← Chapters

ယွမ်ဟွားကောင်းကင်နယ်မြေအရှင်သခင်

Vol. 34 Ch. 478

ယွမ်ဟွားကောင်းကင်နယ်မြေအရှင်သခင်

Vol. 34 Ch. 478

Translator - Hsue Htet 

ကောင်းကင်ပြုပြင်ဂိုဏ်း အပျက်အစီးများအထက်၌ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် တိတ်ဆိတ်ငြိမ်သက်စွာထိုင်လျက် ဝမ်ဖုန်းပြန်လာသည်ကို စောင့်ဆိုင်းနေကြသည်။

ဆင့်ခေါ်! ဆင့်ခေါ်!

ထိုအခိုက်အတန့်၌ ကောင်းကင်ထက်မှ အရိပ်ပုံရိပ်များ တစ်ခုပြီးတစ်ခု မဟာနတ်ဆိုးရွှမ်ရှတို့ရှေ့၌ ထွက်ပေါ်လာကြသည်။

မဟာနတ်ဆိုးရွှမ်ရှတို့သည် အနည်းငယ်မျက်မှောင်ကျုံ့သွား၍ ရောက်လာသည့်လူကို ကြည့်လိုက်ကြသည်။ လာရောက်သူများမှာ အင်အားစုကြီးများ၏ အကြီးအကဲများဖြစ်ကြသည်။

အချိန်ခဏမျှကြည့်နေပြီးနောက် မဟာနတ်ဆိုးရွှမ်ရှမှ ရုတ်တရက်ပြုံးရယ်၏။ ဒါက အကြီးအကဲတွေကို စေလွှတ်လိုက်တာပေါ့လေ။ ဘာလုပ်ချင်လို့များလဲ? ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ရန်သူဖြစ်ချင်သေးတာလား? 

“အကြီးအကဲတို့ ဘာကိုစောင့်ဆိုင်းနေကြတာလဲဗျာ?”

ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်း အထွေထွေအကြီးအကဲချုပ်တစ်ဦးအနေဖြင့် လူမှုဆက်ဆံရေး၌ သူလုပ်ဆောင်ရမည့်အပိုင်းကို လုပ်ဆောင်လိုက်သည်။ မတ်တပ်ထရပ်၍ အင်အားစုများ၏အကြီးအကဲများကို ကြည့်၍ ကျယ်လောင်စွာမေးမြန်းလိုက်သည်။ 

ထျန်းကျွင်းအထွတ်အထိပ်အဆင့်ရှိ မဟာနတ်ဆိုးရွှမ်ရှသည် အင်အားစုများ၏အကြီးအကဲများကို အချိန်တစ်ခုအထိ ဖိအားခံစားရစေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှထံမှ မမြင်တွေ့နိုင်သော အခြိမ်းအခြောက်အဟန့်အတားတစ်ခု ထုတ်လွှတ်နေလေရာ အင်အားစုအကြီးအကဲများသည်လည်း ထျန်းကျွင်းအထွတ်အထိပ်အဆင့်ရှိ ပုရွက်ဆိတ်ကောင်လေးကို အထင်မြင်မသေးဝံ့ပေ။

“ဒီက တာအိုမိတ်ဆွေ. ကျုပ်တို့က ဂိုဏ်းချုပ်ဝမ်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်အဖြစ် ကြိုဆိုဖို့အတွက် ရောက်လာကြတာပါ”

ဟွမ်ထျန်းစံအိမ်သူတော်စင်အိုကြီးသည် ရိုသေလေးစားဟန်ဖျော့ဖျော့ဖြင့် ကြည့်၍ ခပ်ဟဟရယ်မော၏။

အခြားအကြီးအကဲများသည်လည်း ပြုံးလျက်ဖြင့် မဟာနတ်ဆိုးရွှမ်ရှကို ကြည့်‌လာကြသည်။ စွန်းဝူခုန်း၏အင်အားကို မြင်တွေ့ခဲ့ရသည့်အချိန်မှစတင်၍ သူတို့မှာ ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေ၏ အရှင်သခင်အဖြစ် တင်မြှောက်ရန်အတွက် ကန့်ကွက်လိုခြင်းမရှိတော့ပေ။

ရှန်ရှန့်ကျုံဂိုဏ်းကို အမည်ကျော်ဇောစေရန်အတွက်ပင် သူတို့ဘက်မှ အစပြုလိုက်ပြီး ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကိုပင် ရှန်ရှန့်ကျုံဂိုဏ်းအား ယွမ်ဟွားကောင်းကင်နယ်မြေ၏ အရှင်သခင်အဖြစ် သိရှိစေခဲ့သည်။

ယခုအချိန်မှစတင်၍ ယွမ်ဟွားကောင်းကင်နယ်မြေသည် အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအုပ်စိုးသည့်ခေတ်သို့ ရောက်ရှိပေတော့မည်။

“အို? ကျွန်တော်တို့က အချင်းချင်းတွေပဲပေါ့?”

