ခုနစ်ပြည်ထောင်
Vol. 34 Ch. 474
Translator - Hsue Htet
“ဒင်! ကောင်းကင်ပြုပြင်ဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့ခြင်အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅၀၀ဘီလီယံ၊ ထျန်းကျင်းအဆင့် အန္တိမဆင့်ကျပန်းခေါ်ခွင့်၁၀ခုနှင့် ၃၀ဘီလီယံခန့်ရှိ ကောင်းကင်ပြုပြင်ဂိုဏ်း၏ကံကောင်းမှုချီများကို ရရှိပါတယ်”
ဝမ်ဖုန်းမှ လျိုဖေးယုနှင့်အခြားသူများကို သတ်ဖြတ်လိုက်ပြီးနောက်တွင် စနစ်၏အချက်ပေးသံထွက်ပေါ်လာသည်။ ဝမ်ဖုန်းမှာ ကံကောင်းမှုချီ၃၀ဘီလီယံကို သုံးစွဲပြီးသည်နှင့် ပြန်လည်ရရှိသည့်အတွက် ပျော်ရွှင်သွား၏။
ကောင်းကင်ပြုပြင်ဂိုဏ်းနှင့် မရဏမျိုးနွယ်စုတို့ကို ဖျက်ဆီးခြင်းဖြင့်ပင် ဂိုဏ်းအမှတ်ထရီလီယံမျှရရှိခဲ့ပြီး ထျန်းကျင်းအဆင့် အန္တိမကျပန်းဆင့်ခေါ်ခွင့်၂၀ကိုလည်း ရရှိခဲ့သည်ဖြစ်ရာ မိမိမှာ အလွန်ချမ်းသာသည်ဟု သတ်မှတ်နိုင်ပေသည်။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှ ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစု၆စုကို ဖျက်ဆီးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၁ထရီလီယံနှင့် ထျန်းကျင်းအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့်၁၅ခု ရရှိပါတယ်”
ဝမ်ဖုန်းမှ တိတ်တဆိတ်ဝမ်းမြောက်နေချိန်တွင် စနစ်၏အသံထပ်မံထွက်ပေါ်လာပြန်၍ ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားမှုဖြင့် တစ်ကိုယ်လုံးတုန်ယင်နေတော့သည်။
ပိုက်ဆံအများကြီးရှာနိုင်လိုက်တာပဲ!
“တိုက်ပွဲနေရာကို ရှင်းလင်းပြီး ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို စုဆောင်းကြ!”
ဝမ်ဖုန်းသည် စိတ်တွင်းမှ ဝမ်းမြောက်ပျော်ရွှင်မှုကို ဖိနှိပ်၍ မဟာနတ်ဆိုးရွှမ်ရှတို့ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
ဝမ်ဖုန်း၏အမိန့်ရပြီးသည်နှင့် မဟာနတ်ဆိုးရွှမ်ရှတို့သည် ချက်ချင်းတုံ့ပြန်ပြီးနောက် တိုက်ပွဲနေရာကို စတင်ရှင်းလင်းတော့သည်။
“ထာဝရကောင်းကင်မင်းဆက်၏ စစ်သူကြီးယဲ့ဟွမ် ဂိုဏ်းချုပ်ဝမ်ကို ဂါရဝပြုပါတယ်”
