ကောင်းကင်ဘုံအထွတ်အမြတ်ကျောက်တုံး
Vol. 34 Ch. 475
Translator - Hsue Htet
ယဲ့ဟွမ်၏စကားတို့ကို နားထောင်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာ၏။ ဝမ်ဖုန်းသည် ကောင်းကင်တာအိုမျိုးနွယ်စုများ၏ ကောင်းကင်ဘုံစည်းချက်သင်္ကေတကို လိုချင်တပ်မက်ပါသော်ငြား မရဏမျိုးနွယ်စုနှင့် ကောင်းကင်တာအိုမျိုးနွယ်စုများအားလုံးကို ရင်ဆိုင်ရန်မျှော်လင့်ပါသည်ဟု မဆိုလိုပေ။
၎င်းမျိုးနွယ်စုကို ကောင်းကင်ဘုံက ချစ်မြတ်နိုးသည်ဟု သတ်မှတ်နိုင်ပေသည်။
အဆင့်တူလျှင်သော်မှ အရေအတွက်အနည်းငယ်သာ ယှဉ်နိုင်စွမ်းသည်။
ရှန်ရှန့်ကျုံဂိုဏ်းက မရဏမျိုးနွယ်စုတွေကို ခွေးလေး၊ဝက်လေးလို သတ်ပစ်တာကိုပဲ မကြည့်နဲ့။ ယွမ်ဟွားကောင်းကင်နယ်မြေကိုပဲ ကြည့်စမ်းပါ။ ဘယ်သူကများ အဲဒီ့မရဏမျိုးနွယ်စုရဲ့ ပြိုင်ဘက်ဖြစ်နိုင်လို့လဲ?!
ဘယ်သူမှမရှိဘူး!
ဒီတိုက်ပွဲက ဒီလိုဖြစ်သွားခဲ့တာကြောင့်သာမဟုတ်ရင် ယွမ်ဟွားကောင်းကင်နယ်မြေကြီးတစ်ခုလုံး ကျဆုံးသွားမှာ။ မရဏမျိုးနွယ်စုရဲ့ အခြေခံထောက်ပံ့ပို့ဆောင်ရေးဌာနဖြစ်သွားပြီး ကောင်းကင်တာအိုမျိုးနွယ်က မွန်မြတ်ဘုံလောကကို တိုက်ခိုက်ဖို့အတွက် အောက်ခံနင်းပြားဖြစ်သွားမှာ!
“ကြောက်ဖို့အကောင်းဆုံးအချက်က မွန်မြတ်ဘုံလောကမှာရှိတဲ့ မရဏမျိုးနွယ်စုနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုတွေက အုပ်စုခွဲလေးမဟုတ်တော့တာပဲ။ ပြည်ထောင်ခုနစ်ခုက အင်အားပေါင်းစည်းတာတောင် ခက်ခက်ခဲခဲတိုက်ရတယ်”
“သူတို့ရဲ့ တကယ့်စစ်မြေပြင်က ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကနဲ့ ဟုန်မန်နတ်ဘုရားနယ်မြေမှာပဲ”
ယဲ့ဟွမ်မှ အလေးအနက်ပြောသည်။ ဝမ်ဖုန်းသည် ကြီးမြတ်သော ရှန်ရှန့်ကျုံဂိုဏ်း၏ဦးဆောင်သူဖြစ်ပြီး ဩဇာကြီးမားသောအင်အားကို ပိုင်ဆိုင်ထားသူဖြစ်၍ မွန်မြတ်ဘုံလောကကို မကြာခင်သွားရောက်မည့်သူဖြစ်သောကြောင့် မဟုတ်ပါလျှင် ယဲ့ဟွမ်သည်လည်း မွန်မြတ်ဘုံလောက၏အခြေအနေကို ထိုမျှအသေးစိတ်ပြောပြမည်မဟုတ်ပေ။
ဝမ်ဖုန်း၏မျက်လုံးအိမ်တို့ မှေးကျဉ်းသွား၍ စိတ်နှလုံးအတွင်း၌ မုန်တိုင်းထန်သွား၏။ မွန်မြတ်ဘုံလောကသည် အလွန်တရာအင်အားကြီးမားသည့် ဘုံလောကဖြစ်သည့်တိုင် မရဏမျိုးနွယ်စုနှင့် ကောင်းကင်တာအိုမျိုးနွယ်စုတစ်အုပ်ကို ခုခံဟန့်တားရုံသာ တတ်နိုင်လေသည်။
အဲဒီ့ထူးဆန်းတဲ့ ကောင်းကင်တာအိုမျိုးနွယ်စုက မျိုးနွယ်စုအင်အားကိုအသုံးချပြီး ဟုန်မန်နတ်ဘုရားနယ်မြေ၊ ပျက်သုဉ်းခြင်းဧကရာဇ်ဘုံေလာကနဲ့ မွန်မြတ်ဘုံလောကတွေကို တကယ်ကြီး စစ်မြေပြင်အဖြစ် ပြောင်းလဲနေတာလား?
