← Chapters

ထိတ်လန့်ဖွယ်တိုက်ပွဲ

Vol. 34 Ch. 469

ထိတ်လန့်ဖွယ်တိုက်ပွဲ

Vol. 34 Ch. 469

ဘာသာပြန်- The Fate

"ဝေါင်း!..."

မရဏမျိုးနွယ်စု စွမ်းအားရှင်၏ တိုးညှင်းသော ရေရွတ်သံနှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်း၌ နဂါးဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ မြင့်မြတ်သော နဂါးအရှိန်အဝါများသည် ပင်လယ်လှိုင်းလုံးများကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက် လူတိုင်းကို တုန်လှုပ်စေခဲ့၏။

နဂါးပုံသဏ္ဍာန်သင်္ကေတမှာ ပို၍ပို၍ သိပ်သည်းလာခဲ့ပြီး အစစ်အမှန်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံပေါ်သည်။

"သတ်!"

မရဏနဂါးဖွဲ့တည်လာခြင်းနှင့်အတူ မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် ကောင်းကင်ကို လှောင်ပြောင်ဟန်ဖြင့် မော့ကြည့်လျက် ဟစ်ကြွေးလိုက်သည်။ 

သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် အရိုင်းဆန်စွာဖြင့် နဂါးကြီး၏ ဦးခေါင်းထံသို့ စီးဝင်သွားခဲ့ကာ သွေးနီရောင်မျက်လုံးကြီးနှစ်လုံးသည် ရုတ်တရက် ပွင့်ဟသွားခဲ့သည်။ ဒေါသထွက်နေသော နဂါးကြီး၏ ဦးခေါင်းက လေထုအထက်ရှိ ယဲ့ဟွမ်ကို စူးစိုက်ကြည့်နေကာ ပါးစပ်ကြီးကို ဖွင့်ဟလျက် ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။

"ဘုန်း!"

ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အရှိန်နှုန်းမှာ အင်မတန်မှ မြန်ဆန်လာသည်။ ၎င်းဖြတ်သန်းသွားသည့်အခါတိုင်းတွင် လေထုဟာ မာကျောသော တစ်စုံတစ်ရာနှင့် ရင်ဆိုင်လိုက်ရသည့်အလား ပြိုပျက်အက်ကွဲသွားရသည်။ လေဟာပြင်အထက်တွင်တော့ မီးအိမ်ပမာဏရှိသော သွေးနီရောင်မျက်လုံးကြီးနှစ်လုံးက ယဲ့ဟွမ်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ 

ဤအချိန်၌ အစဥ်အမြဲ ထောင်လွှားမောက်မာနေခဲ့သော ယဲ့ဟွမ်သည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပါ။ သူ့ကိုယ်တွင်းရှိသွေးများမှာ ကပြောင်းကပြန် စီးဆင်းသွားပုံပေါ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ တုန်ရင်သွားခဲ့ရသည်။

"သေစမ်း..."

ယဲ့ဟွမ်က မဲမှောင်နေသော အမူအရာဖြင့် ကျိန်ဆဲလိုက်သည်။ မရဏမျိုးနွယ်စု၏ စွမ်းအားရှင် ၅ ယောက်သာ မှော်ဝင်စွမ်းအားများကို အသုံးမပြုခဲ့ပါက သူ၏ တိုက်ပွဲဝင်စွမ်းအားဖြင့် ရင်ဆိုင်န်ိုင်သေးသည်။ သို့သော်လည်း ထိုသူများက မှော်ဝင်စွမ်းအားများကို အသုံးပြုခဲ့လေရာ အခြေအနေမှာ မဟန်တော့ပြီ။

တစ်ခဏတာ သတိလက်လွတ်ဖြစ်သွားခြင်းက ဤမျှလောက်ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေ၏။

"ဘုန််း..."

သူဟာ ပြန်လည်ဆုတ်ခွာချင်ခဲ့သော်လည်း နောက်ကျသွားလေပြီ။ ယဲ့ဟွမ်သည် ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ရုံသာတတ်နိုင်တော့သည်။

ရွှေရောင်အလင်းတန်းကြီးသည် သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ သူ့လက်ထဲရှိ ပုဆိန်အဖျားမှာ အံ့ဖွယ်ကောင်းလောက်အောင် ဝင်းလက်တောက်ပလာခဲ့သည်။ သူဟာ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည့်အခါ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ပုဆိန်အတွင်းသို့ စီးဆင်းဝင်ရောက်သွားပြီး ပုဆိန်အသွားများကို ခပ်ဖွဖွ တုန်ရင်လာစေခဲ့သည်။ ၎င်းပုဆိန်ကြီး တစ်ကြိမ်တစ်ခါ တုန်ခါလိုက်တိုင်းတွင် လေထုကို အက်ကွဲစေသော အလင်းတန်းတစ်ခု လင်းလက်တောက်ပလာခဲ့ရသည်။ 

"နတ်ဘုရားများကို သုတ်သင်၍ ကောင်းကင်အားအန်တုခြင်း!"

