အားလုံးထိတ်လန့်တုန်လှုပ်ခြင်း
Vol. 34 Ch. 466
ဘာသာပြန်- The Fate
ရောက်ရှိလာသူများမှာ မရဏမျိုးနွယ်စုဝင် ၅ ယောက်ဖြစ်ကြ၏!
"ဒါ... ဒါက...!"
"မရဏမျိုးနွယ်စု....!"
"ကောင်းကင်ပြုပြင်ဂိုဏ်းက အရမ်းလွန်သွားပြီ။... မရဏမျိုးနွယ်စုဝင်တွေနဲ့တောင် ပူးပေါင်းရဲတယ်လား!..."
မရဏမျိုးနွယ်စုများ ထွက်ပေါ်လာသည့်အခါ အထူးအင်အားစု၊ ပဏ္ဍိတစွမ်းအားရှင်များ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြသည်။ သူတို့ဟာ အင်မတန်မှ ဒေါသထွက်နေကြလေသည်။ သူတို့သည် မရဏမျိုးနွယ်စုဝင်များနှင့် ကိုယ်တိုင် ကိုယ်ကျ ထိပ်တိုက်တွေ့ဆုံရခြင်း မရှိသော်လည်း ထိုလူများ၏ အရှိန်အဝါကိုတော့ ရှင်းရှင်းလင်းလင်း သိကြပါသည်။
ထိုပုဂ္ဂိုလ်များ ထွက်ပေါ်လာသည်နှင်အမျှ ထိုလူများဟာ သူတို့ကြောက်လန့်နေကြရသော မရဏမျိုးနွယ်စုများ ဖြစ်ကြောင်းသိရှိလိုက်ကြရသည်။
ယွမ်ဟွားကောင်းကင်ဘုံကြီး၏ ထောက်တိုင်တစ်ဖြစ်လဲ အထူးအင်အားစုကြီးတစ်စုဖြစ်သော ကောင်းကင်ပြုပြင်ဂိုဏ်းဟာ မရဏမျိုးနွယ်စုနှင့် ပူးပေါင်းသွားလိမ့်မည်ဟု သူတို့ဘယ်လိုလုပ် တွေးထင်ထားပါ့မလဲ..။
အဲ့ဒါက ယွမ်ဟွားကောင်းကင်ဘုံကြီးကို အစဥ်အမြဲခြောက်လှန့်နေတဲ့ တစ္ဆေသရဲကြီးလေ။
ထိုနတ်ဆိုးနဲ့ပူးပေါင်းခြင်းက ယွမ်ဟွားကောင်းကင်ဘုံကို သစ္စာဖောက်လိုက်ခြင်းနှင့်မခြားပါချေ။
အထူးအင်အားစုများ၏ ပဏ္ဍိတစွမ်းအားရှင်များသည် ဒေါသထွက်နေကြသော်လည်း မလှုပ်ရှားရဲကြဘဲ ကောင်းကင်ပြုပြင်ဂိုဏ်းကိုသာ ဆက်လက်စောင့်ကြည့်နေခဲ့ကြသည်။ မရဏမျိုးနွယ်စုဝင်များသာ ရှန်ရှန့်ကျုံဂိုဏ်းနဲ့အတူ ကြွေလွင့်သွားပါက သူတို့ဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အရှင်သခင် ဖြစ်လာနိုင်တော့မှာမဟုတ်လား။
ကောင်းကင်ပြုပြင်ဂိုဏ်း၏ အထက်တွင် လျိုဖေးယုသည် မရဏမျိုးနွယ်စုဝင်များ ထွက်ပေါ်လာသည့်အတွက် တိုးတိတ်စွာ ဝမ်းမြောက်သွားခဲ့သည်။
အမှန်ပင် ။မရဏမျိုးနွယ်စုဝင်များဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွက် နတ်ဆိုးမိစ္ဆာများဖြစ်ကြလေသည်။
သို့ပါသော်လည်း သူဟာ ထိုလူများ ရောက်မလာပါက သေဆုံးရတော့မည်ဖြစ်ရာ ယွမ်ဟွားကောင်းကင်ဘုံကြီးကို အဘယ်မှာ ဂရုစိုက်နိုင်မည်နည်း။ သေဆုံးသွားသော တာအိုရောင်းရင်းဟာ တာအိုရောင်းရင်းမဟုတ်တော့ချေ။ သူသာ အသက်ရှင်နိုင်သေးသရွေ့ မရဏမျိုးနွယ်စုဝင်များ ရောက်လာတော့ရော ဘာအရေးလဲ... နတ်ဆိုးတွေနဲ့ပူးပေါင်းတော့ရော ဘာဖြစ်သေးလဲ?...။
အပြစ်တင်ချင်ပါက လွန်လွန်ကြူးကြူး ပြုမူသည့်အတွက် ဝမ်ဖုန်းတို့ကိုသာ အပြစ်တင်ရလိမ့်မည်...!
