နောက်မဆုတ်စတမ်း
Vol. 66 Ch. 989
ဆူဇီမိုသည် သိပ်မကြာမီ အသွန်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာခဲ့လေသည်။
“ဆရာဦးလေး.... ခင်ဗျားက နောက်ဆုံးပြန်လာပြီပေါ့..”
သိပ်မကြာမီ သူသည် ပြေးလာနေသော တာအိုအရှင်ကြယ်သွေးနီကို တွေ့မြင်လိုက်ရလေသည်။ သူက သူ့ကို ကြည့်ပြီး စိတ်သက်သာရာရသွားသည့်ပုံပင်။
“ဆရာဘိုးဘိုးအဆုံးစွန်မီးက အခုပဲ ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းသွားပြီးတော့ ခင်ဗျားကို ရှာနေတယ်...”
တာအိုအရှင်ကြယ်သွေးနီက အသွန်းတစ်ရာဂိုဏ်း၏ ပင်မခန်းမဆီသို့ ဆူဇီမိုကိုခေါ်ဆောင်သွားလေသည်။
ခန်းမက တောက်ပ၍ ကျယ်ဝန်းပြီး တာအိုအရှင်အဆုံးစွန်မီး၏ အဆင့်ချိုးဖြတ်တက်လှမ်းမှုကို စောင့်ကြပ်နေကြသော ပညာရှင်အချို့ကလည်း ယခုပင်ထွက်ခွာသွားကြလေသည်။
ယခုအချိန်တွင် ခန်းမထဲမှာ လူအများကြီးမကျန်ခဲ့ပေ။ တာအိုအရှင်အဆုံးစွန်မီးနှင့် အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူအချို့အပြင် အဲ့ဒီမှာ ကြိုးကြာတစ်ထောင်ဂိုဏ်းမျ ရှန်ကွမ်ကျီ ၊ ရှေးဟောင်းအစီအရင်ဂိုဏ်းမှ အကြီးအကဲကူနှင့် ယန်ဆေးဂိုဏ်းမှ အကြီးအကဲကောတို့သာလျှင် ရှိလေသည်။
ဆူဇီမိုသည် ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် တာအိုအရှင်အဆုံးစွန်မီးကို ကြည့်ကာ တုန်လှုပ်သွားလေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ပုံစံက ယခင်အတိုင်းပင်။ သို့သော်လည်း သူသည် ဒေါသတကြီးတောက်လောင်နေသော ဧရာမမီးဖိုတစ်လုံးကဲ့သို့ ရပ်နေပြီး မကိုင်လှုပ်နိုင်သော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။
“ဇီမို... ဒီကိုလာထိုင်”
တာအိုအရှင်အဆုံးစွန်မီးသည် ဆူဇီမိုကို မြင်သောအခါ နွေးထွေးသော အကြည့်နှင့်အတူ လက်ယပ်ခေါ်လိုက်လေသည်။
ဆူဇီမိုက ရှေ့သို့တက်လှမ်းသွားပြီး ဓမ္မဝိသေသတာအိုအရှင်များနှင့် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များကြားမှာ တည်ငြိမ်သော အမူအရာဖြင့် ဝင်ထိုင်လိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက မေးလိုက်လေသည်။
“တာအိုအမွေအနှစ်ကုန်းမြေမှာ သီယင်းက မင်းရဲ့စိန်ခေါ်မှုကို လက်ခံလိုက်တဲ့အကြောင်း သိပြီးပြီလား...”
“ကျုပ် သိပြီးပါပြီ...”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
“မင်းက... ဘယ်လိုစီစဥ်ထားလဲ...”
တာအိုအရှင်အဆုံးစွန်မီးက မေးလိုက်လေသည်။
“စိန်ခေါ်မှုကို လက်ခံမယ်...”
ဆူဇီမိုက သူ၏အတွေးကို ဖုံးကွယ်ထားခြင်းမရှိပဲ ပြတ်သားသော ပုံစံဖြင့် စကားတစ်ခွန်းသာ ပြောလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ အမူအရာက ပြောင်းလဲမသွားပေ။
ကျင့်ကြံရေးလောကတစ်ခုလုံးတွင် ဆူဇီမိုအပေါ် နားအလည်နိုင်ဆုံးသူမှာ သူသာလျှင် ဖြစ်နိုင်လေသည်။
သူက ထိုအဖြေနှင့်ပတ်သက်၍ အံအားသင့်သွားခြင်းမရှိပေ။
“ကလေး.... တာအိုအမွေအနှစ်ကုန်းမြေနဲ့ပတ်သက်ပြီး မင်းဘယ်လောက်များများသိထားလဲ...”
