← Chapters

ဆင့်ကဲပြောင်းလဲခြင်း

Vol. 34 Ch. 476

ဆင့်ကဲပြောင်းလဲခြင်း

Vol. 34 Ch. 476

Translator - Hsue Htet 

ဘုန်း!

ဝမ်ဖုန်းမှ ကောင်းကင်အထွတ်အမြတ်ကျောက်တုံးကို ကောင်းကင်ချိပ်ပိတ်သေတ္တာအတွင်းသို့ ထည့်လိုက်သောအခါ သေတ္တာအတွင်းမှ ရှင်းပြ၍မရနိုင်သော စွမ်းအင်လှိုင်းများ ရုတ်တရက် ပြည့်လျှံစီးဆင်းလာခဲ့ရာ ဝမ်ဖုန်းမှာ ဝိဉာဉ်ထိတိုင် တုန်လှုပ်သွားရသည်။

ထိုအခိုက်အတန့်၌ ဝမ်ဖုန်း၏ဝိဉာဉ်မှာ ကာလဒေသတို့ကို ဖြတ်ကျော်သွား၍ စကြဝဠာကြီးကို လှည့်လည်သွားလာခဲ့ရသည်ကဲ့သို့၊ မြင့်မားအုံ့စိုင်းနေသည့် နှစ်ပေါင်းများစွာပေါက်ရောက်နေခဲ့သော ရှေးဟောင်းသစ်ပင်အိုကြီးများကို ရိပ်ခနဲ၊ဖျတ်ခနဲမြင်တွေ့လိုက်ရသည်ကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းဘုံနှင့်ကမ္ဘာမြေကြီးကို မြင့်မားအုပ်မိုးနေသည့် ဧရာမအပင်ကြီးတစ်ပင်ဖြစ်သည်။ အကိုင်းအခက်တစ်ခုချင်းစီမှာ လောကကြီးနှင့်ဆက်နွယ်နေသည်ကဲ့သို့၊ သစ်ကိုင်းထက်ရှိ ထူထပ်သိပ်သည်းလှစွာသော သစ်ရွက်များသည် လောကကြီးရှိ သက်ရှိသတ္တဝါများအားလုံး၏ ကံကြမ္မာတို့ကို ကိုယ်စားပြုနေသည်ဟု ထင်မှတ်ရသည်။

ခံစားချက်မှာ အလွန်တရာထူးဆန်း‌သည်။ ထူးဆန်းလွန်းသည်မှာ တိုတောင်းလှသော အချိန်ကာလမျှဖြစ်သည့်တိုင် ဝမ်ဖုန်းမှာ မရေမတွက်နိုင်သော ခေတ်ကာလတို့ကို ဖြတ်ကျော်လိုက်ရပြီး စကြဝဠာကြီး၏ ရှင်ခြင်းသေခြင်းဖြစ်စဉ်နှင့် သက်ရှိသတ္တဝါအလုံးစုံ၏ ပြန်လည်ဝင်စားခြင်းဖြစ်စဉ်တို့ကို ကြုံတွေ့ခဲ့ရသည်ကဲ့သို့ ခံစားရပေသည်။

ရှပ်!

မနှစ်မြို့ဖွယ်သော အသံတစ်မျိုးကြောင့် ဝမ်ဖုန်း အသိစိတ်ပြန်ဝင်လာခဲ့သည်။ ဝမ်ဖုန်း မျက်လုံးများကို ပြန်လည်အာရုံစိုက်လိုက်ပြီး ဝေ့ဝဲကြည့်လိုက်သည်။ သေးနုသော အကိုင်းအခက်နှစ်ခုမှ ရတနာသေတ္တာကို ရုတ်တရက်ဆုတ်ဖြဲဖွင့်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။

ရိုးရှင်းမည်းနက်သည့် အစေ့တစ်စေ့သည် ကောင်းကင်ချိပ်ပိတ်သေတ္တာထဲမှ အကိုင်းအခက်များ ထိုးထွက်လာသည်။

အစေ့ထွက်ပေါ်လာချိန်၌ ကမ္ဘာဝန်းတစ်ခုလုံး လှုပ်ခါသွားသည်။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ အဆုံးမဲ့စွမ်းအင်များ အရပ်မျက်နှာအသီးအသီးမှတစ်ဆင့် ခန်းမထဲသို့ စုဝေးလာကြပြီးနောက် အစေ့ထဲသို့ စိမ့်ဝင်သွားလေသည်။

“ဘာဖြစ်တာလဲ?”

