← Chapters

ကောင်းကင်ဘုံနှင့်ကမ္ဘာလောက၏ ကန့်သတ်ချက်များဖြင့် မသက်ရောက်၊ ကောင်းကင်ဘုံ၏ လက်ဖဝါးအတွင်း ရှိမနေ!

Vol. 34 Ch. 477

ကောင်းကင်ဘုံနှင့်ကမ္ဘာလောက၏ ကန့်သတ်ချက်များဖြင့် မသက်ရောက်၊ ကောင်းကင်ဘုံ၏ လက်ဖဝါးအတွင်း ရှိမနေ!

Vol. 34 Ch. 477

Translator - Hsue Htet 

ဝမ်ဖုန်း၏ဝိဉာဉ်ပြောင်းလဲခြင်းနှင့်အတူ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေသည်။

ဝမ်ဖုန်း၏နှလုံးအိမ်ကို အက္ခရာများအဖြစ်သို့ ပြောင်းလဲသွားသည့် တစ်ဖက်လောကလျိုယင်း၏စွမ်းအင်များဖြင့် စွဲထင်နေစေသည်။ နှလုံးအိမ်မှာ ဖန်သားအဖြစ် ပြောင်းလဲသွားသည့်အလား နတ်စွမ်းအင်အလင်းများ၊ ဟန်ချက်ညီသော အက္ခရာများဖြင့် ပြည့်နှက်နေလေသည်။

ခန္ဓာကိုယ်၏အရိုးများအားလုံးသည် ကျောက်သလင်းကဲ့သို့ ကြည်စင်လာခဲ့သည်။ သို့သော် အရောင်မှာ မီးခိုးရောင်ဖြစ်၏။ ပုံစံမှာ အလွန်လေးမြတ်၍ လျှို့ဝှက်ဆန်းကြယ်လွန်းပေသည်။

ဝိဉာဉ်၊ ခန္ဓာကိုယ်နှင့် နှလုံးအိမ်တို့အားလုံးသည် ရှင်းပြ၍မရနိုင်သော ဆင့်ကဲ့ပြောင်းလဲခြင်းကို ကြုံတွေ့နေရသည်ဖြစ်ရာ ဝမ်ဖုန်းသည်လည်း အလွန်နူးညံ့ပျော့ပြောင်းလာခဲ့သည်။

ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ အင်အားကြီးမားသည့်စွမ်းအင်လှိုင်းများ အဆက်မပြတ် ဖြာထွက်နေခဲ့၍ ခန်းမဆောင်ကြီးမှာ တုန်ခါနေသည်။ အကာအကွယ်စည်းကြောင့် မဟုတ်ပါလျှင် ခန်းမဆောင်ကြီးမှာ ပြိုကျပျက်စီးခဲ့ပြီးလောက်ပြီဖြစ်၏။

ဝမ်ဖုန်း၏စိတ်နှလုံးသည် အလွန်တရာအေးငြိမ်းစွာဖြင့် ကြမ္မာမျိုးစေ့၏ မှတ်ဉာဏ်တို့ကို ဆက်ခံနေခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ်ပြောင်းလဲမှုများကိုမူ ဝမ်ဖုန်း လုံးဝသတိမထားမိချေ။ တစ်နည်းဆိုရသော် သူ၏ခန္ဓာကိုယ်ပြောင်းလဲမှုကို အာရုံစိုက်နိုင်သည့် အင်အားမရှိခြင်းဖြစ်၏။

သူ၏စိတ်စွမ်းအင်နှင့်အင်အားအလုံးစုံမှာ ကြမ္မာမျိုးစေ့၏ ခမ်းနားကြီးကျယ်လှစွာသော ဆင့်ကဲပြောင်းလဲမှုကို ခံစားရင်းဖြင့် ကြမ္မာမျိုးစေ့၏မှတ်ဉာဏ်ထဲ၌ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေလေသည်။

ရုတ်တရက်ပင် ဝမ်ဖုန်း၏နှလုံးအိမ်ထဲရှိ ကြမ္မာမျိုးစေ့သည် အပြင်းအထန်တုန်ခါလာပြန်၏။ ထို့နောက် အမဲရောင်အစေ့အဖြစ်သို့ ပြောင်းလဲသွား၍ ဝမ်ဖုန်း၏ဝိဉာဉ်ရှိ နဖူးသို့ပေါင်းစည်းသွားခဲ့သည်။ ဝိဉာဉ်နဖူးပြင်ထက်တွင် ထူးခြားသည့်ပုံဏ္ဍာန်လေး စွဲထင်သွား၏။