ဘေးတွင်ထိုင်နေသော ရှန်ကွမ်ကျီက ဆူဇီမိုအပေါ် ချစ်ခင်မြတ်နိုးမှုရှိပြီး ညင်သာသောလေသံဖြင့် မေးလိုက်လေသည်။
“ကျုပ်... နည်းနည်းပါးပါးတော့ သိထားပါတယ်..”
ဆူဇီမိုက ပြောလိုက်လေသည်။
“အဲ့ဒါက လူသားမျိုးနွယ်ရဲ့ အမွေအနှစ်ကုန်းမြေတစ်ခုပဲ.. အဲ့ဒီမှာ သားရဲနည်းလမ်းတွေကို အသုံးမပြုနိုင်ဘူး...”
“မင်းရဲ့ သားရဲနည်းလမ်းတွေကို မသုံးရဘူးဆိုရင် မင်းက အဆင့်ကြီးတစ်ဆင့်လုံးပိုမြင့်တဲ့ သီယင်းကို အနိုင်ရဖို့ ယုံကြည်မှုဘယ်လောက်ရှိလဲ...”
အကြီးအကဲကူက မေးလိုက်လေသည်။
ဆူဇီမိုက ရိုးသားစွာပင် ပြန်ဖြေလိုက်လေသည်။
“ကျုပ်က ယုံကြည်မှုလုံးဝမရှိဘူး....”
“အဲ့ဒါဆိုရင်တောင် မင်းက သွားဦးမှာလား...”
အကြီးအကဲကောက မျက်မှောင်ကြုတ်လိုက်လေသည်။
“ကျုပ်... သွားရမယ်”
ဆူဇီမို၏လေသံက ပြတ်သားနေလေသည်။
“ဆုံးဖြတ်ချက်ကို အလျင်စလိုမချပါနဲ့... ငါ့မှာ သတင်းအချို့ရထားတာရှိတယ်... နားထောင်ကြည့်ဦး”
တာအိုအရှင်အဆုံးစွန်မီးက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“အဲ့ဒီမှာ သီယင်းအပြင် တာအိုသက်ရှိကောင်းကင်စင်ရော် ၊ တာအိုသက်ရှိ မိုးကြိုးလေပြည်နဲ့ ကိုယ်တော်ပုံသဏ္ဌာန်မဲ့တို့ကလည်း တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်လာကြလိမ့်မယ်”
ဆူဇီမို၏ မျက်လုံးက အေးစက်မှုဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။
ထိုကျင့်ကြံသူသုံးယောက်၏ နာမည်များကိုနားထောင်ခြင်းဖြင့် သူတို့သည် ကောင်းကင်စင်ရော်ဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော်နှင့် ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ မည်ကာမတ္တတပည့်များဖြစ်ကြောင်းသိနိုင်လေသည်။
ထိုမည်ကာမတ္တတပည့်သုံးယောက် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်မည့်ရည်ရွယ်ချက်က သိသာထင်ရှားနေလေသည်။
ကောင်းကင်စင်ရော်ဂိုဏ်းမှ ပကတိအရှင်ဖန်းလန်သည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ဆူဇီမို၏ လက်ချက်ဖြင့်သေဆုံးခဲ့ရလေသည်။
မိုးကြိုးလေပြည်နန်းတော်သည် ဆူဇီမိုထံမှ ခရမ်းရောင်မိုးကြိုးကျမ်းကို အမြဲတမ်းလုယူချင်နေလေသည်။
ပုံသဏ္ဌာန်မဲ့ကျောင်းတော်ကတော့ သူတို့သည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် တာမင်းအစစ်အမှန်သုတ္တန်တို့ကို ပစ်မှတ်ထားနေလေသည်။
ဆူဇီမိုသည် သီယင်းတစ်ယောက်တည်းကိုတောင် အနိုင်ရရှိဖို့ ယုံကြည်ချက်မရှိပေ။
ဒါ့အပြင် ယခုဆို နောက်ထပ် မည်ကာမတ္တတပည့်သုံးယောက်က ထပ်တိုးလာခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“ဂိုဏ်းတိုင်းမှာ မည်ကာမတ္တတပည့်တစ်ယောက်စီပဲ ရှိတယ်... သူတို့ရဲ့ ခွန်အားကို အထူးတလည်ရှင်းပြနေစရာမလိုလောက်ပါဘူး... သူတို့သုံးယောက်က သီယင်းထက်အားနည်းမယ်ဆိုရင်တောင် အများကြီးပိုပြီး အားမနည်းနိုင်ဘူး”
အကြီးအကဲကူကလည်း ခေါင်းညိတ်လိုက်လေသည်။
“အဲ့ဒါ အမှန်ပဲ .... မည်ကာမတ္တတပည့်တွေဆိုတာ ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ဂုဏ်သိက္ခာပဲ... သူတို့အားလုံးကို နှစ်ပေါင်းထောင်ချီပြီးတော့ အရင်းအမြစ်ပေါင်းစုံနဲ့ ပြုစုပျိုးထောင်ပေးထားတာ..”