မရဏမျိုးနွယ်စု! ...
ဝမ်ဖုန်း၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့ပြီး မရဏမျိုးနွယ်စုဝင် ၅ ယောက်ကို စူးစိုက်ကြည့်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သူဟာ အံ့အားသင့်သွားခဲ့သည်။ မရဏမျိုးနွယ်စုဝင်များ ရောက်ရှိလာခြင်းမှာ ကောင်းသော အရာလည်းဖြစ်ပေသည်။ ထို့နေ့တွင် ထွက်ပေါ်လာခဲ့သော ကောင်းကင်တာအိုစည်းချက်သင်္ကေတက သူ့ကိုမနာလိုဖြစ်သွားစေသည်။ သူဟာ မရဏမျိုးနွယ်စုဝင်များကို ထပ်မံရှာမတွေ့မှာကို စိုးရိမ်ခဲ့သော်လည်း ထိုသူများက တံခါးဝကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်လား...။
ကောင်းကင်တာအိုစည်းချက်သင်္ကေတများအတွက် ကံတရားကို အသုံးပြုရလျှင်တောင် ထိုက်တန်လေသည်။
"ဒီကိုလာရောက်ပြီး သေဆုံးကြစမ်း!"
မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် ကောင်းကင်ယံထက်၌ မတ်တပ်ရပ်နေပြီး ဝမ်ဖုန်းတို့အုပ်စုကို ထူးမခြားနားစွာ စိုက်ကြည့်နေခဲ့ကာ အေးစက်စွာ နှာမှုတ်ခဲ့သည်။ လွှမ်းမိုးချုပ်ကိုင်န်ိုင်သောအသံကြီးသည် ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဤမြင်ကွင်းမှာ ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတစွမ်းအားရှင်များအတွက်တော့ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
မရဏမျိုးနွယ်စုဝင်များ၏ စကားကြောင့် ရှိနေကြသော လူများဟာ ကြီးမားစွာ တုန်လှုပ်သွားကြသည်။ ထိုလွမ်းမိုးချုပ်ကိုင်နိုင်သော စကားများကို ကြားသိလိုက်ရသည့်အခါ လျိုဖေးယုနှင့် ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတစွမ်းအားရှင်များ၏ နှလုံးအိမ်မှာ တုန်ရင်သွားကြရသည်။
အသံလေးတစ်သံကတောင် သူတို့လို ပဏ္ဍိတစွမ်းအားရှင်တွေကို တုန်ရင်စေခဲ့သည်။ မရဏမျိုးနွယ်စုဝင်တွေက သူတို့မျှော်လင့်ထားတာထက်ပိုပြီး ထိတ်လန့်ဖို့ကောင်းနေတာပဲ။
"ချွင်!"
