← Chapters

နိုင်ထက်စီးနင်းပြုသောမျောက်

Vol. 34 Ch. 471

နိုင်ထက်စီးနင်းပြုသောမျောက်

Vol. 34 Ch. 471

Translator - Hsue Htet 

မောက်မာထူးဆန်းသည့်အသံကြီးသည် လောကတစ်ခွင်ပဲ့တင်ထပ်သွား၏။ ကောင်းကင်ဘုံ၏ ကြီးကျယ်ခမ်းနားသောအသံကြီးကဲ့သို့ နေရာရှိလူအားလုံး၏ဝိဉာဉ်များကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာ တုန်ရီစေ၏။

ထိုအထိန်းအကွပ်မဲ့ရယ်သံကိုကြားသောအခါ ဝမ်ဖုန်းသည် ကောင်းကင်သို့မော့ကြည့်ရင်းဖြင့် အပြုံးတစ်ခု ဖြစ်တည်သွား၏။

ထိုမြင်ကွင်းသည် အဝေးရှိ မရဏမျိုးနွယ်စုနှင့် ကောင်းကင်ပြုပြင်ဂိုဏ်းများ၏အာရုံကို ဆွဲဆောင်သွားသည်။ အင်အားစုကြီးများ၏ သူတော်စင်များပင်လျှင် ကောင်းကင်ယံသို့ အာရုံစိုက်လာကြသည်။

မရဏမျိုးနွယ်စုသားများမှာ မျက်နှာ‌မည်းမှောင်နေကြ၏။ ထိုပုဂ္ဂိုလ်မှာ မည်မျှအင်အားကြီးမားသည်ကို မသိသော်ငြား နှလုံးတုန်လှုပ်စေနိုင်သော အရှိန်အဝါကို ခံစားမိနေကြသည်။

အဝေး၌ လဲကျနေသည့် ယဲ့ဟွမ်သည်လည်း ကောင်းကင်သို့ ကြည့်လိုက်သည်။ မွန်မြတ်ဘုံလောကသားမဟုတ်ဘဲ ယွမ်ဟွားကောင်းကင်နယ်မြေမှာ ဒီလိုကြောက်မက်ဖွယ်တည်ရှိမှုကြီးမျိုး ရှိသေးတယ်လား?

ထိုအတွေးဖြင့် ယဲ့ဟွမ်၏ အရောင်ကင်းမဲ့နေသောမျက်နှာမှာ ခါးသက်သက်အပြုံးတစ်ခု ဖြစ်တည်လာရသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုပုဂ္ဂိုလ်၏တည်ရှိမှု မရှိခဲ့လျှင် ယွမ်ဟွားကောင်းကင်နယ်မြေမှာ ထိုမရဏမျိုးနွယ်စုသားများကို ဆန့်ကျင်မတိုက်ခိုက်နိုင်လောက်ပေ။

တဖြေးဖြေးထွက်ပေါ်နေသော အရှိန်အဝါကြောင့် ယဲ့ဟွမ်ပင်လျှင် အနည်းငယ် ကြောက်ရွံ့မိရလေရာ ထိုရောက်ရှိလာသည့်ပုဂ္ဂိုလ်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မှန်းဆကြည့်နိုင်ပေသည်။

ဘုန်း!

ရုတ်တရက်ပင် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်စွမ်းအင်ကြီး ထွက်ပေါ်လာခဲ့ပြီး သန်းရာချီမြင့်မားသည့်တောင်ကြီး၏ ဖိနှိပ်ခံရသည့်အလား လေဟာပြင်မှာ သာမန်မျက်လုံးဖြင့်မြင်နိုင်သည်အထိ ပုံပျက်လာခဲ့သည်။

နေရာရှိလူအားလုံးမှာ မိမိတို့၏ခန္ဓာကိုယ် နစ်မြုပ်သွားသည်ကဲ့သို့ ခံစားလိုက်ရပြီး ကြောက်ရွံ့နေကြသော မျက်နှာအမူအရာတို့ဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်ရှိ တိမ်စိုင်မည်းများ ရုတ်တရက်ပြိုကွဲသွားကြကာ ရွှေရောင်အလင်းတန်းများ‌ တောက်ပထွက်ပေါ်လာကြသည်။ ကမ္ဘာမြေကြီးမှာ ရွှေသားတစ်လွှာ ဖုံးလွှမ်းသွားသည့်အလားပင်။

ရွှေရောင်အလင်း၏အထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် ချိန်းကြိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ ထိုသူမှာ အနည်းငယ်ပိန်ပါးဟန်ရှိသော်ငြား အသစ်အဆန်းသော လုံခြုံမှုခံစားချက်ကို ရရှိစေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ စူးရှသောရွှေရောင်အလင်းတို့ဖြင့် တောက်ပနေလေရာ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ အထက်မြင့်မားသော တည်ရှိမှုကြီးဟု ထင်မှတ်ရလေသည်။