ဆူဇီမိုသည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ထင်တိုင်းကြဲသတ်ဖြတ်ခဲ့လေသည်။
မူလနတ္ထိ ၈ ယောက် ဝန်းရံတိုက်ခိုက်ခဲ့တာတောင် သူသည် သူတို့ ၈ ယောက်စလုံးကို ဖိနှိမ်နိုင်ခဲ့လေသည်။ အဲ့ဒီအချိန်တုန်းက သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ယင်စိတ်ဝိညာဥ်ကို ပေါင်းစည်းပြီး နဂါးအသွင်သို့ပြောင်းလဲခြင်းမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားများအပေါ် မှီခိုခဲ့လေသည်။
သူက သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကို အသုံးမပြုနိုင်ဘူးဆိုလျှင် သူ၏ မျိုးဆက်သွေးကို အသက်သွင်းနိုင်လိမ့်မည်မဟုတ်သလို နဂါးအသွင်သို့ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ မည်ကာမတ္တတပည့်တစ်ယောက်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တောင် အနိုင်ရရှိဖို့ ခဲယဥ်းလေသည်။
ဆူဇီမို၏ တိတ်ဆိတ်သွားမှုကို သတိထားမိပြီး အကြီးအကဲကောက ပြောလိုက်လေသည်။
“မင်းက အလယ်ပိုင်းတိုက်ကို ရောက်လာခါစဆိုတော့ အဲ့ဒီ မည်ကာမတ္တတပည့်သုံယောက်အကြောင်းကို သိမှာမဟုတ်လောက်ဘူး... သူတို့သုံးယောက်စလုံးက တစ်ခါတုန်းက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့သူတွေပဲ... သူတို့က အဆင့်တူတွေကြားမှာ ရှုံးနိမ့်မှုကို တစ်ခါမှ မခံစားဖူးဘူး... သူတို့သုံးယောက်က နာမည်ကြီးလာခဲ့တာ အတော်ကြာခဲ့ပြီ.. သူတို့က မှတ်တမ်းကောင်းတွေနဲ့ ထူးချွန်ပြောင်မြောက်တဲ့ လက်ရှိခေတ်ရဲ့ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားတွေပဲ... လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်က တာအိုသက်ရှိကောင်းကင်စင်ရော်က လက်ရှိအဆူရာနဲ့တိုက်ခိုက်ခဲ့ပြီးတော့ ရှင်လင်းတဲ့အနိုင်ရလဒ် ထွက်ပေါ်မလာခဲ့ဘူး”
ဆူဇီမိုက တုန်လှုပ်သွားရလေသည်။
သူသည် ယန်ပေးချန်၏ တိုက်ခိုက်ရည်ခွန်အားကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။
တာအိုသက်ရှိကောင်းကင်စင်ရော်က ယန်ပေးချန်နှင့် ပြတ်သားသည့်အနိုင်ရလဒ်မထွက်ပေါ်အောင် တိုက်ခိုက်နိုင်သည်ဆိုသောအချက်က ကြောက်စရာကောင်းသော သူ၏ တိုက်ခိုက်ရည်ခွန်အားကို သက်သေပြပေးနေလေသည်။
ဆူဇီမို၏ နှလုံးသားထဲတွင် တွေဝေတုံ့ဆိုင်းမှုများက ထင်ဟပ်လာခဲ့လေသည်။
သူသည် မွန်းကျပ်ဖွယ်ရာကောင်းသော ကြီးမားသည့်ဖိအားများကိူ ရုတ်တရက်ခံစားလာရလေသည်။
သူရင်ဆိုင်ရမည့်ရန်သူများက အရမ်းကိုသန်မာနေလေသည်။
