မမျှတသော တိုက်ပွဲ
Vol. 66 Ch. 988
ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွားရလေသည်။
ယန်ပေးချန်၏ ခွန်အား၊ စိတ်ဓာတ်ခံယူချက်နှင့်ပင်လျှင် သူသည် ကပ်ဘေးနှစ်ခုကိုသာ ဖြတ်ကျော်နိုင်ခဲ့လေသည်။ ထိုကပ်ဘေးသုံးခုက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။
“ခင်ဗျားက ကပ်ဘေးဖြတ်ကျော်ရင်းနဲ့ ကျဆုံးသွားမယ်ဆိုရင် တကယ်သေသွားမှာလား”
“အင်း”
ယန်ပေးချန်၏ မျက်နှာက တည်တံ့လာလေသည်။
“မင်းက အချိန်မီ နောက်ဆုတ်နိုင်ခဲ့ရင်တော့ အဆင်ပြေတယ်.. ဒါပေမဲ့လို့ မင်းက အဲဒီကပ်ဘေးကို ဖြတ်ကျော်ဖို့ အတင်းအကျပ် ဖိအားပေးမယ်ဆိုရင် မင်းရဲ့ တာအိုနှလုံးသားက ကျိုးပျက်ပြီးတော့ စိတ်ဖောက်သွားနိုင်တယ်.. အဆိုးဆုံးအနေနဲ့ မင်းရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီးတော့ သေသွားရလိမ့်မယ်”
“အဲဒီ ကပ်ဘေးသုံးဆင့်နယ်မြေက တာအိုအမွေအနှစ်ကုန်းမြေမှာ အန္တရာယ်အများဆုံး နေရာလို့ သတ်မှတ်လို့ရတယ်”
ထိုနေရာအရောက်တွင် ဆူဇီမိုက တွေဝေရှုပ်ထွေးသွားပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
“အဲ့လိုသာဆိုရင် အဲဒီနေရာက ခြင်္သေ့သားရဲတွင်း မဟုတ်သလို နဂါးသိုက်လည်း မဟုတ်ဘူးပေါ့.. ဒါဆိုရင် အဲဒီလူတွေက အထဲကို ဝင်ရောက်သွားရင် ကျုပ်က အန္တရာယ်ရှိမယ့် ပုံစံနဲ့ ဘာလို့ပြောနေရတာလဲ”
“မင်းထက် အဆင့်ကြီး တစ်ဆင့်လုံးလုံးမြင့်တဲ့ သီယင်းလိုမျိုး အနှိုင်းမဲ့ ပြန်ဝင်စား မွန်းစတားတစ်ယောက်နဲ့ တိုက်ခိုက်ရာမှာ မင်းအတွက် အန္တရာယ်မများဘူးလား”
ယန်ပေးချန်က ပြန်လည်မေးလိုက်လေသည်။
“အဲဒါက မျှမျှတတ တိုက်ခိုက်ရမယ်ဆိုရင် သီယင်းက ကျုပ်ကို မခြိမ်းခြောက်နိုင်ဘူး”
ဆူဇီမို၏အကြည့်က အေးစက်၍ ခက်ထန်နေလေသည်။
သူ့မှာ ဝှက်ဖဲများစွာ ရှိလေသည်။ အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများမှ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များအပြင် သူ့တွင် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကဲ့သို့သော မီးတာအို၏ အထွတ်အထိပ် လျှို့ဝှက်ပညာရပ်တစ်ခု ရှိလေသည်။
တကယ်တော့.. ဆူဇီမို၏ အကြီးမားဆုံး ဝှက်ဖဲမှာ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းပြီး သူ၏ နဂါးအသွင်ပြောင်းလဲခြင်း ဖြစ်လေသည်။
ထိုအချိန်ကျလျှင် သူ၏ တိုက်ခိုက်ရေးခွန်အားက မြင့်မားလာပြီး မူလနတ္ထိအဆင့် သီယင်းကို သတ်ဖြတ်နိုင်ဖို့ သူ့မှာ ၈၀ ရာခိုင်နှုန်း အခွင့်ရှိလေသည်။