တစ်ပြိုင်နက်တည်း၌ ကြမ္မာမျိုးစေ့၏ ခမ်းနားကြီးကျယ်လှစွာသောစွမ်းအင်များသည် နှလုံးအိမ်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ရုတ်ချည်းလှည့်ပတ်စီးဆင်းသည်။ ကံကြမ္မာကွင်းဆက်ကဲ့သို့ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး၌ ချိတ်ဆွဲ၍ ဝမ်ဖုန်း၏ခန္ဓာကိုယ်အင်အားအလုံးစုံကို ဆင့်ကဲပြောင်းလဲဖွဲ့စည်းဖြစ်တည်စေသည်။

တစ်ဖက်လောကလျိုယင်း၏စွမ်းအင်နှင့် ကြံမ္မာမျိုးစေ့၏စွမ်းအင်တို့ တစ်ဖန်ပေါင်းစည်းသွားပြီး အံ့ချီးဖွယ်သောစွမ်းအင်အသစ်တစ်ခုကို ဖွဲ့စည်းဖြစ်တည်သွားစေခဲ့ကာ ဝမ်ဖုန်း၏ မူလခန္ဓာကိုယ်တွင်းစွမ်းအင်ကို အစားထိုး၍ ၎င်းစွမ်းအင်အသစ်ဖြင့် လည်ပတ်စီးဆင်းစေသည်။

ဘုန်း!

၎င်းအံ့ချီးဖွယ်စွမ်းအင်အသစ်မှ ခန္ဓာကိုယ်တစ်ပတ် လည်ပတ်စီးဆင်းပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏ကျင့်ကြံမှုအခြေခံသည် ရုတ်ချည်းပျံဝဲတက်လာ၏။ ချန်ခွမ်းယွမ်အထွတ်အထိပ်မှ ချန်ခွမ်းဥပေက္ခာသို့ ရောက်ရှိသွား၍ ဆက်လက်မြင့်တက်နေခဲ့သည်။

တစ်ပြိုင်နက်တည်း၌ ကောင်းကင်ဘုံစည်းချက်သင်္ကေတ၅ခုသည်လည်း စနစ်သိုလှောင်ရုံထဲမှ ရုတ်တရက် ပျံထွက်လာခဲ့၍ ဝမ်ဖုန်း၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

ကောင်းကင်ဘုံစည်းချက်သင်္ကေတ၄ခုသည် ဝမ်ဖုန်း၏‌ ခြေလက်များနှင့်သိဒ္ဓိသွေးကြောများသို့ စီးဝင်သွားခဲ့ပြီး တစ်ခုမှာ နှလုံးအိမ်အတွင်းသို့ စီးဝင်သွားသည်။

၎င်းကောင်းကင်ဘုံစည်းချက်သင်္ကေတ၅ခုနှင့် အံ့ချီးဖွယ်သောစွမ်းအင်အသစ်တို့ ဆုံတွေ့သည်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ တုန်လှုပ်သွား၏။ အလင်းစက်လေးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၍ တောက်ပသည့်အက္ခရာထွင်းလေးများကဲ့သို့ ဝမ်ဖုန်း၏သိဒ္ဓိသွေးကြောများထဲသို့ စိမ့်ဝင်သွားခဲ့သည်။

၎င်းအလင်းစက်လေးများမှ ဆန်းကြယ်သောအရှိန်အဝါများ ထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏အရိုးများမှ ၎င်းအလင်းစက်များကို ‌တဖြေးဖြေးစုပ်ယူသွားခဲ့သည်။

ဟမ်!