သူ၏‌ဦးခေါင်းထိပ်ရှိ ဖီးနှစ်ငှက်တောင်တစ်စုံသည် လေတွင်လှုပ်ခတ်နေပြီး ရဲရဲတောက်ဝတ်ရုံသည်လည်း လှုပ်ယိမ်းနေသည်။ ၁၀ပေအရှည်၊ ၁၀ပေအဝန်းဖြင့် ရူယိကျင်းကူးပန့်(‌စွန်းဝူခုန်း၏လက်နက်၊ ရွှေသံတုတ်ချောင်းလက်နက်ဟု ပြန်ခဲ့ဖူးသည်)ကို သူ၏ပခုံးထက်တွင် သယ်ပိုးထားလေရာ ပိန်ပါးသည့်ခန္ဓာကိုယ်လေးနှင့် စိုးစဉ်းမျှ မလိုက်ဖက်ချေ။

နေရာရှိလူအားလုံးမှာ အံ့ဩထိတ်လန့်နေကြလျက် ထိုမြင်ကွင်းကို ဘဝတစ်သက်တာ၌ မေ့လျော့နိုင်တော့မည် မဟုတ်ပေ။

စွန်းဝူခုန်း၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွား၍ လှောင်ပြုံးတစ်ခု ဖြစ်တည်လာ၏။ လူများစွာ၏ အာရုံကို ဆွဲဆောင်ထားသည်မှာ ယခင်အတိတ်ကာလများ၌ ကောင်းကင်ဘုံတွင် ဆူညံပွက်လောရိုက်စေခဲ့ပြီး လူများစွာတို့ကို မိမိအား လေးစားကြောက်ရွံ့စေခဲ့သည့်အချိန်များကို ပြန်လည်အောက်မေ့သတိရသွားရသည်။ ထိုခံစားချက်ကို စွန်းဝူခုန်းသည် အတော်လေး စွဲလမ်းနှစ်ခြိုက်ပါ၏။

စွန်းဝူခုန်းဟူသည် ကောင်းကင်ဘုံနှင့် အင်အားညီမျှသည့်ပုဂ္ဂိုလ်ကြီးဖြစ်ပြီး မောက်မာထောင်လွှားရခြင်းကို အမှန်တကယ်သဘောကျနှစ်ခြိုက်၏။ လေးစားခံရခြင်းကိုသာမက ကြောက်ရွံ့ခံရခြင်းကိုလည်း နှစ်ခြိုက်သည်။

ဟမ်!

လက်တစ်ချက်လှုပ်ရှားမှုဖြင့် သူ၏ပခုံးထက်မှ ရူယိကျင်းကူးပန့်သည် ကောင်းကင်ထက်မှ တိုင်လုံးကြီးတစ်လုံးအလား မြေပြင်သို့ကျရောက်၏။ တစ်ပြိုင်နက်တည်း၌ ခန္ဓာကိုယ်ကိုလှုပ်ရှား၍ ‌ရွှေတုတ်ချောင်း(ရူယိကျင်းကူးပန့်)ပေါ်တွင် ခြေတစ်ဖက်တည်းဖြင့်ရပ်၏။

ဘုန်း!

ရူယိကျင်းကူးပန့် မြေပြင်ထက်သို့ ကျရောက်သံကျယ်ကြီးသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ မြေပြင်မှာ ပင့်အူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပြည့်နှက်သွားလေသည်။

ဖုန်မှုန့်လုံးများ ကောင်းကင်ထိတိုင် ပျံဝဲတက်သွား၍ အရပ်လေးမျက်နှာသို့ လေမုန်တိုင်းအလား ပျံ့နှံ့တိုက်ခတ်သွားသည်။ နေရာရှိလူအားလုံးမှာ ထိတ်လန့်ချောက်ချားနေသည့် မျက်နှာအမူအရာတို့ကို မပေါ်လွင်စေရန် အစွမ်းကုန်ထိန်းချုပ်ထားနေရသည်။

မရဏမျိုးနွယ်စုနှစ်ဦးမှ ထုတ်လွှတ်လိုက်သော မရဏလေဆင်နှာမောင်းကြီးမှာ ရူယိကျင်းကူးပန့်၏ ကြောက်မက်ဖွယ်သက်ရောက်မှုအောက်တွင် ပြိုကွဲပျောက်ကွယ်သွား‌တော့သည်။

“စနစ် မျောက်ဘုရင်ရဲ့စွမ်းရည်ဇယားကိုပြပါ”

ဝမ်ဖုန်းသည် စွန်းဝူခုန်း၏ အာဏာပြင်းထန်ဟန်သော နောက်ကျောကိုကြည့်၍ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဒင်! စွန်းဝူခုန်းရဲ့ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်