“ပြည်ထောင်ခုနစ်ခုက အရမ်းအင်အားကြီးမားတာကို မရဏမျိုးနွယ်စုနဲ့ ကောင်းကင်မျိုးနွယ်စုကို ခုခံထားရုံပဲ တတ်နိုင်တာလား?”
ဝမ်ဖုန်းမှ အံ့အားသင့်စွာဖြင့် အလေးအနက်မေးမြန်းသည်။
“သူသေကိုယ်သေပဲ”
“ပြည်ထောင်ခုနစ်ခုက တကယ်ပဲ အင်အားကြီးမားပါတယ်။ သူတို့ကိုကြည့်လိုက်ရင် မဟာမိတ်တွေလို့ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျ ပြည်ထောင်တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတာ။ ဘယ်သူကမှ နှိမ့်ချနာခံမှုမရှိဘူး။ ပြီးတော့ ရှုပ်ထွေးတဲ့ဂိုဏ်းအင်အားစုတွေလည်း ရှိသေးတဲ့အပြင် မရဏမျိုးနွယ်စုနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ လူမသိသူမသိ သွေးထိုးလှုံ့ဆော်ခံထားရတဲ့ အင်အားစုတွေလည်းရှိသေးတယ်။ အဲဒါတွေကြောင့် မွန်မြတ်ဘုံလောကရဲ့အင်အားစုတွေက ကို့ယ်ရဲ့ပိုင်နက်နယ်မြေကို ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းနေကြရတယ်လေ”
ယဲ့ဟွမ်မှ ညိုမှိုင်းမှိုင်းအပြုံးတစ်စဖြင့် ခပ်ဖျော့ဖျော့ရေရွတ်ပြောဆို၏။ သူ၏အသံမှာ ဝမ်းနည်းမှုတို့ ပါဝင်နေပေသည်။
မရဏမျိုးနွယ်စုနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မွန်မြတ်ဘုံလောကရဲ့ သန်းပေါင်းရာချီတဲ့ကျင့်ကြံသူတွေကို ပေါင်းစည်းစေဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ? လောက၌ လူပေါင်းများစွာရှင်သန်နေကြပြီး လူသားဟူသည် တစ်ကိုယ်ကောင်းဆန်ကြသည် မဟုတ်ပါလော။
သေချာပေါက်ပင် ထိုများပြားလှသော အင်အားစုများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ခေါင်းဆောင်မရှိခြင်းသည်လည်း အရေးကြီးဆုံးသော အချက်တစ်ချက်ဖြစ်၏။
ထိုအကြောင်းအရာကိုတော့ ဝမ်ဖုန်း စိတ်သက်သာရာရသွားခဲ့သည်။ မွန်မြတ်ဘုံလောက၏ အင်အားစုအားလုံး ပေါင်းစည်းသည့်တိုင် မရဏမျိုးနွယ်စုနှင့် ကောင်းကင်တာအိုမျိုးနွယ်စုကို မရှင်းလင်းနိုင်ခြင်းဖြစ်ခဲ့လျှင် ဝမ်ဖုန်းသည်လည်း ထိုမျိုးနွယ်စုများ၏အင်အားကို ပြန်လည်တွက်ချက်သုံးသပ်ရတော့မည်ဖြစ်သည်။
“ဂိုဏ်းချုပ်ဝမ်က ရည်မှန်းချက်ကြီးမားတဲ့သူဆိုတာ ကျုပ်သိပါတယ်”
“ဂိုဏ်းချုပ်ဝမ်က ကျုပ်တို့ထာဝရကောင်းကင်မင်းဆက်နဲ့ ပူးပေါင်းဖို့ကိုလည်း ကျုပ်မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ဝမ် မွန်မြတ်ဘုံလောကကို ဝင်ရောက်ပြီးတဲ့နောက် မဟာမိတ်ရှာဖွေတဲ့အခါကျရင် ထာဝရကောင်းကင်မင်းဆက်ကို ဦးစားပေးစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်”