မရဏမျိုးနွယ်စု၏ စကားဆုံးသွားပြီးနောက် လီပိုင်၏ မျက်ဝန်းအတွင်းပိုင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ကာ သူ့လက်ထဲရှိ ဓါးရှည်မှာ ခပ်ဖွဖွတုန်ရင်လာခဲ့ပြီး နဂါးဟိန်းသံကဲ့သို့ အသံတစ်သံကို ထုတ်ဖော်ခဲ့သည်။ အေးစက်သော ဓါးအလင်းတန်းသည် ပြိုင်ဘက်ကင်းသော အဟုန်ဖြင့် ကောင်းကင်ယံထိ လွင့်ပျံ့သွားခဲ့သည်။
ဘုန်း!...
လီပိုင်ဟာ ဓါးကို ခုတ်ပိုင်းလိုက်သည့်အခါ လရောင်ကဲ့သို့ အပြာရောင် ဓါးအလင်းတန်းကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေကို ဖြိုခွင်းတော့မည့်အလား ရုတ်တရက် ပြေးထွက်သွားခဲ့ကာ မရဏမျိုးနွယ်စုဝင်များကို ထိပ်တိုက်ဖြတ်ပိုင်းလိုက်သည်။
ဓါးအလင်းတန်းကျရောက်မလာခင်ကတည်းက ထက်မြစူးရှသော ဓါးသွားကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အပြင်းအထန်တုန်ခါလာခဲ့ကာ လေထုဟာလည်း အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးဟာ ဖျက်ဆီးခံရတော့မည့်အလား ဖြစ်နေခဲ့၏။
ထိတ်လန့်ဖွယ်ကောင်းသော ဓါးဆန္ဒအရှိန်အဝါသည် ကောင်းကင်ပြုပြင်ဂိုဏ်း ၏ တပည့်များကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ သူတို့ဟာ မိုးကောင်းကင်ကို ဖုံးကာထားသော ဧရာမဓါးအလင်းတန်းကြီးကို အကြောက်တရားများဖြင့် မော့ကြည့်မိလိုက်ကြသည်။
သေမင်းဆင်းသက်လာသည့်အလား သူတို့အားလုံးတုန်လှုပ်သွားကြရသည်။ သူတို့သည် ကျရောက်လာသော ဓါးအလင်း တန်းကြီး၏ ဖိနှိပ်မှုကို ခံလိုက်ရကာ မလှုပ်ရှားနိုင်တော့ပါ။
ဟွမ်...!
လီပိုင်၏ စွမ်းအားထက်သော ဓါးကွက်ကို ရင်ဆိုင်လိုက်ရသည့်အခါ မရဏမျိုးနွယ်စု စွမ်းအားရှင်၏ နှုတ်ခမ်းထောင့်များမှာ တွန့်လိမ်သွားခဲ့ပြီး မျက်ဝန်းအတွင်းပိုင်း၌ မထီမဲ့မြင်ပြုမှုများ ရှိလာခဲ့သည်။ သူဟာ ထူးဆန်းသော မျဥ်းကြောင်းများ ဖုံးကာထားသည့် လက်ကြီးကို ဆန့်ထုတ်လိုက်ပြီး အသာယာ ပုတ်ခါလိုက်သည်။
သေခြင်း၏ ထိတ်လန့်ဖွယ်စွမ်းအားများသည် ရုတ်တရက် စုစည်းသွားခဲ့ကာ ဧရာမလက်ဖဝါးအဖြစ် ပြောင်းလဲသွားပြီး ဓါးအလင်းဆီပြေးဝင်သွားခဲ့သည်။
ဤဧရာမလက်ဖဝါးကြီးထွက်ပေါ်လာသည့်အခါ လူတိုင်း၏ လည်ပင်းများသည် တစ်စုံတစ်ရာ၏ ဖမ်းဆုပ်ခြင်းခံလိုက်ရသည့်အလား လိပ်ခဲတည်းလဲ ပိတ်လှောင်သွားကြချေ၏။
လျိုဖေးယုနှင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ စွမ်းအားရှင်များမှာ အကြောက်တရားကြောင့် တဆတ်ဆတ် တုန်ခါနေကြသည်။ မရဏမျိုးနွယ်စု စွမ်းအားရှင်များ၏ တိုက်ကွက်ကို တွေ့ကြုံလိုက်ရသည့်အခါ သူတို့ဟာ မရဏမျိုးနွယ်စုဝင်များ အဘယ်မျှလောက် ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။ ထိုသူများ၏ စွမ်းအားများက သူတို့ကို ငရဲဘုံအတွင်း ရောက်ရှိနေသည့်အလား တုန်လှုပ်ချောက်ချားစေခဲ့လေပြီ!