ဝမ်ဖုန်း၏ညွှန်ကြားမှုပြီးဆုံးသည်နှင့်တစ်ပြိုင်နက် လေးနက်သောအသံတစ်ခု ထွက်ပေါ်လာသည်။ အသံကြားရာသို့ လှည့်ကြည့်သည်တွင် သွေးနှင့်အင်အားတို့ ပြန်လည်ကောင်းမွန်ပြီးသော ထက်ရှသည့်ဓားသွားကဲ့သို့သောမျက်နှာ၌ လေးစားမှုတို့လှစ်ဟပြသ၍ ဝမ်ဖုန်းသို့ ဦးတည်လာနေသည့် ယဲ့ဟွမ်ကို မြင်တွေ့လိုက်ရသည်။
ဝမ်ဖုန်း၏ကျင့်ကြံဆင့်သည် ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့် မဟုတ်သည်ကို ယဲ့ဟွမ်ခံစားမိသော်ငြား လျစ်လျူမရှုနိုင်သည့်အပြင် ပို၍လေးစားမိလေသည်။ ယဲ့ဟွမ်သည် ဝမ်ဖုန်းကို အဆင့်နိမ့်ကမ္ဘာမှ အဆင့်တူတည်ရှိမှုတစ်ဦးဟု သတ်မှတ်ထားသည်ကြောင့်ဖြစ်မည် ပို၍လေးစားမိပေသည်။
မိမိမှာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ဖြစ်လျှင်သော်မှ စွန်းဝူခုန်း၏ ဖျက်ဆီးနိုင်စွမ်းကို လျစ်လျူရှုမရနိုင်ချေ။ သူသည် စွန်းဝူခုန်း၏ ကြောက်မက်ဖွယ်အင်အားကို မျက်မြင်တွေ့ရှိခဲ့ဖူးသည်ဖြစ်၏။ ယဲ့ဟွမ်သည် မိမိ၏သရုပ်ကိုသာ မှီခိုနေပါလျှင် ဤမျှအထိ ရောက်လာနိုင်မည်မဟုတ်ပေ။
“တာ့အိုမိတ်ဆွေက ယဉ်ကျေးလွန်းနေပါပြီ။ ရှန်ရှန့်ကျုံဂိုဏ်းဝမ်ဖုန်းကလည်း တာ့အိုမိတ်ဆွေကို ဂါရဝပြုပါတယ်”
ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာနေသော ယဲ့ဟွမ်ကိုမြင်သောအခါ ဝမ်ဖုန်း၏မျက်လုံးများ၌ အလင်းတစ်စတောက်ပသွား၍ အပြုံးဖြင့်တုံ့ပြန်၍ လက်ဟန်ဖြင့်အရိုအသေပြုလိုက်သည်။
“ဒီနေ့ပြီးရင် ဂိုဏ်းချုပ်ဝမ်က ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးမှာ အမည်ကျော်ကြားသွားတော့မှာ။ သေးနုပ်တဲ့ ယွမ်ဟွားကောင်းကင်နယ်မြေက နဂါးစင်စစ်ဖြစ်တဲ့ဂိုဏ်းချုပ်ဝမ်ကို ခြေချုပ်မထားနိုင်ပါဘူး”
ယဲ့ဟွမ်မှ အနီးသို့လျှောက်လာ၍ ခံစားချက်စွက်လျက် ပြောသည်။
စွန်းဝူခုန်း၏အင်အားကို မျက်မြင်တွေ့ခဲ့ရခြင်းမဟုတ်ပါလျှင် ယဲ့ဟွမ်မှာ ဤယွမ်ဟွားကောင်းကင်နယ်မြေ၌ မိမိထက်အင်အားကြီးမားသူရှိသည်ဟု ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။
“ဟားဟား ကျုပ်ကိုမွန်မြတ်ဘုံလောကရဲ့ အခြေအနေကို ပြောပြနိုင်မလား?”