“ပြဿနာက အဲဒါပဲ”
ယန်ပေးချန်က ခေါင်းခါပြလိုက်လေသည်။
“ဒီတိုက်ပွဲက လုံးဝ တရားမျှတမှု မရှိဘူး”
“တာအိုအမွေအနှစ်ကုန်းမြေက ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖန်တီးခဲ့တဲ့ နေရာလွတ်တစ်ခုပဲ.. အဲဒါက လူသားတွေရဲ့ အထွတ်အမြတ် ကုန်းမြေတစ်ခုလို့ သတ်မှတ်နိုင်တယ်.. သားရဲတွေက အဲဒီကို ဝင်ရောက်မယ်ဆိုရင် သတ်ဖြတ်ခံရမှာ မဟုတ်ပေမဲ့လို့ သူတို့ရဲ့ မျိုးဆက်သွေးနဲ့ အမြုတေစိတ်ဝိညာဉ်က ဖိနှိမ်ခံရလိမ့်မယ်”
“တစ်နည်းအားဖြင့် ပြောရရင် သားရဲမျိုးနွယ်ရဲ့ ဘယ်နည်းလမ်းကိုမှ အသုံးမပြုနိုင်ဘူး”
ထိုနေရာအရောက်တွင် ဆူဇီမိုက နောက်ဆုံး နားလည်သွားခဲ့လေသည်။
သီယင်းသည် သူ၏ သားရဲနည်းလမ်းများကို ကန့်သတ်ချုပ်နှောင်ဖို့အတွက် စိန်ခေါ်တိုက်ခိုက်မည့်နေရာကို တာအိုအမွေအနှစ်ကုန်းမြေအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
တာအိုအမွေအနှစ်ကုန်းမြေတွင် သီယင်းက လုံးဝ သက်ရောက်ခြင်းခံရမှာ မဟုတ်သော်လည်း ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကတော့ ထက်ဝက်လျော့ကျသွားပေလိမ့်မည်။
ယန်ပေးချန်က မေးလိုက်လေသည်။
“မင်းရဲ့ သားရဲနည်းလမ်းတွေကို အသုံးမပြုရဘူးဆိုရင် မင်းက သီယင်းကို သတ်ဖြတ်ဖို့ ယုံကြည်မှု ဘယ်လောက်ရှိလဲ”
“…”
ဆူဇီမိုက ငြိမ်သက်နေလေသည်။
ပြောရမည်ဆိုလျှင် သူ၏ သားရဲနည်းလမ်းများကို အသုံးမပြုနိုင်ပါက ဤတိုက်ပွဲအတွက် သူ့မှာ ယုံကြည်ချက် မရှိပေ။
ပြောရမည်ဆိုလျှင် သူ ရှုံးနိမ့်သွားဖို့ ဖြစ်နိုင်ခြေက အရမ်းများလေသည်။
သူ၏ မျိုးဆက်သွေးကို အသုံးမပြုနိုင်လျှင် သူ၏ ကိုယ်ကာယ ခွန်အားသက်သက်နှင့်ဆိုပါက သီယင်းကို ဖိနှိမ်နိုင်လိမ့်မည် မဟုတ်ပေ။
ဓမ္မစွမ်းအားများနှင့် အမြုတေစိတ်ဝိညာဉ်မှာလည်း သူက အရေးနိမ့်နေလေသည်။
ဘာပဲပြောပြော သူတို့နှစ်ယောက်ကြားမှာ အဆင့်ကြီးတစ်ဆင့်လုံးလုံး ကွာဟနေလေသည်။ ဒါ့အပြင် သီယင်းသည် မည်ကာမတ္တ တပည့်များကြားမှာတောင် အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်လေသည်။
သီယင်းသည် စိန်ခေါ်မှုကို လက်ခံလိုက်သော်လည်း သူရွေးချယ်လိုက်သော တည်နေရာကြောင့် ဆူဇီမိုက လုံးဝ အရေးနိမ့်ရလေသည်။
“ငါကတော့ မင်းကို ဒီစိန်ခေါ်မှုကို လက်မခံစေချင်ဘူး”
ယန်ပေးချန်က ပြောလိုက်လေသည်။
“အဲဒါကို ဖွင့်ဖို့အတွက် ပေါင်းစည်းခန္ဓာတစ်ယောက် ရှိနေသရွေ့ တာအိုအမွေအနှစ်ကုန်းမြေထဲကို အချိန်မရွေး ဝင်ရောက်လို့ရတယ်.. အမွေအနှစ်တွေကလည်း အဲဒီမှာ အမြဲတမ်း ရှိနေလိမ့်မယ်.. မင်းက အလောတကြီး ဝင်ရောက်စရာ မလိုဘူး”
