေရာတစ်ခုမဟုတ်ဘူး... အဲ့ဒါက ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေဖန်တီးခဲ့တဲ့ နေရာလွတ်တစ်ခုပဲ”

ဆူဇီမိုကခေါင်းညိတ်ပြလိုက်လေသည်။

“ရှေးဟောင်းခေတ်တုန်းက လူသားမျိုးနွယ်က မြင့်မားတိုးတက်ခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေက ပေါ်ထွက်ခဲ့တယ်... ဒါပေမယ့်လို့ အဲ့ဒီအချိန်တုန်းက ဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေ များများစားစားမရှိခဲ့ဘူး... မဟာယာနအဆင့်ကို မတက်လှမ်းနိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ဒါမှမဟုတ် ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေတစ်ခုနဲ့ ကြုံတွေ့နေရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူတို့ရဲ့ ဓမ္မတာအိုအမွေအနှစ်တွေကို ချန်ထားရစ်ပြီး ကံစပ်တဲ့လူကို စောင့်ဆိုင်း‌စေဖို့ ဆုံးဖြတ်ခဲ့ကြတယ်”

ခဏမျှရပ်နားပြီးနောက် ယန်ပေးချန်ကမေးလိုက်လေသည်။

“မူလနတ္ထိနဲ့ ဓမ္မဝိသေသတွေရဲ့ ဘွဲ့မှာ တာအိုဆိုတဲ့စကားလုံး ဘာ့ကြောင့်ပါနေလဲ မင်းသိလား...”

ကျင့်ကြံရေးလောကတွင် ကျင့်ကြံဆင့် အဆင့်ကြီးတစ်ခုစီတိုင်းမှာ ဘွဲ့တစ်ခုစီရှိကြလေသည်။

ဥပမာအားဖြင့် ရွှေအမြု​တေကျင့်ကြံသူများကို ပကတိသက်ရှိများဟုခေါ်ပြီး နိုးထဝိညာဥ်ကျင့်ကြံသူများကို ပကတိအရှင်များဟု ခေါ်ကြလေသည်။

အဲ့ဒါက အဆင့်အတန်း၏ အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်ပေသည်။ အချိန်အများစုမှာ လူတစ်ယောက်သည် သူတို့၏ အစွမ်းအစများကြောင့် တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို မပြောနိုင်တာ ဖြစ်နိုင်လေသည်။

သူတို့အနေဖြင့် တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို ရုတ်တရက်မေးကြည့်ဖို့က ရိုင်းပျရာကျလေသည်။

သို့သော်လည်း ထိုကျင့်ကြံသူ၏ ဘွဲ့က ပကတိအရှင်ဟု သိရမည်ဆိုလျှင် ထိုသူက နိုးထဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတာကို သိရပေလိမ့်မည်။

မူလနတ္ထိများက တာအိုသက်ရှိ ဟူသောဘွဲ့ကို ရရှိကြလေသည်။

ဓမ္မဝိသေသများက တာအိုအရှင်ဟူသောဘွဲ့ကို ရရှိကြလေသည်။

ထိုဘွဲ့နှစ်ခုတွင် တာအိုဆိုသောစကားလုံး ဘာ့ကြောင့်ပါနေလဲ ဆူဇီမိုက တကယ်ပင်မသိပေ။

ဆူဇီမိုက ခေါင်းခါပြလိုက်သည်ကိုမြင်သောအခါ ယန်ပေးချန်က ဆက်ပြောလိုက်လေသည်။

“အကြောင်းအရင်းကတော့.. အကြမ်းဖျင်းပြောရရင် အဲ့ဒီအဆင့်ထိ ကျင့်ကြံလာနိုင်တဲ့သူတွေက ရှင်းလင်းတဲ့ တာအိုနှလုံးသားရှိသင့်လို့ပဲ”

“တာအိုနှလုံးသားလား...”