ဝမ်ဖုန်းသည် လှိုက်လှိုက်လှဲလှဲပြုံးလျက် အခွင့်အရေးကို အမိအရဖမ်းဆုပ်သည်။ ဝမ်ဖုန်းသည် မွန်မြတ်ဘုံလောကအကြောင်းကို သိချင်နေဆဲဖြစ်သည်။ ဤအခွင့်အရေးဖြင့် မွန်မြတ်ဘုံလောကမှ စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦးကို သိကျွမ်းခွင့်ရပြီး မွန်မြတ်ဘုံလောကသို့ ဝင်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်နိုင်ပေမည်။
“ဂိုဏ်းချုပ်ဝမ်က သိနားလည်ချင်တာရှိရင် အရာအားလုံးကို အလိုအလျောက်သိမြင်ပြီး အရာအားလုံးကို ပြောဆိုနိုင်စွမ်းပါတယ်”
ယဲ့ဟွမ်၏မျက်လုံးများ၌ ရှင်းပြ၍မရနိုင်သောအလင်းတစ်စ တောက်ပသွား၍ အလျင်စလိုပြောသည်။
ရှန်ရှန့်ကျုံဂိုဏ်းသည် ယွမ်ဟွားကောင်းကင်နယ်မြေ၌ တည်ရှိခြင်းဖြစ်သော်ငြား မွန်မြတ်ဘုံလောက၌ အင်အားစုကြီးတစ်ခု ဖြစ်လာနိုင်သည့်အလားအလာ ကျိန်းသေပေါက်ရှိ၏။ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ခြင်းမှာ ယဲ့ဟွမ်အတွက် အကျိုးမယုတ်ပေ။ ထာဝရကောင်းကင်မင်းဆက်အတွက် အင်အားကြီးမဟာမိတ်တစ်ခုပင် ရရှိလိုက်သေးသည်။
“မွန်မြတ်ဘုံလောက,က အနှိုင်းမဲ့ကျယ်ပြောတယ်။ ယွမ်ဟွားကောင်းကင်နယ်မြေ လက်လှမ်းမီနိုင်တာထက်ကို အများသာလွန်တယ်။ အတိအကျတွက်ချက်ကြည့်ချင်တယ်ဆိုရင် ယွမ်ဟွားကောင်းကင်နယ်မြေပေါင်းတစ်ရာ ပေါင်းစည်းထားတာထက်တောင် ကျယ်ပြောလိမ့်ဦးမယ်”
ယဲ့ဟွမ်မှ စကားစပြောသည်တွင် ဝမ်ဖုန်း အံ့အားသင့်သွားသည်။ မွန်မြတ်ဘုံလောကသည် ယွမ်ဟွားကောင်းကင်နယ်မြေထက် ကျယ်ဝန်းမည်ဟု ဝမ်ဖုန်းသိထားခဲ့သော်ငြား ထိုမျှကျယ်ပြောမည်ဟု မျှော်လင့်မထားခဲ့ပေ။ ယွမ်ဟွားကောင်းကင်နယ်မြေသည်ပင် အလွန်တရာကြီးမားသည်ဖြစ်၏။ အနည်းဆုံးတော့ ရှန်းရှန်ဘုံလောကဆယ်ခုစာလောက် ကျယ်ဝန်းလေသည်။ ထိုထက်ပင် ကျယ်ဝန်းနိုင်သေး၏။
ဝမ်ဖုန်း၏ လက်ရှိချန်ခွမ်းယွမ်အထွတ်အထိပ်ကျင့်ကြံဆင့်ဖြင့် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို ကူးပြောင်းသွားလာရန်အတွက် နာရီဝက်ခန့်ကြာမြင့်သည်။ ယွမ်ဟွားကောင်းကင်နယ်မြေထက် အဆတစ်ရာကြီးမားသောဘုံလောကတွင် မည်မျှအချိန်ယူရလိမ့်မည်နည်း။