“ဒါပေမဲ့လို့ ဒီတစ်ခေါက် မင်းဝင်ရောက်သွားမယ်ဆိုရင် သီယင်းနဲ့ သေချာပေါက် တိုက်ခိုက်ရလိမ့်မယ်.. ဒီတိုက်ပွဲအတွက် မင်းအနိုင်ရဖို့ အခွင့်က သိပ်မများဘူး”
ယန်ပေးချန်က စကားကို လှအောင်ပြောလိုက်ခြင်း ဖြစ်လေသည်။
တကယ်တော့ ဤတိုက်ပွဲအတွက် သူက အနိုင်ရဖို့ လုံးဝ အခွင့်မရှိပေ။
ဆူဇီမိုက အလေးအနက်ထား၍ ပြောလိုက်လေသည်။
“တကယ်လို့ ကျုပ်က မူလနတ္ထိအဆင့်ကို ရောက်ရှိနိုင်မယ်ဆိုရင်တော့ အစောပိုင်းအဆင့်မှာဆိုရင်တောင်.. သားရဲနည်းလမ်းတွေကို အသုံးမပြုနိင်ဘူးဆိုရင်တောင် ကျုပ်က သူ့ကို တိုက်ခိုက်နိုင်တယ်”
မူလနတ္ထိအဆင့်သို့ ဝင်ရောက်သွားသည်နှင့် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက နှစ်ထပ်ကိန်းတစ်ခုကဲ့သို့ တိုးပွားလာပေလိမ့်မည်။
သူ၏ ဓမ္မစွမ်းအားများကလည်း တိုးပွားလာပေလိမ့်မည်။
ဒါ့အပြင် သူသည် ပိုများသော ဝှက်ဖဲများကို အသုံးပြုလာနိုင်မည်ဖြစ်ပြီး သူက သီယင်းနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် အရေးနိမ့်လိမ့်မည် မဟုတ်ပေ။
“ဒါပေမဲ့လို့ ဘာပဲပြောပြော မင်းက အခု မူလနတ္ထိအဆင့်ကိုမှ မရောက်သေးတာ”
ယန်ပေးချန်က ပြောလိုက်လေသည်။
“မင်းက ပကတိနိုးထဝိညာဉ်အဆင့်ကို ရောက်လာတာတောင် မကြာသေးဘူး… မင်းက မူလနတ္ထိအဆင့်ကို ချိုးဖျက်တက်လှမ်းချင်တယ်ဆိုရင် အနည်းဆုံး နောက်ထပ် ဆယ်နှစ်အထက် ကြာလိမ့်မယ်”
“အဲဒါတောင် အဆင်ပြေချောမွေ့ဦးမှ.. မင်းက အဟန့်အတားတစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် နှစ်တစ်ရာကျော်တောင် ကြာမြင့်သွားနိုင်တယ်”
ယန်ပေးချန်က လိမ်ညာလိုက်ခြင်း မဟုတ်သည်ကို ဆူဇီမိုက သိထားလေသည်။
ဘာပဲပြောပြော နိုးထဝိညာဉ်အဆင့်မှ မူလနတ္ထိအဆင့်သို့ တက်လှမ်းခြင်းသည် အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တက်လှမ်းရခြင်းဖြစ်ပြီး များစွာပို၍ ခက်ခဲလေသည်။
ယန်ပေးချန်က ဆက်ပြောလိုက်လေသည်။
“သီယင်းက အရမ်းကို ပါးနပ်တယ်.. သူက တာအိုအမွေအနှစ်ကုန်းမြေမှာ နောက်တစ်လနေရင် တိုက်ခိုက်မယ်လို့ ပြောလိုက်တဲ့အတွက် မင်းကို အချိန်များများစားစား ပေးမထားဘူး.. မင်းက တစ်လအတွင်းမှာ မူလနတ္ထိအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိင်ဘူး”
တစ်လဆိုသော အချိန်မှာ ခဏသာဖြစ်ပြီး သူက ထိုအချိန်အတောအတွင်း မူလနတ္ထိအဆင့်သို့ တက်လှမ်းနိုင်ဖို့က လုံးဝမဖြစ်နိုင်ပေ။
“တကယ်လို့.. ကျုပ်က..”
ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး စိတ်လှုပ်ရှားသွားလေသည်။
သို့သော်လည်း ယန်ပေးချန်က ဆူဇီမို၏စိတ်ကို ချက်ချင်းပင် ဖတ်မိသွားပြီး သူက ခေါင်းခါပြလိုက်လေသည်။
“တကယ်လို့ မင်းက တာအိုအမွေအနှစ်ကုန်းမြေထဲမှာ မူလနတ္ထိအဆင့်ကို ချိုးဖျက်တက်လှမ်းချင်တာဆိုရင် အဲဒါက ပိုလို့တောင်မဖြစ်နိုင်ဘူး”
“တာအိုအမွေအနှစ်ကုန်းမြေက ခွဲထုတ်ထားတဲ့ တည်ဆောက်မှုပုံသဏ္ဍာန်ငယ်တစ်ခုပဲ.. အဲဒါက အပြင်လောကနဲ့ ပိုင်းခြားထားတယ်.. အဲဒီမှာ မင်းက ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရကို နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး.. အဲဒီမှာ စိတ်ဝိညာဉ်ချီကလည်း တော်တော်နည်းပါးတယ်.. မင်း စုပ်ယူဖို့အတွက် လုံလောက်တဲ့ စွမ်းအင် အဲဒီမှာ ရှိမနေဘူး”
“ရှေးဟောင်းခေတ်ကနေ အခုချိန်ထိ တာအိုအမွေအနှစ်ကုန်းမြေထဲမှာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူ တစ်ယောက်တောင် မရှိခဲ့ဘူး.. အဲဒီထဲကို ဝင်ရောက်သွားတဲ့သူတိုင်းက အမွေအနှစ်ကို လက်ခံရရှိပြီးတာနဲ့ ချက်ချင်း ပြန်ထွက်လာကြလိမ့်မယ်”
ဆူဇီမိုက ငြိမ်သက်သွားခဲ့လေသည်။
“မင်းက ဒီတိုက်ပွဲကို လက်မခံဘူးဆိုရင်လည်း ဘယ်သူကမှ မင်းကို လှောင်ကြမှာ မဟုတ်ဘူး”
ယန်ပေးချန်က ပြောလိုက်လေသည်။
“သီယင်းက မင်းရဲ့ သားရဲနည်းလမ်းတွေကို စိုးရိမ်ပူပန်နေတယ်ဆိုတာ ကျင့်ကြံသူတိုင်း ပြောနိုင်တာပဲ.. သူက အဆင့်ကြီးတစ်ဆင့်လုံး ကွာဟနေတာတောင် မင်းရဲ့ ခွန်အားအပြည့်ကို ရင်မဆိုင်ရဲဘူး”
“ဒါပေမဲ့လို့ မင်းက ဒီစိန်ခေါ်မှုကို လက်ခံလိုက်တာနဲ့ သူ့ရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားရလိမ့်မယ်”
ရုတ်တရက်.. ဆူဇီမိုက မေးလိုက်လေသည်။
“အစ်ကိုယန်.. ခင်ဗျားသာ ဆိုရင်ရော ဒီစိန်ခေါ်မှုကို လက်ခံမှာလား”
ခဏမျှ တိတ်ဆိတ်နေပြီးနောက်.. ယန်ပေးချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။
“ဒါပေါ့”
ဆူဇီမိုကလည်း ပြုံးလိုက်လေသည်။
တစ်နည်းအားဖြင့်.. သူတို့၏ စိတ်ဓာတ်များနှင့် ခံယူချက်များက ဆင်တူကြလေသည်။
ယန်ပေးချန်သည် ဒီတစ်ခေါက် ဆူဇီမိုကို ကူညီဖို့အတွက် ရောက်လာပြီး တာအိုအရှင် အင်မော်တယ်ဓားနှင့် တာအိုအရှင် တိမ်လွှာမိုးစက်ကဲ့သို့သော ထိပ်တန်းအဆင့် ဓမ္မဝိသေသ ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့လေသည်။ အဲဒါက အသက်အန္တရာယ် အလွန်များသော ခရီးစဉ်တစ်ခု ဖြစ်လေသည်။
သို့သော်လည်း သူက ရောက်လာခဲ့လေသည်။
ဆူဇီမိုသည် သူ၏ကိုယ်ကျိုးအတွက် သီယင်းကို စစ်ကြေညာခြင်း မဟုတ်ပေ။
သီယင်း၏ တည်ရှိမှုက သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သီယင်း ခြိမ်းခြောက်နိုင်သော သူများမှာ သူ၏မိတ်ဆွေများ ဖြစ်လေသည်။