ဆူဇီမိုက အနည်းငယ် အံ့အားသင့်သွားပြီး စဥ်းစားတွေးတောလိုက်လေသည်။

ယန်ပေးချန်၏အသံက တစ်ဖန်ထွက်ပေါ်လာခဲ့လေသည်။

“ကျင့်ကြံသူတွေက သန်းနဲ့ချီပြီးရှိတယ်...သူတို့ရဲ့ တာအိုနှလုံးသားတွေကလည်း ကွဲပြားခြားနားကြတယ်... အချို့က အများပြည်သူကို ကယ်တင်ဖို့ ၊ အချို့ကတော့ နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ ၊ အချို့ကအချုပ်အနှောင်ကင်းမဲ့တဲ့ဘဝကို ရရှိဖို့ ၊ အချို့က အသက်ရှည်ရှည်နေရဖို့ ၊ တချို့က ပိုမိုသန်မာလာဖို့နဲ့ တချို့ကတော့ လက်စားချေဖို့... ပြောရရင်တော့ အများကြီးပေါ့”

“လူတစ်ယောက်က ပြင်ပအနှောက်အယှက်တွေကြားမှာ မယိမ်းယိုင်သွားဖို့ ၊ မီးတောက်တွေကြားမှာအရည်ပျော်မသွားဖို့ ၊ ရေအောက်မှာနစ်မြုပ်မခံရဖို့ ၊ ကောင်းကင်ရဲ့ဖျက်ဆီးခြင်းကို မခံရဖို့ ၊ မြေကြီးအောက်မှာ မြှုပ်နှံမခံရဖို့နဲ့ တောင်တစ်လုံးလို မကိုင်လှုပ်နိုင်ဖို့အတွက် ရှင်းလင်းတဲ့တာအိုနှလုံးသားတစ်ခုကို ထိန်းသိမ်းထားဖို့လိုတယ်... အဲ့ဒါမှပဲ သူတို့ရဲ့ မဟာတာအိုကို ရရှိနိုင်လိမ့်မယ်”

တာအိုနှလုံးသားများက ကျင့်ကြံခြင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်လေသည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်ကဘာလဲ....

ကျင့်ကြံခြင်းသည် ကောင်းကင်ကိုဖီဆန်သောအရာတစ်ခုဖြစ်ပြီး ထိုလမ်းခရီးတစ်လျှောက်မှာ မရေမတွက်နိုင်သော အခက်အခဲများနှင့် အဟန့်အတားများကို ကြုံတွေ့ရနိုင်လေသည်။ တစ်စုံတစ်ယောက်က သူတို့၏ တာအိုနှလုံးသားကို တစ်ချိန်လုံး ထိန်းသိမ်းထားနိုင်မှသာလျှင် သူတို့လိုရာခရီးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

ယန်ပေးချန်သည် ဆူဇီမိုကို သေချာစိုက်ကြည့်ပြီး အေးစက်စွာဖြင့် မေးလိုက်လေသည်။

“မင်းက... ဘာအတွက်ကျင့်ကြံတာလဲ...”

ဆူဇီမို၏အမူအရာက ငေးငိုင်သွားပြီး သူသည် ပင်ယန်းမြို့တွင် ပကတိသက်ရှိ ကန်းလန်၏ အနိုင်ကျင့်ခံခဲ့ရပုံကို ပြန်လည်မြင်ယောင်လာလေသည်။

သူသည် သူ့ကိုကယ်တင်ဖို့အတွက် မီးလောင်ပြာကျသွားသော ဇူဖန်ကို ပြန်လည်မြင်ယောင်လာလေသည်။

သူသည် မက်မွန်ပင်ကြီးအောက်မှာ ပွင့်ဖတ်ပွင့်ချပ်များ တဖွားဖွားကြွေကျနေချိန် သွေးနီရောင်ဝတ်အမျိုးသမီးက သူ့အား ကျင့်ကြံရေးနည်းစနစ်များ သင်ကြားပေးနေသည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်လာ​လေသည်။

အရာရာတိုင်းက မနေ့တစ်နေ့ကကဲ့သို့ ခံစားရလေသည်။ ဆူဇီမိုက တိုးတိတ်စွာရေရွတ်လိုက်သည်။

“ကျုပ်မှာ စိတ်ဝိညာဥ်အရင်းအမြစ် မရှိခဲ့ဘူး.... ကျုပ်စပြီး ကျင့်ကြံတုန်းက ကံကြမ္မာကို အံတုပြီး ကျုပ်ရဲ့ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲခဲ့ချင်ရုံပဲ...”