ဘုန်း!...
လူအများ၏ တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင် ဧရာမဓါးအလင်းတန်းကြီးသည် လက်ဖဝါးကြီးနှင့် ထိတွေ့မိသွားသည်။ လျိုဖေးယုနှင့် အခြားသူများကို ထိတ်လန့်သွားစေသည်က.... သူတို့အားလုံးကို တုန်လှုပ်စေခဲ့သော ဓါးအလင်းတန်းကြီးသည် ဧရာမလက်ဖဝါးကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ စက္ကူစတစ်ခုအလား အလွယ်တကူ ခြေမွခံလိုက်ရပြီး ကြယ်မှုန်လေးများအဖြစ် အလင်းပြန်သွားကာ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
"ဖစ်..."
ဓါးအလင်းတန်းကြီးကို ဖြိုခွင်းလိုက်ပြီးနောက် လက်ဖဝါးရာကြီးသည် အရိပ်ကြီးတစ်ခုအလား လီပိုင်၏အရှေ့၌ ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ လီပိုင်ကို ပြင်းပြင်း ထန်ထန် ဖိရိုက်ချလိုက်သည်။
လီပိုင်၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားပြီး စွေးစွေးနီသော သွေးများအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ လွင့်စင်ထွက်သွားခဲ့၏။ ဝမ်ဖုန်း၏ မျက်ဝန်းများမှာ အနည်းငယ်အေးစက်လာခဲ့ပြီး လက်ကို ဆန့်ထုတ်လိုက်ကာ ဆန်းကြယ်သော စွမ်းအားတစ်ရပ်ကို ထုတ်ဖော်လျက် လီပိုင်ကို ဖမ်းဆီးပေးလိုက်သည်။
ချန်ခွမ်းကပ်ဘေး!...
ဝမ်ဖုန်းဟာ အေးစက်သောမျက်ဝန်းများဖြင့် မရဏမျိုးနွယ်စု စွမ်းအားရှင်ကို စူးစိုက်ကြည့်လျက် လေးနက်စွာ ပြောလိုက်သည်။
ဝမ်ဖုန်းသည်ကံတရားကိုမကျိန်ဆဲဘဲ မနေနိုင်တော့ပါ... မရဏမျိုးနွယ်စုတွေက အဘယ့်ကြောင့် ဒီလောက်တောင် စွမ်းအားထက်နေရသလဲ? အကြိမ်တိုင်း ချန်ခွမ်းကပ်ဘေးအဆင့်ကြီးပါတကား။ သူမဟုတ်ဘဲ တခြားတစ်ယောက်ဆိုပါက မရဏမျိုးနွယ်စုကို တားဆီးနိုင်တော့မှာ မဟုတ်ပေ။
သူ၏ကျင့်ကြံမှုမှာ ချန်ခွမ်းယွမ်အထွတ် အထိပ်အဆင့်သို့ ရောက်ရှိနေပြီး သူ၏ တိုက်ပွဲဝင်စွမ်းအားဟာ ချန်ခွမ်းဥပေက္ခာ အထွတ်အထိပ်အဆင့်နှင့် နှိုင်းဆနိုင်လေသည်။ သူဟာ တန်ကြေးတစ်ချို့ကို ပေးဆပ်လိုက်ပါက ချန်ခွမ်းကပ်ဘေးအဆင့် စွမ်းအားရှင်များနှင့် ရင်ဘောင်တန်းနိုင်ပါသည်။ သို့ပါသော်လည်း တစ်ဖက်တွင် ချန်ခွမ်းကပ်ဘေးအဆင့် စွမ်းအားရှင်ကြီးငါးယောက်တောင် ရှိနေလေသည်။ သူဘယ်လိုလုပ်တားဆီးနိုင်ပါ့မလဲ?