“ကျုပ်မွန်မြတ်ဘုံလောကကို ပြန်ရောက်တဲ့အခါ ယွမ်ဟွားကောင်းကင်နယ်မြေက အဖြစ်အပျက်တွေအားလုံးကို အရှင်မင်းကြီးကို လျှောက်တင်မှာပါ။ ဂိုဏ်းချုပ်ဝမ် လာရောက်ဖို့ဆန္ဒရှိရင် အရှင်မင်းကြီးကလည်း ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ကို ကြိုဆိုနေပါလိမ့်မယ်”
ယဲ့ဟွမ်သည် မွန်မြတ်ဘုံလောက၏ကိစ္စရပ်များကို ပြန်ပြောင်းပြောဆိုခြင်းမပြုဘဲ ဝမ်ဖုန်းကို အရိုအသေပြုလျက် စစ်မှန်ရိုးသားစွာပြောသည်။
ဝမ်ဖုန်းသည် မျက်လုံးတို့မှေးကျဉ်းလျက် ယဲ့ဟွမ်၏အပြုအမူကို အသေးစိတ်အကဲခတ်ကြည့်၏။ ထို့နောက် ပြုံးလိုက်သည်။
“တာ့အိုမိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ လိုအပ်တဲ့အခါ ကျုပ်သေချာပေါက် ထာဝရကောင်းကင်မင်းဆက်ကို လာခဲ့မှာပါ”
မွန်မြတ်ဘုံလောက၏အခြေအနေအရ ဝမ်ဖုန်းမှ မဟာမိတ်ဖွဲ့ခြင်းငှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
သူ ခက်ခဲပင်ပန်းစွာ ဖန်တီးထားခဲ့ရသည့် ရှန်ရှန့်ကျုံဂိုဏ်းကို တစ်ပါးသူ၏အမြောက်စာ မဖြစ်စေလိုခြင်းသာဖြစ်၏။ အဆုံးသတ်တွင်တော့ အရာအားလုံးမှာ အင်အားကြီးမားခြင်း၌သာ မူတည်နေခြင်းပင်။ သို့ဖြစ်၍ ဝမ်ဖုန်းသည်လည်း အင်အားကြီးမားစွာသော ရိုက်ချက်ဖြင့် အစပြုရပေမည်။
မွန်မြတ်ဘုံလောက၌ အုပ်ချုပ်သူခေါင်းဆောင်မရှိလေရာ ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းသည် မွန်မြတ်ဘုံလောက၏ အုပ်ချုပ်သူခေါင်းဆောင်နေရာကို ရယူလိုက်ပေမည်။
“ဒါဆိုရင် ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့”
ယဲ့ဟွမ်မှ အပြုံးဖြင့် လက်ဟန်ပြအရိုအသေပြု၍ နှုတ်ဆက်ခဲ့၏။
စကားဆုံးသည်နှင့် လှုပ်ရှားမှုတစ်ချက်နှင့်အတူ နေရာမှပျောက်ကွယ်သွားတော့သည်။ နေရာတွင်ကျန်ရစ်ခဲ့သော ဝမ်ဖုန်းသည်တော့ တစ်စုံတစ်ရာကို နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။
“ဂိုဏ်းချုပ် ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ တန်ဖိုးရှိပိုင်ဆိုင်မှုအားလုံးကို စုဆောင်းပြီးပါပြီ”
အချိန်ခဏကြာပြီးနောက်၌ မဟာနတ်ဆိုးရွှမ်ရှတို့ ဝမ်ဖုန်းနံဘေးသို့ ပြန်လည်ရောက်ရှိလာကြပြီး သိုလှောင်လက်စွပ်ကို လက်လွှဲပေးအပ်သည်။
“ကောင်းပြီ”
ဝမ်ဖုန်းမှ ခေါင်းညိတ်၍ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။
သို့သော် သိုလှောင်လက်စွပ်နှင့် ထိစပ်မိသည်နှင့်တစ်ပြိုင်နက် စနစ်၏တုန်ခါမှုကို ခံသားလိုက်ရ၍ ဝမ်ဖုန်း၏မျက်နှာ တောင့်ခဲသွား၏။