“ဂိုဏ်းချုပ်ရဲ့အဆောင်က ထင်တယ်”

“တန်ခိုးအာဏာကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဦး ပြန်လာတာဖြစ်လိမ့်မယ်”

“ဂိုဏ်းချုပ်ကိုမနှောင့်ယှက်ကြနဲ့! ဂိုဏ်းချုပ်ကအခု တံခါးပိတ်ကျင့်ကြံနေတယ်!”

မူမမှန်သောအခြေအနေကြောင့် ကမ္ဘာဝန်းထဲရှိ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှ ဂိုဏ်းတပည့်များကို အလျင်စလို ဟန့်တားလိုက်ရပြီး သူတို့ကိုယ်တိုင်သည်တော့ ဝမ်ဖုန်းကိုကာကွယ်ရန်အတွက် ချက်ချင်းပင် ဂိုဏ်းချုပ်ခန်းမဆောင် ပတ်ပတ်လည်သို့ ရောက်လာကြသည်။

ခန်းမဆောင်ထဲ၌ ဝမ်ဖုန်းသည် မျက်လုံးမှိတ်ထား၏။ သူ၏ရှေ့၌ ကြမ္မာမျိုးစေ့သည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏ အဆုံးမဲ့စွမ်းအင်တို့ကို စုပ်ယူပြီးနောက် အလွန်စူးရှတောက်ပစွာသော အလင်းများဖြင့်တောက်ပလာရာ ဝမ်ဖုန်းမှာ မျက်လုံးပြန်မှိတ်လိုက်ရသည်။

သို့သော် မမျှော်လင့်စွာဖြင့် ဝမ်ဖုန်းမျက်လုံးမှိတ်လိုက်ပြီးနောက်၌ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာသည် အလိုအလျောက် အသက်ဝင်လာပြီး ဝမ်ဖုန်းထံမှ တစ်ဖက်လောကလျိုယင်း၏အရှိန်အဝါများ ဖြာထွက်လာခဲ့ကာ ကြမ္မာမျိုးစေ့ကို သူ၏နှလုံးအိမ်အတွင်းသို့ ဆွဲငင်နေခဲ့သည်။

ဘုန်း!

ကြံမ္မာမျိုးစေ့မှ သူ၏နှလုံးအိမ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် ဝမ်ဖုန်း လန့်ဖျပ်သွားခဲ့သည်။ နှလုံးအိမ်အတွင်း၌ လေနှင့်လှိုင်းတံပိုးများ ပြင်းထန်စွာတိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရကာ နှလုံးအိမ်ကိုဆွဲဖြဲခံလိုက်ရသည့်အလား အလွန်အမင်း နာကျင်သွားရသည်။

“ဘယ်လို?”

ဝမ်ဖုန်း၏မျက်နှာမှာ အလွန်ကြမ်းကြုတ်ခက်ထန်၍ အမူအရာပျက်ယွင်းနေ၏။ ဝမ်ဖုန်းမှာ အော်ဟစ်လျက် မြေပြင်သို့ပြုတ်ကျသွားရပြီး အဆက်မပြတ်လူးလှိမ့်နေရသည်။ ကြံမ္မာမျိုးစေ့သည် သူ၏နှလုံးအိမ်အတွင်း ဝင်ရောက်သွားလိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။

ကြံမ္မာမျိုးစေ့သည် ဝမ်ဖုန်း၏နှလုံးအိမ်အတွင်း၌ တိတ်ဆိတ်စွာ တွယ်ငြိသွားခဲ့၏။ သေးနုသော အကိုင်းအခက်နှစ်ခုသည် ညင်သာစွာ လှုပ်ယိမ်းနေသည်။ တောက်ပသောအလင်းသည် ဝမ်ဖုန်း၏ မှိန်ဖျော့သောနှလုံးအိမ်ကို နေ့တာကဲ့သို့ ‌လင်းဖြာနေစေသည်။ ဝမ်ဖုန်းသည်တော့ ဝိဥာဥ်ထိတိုင် တွန့်လိမ်နာကျင်နေရသည်။

ဘုန်း!