ဝမ်ဖုန်း၏ခန္ဓာကိုယ်မှာ မြူခိုးထုအတွင်း၌ ကျက်သရေဖြာသောအလင်းများဖြာထွက်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ စူးရှတောက်ပနေခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြောက်ခမန်းလိလိသော အရှိန်အဝါကို ပေးစွမ်း၏။

အရိုးများသည်လည်း စူးရှတောက်ပနေကာ သွေးကြောမှတ်များ၌လည်း နတ်ဘုရား၏အရိပ်ထွက်ပေါ်နေသည့်အလားဖြင့် ခန္ဓာကိုယ်အတွင်းမှာလည်း နတ်ဘုရားအသံလှိုင်းများ ပဲ့တင်ထပ်နေသည်ကဲ့သို့ ထင်မှတ်ရပေသည်။

ဝမ်ဖုန်း၏အရေပြားထက်၌ ကံကြမ္မာလမ်းကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အချိန်ခဏမျှကြာမြင့်ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။ ထို့နောက် တစ်ဖက်လောကလျိုယင်း၏ ထူးဆန်းသည့်အရေးကြောင်းများ ထွက်ပေါ်လာပြန်သည်။

အခြေအနေအလိုက် အရောင်ပြောင်းလဲသော ပုတ်သင်ညိုကဲ့သို့ ဝမ်ဖုန်းသည်လည်း အရေးကြောင်းသဏ္ဍာန်များ ပေါ်လိုက်ပျောက်လိုက်ဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။ ဝမ်ဖုန်း၏ခန္ဓာကိုယ်သည် အချို့သောအဆင့်တို့ဖြင့် ဆင့်ကဲပြောင်းလဲနေပုံရ၏။ သို့ဖြင့် ဤကမ္ဘာလောကမှ တဖြေးဖြေး လွတ်မြောက်သွားစေသည်။

ဤသည်မှာ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေလောက၊ သေမျိုးနှင့် မသေမျိုး၊ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေလောကတို့ ပျက်သုဉ်းပါစေ ငါက မသေမျိုးဟူသည့် အဓိပ္ပာယ်စင်စစ်ဖြစ်လေသည်။ 

အချိန်မည်မျှကြာသွားခဲ့သည် မသိပေ။ ဝမ်ဖုန်း အသိစိတ်ပြန်ဝင်လာချိန်၌ သူ၏ဝိဉာဉ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ဖြင့် ခန္ဓာကိုယ်သည်လည်း တောက်ပနေခဲ့သည်။ သူ၏နှလုံးအိမ်၌ ကြီးမြတ်သည့်အရာတစ်ခု တည်ရှိနေသကဲ့သို့ အရိုးများမှာ ပျက်သုဉ်းခြင်းနတ်ဘုရား၏အရိုးကဲ့သို့ မီးခိုးရောင်ဖြစ်နေခဲ့ပြီး နှလုံးသည်လည်း အပြင်းအထန်ခုန်လှုပ်နေကာ ဖန်သားကဲ့သို့ ကြည်စင်တောက်ပသော အလင်းတို့ဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေပေသည်။

ဝမ်ဖုန်း အံ့အားသင့်သွား၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ အလင်းစက်များ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်မှာ အရေပြားထက်တွင် ထင်ပေါ်နေသည်။ ထို့နောက် အက္ခရာများအဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး အရိုးနှ့င် အသွေးအသားများထဲသို့ စိမ့်ဝင်ပေါင်းစည်းသွားသည်။

ဝမ်ဖုန်း၏စိတ်နှလုံးမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။ ကြမ္မာမျိုးစေ့၏ နက်ရှိုင်းသည့်မှတ်ဉာဏ်ထဲတွင် သက်ရှိသတ္တဝါတစ်ဦးပြီးတစ်ဦး၏ ကံကြမ္မာတို့ ဆင့်ကဲပြောင်းလဲသည်ကို သိမြင်နားလည်ခဲ့ရသည်ကဲ့သို့ဖြစ်၏။

ဤခံစားချက်မှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။ သူ၏ခန္ဓာကိုယ်မှာ ကြမ္မာသစ်ပင်အဖြစ် ပြောင်းလဲသွားသည်ကဲ့သို့ ခံစားရ၏။ ၎င်းအလင်းစက်များမှာ ကြမ္မာသစ်ပင်၏ သစ်ရွက်များဖြစ်ပြီး ကမ္ဘာလောကရှိ သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာလည်းဖြစ်သည်။

ကံကြမ္မာဟူသည်ကို သဘောပေါက်နားလည်သွားခဲ့ပြီး မိမိမှာ သပ်ရှိသတ္တဝါအလုံးစုံ၏ အထက်တွင်ရှိနေသည်ကဲ့သို့၊ သက်ရှိသတ္တဝါအလုံးစုံ၏ ကံကြမ္မာကို တာဝန်ရှိသည်ကဲ့သို့ ဝမ်ဖုန်း ခံစားရသည်။ ဤမမျှော်လင့်ထားသည့် ဆင့်ကဲပြောင်းလဲမှုအဆုံး၌ မိမိမှာ သာမန်သက်ရှိတစ်ဦးမှ သက်ရှိသတ္တဝါအားလုံးကို အထက်မှကြည့်ရှုနိုင်သည့် တည်ရှိမှုကြီးဖြစ်သွားသည့်အလားပင်။