သို့ဖြင့် ဝမ်ဖုန်းမှ လက်ကိုဆန့်တန်းဝှေ့ယမ်းလိုက်ရာ သစ်သားသေတ္တာတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသစ်သားသေတ္တာသည် အတွင်းထဲမှ တစ်စုံတစ်ရာ ချိုးဖောက်ခုန်ထွက်လာတော့မည့်အလား အဆက်မပြတ် တုန်ခါနေခဲ့သည်။
ဝမ်ဖုန်း မျက်လုံးများကိုမှေးကျုံ့၍ သစ်သားသေတ္တာအကြောင်း မှတ်ဉာဏ်များကို ပြန်လည်ခေါ်ယူနေ၏။ ဤသစ်သားသေတ္တာမှာ စနစ်သိုလှောင်ရုံထဲတွင် သူပစ်ထုတ်ထားခဲ့သည့် ကောင်းကင်ချိပ်ပိတ်သေတ္တာဖြစ်သည်။
၎င်းမှာ ကြီးမြတ်သောလေအင်ပါယာ၏ ရှေးဟောင်းအင်ပါယာမှ ရရှိခဲ့သည့် ကြမ္မာမျိုးစေ့ကို ချိပ်ပိတ်ထားသည့် သေတ္တာဖြစ်သည်။
ဝမ်ဖုန်း လက်ထဲရှိ တုန်ခါနေသော သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးအစုံမှာ အလင်းတစ်စတောက်ပသွားပြီး စကားတစ်ခွန်းချန်ရစ်ကာ ကမ္ဘာဝန်းထဲသို့ ဝင်ရောက်သွားသည်။
“မင်းတို့ဒီမှာ ကျန်နေရစ်ခဲ့။ ငါဂိုဏ်းချုပ် အချိန်ခဏလောက် တံခါးပိတ်ကျင့်ကြံမယ်”
မဟာနတ်ဆိုးရွှမ်ရှတို့သည် ဗလာဖြစ်သွားသော ဝမ်ဖုန်းရပ်နေခဲ့သည့်နေရာကို ကြည့်နေကြ၏။ ထို့နောက် အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီးနောက် စကားမဆိုဘဲ နေရာ၌သာ ထိုင်နေလိုက်ကြသည်။
…..
ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်တွင်ဖြစ်သည်။
ဝမ်ဖုန်းသည် ကမ္ဘာဝန်းထဲသို့ ရုတ်တရက်ပြန်လာခဲ့၏။ လက်တစ်ဖက်၌ သိုလှောင်လက်စွပ်ကို ကိုင်ဆောင်၍ တစ်ဖက်မှာ ကောင်းကင်ချိပ်ပိတ်သေတ္တာကို ကိုင်ဆောင်ထားသည်။ ၎င်းသေတ္တာနှင့်သိုလှောင်လက်စွပ်တို့မှာ အပြင်းအထန်တုန်ခါနေကြ၏။ တစ်ခုနှင့်တစ်ခု ဆွဲငင်နေသည့် သံလိုက်နှစ်ခုကဲ့သို့ ပူးကပ်သွားနိုင်ရန် ရုန်းကန်နေကြသည်။
ဝမ်ဖုန်း၏သိစိတ်မှ သိုလှောင်လက်စွပ်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ ကောင်းကင်ချိပ်ပိတ်သေတ္တာကိုတုန်ခါစေသော အကြောင်းရင်းဖြစ်သည့် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။
၎င်းမှာ ခရမ်းရောင်ရှိပြီး ကျောက်သလင်းကဲ့သို့ ကြည်လင်သည်။ မျက်နှာပြင်ထက်တွင် သိပ်သည်းဆန်းကြယ်သော အက္ခရာပုံစံများရှိသည်။
ဝမ်ဖုန်းမှ ထိုခရမ်းကျောက်တုံးကို ထုတ်ယူလိုက်သည်တွင် ကောင်းကင်ချိပ်ပိတ်သေတ္တာသည် ပို၍တုန်ခါလာ၏။ ဝမ်ဖုန်းကို နှလုံးတုန်စေသည့် အရှိန်အဝါဖျော့ဖျော့သည်လည်း ကောင်းကင်ချိပ်ပိတ်သေတ္တာထံမှ ထွက်ပေါ်လာနေသည်။
“စနစ် ဒီကျောက်တုံးကို စစ်ဆေးပေး!”