ရုတ်တရက်ပင် ကြံမ္မာမျိုးစေ့မှာ လှုပ်ခါလာပြန်သည်။ ၎င်းကြံမ္မာမျိုးစေ့ထံမှ သိမ်မွေ့နူးညံ့လှစွာသောအသံတို့ဖြင့် ရောယှက်နေသည့် အကြွင်းမဲ့လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တို့ ဖြာထွက်လာ၍ ဝမ်ဖုန်း၏ဝိဉာဉ်သို့ စိမ့်ဝင်စီးဆင်းသွားကြသည်။

၎င်းလျှို့ဝှက်ဆန်းကြယ်စွမ်းအင်များနှင့် နူးညံ့သိမ်မွေ့သောတာ့အိုအသံများသည် မရေမတွက်နိုင်သော ပဟေဠိဆန်သည့်အက္ခရာများအဖြစ် ဖွဲ့စည်းဖြစ်တည်သွားကြပြီး ဝမ်ဖုန်း၏ဝိဉာဉ်၌ ကမ္ပည်းထိုးလိုက်သည့်အလား စွဲထင်သွားကြသည်။ အချိန်ခဏတာအတွင်း၌ ဝမ်ဖုန်း၏ဝိဉာဉ်မှာ သိပ်သည်းဆန်းကြယ်သည့်အက္ခရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

“ဘယ်လို!”

၎င်းအက္ခရာများသည် အလွယ်တကူ စွဲထင်သွားခဲ့ခြင်းမဟုတ်၊ ဖြစ်စဉ်တစ်လျှောက်လုံးမှာ အလွန်အမင်း နာကျင်ရသည်။ ၎င်းအက္ခရာများမှာ သူ၏ဝိဉာဉ်ကို တိုက်စားနေသည်ကဲ့သို့ မြောက်များစွာသော ပုရွက်ဆိတ်များမှ တတိတိကိုက်ဖြတ်နေသည်ကဲ့သို့ ခံစားရသည်။

ဝမ်ဖုန်းကဲ့သို့သော စိတ်ဓာတ်ခိုင်မာသူသည်ပင် မထိန်းချုပ်နိုင်စွာ အော်ဟစ်မိရလေသည်။

ဝမ်ဖုန်း၏လက်ရှိကျင့်ကြံဆင့်မှာ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ဖြစ်သော်ငြား သူ၏ဝိဉာဉ်မှာ ထိခိုက်လွယ်သည့်အခြေအနေတွင်ရှိနေဆဲဖြစ်သည်။ ဤသို့တိုက်စားခံရလေရာ ဝမ်ဖုန်းမှာ ‌ချွေးစေးများစီးကျလျက် အလွန်အမင်းအားနည်းကာ ဒဏ်ရာအပြင်းအထန်ရသွားလေသည်။

ပို၍ဆိုးရွားသည်မှာ ဝိဉာဉ်ညှဉ်းပန်းနှိပ်စက်ခံရရုံမျှမက ခန္ဓာကိုယ်ထိပါ ဒုက္ခခံစားရခြင်းဖြစ်သည်။ တစ်‌ဖက်လောကလျိုယင်းသည် ဖြစ်ပျက်နေသည်တို့ကို မသိ၊ အပြင်းအထန် လှုပ်ရှားနေ၍ နှလုံးအိမ်မှာ နိုင်နင်းသည့်ပမာဏထက် ပိုမိုခံစားနေရသည်။ တစ်ဖက်လောကလျိုယင်းစွမ်းအင်များသည် သိဒ္ဓိစွမ်းအင်သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့စီးဆင်းနေသည်။

တစ်ပြိုင်နက်တည်း၌ သူ၏နှလုံးအိမ်မှ ဖြာထွက်နေသည့်စွမ်းအင်များသည် တစ်ဖက်လောကလျိုယင်း၏စွမ်းအင်နှင့် ပေါင်းစည်းသွားပြီး ဝမ်ဖုန်း၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့စီးဆင်းသည်။