ယဲ့ဟွမ်က မိုးကောင်းကင်ကိုမော့ကြည့်လျက် ဟစ်ကြွေးလိုက်ပြီး ခမ်းနားကြီးကျယ်သော စွမ်းအားများကို ဖော်ထုတ်လျက် မရဏနဂါးကြီးထံသို့ ရွှေရောင်အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲပြေးဝင်သွားခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ပုဆိန်အစွန်းက လေထုကို ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်စေခဲ့၏။ ကမ္ဘာလောကကြီးဟာ ဖြတ်ပိုင်းခံရသကဲ့သို့ ဖြစ်နေခဲ့ပြီး ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

"ဘုန်း!"

ရွှေရောင်အလင်းတန်းများသည် မရဏနဂါးကြီးနှင့် ပွတ်တိုက်မိသွားကာ ပြင်းထန်သောစွမ်းအားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာလောကကြီး တစ်ခုလုံးဟာ အငွေ့ပျံလုမတက် ဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ရှိရှိသမျှအရာအားလုံးမှာ ဖျက်ဆီးခံလိုက်ရသည်။ 

သဏ္ဍာန်အမျိုးမျိုးရှိသော စွမ်းအားများသည် မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက်ရှိ၏။ ရွှေရောင်အလင်းတန်းကြီးများနှင့် မီးခိုးရောင်လှိုင်းလုံးများကလည်း လေထုတစ်နေရာ၌ အတူတကွရောထွေးနေကြသည်။

"သတ်!"

ယဲ့ဟွမ်သည် ပုဆိန်ကို မြဲမြံစွာဆုပ်ကိုင်လျက် ထပ်မံဟစ်ကြွေးလိုက်ပြီး သူ၏ ခရမ်းရောင်ဆံနွယ်များက လေအဟုန်၌ မျောလွင့်နေခဲ့သည်။ သူ့မျက်ဝန်းများမှာ စူးရှတောက်ပလာခဲ့ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့် တိုက်ပွဲဝင်စိတ်ဆန္ဒများကို သယ်ဆောင်ထားခဲ့၏။

မရဏနဂါးကြီးသည်လည်း တိုက်ခိုက်ရာ၌ ကျွမ်းကျင်လှ၏။ ၎င်းက တစ်ခါတစ်ရံတွင် ကြီးမားသော လက်သည်းကြီးများကို ဝှေ့ယမ်းတိုက်ခိုက်တတ်ပြီး တစ်ခါတစ်ရံမှာတော့ အမြှီးကြီးဖြင့် လွှဲယမ်းတိုက်ခိုက်တတ်သည်။ နဂါးကြီးလှုပ်ရှားလိုက်တိုင်းတွင် လေဟာပြင်ဟာ တစ်သိမ့်သိမ့်တုန်လှုပ်သွားခဲ့ရသည်။ 

ဤသည်မှာ ယွမ်ဟွားကောင်းကင်ဘုံကြီးကို ထိတ်လန့်စေခဲ့သော တိုက်ပွဲကြီးဖြစ်၏။ ယင်းက ရှိနေကြသော ကျင့်ကြံသူများ၏ စိတ်နှလုံးကို ဆွဲဆောင်လိုက်ရုံသာမက ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ၊ ရှိရှိသမျှသော ကျင့်ကြံသူတို့၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။ ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ ဤတိုက်ပွဲဟာ ယွမ်ဟွားကောင်းကင်ဘုံအတွက် သမိုင်းတွင်မည့် တိုက်ပွဲကြီးဖြစ်လေသည်။

ဘုန်း!...