အမည်: စွန်းဝူခုန်း

ဂုဏ်ပုဒ်များ: မျောက်ဘုရင်၊ ဗုဒ္ဓကိုအောင်နိုင်သူ၊ နှလုံးတုရှင်။

သရုပ်: ရှန်ရှန့်ကျုံဂိုဏ်း၏ နဝမမျိုးဆက်ဘိုးဘေး

လက်ရှိကျင့်ကြံဆင့်: ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်”

“မှတ်ချက်: လက်ရှိဆင့်ခေါ်ထားသော စွန်းဝူခုန်းသည် သူ၏အထွတ်အထိပ်အဆင့် မဟုတ်သေးပါ။ အင်အားအထွတ်အထိပ်ဖြစ်တဲ့ စွန်းဝူခုန်းကို ဆင့်ခေါ်ဖို့အတွက် ကံကောင်းမှုချီ၂၀ဘီလီယံ ကျသင့်ပါမယ်”

“လက်ရှိဆင့်ခေါ်ထားတဲ့စွန်းဝူခုန်းက တိုက်ပွဲတစ်ခုပဲ တိုက်ခိုက်နိုင်ပါတယ်။ တိုက်ပွဲပြီးဆုံးတဲ့အခါ ပြန်သွားပါလိမ့်မယ်”

စွန်းဝူခုန်း၏ စွမ်းရည်ပြဇယားကိုကြည့်ရင်းဖြင့် ဝမ်ဖုန်းမှာ ပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်နဲ့ဆို ဒီမရဏမျိုးနွယ်စုတွေ ဒီတိုင်းအနိုင်ကျင့်ခံလိုက်ရမှာ မဟုတ်ဘူးလား?

ဘုန်း!

စွန်းဝူခုန်းသည် မြေပြင်သို့ဆင်းသက်လာပြီးနောက် ခြေကိုဆောင့်နင်းလိုက်ရာ ရူယိကျင်းကူးပန့်သည် ဟိန်းဟောက်သံနှင့်အတူ ရုတ်ချည်းကျုံ့သေးသွားသည်။ သာမန်အရွယ်အစားသို့ ‌ပြန်လည်ပြောင်းလဲသွားပြီး စွန်းဝူခုန်း၏လက်ထဲသို့ ဆင်းသက်သည်။

“ဒီကိုလာပြီး သေလိုက်တော့!”

စွန်းဝူခုန်းသည် ရူယိကျင်းကူးပန့်ကို ကိုင်ဆောင်ညွှန်ပြ၍ ကျယ်လောင်စွာအော်ပြော၏။ နိုင်ထက်စီးနင်းပြုမူဟန်နှင့် ထောင်လွှားသော အပြုအမူတို့‌သည် စွန်းဝူခုန်းမှာ ယခုကဲ့သို့ နိုင်ထက်စီးနင်းပြုမူရန်အတွက် မွေးဖွားလာသည်ကဲ့သို့ ခံစားရစေသည်။

မရဏမျိုးနွယ်စုများမှာ ထိတ်လန့်တုန်လှုပ်နေကြလျက် စွန်းဝူခုန်းကို လေးနက်သော မျက်နှာအမူအရာတို့ဖြင့် ငေးစိုက်ကြည့်နေကြသည်။ စွန်းဝူခုန်းကို ကြည့်နေရုံဖြင့်ပင် ခြိမ်းခြောက်မှုကြီးတစ်ခုလို ခံစားရ၏။ စွန်းဝူခုန်းမှ တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် သူတို့မှာ ငရဲတွင်းသို့ ကျရောက်သွားပြီး သေခြင်းရှင်ခြင်းကို ကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဟု ခံစားရပေသည်။

“မင်းဘယ်သူလဲ?”

မရဏမျိုးနွယ်စုခေါင်းဆောင်မှ တည်ကြည်လေးနက်စွာပြော၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မရဏစွမ်းအင်များ လွှမ်းခြုံနေခဲ့သည်။ သို့မှသာ လုံခြုံမှုရှိသည်ဟု ခံစားရသည့်အလားပင်။

“ဟားဟားး!”

“သေချာမှတ်ထားကြ! ကျုပ်က ရှန်ရှန့်ကျုံဂိုဏ်းနဝမဘိုးဘေး မျောက်ဘုရင်စွန်းဝူခုန်းပဲ!”

“ကျုပ်အမည်က မင်းဘဝရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်!”