ကောင်းကင်ဘုံနှင့်ကမ္ဘာလောက၏ ကန့်သတ်ချက်များဖြင့် မသက်ရောက်၊ ကောင်းကင်ဘုံ၏ လက်ဖဝါးအတွင်း မရှိနေ၊ သက်ရှိသတ္တဝါခပ်သိမ်း၏အလွန်၊ ကိုယ်ပိုင်စစ်မှန်သည့် ဖွဲ့စည်းမှုဖြင့်တည်ရှိနေသည်!

သူ၏ဤတစ်ကြိမ်ပြောင်းလဲမှုမှာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့် ပြောင်းလဲမှုအသစ်ဖြစ်သည်ကို ဝမ်ဖုန်းသိသည်။ သူပိုင်ဆိုင်ထားသည့် စနစ်နှင့် အင်အားတူညီလုနီးပါးဖြစ်၏။

“တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာနှင့်နှလုံးအိမ်၊ ကြမ္မာဝိဉာဉ်!”

“တစ်ဖက်လောက၏အဆုံးသတ်သည် ကံကြမ္မာဖြစ်၏!”

အဘယ်ကြောင့်မသိချေ။ သူ၏ပြောင်းလဲမှုအတွက် သတင်းအချက်အလက်များ စိတ်ထဲတွင် အလိုအလျောက်ပေါ်ထွက်လာ၏။

ဤပြောင်းလဲမှုသည် အမှတ်မထင်ဖြစ်သွားခဲ့ရသည်မှာ မလွဲဧကန်ပင်။

ဝမ်ဖုန်း၌ တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာ မရှိခဲ့လျှင် ကြမ္မာမျိုးစေ့ကို သန္ဓေပြောင်းစေရန် လှုံ့ဆော်နိုင်ခဲ့မည် မဟုတ်ပေ။ တစ်ဖက်လောက၏စွမ်းအင်၊ လျိုယင်း၏စွမ်းအင်နှ့င် ကြမ္မာမျိုးစေ့၏စွမ်းအင်တို့သည် ဤဆင့်ကဲပြောင်းလဲမှု အချက်အလက်များဖြစ်ပေါ်လာရသည့် သော့ချက်ဖြစ်သည်။

ဤအချိန်မှစတင်၍ ဝမ်ဖုန်းသည် မိမိ၏ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကောင်းကင်ဘုံ၏ သက်သက်ညှာညှာစည်းမျဉ်းများအတွင်း မသက်ရောက်တော့ပေ။ ကန့်သတ်ချက်အချို့မှ လွတ်လပ်သွားသည့်ခံစားချက်သည် ဝမ်ဖုန်းကို စွဲလမ်းစေ၏။

ဟုန်မန်နတ်ဘုရားနယ်ပယ်ရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများပင်လျှင် သူတို့၏ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းမရှိကြသေးပေ။ သို့သော် ချန်ခွမ်းအထွတ်အမြတ်ဘုံရှိ ဝမ်ဖုန်းသည် ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်၍ စစ်မှန်သည့်ကိုယ်ကို ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ကြောင်း သိရှိသွားကြလျှင် ထိုဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများသည် သေချာပေါက် ဝမ်ဖုန်းကို လေ့လာစမ်းသပ်ရန် ဖမ်းချုပ်ခေါ်ဆောင်သွားကြမည်ဖြစ်သည်။ ဝမ်ဖုန်းမှာ ၎င်းအချက်များကို မသိသေးပေ။

ကျင့်ကြံဆင့်ကို ခံစားမိပြီးနောက် ဝမ်ဖုန်းသည် ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်မြင့်တက်သွားသောကြောင့် အံ့အားဝမ်းမြောက်နေခဲ့သည်။ ချန်ခွမ်းဧကရာဇ်သို့ရောက်ရှိရန် တစ်ဆင့်သာ လိုတော့၏။ 