နဂါးအမြှီးယမ်းခါလိုက်ခြင်းနှင့်အတူ ပြင်းထန်သော စွမ်းအားလှိုင်းသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားခဲ့သည်။ ထိုစွမ်းအားလှိုင်းများက ယဲ့ဟွမ်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ ယဲ့ဟွမ်၏မျက်နှာမှာ မပြောင်းလဲဘဲရှိနေသေးကာ သူဟာ လက်ထဲရှိ ပုဆိန်ကို ပင့်မြှောက်လိုက်ပြီး ခုခံတားဆီးလိုက်ရသည်။ ယဲ့ဟွမ်သည် ရုတ်တရက်လွင့်စင်ထွက်သွားကာ စွေးစွေးနီသောသွေးများကို အန်ထုတ်လိုက်ရ၏။

နောက်တဒင်္ဂအကြာတွင် သူ၏အမူအရာက ပြန်လည်၍ တည်ငြိမ်လာခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ သူဟာ လက်ထဲရှိပုဆိန်ကြီးကို ဝှေ့ယမ်းလျက် မရဏနဂါးကြီးထံ အားကုန်ပြေးဝင်လာခဲ့သည်။ ပုဆိန်ကြီးမှ သယ်ဆောင်ထားသော ထိတ်လန့်ဖွယ်ကောင်း သော စွမ်းအားသည် လှိုင်းလုံးကြီးသဏ္ဍာန်ဖြင့် မရဏနဂါးကြီးအား ထိပ်တိုက်ပွတ်တိုက်သွားခဲ့သည်။

ဟိန်းဟောက်သံကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ပြီး မမြင်တွေ့နိုင်သော အသံလှိုင်းများသည် မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်လျက်ရှိကာ လူတိုင်း၏ နားစည်များက်ို ကွဲအက်သွားစေခဲ့သည်။

"ဘုန်း..."

ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့် အတူ မြေပြင်ဟာ တသိမ်သိမ့်တုန်လှုပ်သွားပြီး တိမ်စိုင်များဟာ ပြိုကွဲသွားခဲ့ရသည်။ ကောင်းကင်ပြုပြင်ဂိုဏ်းတည်ရှိနေသော နေရာတစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားခဲ့ကာ အနီးဝန်းကျင်ရှိ တောင်ထိပ်များကတောင် ပြိုကျသွားခဲ့ရသည်။

လေထုအထက်တွင် ယဲ့ဟွမ်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေသေးသည်။ သူဟာ သွေးများဖြင့် စိုရွှဲနေသော်လည်း မရဏနဂါးကြီးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေဆဲပင်။ ဤပြင်းထန်သော တိုက်ပွဲက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

လူပုဂ္ဂိုလ်တိုင်းဟာ ဤတိုက်ပွဲကြီးကြောင့် ကြောင်အလျက်ရှိသည်။ သူတို့ဟာ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးကို ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပါ၏။ လျိုဖေးယုတို့လို ပဏ္ဍိတစွမ်းအားရှင်များကတောင် တုန်လှုပ်ခြောက်ခြား သွားကြသည်။ ထိုစွမ်းအားလှိုင်းများအတွင်း ဝင်ရောက်မိပါက သူတို့ကတောင် အစိတ်စိတ်အမွှာမွှာဖြတ်ပိုင်းခံရမှာကို ကြောက်လန့်မိသည်။

ဤပြင်းထန်သော တိုက်ပွဲကြီးသည် ချန်းမန်တောင်တန်းနယ်မြေကို သက်ရောက်ခဲ့ရုံသာမက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကိုလည်းသက်ရောက်ခဲ့သည်။ ယဲ့ဟွမ်က မရဏနဂါးကြီးနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည့်အခါ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးသည် မဲမှောင်အုံ့ဆိုင်းသွားရပြီး မမြင်တွေ့နိုင်သော စွမ်းအားအရိပ်အငွေ့များသည် ကမ္ဘာလောကကြီးအတွင်း၌ ဖြစ်တည်လာခဲ့သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံးဟာ တဆတ်ဆတ် တုန်ခါသွားကြရသည်။

ချန်းမန်တောင်တန်းနယ်မြေအနီးတစ်ဝိုက်တွင်ရှိသော မြို့များနှင့် အင်အားစုကြီးများမှာ ဤပြင်းထန်သော စွမ်းအားလှိုင်းကြီး၏ သက်ရောက်မှုကို ခံခဲ့ရပြီး မရေမတွက်နိုင်သော အဆောက်အအုံများ ပြိုကျသွားကာ အပျက်အစီးလွင်ပြင်ကြီးအဖြစ် ပြောင်းလဲသွားရသည်။ များစွာသော ကျင့်ကြံသူများကလည်း အရူးအမူးထွက်ပြေးသွားကြရ၏။