သီယင်းသည် ဖက်တီးလေးနှင့် ကျိချန်းရှန်တို့ကို သေလုနီးပါး တိုက်ခိုက်ခဲ့သည့်အချက်ကို ဆူဇီမိုက သည်းမခံနိုင်ပေ။
သူသည် သီယင်းကို စစ်ကြေညာခဲ့ရသည့် အကြောင်းရင်းမှာ သူ့မိတ်ဆွေများနောက်သို့ အရိပ်ပမာ လိုက်ပါနေသည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းပေးချင်သောကြောင့် ဖြစ်လေသည်။
သူက ဤအခွင့်အရေးကို လွဲချော်သွားလျှင် နောက်တစ်ခါ ကြုံရဖို့ ဘယ်လောက်ကြာကြာ ပြန်စောင့်ရမလဲ မပြောတတ်ပေ။
အဲဒါကြောင့် သူသည် ဤစိန်ခေါ်မှုကို လက်ခံပြီး တာအိုအမွေအနှစ်ကုန်းမြေမှာ သီယင်းကို သတ်ဖြတ်ရမည် ဖြစ်လေသည်။
ဒါ့အပြင် ဤတိုက်ပွဲကို ဆူဇီမိုက စတင်ခဲ့ခြင်း ဖြစ်လေသည်။
သူက အခုအချိန်မှာ လက်ရှောင်လိုက်မည်ဆိုလျှင် အဲဒါက သူ၏ တာအိုနှလုံးသားအပေါ် ကြီးမားသည့် ထိတွေ့ရိုက်ခတ်မှု ရှိလာပေလိမ့်မည်။ အဲဒါက အနာဂတ်တွင် သူ၏ အကြီးမားဆုံး အတွင်းနတ်ဆိုးတစ်ကောင် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
သူ၏တာအိုက အကြောက်အလန့် ကင်းမဲ့ရပေမည်။
ယန်ပေးချန်က ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“ဘယ်လောက်တောင် နှမျောဖို့ ကောင်းလိုက်သလဲ.. ငါသာ ဓမ္မဝိသေသ အဆင့်ကို မဝင်ရောက်ရသေးဘူးဆိုရင် ငါက ဒီတစ်ခေါက် တာအိုအမွေအနှစ်ကုန်းမြေကို မင်းနဲ့အတူ လိုက်ဝင်ပြီးတော့ အကူအညီတချို့ ပေးနိုင်လောက်တယ်”
တာအိုအမွေအနှစ်ကုန်းမြေသို့ နိုးထဝိညာဉ်များနှင့် မူလနတ္ထိများကိုသာ ဝင်ရောက်ခွင့်ပြုလေသည်။
ဓမ္မဝိသေသများနှင့် ပေါင်းစည်းခန္ဓာများကို ဝင်ရောက်ခွင့်မပြုပေ။
“အစ်ကိုယန်.. ခင်ဗျားက ကျုပ်ကို ကူညီခဲ့တာ လုံလောက်နေပါပြီ”
ဆူဇီမိုက ပြုံးလိုက်လေသည်။
ဘုန်း…
ထိုစဉ်မှာပင် ကျယ်လောင်သော အသံတစ်သံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာပြီး မြေပြင်က တုန်ခါသွားခဲ့လေသည်။
ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံထက်သို့ ထိုးတက်ကာ ဧရာမ မီးကျောက်တိုင်တစ်တိုင်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်ထက်ရှိ တိမ်စိုင်များ အားလုံးကို လောင်ကျွမ်းသွားစေလေသည်။
အလွန်တရာ ကြီးမားသည့် ဖိအားက ဖြန့်ကြက်လာပြီး တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့လေသည်။
“တာအိုအရှင် အဆုံးစွန်မီးက အဆင့်ချိုးဖျက်တက်လှမ်းသွားပြီပဲ”
ယန်ပေးချန်က ထိုဘက်အရပ်သို့ ငေးမျှော်ကြည့်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
“အဲဒါက ကောင်းတဲ့အချက်ပဲ.. အဆုံးစွန်မီးက မင်းဆရာဆိုတော့ မင်းက သူ့ကို သွားတွေ့သင့်တယ်”
ယန်ပေးချန်က ထပ်ပြောလိုက်လေသည်။
“ကောင်းပြီလေ.. ကျုပ် ပြီးရင် ပြန်လာခဲ့မယ်”
ဆူဇီမိုက တာအိုအရှင် အဆုံးစွန်မီးကို တွေ့ပြီး သူ့ဆရာကို ဂုဏ်ပြုပေးချင်လေသည်။ သူက ယန်ပေးချန်ကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့လေသည်။