သူ့ရှေ့ရှိမြင်ကွင်းက ပြောင်းလဲသွားခဲ့လေသည်။

ဆူဇီမိုသည် သူ၏အစ်ကိုကြီးဆူဟုန် တဖြည်းဖြည်း အိုမင်းရင့်ရော်လာပုံကို မြင်ယောင်လာလေသည်။

ယန်တိုင်းပြည်ရှိ အပျက်အစီးပုံများနှင့် အရိုးစုများကို သူကပြန်လည်မြင်ယောင်လာလေသည်။

စစ်ပွဲမီးတောက်များကြားမှာ ကျင့်ကြံသူများနှင့် သားရဲတောကောင်များ၏ နင်းချေဖျက်ဆီးမှုအောက်တွင် ကူကယ်ရာမဲ့နေသော မော်တယ်များကို သူက မြင်ယောင်လာလေသည်။

သူသည် မျက်ရည်များ စိုရွှဲနေသော မျက်နှာများနှင့် ကူကယ်ရာမဲ့နေသောသူများကို မြင်ယောင်လာလေသည်။ တဖြည်းဖြည်းနှင့် ဆူဇီမို၏အကြည့်က ပြတ်သားလာပြီး သူကဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“အခုချိန်မှာတော့ ကျုပ်က ကျုပ်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ကျင့်ကြံနေတာမဟုတ်တော့ဘူး... ကျုပ်က လောကမှာ ရှိတဲ့ သက်ရှိအားလုံးရဲ့ ကံကြမ္မာကို​ပြောင်းလဲချင်တယ်... ကျုပ်က တာအိုတစ်ခုတည်ထောင်ချင်တယ်...”

“အဲ့ဒါက အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေနဲ့ မတူကွဲပြားတဲ့ မဟာတာအိုတစ်ခုဖြစ်ရမယ်... အဲ့ဒီမဟာတာအိုမှာ စိတ်ဝိညာဥ်ရင်းမြစ်မရှိတဲ့သူတွေက ကျင့်ကြံနိုင်ရမယ်... အဲ့ဒါက ကျုပ်ရဲ့ တာအိုနှလုံးသားပဲ..”

ယန်ပေးချန်သည် အတန်ကြာသည့်အထိ ဆူဇီမိုကို တိတ်တဆိတ်ဖြင့်ကြည့်နေလေသည်။

သူ၏ စိတ်နေစရိုက်ဖြင့်ပင်လျှင် ထိုအခိုက်အတန့်၌ သူက တုန်လှုပ်သည့်အမူအရာကို ထုတ်ဖော်ပြသရလေသည်။

အစကတော့သူသည် သာမန်ကာလျှံကာ မေးလိုက်ခြင်းသာဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ ပြန်ဖြေစကားက သူ့ကို ဤမျှအထိ တုန်လှုပ်သွားစေလိမ့်မည်ဟု ထင်မှတ်မထားပေ။

တာအိုနှလုံးသားတည်ထောင်ခြင်းနှင်ပတ်သက်၍ များများစားစား ပြောစရာမရှိပေ။

သို့သော်လည်း တာအိုနှလုံးသားများကြားမှာ ကွဲပြားခြားနားချက်များက ရှိနေသေးလေသည်။

ဥပမာအားဖြင့် သူတို့၏ တာအိုနှလုံးသားက လက်စားချေဖို့အတွက်ဆိုလျှင် ထိုကျင့်ကြံသူများသည် ရည်မှန်းချက်နည်းပါးသည်ဟု ဆိုရပေမည်။

ကျင့်ကြံသူတစ်ယောက်က လက်စားချေပြီး​နောက် သူ၏ရည်မှန်းချက်ကို ပြီးမြောက်သွားပြီး နောက်ပိုင်းဦးတည်ရာမဲ့သွားပေလိမ့်မည်။

ကျင့်ကြံသူအများစု၏ တာအိုနှလုံးသားက အသက်ရှည်ရှည်နေရဖို့ဖြစ်လေသည်။

သူတို့က ထာဝစဥ်ရှင်သန်ချင်သည်ဆိုလျှင် သူတို့သည် အဆက်မပြတ်ကျင့်ကြံပြီး အဆင့်ချိုးဖြတ်တက်လှမ်းနေရပေမည်။

အင်မော်တယ်လမ်းကြောင်းက အဆုံးမရှိပေ...