သူက ဤတစ်ခေါက် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်သွားမည်ဆိုလျှင် သူ၏ ကျင့်ကြံရေးလမ်းခရီးမှာ အကြီးမားဆုံး အန္တရာယ်နှင့် တွေ့ကြုံရသ်ဆိုင်ရပေလိမ့်မည်။
ဆူဇီမို၏ ရုတ်တရက်ထွန်းတောက်လာမှုက နောက်ဆုံးမှာတော့ ထိပ်သီးဂိုဏ်းကြီးများ၏ အကြီးမားဆုံးတုံ့ပြန်မှုကို နှိုးဆွမိသွားခဲ့လေပြီ။ သူတို့သည် သူ့ကိုသတ်ဖြတ်ဖို့အတွက်နှင့် သူတို့၏ မည်ကာမတ္တတပည့်များကိုတောင် စေလွှတ်ဖို့ပြုလုပ်လာကြလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“အဲ့ဒီသုံးယောက်အပြင်... ဓားဂိုဏ်းကလည်း လှုပ်ရှားမှုပြုလုပ်လိမ့်မယ်လို့ ငါထင်တယ်...”
ဓားဂိုဏ်း၏ မည်ကာမတ္တတပည့်သည် ဓမ္မဝိသေသတာအိုအရှင်အင်မော်တယ်ဓားဖြစ်လေသည်။ သူက တာအိုအမွေအနှစ်ကုန်းမြေသို့ မဝင်ရောက်နိုင်သော်လည်း ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ပိုင်ဆိုင်ထားသည့်အတွက် ဓားဂိုဏ်းက သူ့ကိုသေချာပေါက် လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။
ရှန်ကွမ်ကျီက ပြောလိုက်လေသည်။
“အဲ့ဒါက အတည်ပြုထားတဲ့ သတင်းတွေပဲ ရှိသေးတယ်... အဲ့ဒီမှာ သေချာမသိရတဲ့ အချက်အလက်တွေလည်း အများကြီးရှိနေနိုင်တယ်... တကယ်တမ်း မင်းရင်ဆိုင်ရမယ့်အခြေအနေက အခု မင်းသိထားတာထက် ပိုပြီးဆိုးဝါးနေလိမ့်မယ်”
တာအိုအမွေအနှစ်ကုန်းမြေက လျှို့ဝှက်နေရာတစ်ခုမဟုတ်ပေ။
ပေါင်းစည်းခန္ဓာအဆင့် တစ်စုံတစ်ယောက်ရှိသည်နှင့် သူတို့သည် အဲ့ဒါကို အချိန်မရွေး အသက်သွင်းနိုင်လေသည်။ ထိုအချိန်ကျလျှင် တာအိုအမွေအနှစ်ကုန်းမြေသို့ ကျင့်ကြံသူဘယ်လောက်များများ ဝင်ရောက်လာမလည်း ဘယ်သူမှမသိနိုင်ကြပေ။
သို့သော်လည်း ဘယ်လောက်များလဲမသိရသော ထိုသူများအားလုံးက ဆူဇီမိုကိုပစ်မှတ်ထားကြလေသည်။
ဆူဇီမိုသည် မျက်မှောင်ကြုတ်ပြီး အလေးအနက်စဥ်းစားတွေးတောနေလေသည်။
သူက ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်နေရသည်ကို အားလုံးက သိထားကြလေသည်။
သူက နောက်ဆုတ်လိုက်မည်ဆိုလျှင် သူ၏အသက်အန္တရာယ်ကရှိနိုင်တော့မည် ဟမဟုတ်ပေ။ တာအိုအရှင်အဆုံးစွန်မီး၏ နောက်ခံနှင့်ဆိုပါက သူ၏အနာဂတ်အလားအလာက အကန့်အသတ်မဲ့လေသည်။
သူက ထိုအထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် အဲ့ဒီမှာသေရဖို့များလေသည်။
ရှန်ကွမ်ကျီက ညင်စာစွာပြောလိုက်လေသည်။
“တကယ်တော့... မင်းက ဝန်ထုပ်ဝန်ပိုးဖြစ်နေစရာမလိုပါဘူး... အဲ့ဒီစိန်ခေါ်မှုကို လက်ခံဖို့ငါတို့ကလည်း တစ်ယောက်မှသဘောမတူကြဘူး”
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်လိုက်လေသည်။