ရှီကန်းတန်နှင့် အမှောင်လောက တောက်တျဲသားရဲကို ပေါင်းထည့်လိုက်ရင်တောင် ချန်ခွမ်းကပ်ဘေးအဆင့် စွမ်းအားရှင်ငါးယောက်ကို မတားဆီးနိုင်ပါ။
"ဆရာသခင်အလိုရှိတဲ့လူလို့ ဆိုတဲ့အတိုင်းပါပဲလား... ယွမ်ဟွားကောင်းကင်ဘုံမှာတောင် ချန်ခွမ်းယွမ်အဆင့်ကို ရောက်အောင်ကျင့်ကြံနိုင်တယ်"
ဝမ်ဖုန်း၏ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ မရဏမျိုးနွယ်စု၏ စွမ်းအားရှင်သည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
မရဏမျိုးနွယ်စု၏ နောက်ကျောဘက်တွင်ရှိနေသော လျိုဖေးယုနှင့် အခြားသူများသည် တုန်လှုပ်ချောက်ချားနေသော အမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ လီပိုင်လို စွမ်းအားကြီးတဲ့တည်ရှိမှုကိုတောင် ဒီမရဏမျိုးနွယ်ရဲ့စွမ်းအားရှင်က အနိုင်ပိုင်းလိုက်တာလား?။
အထူးသဖြင့် လီပိုင်၏ အနိုင်ယူခြင်းခံလိုက်ရသော ကောင်းကင်ပြုပြင်ဂိုဏ်း စွမ်းအားရှင်မှာ တုန်လှုပ်ချောက်ချားသွားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး ထိန်ချုပ်မရ တုန်ရင်လာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် မရဏမျိုးနွယ်စု၏ ပစ်မှတ်မှာ သူတို့ကောင်းကင်ပြုပြင်ဂိုဏ်း၏ ရန်သူဖြစ်နေခဲ့သည်။ ဒီလိုမှမဟုတ်ပါက ကောင်းကင်ပြုပြင်ဂိုဏ်းသာမက ယွမ်ဟွားကောင်းကင် ဘုံကြီး၏ ဘယ်အထူးအင်အားစုကမဆို မရဏမျိုးနွယ်စုရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်မှာ မဟုတ်ပါ။
"မင်းဘာသာမင်း အသာတကြည်အဖမ်းခံမလား... ဒီအရှင်သခင်က ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်ပေးရဦးမလား"
မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး လှောင်ရယ်ပြောဆိုလိုက်သည်။ သေခြင်းတရား၏ ကျယ်ပြောနက်ရှိုင်းသောစွမ်းအားကြီးမှာ သူ့ခန္ဓာကိုယ်ကို လေပြင်းတစ်ခုအလား ဖုံးကာထားခဲ့ပြီး ထိုလေပြင်းနယ်မြေအတွင်း ဝင်ရောက်မိသူမှန်သမျှကို စိတ်ဝိညာဥ်များ တုန်ရင်သွားစေနိုင်သည်။
အက်ကွဲကြမ်းရှသော အသံကြီးသည် နတ်ဘုရား၏ အသံအလား ကမ္ဘာလောကအတွင်း ပဲ့တင်ထပ်လာခဲ့ကာ လူသားတိုင်းကို ငြင်းဆန်မရသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။