လက်စားချေခြင်းနှင့် နှိုင်းစာမည်ဆိုလျှင် အသက်ရှည်ရှည်နေလိုသော တာအိုနှလုံးသားက ပို၍ရည်မှန်းချက်ကြီးမားသည်ဟု ဆိုရပေမည်။

သို့သော်လည်း ဆူဇီမိုအတွက်တော့ သူ၏ တာအိုနှလုံးသား၏ အဆင့်အတန်းဖြစ်စေ ရည်မှန်းချက်ဖြစ်စေ အဲ့ဒါသည် အသက်ရှည်ရှည်နေလိုခြင်း သို့မဟုတ် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းသတ်ဖြတ်လိုခြင်း စသောအရာများထက် များစွာပို၍သာလွန်လေသည်။

သူသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးချင်လေသည်။

အဲ့ဒါက ဘယ်လောက်တောင် သဘောထားကြီးမြတ်လိုက်သလဲ....

အဲ့ဒါက ဘယ်လောက်တောင် သူရဲကောင်းဆန်လိုက်သလဲ....

အဲ့ဒါက ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ....

“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်...”

ယန်ပေးချန်က ငေးငိုင်နေရာကနေ နိုးထလာပြီး ခေါင်းညိတ်လိုက်လေသည်။

“ဇီမို... အဲ့ဒီနေရာမှာတော့ ငါက မင်းထက်အများကြီးနိမ့်ကျသေးတာပဲ....”

အဆူရာကို ဦးညွတ်သွားအောင်လုပ်နိုင်သည့်သူက ကမ္ဘာပေါ်တွင် ဆူဇီမိုတစ်ယောက်သာလျှင် ရှိနိုင်ကောင်းလေသည်။

ယန်ပေးချန်က ပြောလိုက်လေသည်။

“စွမ်းအားကြီးပုဂ္ဂိုလ်တွေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကို အမွေအနှစ်ကုန်းမြေကို ဝင်ရောက်ပြီးမှပဲ လက်ခံရရှိနိုင်လိမ့်မယ်... တစ်စုံတစ်ယောက်က သူ့ရဲ့တာအိုနှလုံးသားကို တည်ထောင်လိုက်မယ်ဆိုရင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ကောင်းတယ်... အဲ့ဒါက တစ်ဦးတစ်ယောက်ချင်းရဲ့ အခွင့်အလမ်းပေါ်မှာတော့ မူတည်နေသေးတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။ ယခုဆိုသူက တာအိုအမွေအနှစ်ကုန်းမြေကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်သွားလေသည်။

​တာအိုအမွေအနှစ်ကုန်းမြေသည် စွမ်းအားကြီးပုဂ္ဂိုလ်များ အမွေချန်ထားရစ်ခဲ့သော နေရာတစ်ခုဖြစ်ရုံသာမက အဲ့ဒါသည် ကျင့်ကြံသူများ သူတို့၏ တာအိုနှလုံးသားကို တည်ထောင်ရသော နေရာတစ်ခုလည်းဖြစ်ပေသည်။

​တာအိုနှလုံးသားတစ်ခုကို တည်ထောင်ပြီးနောက် ကျင့်ကြံသူတိုင်းသည် သူတို့၏ ကိုယ်ပိုင်တာအိုဘွဲ့တစ်ခုကို ရရှိပေလိမ့်မည်။

“တာအိုအမွေအနှစ်ကုန်းမြေက ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့တာဆိုတော့ အဲ့ဒီမှာ အမွေအနှစ်တွေကျန်ရှိပါဦးမလား...”