စွန်းဝူခုန်းသည် ရူယိကျင်းကူးပန့်ကို လက်တွင်ကိုင်ဆောင်လျက် မရဏမျိုးနွယ်စုများကို ထူးဆန်းသည့်အပြုံးကြီးဖြင့် ပြုံးပြသည်။ မည်သူကိုမျှ မျက်လုံးထဲမထည့်သည့်အလား အထင်မြင်သေးမှုများ ပြည့်လျှံနေ၏။

စွန်းဝူခုန်းသည် သူ၏လောကကြီးကို အထင်မြင်သေးသည့် သဘောထားကို ကိုယ်ထက်၌ ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြသထား၏။

ဘုန်း!

ထိုစကားအဆုံး၌ စွန်းဝူခုန်းမှ ခြေကိုဆောင့်နင်းလိုက်ရာ မြေပြင်တွင် တွင်းနက်ကြီးချိုင့်ဝင်ဖြစ်တည်သွား၏။ စွန်းဝူခုန်းသည် မရဏမျိုးနွယ်စုများရှေ့သို့ ရုတ်ချည်းရောက်လာခဲ့ပြီး လက်ထဲမှ ရူယိကျင်းကူးပန့်ဖြင့် ရိုက်ချလိုက်သည်။ လေဟာပြင်မှာ တိုက်ရိုက်စုတ်ပြဲသွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။

“သေစမ်း!”

စွန်းဝူခုန်းသည် ကြမ်းတမ်းခက်ထန်စွာ ရုတ်တရက်တိုက်ခိုက်၏။ ကြိုတင်မျှော်လင့်မထားခဲ့သည့် မရဏမျိုးနွယ်စုများမှာ ပြန်လည်တုံ့ပြန်နိုင်ချိန်၌ ရူယိကျင်းကူးပန့်၏ရိုက်ချက်ကို ခံယူလိုက်ရပြီး ကြောက်မက်ဖွယ်စွမ်းအင်၏ ဖိအားအောက်တွင် အရေပြားများပါ တွန့်ကျုံ့သွားရသည်။

“အတူတူတိုက်ကြ!”

မရဏမျိုးနွယ်စုခေါင်းဆောင်မှ အလျင်စလိုအော်ဟစ်ပြောလိုက်ပြီး ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ကမန်းကတန်းစီးဆင်းစေလိုက်သည်။ မရဏမျိုးနွယ်စုခေါင်း‌ေဆာင်၏ ကျယ်ပြောလှသောပင်လယ်ပြင်ကဲ့သို့ ခမ်းနားကြီးကျယ်လှစွာသောစွမ်းအင်သည် အခြားသော မရဏမျိုးနွယ်စုလေးဦး၏စွမ်းအင်နှင့် ပေါင်းစည်းသွား၍ သူတို့ရှေ့၌ မရဏစွမ်းအင်အကာအကွယ်ကို ဖန်ဆင်း၍ ပိတ်ကာခုခံလိုက်သည်။

ဘုန်း!

မရဏစွမ်းအင်အကာအကွယ် ရုပ်လုံးပေါ်ခါစအခြေအနေပင် ရှိသေးသည်။ ရူယိကျင်းကူးပန့်၏ရိုက်ချက်မှာ ကျဆင်းလာ၏။ စွမ်းအင်နှစ်ခုထိခတ်သွားပြီး နားကွဲလုမတတ်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးလျှပ်စီးကဲ့သို့သောအဟုန်ကြောင့် နေရာရှိလူအားလုံးမှာ နားစည်များ နာကျင်သွားရသည်။

ကြောက်မက်ဖွယ်စွမ်းအင်‌လေဗွေကြီးသည် စွန်းဝူခုန်းနှင့်အခြားသူများကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ဖြတ်သန်းသွားရာ တစ်လျှောက်လုံးကို ဖျက်ဆီးသွား၏။ ချန်းမန်တောင်တန်းအပြင်ဘက်သို့ ဆုတ်ခွာပြီးသွားသည့် ကောင်းကင်ပြုပြင်ဂိုဏ်းသားများပင်လျှင် ထိုကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြောင့် လွင့်ထွက်သွားရသည်။ မရေမတွက်နိုင်သော ကောင်းကင်ပြုပြင်ဂိုဏ်းများမှာ သွေးမြူခိုးများဖြင့် ဖုံးလွှမ်းသွားရသည်။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ သူတော်စင်များဖြစ်သော လျိုဖေးယုနှင့်အခြားသူများသည်လည်း ကောင်းကင်ပြုပြင်ဂိုဏ်းတပည့်များကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်မက်ဖွယ်စွမ်းအင်ကြီးကို ထိတ်ထိတ်ပျာပျာဖြင့် ရှောင်ရှားလိုက်ကြရသည်။

လက်ရှိ၌ စွန်းဝူခုန်းမှ ကာကွယ်ပေးထားသည့် ဝမ်ဖုန်းနှင့် အခြားရှန်ရှန့်ကျုံဂိုဏ်းသားများသာလျှင် ထိခိုက်မှုမရှိ လုံခြုံပေသည်။

All Chapters