ထိုမျှကျယ်ပြောသောနယ်မြေ၌ တောတောင်ရေမြေတို့မှ သူရဲကောင်းဟူသည်လည်း များစွာရှိပေလိမ့်မည်။ ထိုသို့သောနေရာမျိုးတွင် တိုက်ခိုက်ရခြင်းသည် ပို၍စိတ်ကျေနပ်ဖွယ်ကောင်း၏။ ဝမ်ဖုန်းမှာ မွန်မြတ်ဘုံလောကသို့သွားရောက်၍ မွန်မြတ်ဘုံလောက၏ ထူးချွန်းလှစွာသော မျိုးဆက်သစ်ငယ်လေးများကို ရှန်ရှန့်ကျုံဂိုဏ်းသို့ သွတ်သွင်းရန် မစောင့်ဆိုင်းနိုင်တော့ပေ။
ပေါက်ပြားကို ကောင်းကောင်းလွှဲရမ်းသ၍ မတူးဖော်နိုင်သည့်ထောင့်စွန်းဟူသည်လည်း မရှိနိုင်ပေ။
အထုံပါရမီကောင်းမွန်သည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ အကျင့်စာရိတ္တကောင်းမွန်သ၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်လိမ့်မည်။
“ဒီလိုကျယ်ပြောတဲ့ဘုံလောကကြီးမှာ ဂိုဏ်းစံနှုန်းအတိုင်း တစ်ဦးတည်းရပ်တည်ရင် နေရာဒေသတိုင်းကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် မွန်မြတ်ဘုံလောကရဲ့ အင်အားစုကြီးအများစုက ပြည်နယ်ပိုင်းခြားထားကြတယ်”
“သေချာပေါက် ဂိုဏ်းအင်အားစုလည်း မချို့တဲ့ဘူးပေါ့။ ဒါပေမဲ့ အဲဒီ့တိုင်းပြည်ကြီးတွေနဲ့ယှဉ်လိုက်ရင်တော့ သီးခြားရပ်တည်တဲ့ဂိုဏ်းအင်အားစုတွေကလွဲပြီး တခြားဂိုဏ်းအင်အားစုတွေက သက်ဆိုင်ရာနယ်မြေအချို့ကို ထိန်းချုပ်ကြတယ်။ သူတို့ရဲ့အင်အားကလည်း နည်းပါးတယ်”
“အို? စစ်သူကြီးက ကျုပ်ကိုမိတ်ဆက်ပေးနိုင်မလား?”
ဝမ်ဖုန်းသည် မျက်လုံးအစုံကို အသာမှေးကျဉ်း၍ ခပ်သော့သော့မေးမြန်းလိုက်သည်။
“ဒါပေါ့ဗျာ”
ယဲ့ဟွမ်က ပြုံးလျက် ဆက်ပြောသည်။
“မွန်မြတ်ဘုံလောကရဲ့ နယ်မြေအများစုကို ပြည်ထောင်ခုနစ်ခုက အုပ်ချုပ်တယ်။ မြင့်မြတ်သော ယန်ဟော်မင်းဆက်၊ မြင့်မြတ်သော ယွင်ထျန်းမင်းဆက်၊ မြင့်မြတ်သော လုံဟွမ်မင်းဆက်၊ မြင့်မြတ်သော စန်းရိမင်းဆက်၊ မြင့်မြတ်သော ရောင်စဉ်ခုနစ်သွယ်မင်းဆက်၊ မြင့်မြတ်သော သာ့ယန်မင်းဆက်၊ မြင့်မြတ်သော ထာဝရကောင်းကင်မင်းဆက် ဆိုတဲ့ ခုနစ်ပြည်ထောင်ပဲ”
“ပြီးတော့ အဲ့ဒီပြည်ထောင်ခုနစ်ခုရဲ့ အုပ်ချုပ်မှုလက်အောက်ခံနယ်မြေတွေမှာ နေထိုင်ကြတဲ့ ဂိုဏ်းအင်အားစုတွေကလည်း ခုနစ်ပြည်ထောင်ကနေ ခွဲဖြာထွက်တဲ့ မြစ်၊ချောင်း၊အင်း၊အိုင်တွေလို ဖွဲ့စည်းနေထိုင်ကြတာ။ တချို့ဂိုဏ်းအင်အားစုတွေက ပြည်ထောင်ခုနစ်ခုရဲ့ တရားစီရင်ပိုင်ခွင့်လက်အောက်မှာရှိပြီး တချို့ဂိုဏ်းအင်အားစုတွေကတော့ ပြည်ထောင်ခုနစ်ခုရဲ့ တရားစီရင်ပိုင်ခွင့်လက်အောက်မှာ မဟုတ်ကြဘူး”