ဆူဇီမိုက အံ့အားတသင့်မေးလိုက်လေသည်။

“ကျန်တာပေါ့... '“

ယန်ပေးချန်က ရှင်းပြလိုက်လေသည်။

“ရှေးဟောင်းခေတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ဘယ်လောက်တောင်များလိုက်သလဲ... တာအိုအမွေအနှစ်ကုန်းမြေမှာ ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေအပြင် မျိုးဆက်တစ်ခုစီတိုင်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း အဲ့ဒီကို ဝင်ရောက်ပြီးတော့ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့ကြသေးတယ်”

“နောက်ပြီး တကယ့်ထိပ်တန်းအဆင့်ဓမ္မအမွေအနှစ်တွေက အရမ်းကို ရှားပါးပြီးတော့ လူတစ်ယောက်ရဲ့ တာအိုနှလုံးသားအပေါ် လိုအပ်ချက်ကလည်း အရမ်းကိုတင်းကျပ်ထားတယ်... လူတိုင်းက အဲ့ဒါကို အမွေဆက်ခံရရှိဖို့ အဆင့်မမီနိုင်ဘူး”

“ထိပ်တန်းအဆင့် တာအိအမွေအနှစ်တွေလား...”

​ဆူဇီမိုက မေးလိုက်လေသည်။

ယန်ပေးချန်က ပြောလိုက်လေသည်။

“အမွေအနှစ်ကုန်းမြေမှာ စွမ်းအားကြီးသက်ရှိတွေက သူတို့ရဲ့ အမွေအနှစ်တွေကို ထူးဆန်းတဲ့ ပုံစံတွေနဲ့ ချန်ထားခဲ့တတ်ကြတယ်... အဲ့ဒါက လက်နက်တစ်ခုဖြစ်နိုင်တယ်... ဧရာမ ကျောက်တုံးတစ်တုံး ဒါမှမဟုတ် ရုပ်ထုတစ်ခုလည်းဖြစ်နေနိုင်တယ်”

“ဒါပေမယ့်လို့...ရှေးဟောင်းခေတ်က တကယ့်အသန်မာဆုံး စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကတော့ သူတို့ရဲ့ အမွေအနှစ်တွေကို တစ်မူထူးခြားတဲ့ နယ်မြေတစ်ခုမှာ ချန်ထားခဲ့ကြတယိ”

“အဲ့ဒီနယ်မြေက ​တာအိုအမွေအနှစ်ကုန်းမြေရဲ့ အလာ်ဗဟိုမှာတည်ရှိတယ်... အဲ့ဒါကိုတော့ ကပ်ဘေးသုံးဆင့်နယ်မြေလို့ခေါ်တယ်...”

“သူ့ရဲ့နာမည်အတိုင်းပဲ.. ကပ်ဘေးသုံးဆင့်နယ်မြေမှာ မဟာကပ်ဘေးသုံးခုရှိတယ်... ပထမကတော့ လေကပ်ဘေး ၊ ဒုတိယက မီးကပ်ဘေး ၊ တတိယကတော့ မိုးကြိုးကပ်ဘေးပဲ...”

“အဲ့ဒီမဟာကပ်ဘေးသုံးခုကို ခံနိုင်ရည်ရှိမှပဲ ကပ်ဘေးသုံးဆင့်နယ်မြေရဲ့ အလယ်ဗဟိုကို ရောက်နိုင်လိမ့်မယ်... အဲ့ဒီမှာဆိုရင် မင်းက ရှေးဟောင်းခေတ်က အသန်မာဆုံး စွမ်းအားကြီးပုဂ္ဂိုလ်တွေချန်ထားခဲ့တဲ့ အမွေအနှစ်တွေကို မြင်ရလိမ့်မယ်..”

​ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်လေသည်။

“အစ်ကိုယန်... ခင်ဗျားကလည်း တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်ခဲ့ဖူးမှာပဲ... အဲ့ဒီအချိန်တုန်းက ခင်ဗျားလည်း ကပ်ဘေးသုံးဆင့်နယ်မြေကို ဖြတ်ကျော်ခဲ့ဖူးတယ်မလား... ခင်ဗျားက အတွင်းဆုံးအပိုင်းကို ရောက်နိုင်ခဲ့လား...”

“မရောက်ခဲ့ဘူး... “

ယန်ပေးချန်က ခေါင်းခါပြလိုက်လေသည်။

“ငါက လေကပ်ဘေးနဲ့ မီးကပ်ဘေးကိုပဲ ဖြတ်ကျော်နိုင်ခဲ့တယ်... မိုးကြိုးကပ်ဘေးမှာတော့ ငါက သေလုမတက်ဖြစ်ခဲ့ရတယ်...”

All Chapters