တစ်ကြိမ်စီးဆင်းတိုင်းတွင် အတွင်းအင်္ဂါများ၊ အရိုးများနှင့် သိဒ္ဓိသွေးကြောများထိတိုင် စူးရှသည့်နာကျင်မှုကို ခံစားရ၏။ အရိုးကို ကိုက်ဖြတ်ခံရသည့်ဝေဒနာ၊ သိဒ္ဓိသွေးကြောများကို ဖိနှိပ်ခံရသည့်ဝေဒနာ၊ သွေးကြောမှတ်များကို ထိုးသွင်းခံရသည့်ဝေဒနာတို့ကြောင့် ဝမ်ဖုန်းမှာ သတိလစ်မေ့မြောလုနီးပါး ဖြစ်နေတော့သည်။

ရှပ်!

ခမ်းနားကြီးကျယ်လှစွာသော စွမ်းအင်အုံကြွဖြာထွက်မှုကြောင့် ဝမ်းဖုန်းမှာ အတော်လေးဟစ်အော်မြည်းတမ်းမိခဲ့ရသည်။ ထိုစွမ်းအင်စီးဆင်းမှုကြီးမှာ ယန်ဟယ့်မြစ်ကြီး တစ်ဟုန်ထိုးစီးဆင်းနေသည့်အလားပင်။

ကြံမ္မာသစ်ပင်သည် လောက၏ကြီးမြတ်သောနတ်ဘုရားသစ်၉ပင်ထဲမှ တစ်ခုဖြစ်ပြီး တစ်ဖက်လောကလျိုယင်းသည် လောကတုနှိုင်းမဲ့ဖြစ်သည်။

၎င်းတုန်လှုပ်ချောက်ချားဖွယ်အရာနှစ်ခု၏ ပေါင်းစပ်မှုသည် ရေတစ်စက်မျှဆိုလျှင်သော်မှ သမုဒ္ဒရာကြီးနှင့်နှိုင်းယှဉ်နိုင်စွမ်း၏။

ဝမ်ဖုန်း၏ သိဒ္ဓိသွေးကြောများမှာ ထိုမျှကြီးမားသောစွမ်းအင်စီးဆင်းမှုကို ခံနိုင်ရည်မရှိပေ။ ‌သိဒ္ဓိ‌ေသွး‌ေကြာများမှာ ကြိမ်ဖန်များစွာ ပြတ်တောက်သွားလိုက် ပြန်လည်ပြင်ဆင်လိုက်ဖြင့် ပို၍ပို၍တင်းမာလာ၏။

အန္တရာယ်အများဆုံးကဏ္ဍမှာ ဝမ်ဖုန်း၏နှလုံးဖြစ်သည်။

ကြံမ္မာမျိုးစေ့မှာ ဤမျှဖြင့်မလုံလောက်ဟု ထင်နေပုံရသည်။ မျိုးစေ့မှ အကိုင်းအခက်ဒါဇင်ခန့်မျှ ထပ်မံထွက်ပေါ်လာပြီး ဝမ်ဖုန်း၏ဝိဉာဉ်ကို တစ်ဖန်ထိုးချိတ်တွယ်ငြိပြန်သည်။ ၎င်းအကိုင်းအခက်များမှတစ်ဆင့် စွမ်းအင်များသည်လည်း ဝမ်ဖုန်း၏ဝိဉာဉ်ထဲသို့ စီးဆင်း၏။