ဤသည်မှာ အားနည်းရခြင်း၏ ဆုလဒ်ဖြစ်သည်။

ဤတိုက်ပွဲကြောင့် အဘယ်မျှလောက်သော လူများ အိမ်ခြေရာမဲ့ဖြစ်သွားသည်ကို ဘယ်သူကမှ မသိရှိကြပါ။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ဝမ်ဖုန်း ၊ လီပိုင်နှင့်အခြားသူများက ထိတ်လန့်ဖွယ်တိုက်ပွဲကြီးကို ကြည့်ရှုနေခဲ့သည်။ သူတို့၏ နှလုံးသားများကလည်း တုန်လှုပ်နေကြသည်။ ထိုပုဂ္ဂိုလ်၏စွမ်းအားမှာ တစ်ကယ်ကို အမှတ်သညာပြုဖွယ်ဖြစ်သည်။ သို့သော်လည်း ဝမ်ဖုန်းက သူ့ထက်ပိုသန်မာပါသေးသည်။ သူဟာ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ပြီး ယဲ့ဟွမ်နှင့် မရဏနဂါးကြီးထက် အားနည်းခြင်းမရှိပါ။ 

သို့ပေသော်ငြားလည်း မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကတော့ ကောင်းကင်ယံအထက်ရှိ ပုံရိပ်နှစ်ခုကို နတ်ဘုရားများအား ကြည့်ရှုသကဲ့သို့ မနာလိုစွာ ကြည့်ရှုနေကြသည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဘယ်သူကများ ထိပ်ဆုံးကို မရောက်ချင်လို့လဲ...။

ယဲ့ဟွမ်နှင့်မရဏနဂါးကြီးတို့ဟာ အစစ်အမှန်အထွတ်အထိပ်ပုဂ္ဂိုလ်များ မဟုတ်ကြသော်လည်း မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများအတွက်တော့ လက်လှမ်းမမီသော တည်ရှိမှုကြီးများဖြစ်ကြလေသည်။

လူတိုင်းဟာ ဤတိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။ သို့သော်လည်း ဝမ်ဖုန်းဟာ ရလဒ်ကို ကြိုတင်သိရှိထားခဲ့သည်။ မရဏနဂါးကြီးဟာ မရဏမျိုးနွယ်စုစွမ်းအားရှင်ခေါင်းဆောင်၏ မှော်စွမ်းအားမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ဒါကတောင် ယဲ့ဟွမ်ကို အပြင်းအထန်တိုက်ခိုက်စေခဲ့သည်။ မရဏမျိုးနွယ်စု၏ စွမ်းအားရှင် ၅ ယောက်သာ ကြားဝင်တိုက်ခိုက်လာပါက ယဲ့ဟွမ်တစ်ယောက် ဆက်လက်ထိန်းထားနိုင်တော့မှာ မဟုတ်ပါ။

ဝမ်ဖုန်း၏ အတွေးအခေါ်များကို တုံ့ပြန်လိုက်သည့်အလား မရဏမျိုးနွယ်စု၏ စွမ်းအားရှင် ၅ ယောက်သည် လေထုအတွင်းသို့ ရုတ်တရက် ပျံတက်လာကြကာ သေခြင်းအရိပ်အငွေ့များကို ပေါက်ကွဲထုတ်ဖော်လိုက်ပြီး လက်ဝါးချက်များ တစ်ဆက်တည်းဆိုသလို ရိုက်ခတ်လိုက်ကြသည်။

လက်ဖဝါးရာကြီး ၅ ခုသည် ကောင်းကင်ယံထက်၌ ဖြစ်တည်လာခဲ့ပြီး ယဲ့ဟွမ်ကို ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားခဲ့သည်။ အရှေ့မှောက်တွင် ပြင်းထန်သော မရဏနဂါးကြီးရှိနေပြီး နောက်ဘက်တွင်တော့ ထိတ်လန့်ဖွယ်ကောင်းသော လက်ဖဝါးကြီး ၅ ခုရှိနေသည်။ ဤသည်က သေစေနိုင်လောက်သော အခြေအနေပင်ဖြစ်တော့သည်။

"သတ်!"

ယဲ့ဟွမ်က မိမိကိုယ်ကို အားပေးသည့်အလား ကောင်းကင်ကို မော့ကြည့်လျက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ဟာ ပြင်းထန်သောအဟုန်ဖြင့် ရွေ့လျားသွားခဲ့ပြီး သူ့လက်ထဲရှိ ပုဆိန်ကြီးမှာ နဂါးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းခုတ်ပိုင်းသွားခဲ့သည်။

ဘုန်း...

ကမ္ဘာလောကကြီးအတွင်း၌ နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ အဆုံးအစမဲ့သော စွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ စွမ်းအားလှိုင်းများအကြားမှ ရွှေရောင်ပုံရိပ်တစ်ခုသည် လွင့်စင်ထွက်သွားခဲ့ပြီး မြေပြင်သို့ ပြိုကျသွားခဲ့ကာ မြေပြင်ထက်၌ တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

All Chapters