စွမ်းအင်အသစ်ကြောင့် ဝမ်ဖုန်းသည် မိမိ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ မိမိ၏အင်အားကို သေချာမသိရှိတော့ပေ။ မိမိမှာ ချန်ခွမ်းအထွတ်အထိပ်အဆင့်ဖြစ်သော်ငြား ချန်ခွမ်းဧကရာဇ်အဆင့်ကို အလွယ်တကူ ‌နင်းချေပစ်နိုင်မည်ဟု ခံစားနေရသည်။ 

၎င်းအတွက်မူ စမ်းသပ်ရန်အခွင့်အရေးကို စောင့်ဆိုင်းရန်သာ တတ်နိုင်လေသည်။ 

ဝမ်ဖုန်း မတ်မတ်ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ နက်နဲစွာဖြင့် မျက်နှာအစစ်အမှန်ကိုလည်း ထုတ်ဖော်ပြသနေ၏။ သူ၏ရှေ့၌ မှန်တစ်ချပ်ရှိနေခဲ့လျှင် သူ၏အသားအရေမှာ ကလေးတစ်ယောက်ကဲ့သို့ နှစ်လိုဖွယ်ကောင်းစွာ နူးညံ့သိမ်မွေ့နေသည်ကို မြင်တွေ့ရပေလိမ့်မည်။

မျက်လုံးများသည် အလွန်တရာ သာမန်ဆန်၏။ သို့သော် အနီးကပ်ကြည့်ရှုလျှင် ၎င်းမည်းနက်စွာသော နက်ရှိုင်းသည့်မျက်လုံးအစုံ၌ အဆက်မပြတ်ပြောင်းလဲနေသည့် ပဟေဠိဆန်စွာ ဆန်းကြယ်မှုတစ်မျိုးကို မြင်တွေ့နိုင်ပေလိမ့်မည်။

ထို့နောက် ဝမ်ဖုန်းသည် သေမျိုးတစ်ဦး၏ အသွင်အပြင်ကဲ့သို့ ပြန်လည်ပြောင်းလဲသွားသည်။ အရှိန်အဝါသည်လည်း ထိုမျှ မပြင်းထန်တော့ပေ။ သို့သော် တစ်ချက်ကြည့်ရုံဖြင့်ပင် လူများကို ကျရှုံးနစ်မြုပ်သွားစေနိုင်သည့် ပဟေဠိဆန်သော ထူးကဲသည့်ခံစားချက်ကို ရရှိစေသည်။

ဝမ်ဖုန်း ခန်းမဆောင်အပြင်သို့ အကြည့်ပို့လိုက်သည်။ သူ၏သိမြင်မှုစွမ်းအင်ကို မထုတ်လွှတ်ထားသော်ငြား ကမ္ဘာဝန်းထဲရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။ ဝမ်ဖုန်းမှ အပြုံးဖြင့် ရေရွတ်ပြောဆိုလိုက်သည်။ 

“သွားကြစို့.. မကြာခင်မှာ ဒီဂိုဏ်းချုပ်က မင်းတို့ကို ပိုကြီးမားတဲ့စိတ်ဝင်စားစရာတွေရှိနေတဲ့ မွန်မြတ်ဘုံလောကကို ခေါ်သွားပေးမယ်။ မင်းတို့အားလုံး ကောင်းကောင်းကျင့်ကြံပြီး ရှန်ရှန့်ကျုံဂိုဏ်းအတွက် နာမည်ကောင်းတည်စေဖို့ ကြိုးစားကြမယ်လို့ မျှော်လင့်တယ်”

ဝမ်ဖုန်း၏အသံသည် နူးညံ့‌သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းသားအားလုံး၏ နားထဲတွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်သွားခဲ့သည်။ 

“ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး!”

ရှန်ရှန့်ကျုံဂိုဏ်းတပည့်အားလုံးသည်လည်း မျက်လုံးအစုံတို့ တောက်ပသွားကြလျက် ဂိုဏ်းချုပ်ခန်းမဆောင်သို့ ဦးတည်အရိုအသေပြုကြကာ တစ်ပြိုင်နက်တည်း ဟစ်အော်ဖြေကြားကြသည်။ ဂိုဏ်းတပည့်များ၏ စိတ်အဟုန်တို့ဖြင့် ကမ္ဘာဝန်းတစ်ခုလုံး တုန်ခါသွားလေသည်။

All Chapters