“တာအိုအမွေအနှစ်ကုန်းမြေက ရှေးဟောင်းခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖန်တီးခဲ့တဲ့ နေရာလွတ်တစ်ခုပဲ.. အဲ့ဒီကို နိုးထဝိညာဥ်တွေနဲ့ မူလနတ္ထိတွေပဲ ဝင်ရောက်လို့ရတဲ့ ထူးခြားတဲ့အဟန့်အတားတစ်ခုရှိတယ်... ငါက ပေါင်းစည်းခန္ဓာအဆင့်ကို ရောက်လာခဲ့ပြီဆိုတော့ မင်းအတွက် တာအိုအမွေအနှစ်ကုန်းမြေကို ဖွင့်လှစ်ပေးနိုင်တယ်... ဒါပေမယ့်လို့ အထဲမှာ မင်းက အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ငါ့ရဲ့စွမ်းအားက အဲ့ဒီအဟန့်အတားကို မထိုးဖောက်နိုင်သလို မင်းကိုလည်း ဘာအကူအညီမှ မပေးနိုင်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်းက မူလနတ္ထိတာအိုသက်ရှိတွေကတော့ လိုက်ဝင်နိုင်တယ်... ဒါပေမယ့်လို့ သူတို့က ဘယ်မည်ကာမတ္တတပည့်ရဲ့ထိုးချက်တစ်ချက်ကိုမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
“သူတို့က မင်းကိုကူညီဖို့လိုက်ဝင်မယ်ဆိုရင် အလဟဿသေဆုံးရလိမ့်မယ်”
သူ၏စကားလုံးများက ရက်စက်ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အဲ့ဒါက မငြင်းပယ်နိုင်သော အမှန်တရားဖြစ်လေသည်။
မည်သည့် မူလနတ္ထိတာအိုသက်ရှိကမှ တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်ပြီး ဆူဇီမိုဘက်ကနေ ရပ်တည်ရဲလိမ့်မည်မဟုတ်ပေ။
ဆိုလိုသည်မှာ ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်သွားသည်နှင့် အရာရာတိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ရပေလိမ့်မည်။
အကြီးအကဲကောက ဖျောင်းဖျလိုက်လေသည်။
“မင်းက... ဆုံးဖြတ်ချက်ကို အလောတကြီးချစရာမလိုပါဘူး... မင်းမှာ စဥ်းစားဆုံးဖြတ်ဖို့ အချိန်တစ်လကျန်သေးတယ်”
တာအိုအရှင်အဆုံးစွန်မီးနှင့် တခြားသူများက အကြည့်ချင်းဖလှယ်ပြီးနောက် ဆူဇီမိုကို တစ်ယောက်တည်းထားကာ ထွက်ခွာဖို့ပြင်ဆင်လိုက်လေသည်။
“ကျုပ်ဆုံးဖြတ်ချက်ချပြီးသွားပြီ...”
တာအိုအရှင်အဆုံးစွန်မီးနှင့် အခြားသူများ ခန်းမထဲကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏အသံက ထွက်ပေါ်လာခဲ့လေသည်။
“နောက်တစ်လနေပြီးရင် ကျုပ်က တာအိုအမွေအနှစ်ကုန်းမြေကို ဝင်ရောက်ပြီးနောက် စိန်ခေါ်မှုအားလုံးကိုလက်ခံမယ်”
ထိုသို့ပြောပြီးနောက် ဆူဇီမိသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများအားလုံးက ချက်ချင်းပင်ပျက်ပြယ်သွားပြီး စိတ်လက်ပေါ့ပါးသွားသည်ဟု ခံစားရလေသည်။
သူ၏တာအိုက သူ့ကိုနောက်ဆုတ်ဖို့ ခွင့်ပြုမပေးထားပေ။