“သူတို့ထဲမှာမှ ကျီးကျုံအင်ပါယာ၊ သွေးခြယ်လနန်းဆောင်၊ ကုံးချန်နန်းဆောင်၊ ကျိုရှင်းမန့်တို့လိုမျိုး ဂိုဏ်းကြီးတွေလည်းရှိတယ်။ အဲဒီ့ဂိုဏ်းကြီးတွေက အတော်အင်အားကြီးမားပြီး ပြည်ထောင်ခုနစ်ခုကတောင်မှ သူတို့နဲ့ ရန်သူဖြစ်ဖို့ကို တွန့်ဆုတ်ကြရတယ်”
ယဲ့ဟွမ်၏ရှင်းပြချက်ကို နားထောင်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာမှာ ပို၍လေးနက်လာသည်။ မွတ်မြတ်ဘုံလောက၏အခြေအနေသည် သူစိတ်ကူးမှန်းဆသည်ထက် များစွာပို၍ရှုပ်ထွေး၏။ ထိုမျှကြီးမားကျယ်ပြောသော ဘုံလောကကြီးတွင် ထွန်းတောက်ရန်မှာ မလွယ်ကူပေ။
ထိုပြည်ထောင်ခုနစ်ခုဟူသည် သာမန်လူများ စိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်သော ရှည်ကြာသည့်မျိုးရိုးဆက်ခံမှုနှင့် မှန်းဆရန်နက်နဲသောအင်အားရှိသည်ဖြစ်၏။
သေချာပေါက်ပင် ဆင်ခြင်မြော်တွေးမှုဟူသည် မိမိ၏အတိုင်းအဆအတိုင်း ပြန်လည်ရောက်ရှိလာတတ်သည်ဖြစ်၍ ဝမ်ဖုန်းသည် မကြောက်ရွံ့ပါချေ။
မွန်မြတ်ဘုံလောက,က နဂါးကန်နဲ့ ကျားသားရဲတွင်းကြီးဆိုေတာ့ရော ဘာဖြစ်သလဲ? အဲဒီ့ပြည်ထောင်ခုနစ်ခုဆိုတာကရော သူ့ရဲ့ဆင့်ခေါ်မှုကို ဘယ်နှကြိမ်ငြင်းဆန်နိုင်စွမ်းမလဲ? စနစ်အဆင့်ကို နေရာတကျစီမံတိုးတက်စေနိုင်သ၍ ကောင်းကင်ကြီးကိုလည်း ဘောလုံးကန်သလို အောက်ကိုကန်ချနိုင်ပါရဲ့!
“ဒါပေမဲ့ ပြည်ထောင်ခုနစ်ခုမှာ တူညီတဲ့ဘုံရန်သူရှိတယ်”
ဝမ်ဖုန်းမှ စဉ်းစားတွေးတောနေစဉ်၌ ယဲ့ဟွမ်၏ တည်ကြည်လေးနက်သောစကားသံ ထပ်မံထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏မျက်လုံးတို့ မှေးကျဉ်းသွား၍ တွေးတွေးဆဆမေးမြန်း၏။
“ကောင်းကင်တာ့အိုမျိုးနွယ်စုလား?”
ယဲ့ဟွမ်သည် ဝမ်ဖုန်းကို အံ့အားတကြီး ကြည့်လာ၏။ ထို့နောက် ခေါင်းညိတ်၍ ဆက်ပြောသည်။
“ဟုတ်တယ်။ ကောင်းကင်တာ့အိုမျိုးနွယ်စုပဲ”
“အဲဒီ့ကောင်းကင်တာအိုမျိုးနွယ်စုက ဘယ်ကနေ ဆင်းသက်လာလဲ ကျုပ်လည်းမသိဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက သူတို့တွေ မွန်မြတ်ဘုံလောကကို ကျူးကျော်ဝင်ရောက်နေခဲ့တာ။ အခုဆို မွန်မြတ်ဘုံလောကရဲ့ နယ်မြေတစ်ခုကို နေရာယူထားပြီးနေပြီ။ မကြာခင်မှာပဲ ကြီးမားတဲ့စစ်ပွဲကြီးဖြစ်ပွားတော့မယ်ထင်ရတယ်”
“ယွမ်ဟွားကောင်းကင်နယ်မြေကို ကျူးကျော်ခဲ့တဲ့ မရဏမျိုးနွယ်စုတွေက တကယ်တော့ မွန်မြတ်ဘုံလောကရဲ့ မရဏမျိုးနွယ်စုတွေပဲ”