ဝမ်ဖုန်း ကောင်းကင်ချိပ်ပိတ်သေတ္တာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်းမှ ပြောလိုက်သည်။
“ဒင်! စူးစမ်းရှာဖွေရန်အတွက် ဂိုဏ်းအမှတ်တစ်ရာမီလီယံကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ”
“ဒင်! ကျောက်တုံးက ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ ကောင်းကင်အထွတ်အမြတ်ကျောက်တုံးပါ”
“ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ အထွတ်အမြတ်ကျောက်တုံးက ကောင်းကင်ဘုံနဲ့ပထဝီမြေကြီးကနေ သဘာဝအလျောက် ဆင်းသက်ဖြစ်တည်လာတဲ့ ရတနာတစ်ပါးဖြစ်ပါတယ်။ ကောင်းကင်ဘုံရဲ့ချွတ်ယွင်းချက်တွေကို ပြုပြင်နိုင်ပြီး အဆုံးမဲ့သော အံ့ချီးဖွယ်အသုံးဝင်မှုတွေလည်းရှိပါတယ်”
“တစ်ပြိုင်နက်တည်းမှာပဲ ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ ကောင်းကင်အထွတ်အမြတ်ကျောက်တုံးက ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမြတ်သောနတ်ဘုရားသစ်၉ပင်ကို ပြောင်းလဲနိုင်ပါတယ်”
စနစ်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ဖုန်း ဝမ်းမြောက်ပျော်ရွှင်မိလေသည်။
မမျှော်လင့်စွာဖြင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပျက်စီးခြင်းသည် မျှော်လင့်မထားခဲ့သော ဆုလာဘ်များကို သယ်ဆောင်လာခဲ့သည်။
ဤကောင်းကင်ချိပ်ပိတ်သေတ္တာအတွင်းရှိ ကြမ္မာမျိုးစေ့သည် ကြီးမြတ်သောနတ်ဘုရားသစ်၉ပင်ထဲမှ ကြမ္မာသစ်ပင်ဖြစ်သည်။
ဤအပြောင်းအလဲကြောင့် မဟုတ်ခဲ့လျှင် ဝမ်ဖုန်းမှာ ရတနာတစ်ပါးဖြစ်သည့် ကြံမ္မာမျိုးစေ့ကို လုံးလုံးလျားလျား မေ့လျော့ထားမိလောက်၏။
“မင်းက လိုချင်နေမှတော့ မင်းကိုပေးလိုက်မယ်”
“ဒီကောင်းကင်အထွတ်အမြတ်ကျောက်တုံးက ကြမ္မာစေ့ကို သေတ္တာထဲကနေ အားမာန်အပြည့်နဲ့ ကြီးပြင်းလာနိုင်စေမလားဆိုတာ စောင့်ကြည့်ရတာပေါ့”
ဝမ်ဖုန်းသည် တောက်ပစွာသောမျက်လုံးအစုံဖြင့် ကောင်းကင်အထွတ်အမြတ်ကျောက်တုံးကို ကောင်းကင်ချိပ်ပိတ်သေတ္တာထဲသို့ထည့်၍ ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။
ကြမ္မာသစ်ပင်ဟူသည် စနစ်ကိုပိုင်ဆိုင်ထားသည့် ဝမ်ဖုန်းအတွက်ပင် လိုက်လံမရှာဖွေရဘဲ ကြုံတွေ့ရရှိနိုင်သည်များထဲ ထိပ်တန်းရတနာတစ်ပါးဖြစ်၏။ ထို့ပြင် ၎င်း၏မှော်ဆန်သော အဆုံးမဲ့စွမ်းအင်တို့မှာ ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍သန်မာလာစေရန်လည်း အထောက်အကူဖြစ်စေနိုင်ပေသည်။