ထူးဆန်းသည်မှာ ၎င်းစွမ်းအင်များ ထပ်မံစီးဆင်းသည်တွင် ဝမ်ဖုန်းမှာ နာကျင်မှုကို မခံစား‌ရတော့ပေ။ သို့မဟုတ် ဝမ်ဖုန်းမှာ သတိမရှိတော့ခြင်းလည်း ဖြစ်နိုင်၏။ သို့တည်းမဟုတ် နာကျင်မှုဝေဒနာသည် အလွန်ပြင်းထန်လွန်းသောကြောင့် ထုံထိုင်းသွားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ဝမ်ဖုန်း၏ဝိဉာဉ်နှင့် ကြံမ္မာမျိုးစေ့တို့ ပေါင်းစည်းသွား၍ သူ၏သိစိတ်သည် ကြံမ္မာမျိုးစေ့၌ နက်ရှိုင်းစွာဖုံးကွယ်ထားသည့် မှတ်ဉာဏ်များကို ဆက်ခံရယူကာ စကြဝဠာကြီးမွေးဖွားလာချိန်မှ ကြမ္မာမျိုးစေ့၏ ကြီးပြင်းလာခဲ့ပုံအဆင့်ဆင့်ကို ကြုံတွေ့ခဲ့ရသည်ထင်ရ၏။

ဝမ်ဖုန်းမှာ ကံကြမ္မာ၏ အဓိပ္ပာယ်အစစ်အမှန်ကို ထိတွေ့ခဲ့ရသည့်အလားပင်။ အလွန်မထင်ရှားဝေဝါးသော်ငြား နှလုံးတုန်လှုပ်စေခဲ့၏။ ကြမ္မာမျိုးစေ့သည် သူ၏ အလွန်တရာ ကသောင်းကနင်းဆန်လှသော ကနဦးအစပိုင်းအဆင့်၌ ထောင်ချီသော မိုးကြိုးမုန်တိုင်းဒဏ်တို့ကို ခံယူခဲ့ရသည်ကို ဝမ်ဖုန်း မြင်တွေ့ခဲ့သည်။ ကျိုးပျက်လုဆဲဆဲ ရပ်တည်တောင့်ခံ၍ သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာကို ဆင့်ကဲပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။

နာကျင်မှုဝေဒနာပျောက်ကွယ်သွားပြီဖြစ်ရာ တောင့်တင်းနေခဲ့သည့် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာလည်း နူးညံ့သိမ်မွေ့လာခဲ့သည်။ သူ၏သိစိတ်သည်လည်း ကြမ္မာမျိုးစေ့၏ နက်ရှိုင်းလှစွာသော မှတ်ဉာဏ်များအတွင်းသို့ ဆိတ်ငြိမ်စွာ စီးမျောလိုက်ပါလာနိုင်သည်။ ကြမ္မာမျိုးစေ့၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တို့ကို ကြည့်ရှုရင်းဖြင့် ဝမ်ဖုန်းသည်လည်း သိမြင်နားလည်လာခဲ့သည်။ ကမ္ဘာလောကတစ်ခုလုံး၏ ဆန်းကြယ်လှသည့်ကံကြမ္မာမျိုးစေ့သည် သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာအပြောင်းအလဲအလုံးစုံကို သိမြင်လေသည်။

တစ်ပြိုင်နက်တည်း၌ ဝမ်ဖုန်း၏ဝိဉာဉ်ကို ဖုံးလွှမ်းနေသော သိပ်သည်းဆန်းကြယ်သော အက္ခရာများသည်လည်း ဝိဉာဉ်သို့ နက်နက်ရှိုင်းရှိုင်း စွဲထင်ရိုက်နှိပ်သွားခဲ့၏။ ဝိဉာဉ်၏မျက်နှာပြင်တွင်တော့ ရောင်ခြည်စက်ဝန်းအလွှာများသည် ဝမ်ဖုန်းနှင့် ဝမ်ဖုန်း၏ဝိဉာဉ်တို့ကို ကာကွယ်ပေးနေသည့်အလား ရုတ်တရက်ထွက်ပေါ်ဖုံးလွှမ်းလေသည်။

အနီးကပ်ကြည့်ရှုလျှင် ၎င်းရောင်ခြည်စက်ဝန်းများကို သိပ်သည်းသည့်အလင်းမှုန်လေးများဖြင့် ဖွဲ့စည်းထားသည်ကို မြင်တွေ့နိုင်လိမ့်မည်။ မြင်ကွင်းမှာ သက်ရှိသတ္တဝါတစ်ဦးပြီးတစ်ဦး၏ ကံကြမ္မာများကို ရှင်းလင်းပြသပေးနေသည်ကဲ့သို့ ထင်မှတ်ရပေသည်။

All Chapters