“ကံမကောင်းစွာနဲ့ပဲ ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံနေပါတယ်။ ဘယ်အချိန် ပြန်ထွက်လာမလဲဆို မသိနိုင်သေးဘူးရယ်”

မဟာနတ်ဆိုးရွှမ်ရှသည် ဟွမ်ထျန်းစံအိမ်သူတော်စင်အိုကြီးကို အပြုံးမမည်သောအပြုံးဖြင့် လေးနက်စွာ‌ပြော၏။

“ရပါတယ်။ ကျုပ်တို့ ဒီမှာစောင့်နေလိုက်ပါ့မယ်”

ဟွမ်ထျန်းစံအိမ်သူတော်စင်အိုကြီးမှ ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြန်လည်ပြောဆိုသည်။ သူ၏မျက်နှာထက်၌ စိတ်မရှည်သည့်ဟန်ပန် အနည်းငယ်သော်မျှ မရှိပေ။ အခြားသော အကြီးအကဲများသည်လည်း လေးစားမှုရှိကြ၏။

ရှပ်!

ထိုအခိုက်အတန့်၌ လေဟာပြင်မှ ဝမ်ဖုန်း ထွက်ပေါ်လာ၍ နေရာရှိလူအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!”

“ဂိုဏ်း ဂိုဏ်းချုပ်ဝမ်”

ဝမ်ဖုန်းထွက်ပေါ်လာသောအခါ မဟာနတ်ဆိုးရွှမ်ရှတို့သည် ဝမ်ဖုန်းကို လက်ဟန်ဖြင့် အရိုအသေပြုကြသည်။ အင်အားစုအကြီးအကဲများသည်လည်း ရိုသေလေးစားစွာဖြင့် ဂါရဝပြုကြသည်။

ထို့နောက်တွင် ဝမ်ဖုန်းကို တိုက်ရိုက်မကြည့်ဝံ့ကြသောကြောင့် ‌ဦးခေါင်းငုံ့ထားကြလေသည်။

ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ အရှိန်အဟုန် အနည်းငယ်သော်မျှ ထုတ်လွှတ်နေခြင်းမရှိပေ။ သို့သော် တိုက်ရိုက်မကြည့်နိုင်လောက်သော စူးရှတောက်ပမှုတစ်ခု ရှိနေခဲ့သည်။ နတ်ဘုရားတစ်ပါးဆင်းသက်လာသည့်အလား ရှင်းပြ၍မရနိုင်သော ကြီးမားသည့်ခြိမ်းခြောက်မှုအရှိန်အဝါမျိုး ခံစားရလေရာ ဝိဉာဉ်တုန်လှုပ်မိရလေသည်။ 

သို့ဖြင့် ဝမ်ဖုန်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည့် အင်အားစုအကြီးအကဲများသည်လည်း အံ့အားသင့်ကုန်ကြကာ ဝမ်ဖုန်းကို အထင်မြင်မသေးရဲတော့ပေ။

“ခင်ဗျားတို့က…?”

ဝမ်ဖုန်းမှ ထိုအကြီးအကဲများကို အံ့အားသင့်ဟန်ဖြင့် မေး၏။

“ဂို‌ဏ်းချုပ်ဝမ် ကျုပ်တို့ အားလုံးပြင်ဆင်ပြီးပါပြီ။ ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးမှာရှိတဲ့ ဂိုဏ်းအင်အားစုအရှင်သခင်တွေအားလုံးကို ဟွမ်ထျန်းစံအိမ်တော်ကို ဖိတ်ခေါ်ထားပါတယ်။ ဂိုဏ်းချုပ်ဝမ် လာရောက်ပြီးတာနဲ့ ရှန်ရှန့်ကျုံဂိုဏ်းဟာ ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်ဖြစ်သွားပါပြီ”

ဟွမ်ထျန်းစံအိမ်တော်သူတော်စင်မှ ဝမ်ဖုန်းကို ‌ရိုသေလေးစားစွာဖြင့် ပြောသည်။

“အို? ဒါဆိုသွားကြတာပေါ့”

ဝမ်ဖုန်း၏မျက်လုံးအစုံတို့ တောက်ပသွားကာ တည်ကြည်လေးနက်စွာပြောလိုက်သည်။

“ဟုတ်ကဲ့ပါ!”

အင်အားစုအကြီးအကဲများသည် ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြပြီးနောက် ဝမ်ဖုန်းတို့ကို ဦီးဆောင်လမ်းပြ၍ ဟွမ်ထျန်းစံအိမ်တော်သို့ ဦးတည်သွားကြသည်။

…..

ဟွမ်ထျန်းစံအိမ်တော်၌ လူများစွာစုဝေးနေကြသည်။ ခြံဝင်းကြီး၏အလယ်၌ စင်မြင့်တစ်ခုတည်ရှိ၏။ ထိုစင်မြင့်ထက်တွင် ကြီးမားထည်ဝါသည့်ပလ္လင်ကြီးရှိသည်။ ပလ္လင်အောက်၌ ထိုင်ခုံနေရာများ ရာချီရှိသည်။

နောက်ဘက်ရှိ ထိုင်ခုံနေရာများမှာ ယွမ်ဟွားကောင်းကင်နယ်မြေ၏ များစွာသောအင်အားစုကြီးများ၏ အရှင်သခင်များဖြင့် လူပြည့်နေကြပြီဖြစ်သည်။ 

“ရှန်ရှန့်ကျုံဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူး”

“အင်း လွန်ခဲ့တဲ့အချိန်အနည်းငယ်ကပဲ ထိပ်တန်းအင်အားစုတချို့ အတူတူပူးပေါင်းပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးဖို့တွေးနေကြသေးတာလေ။ ဒါပေမဲ့ ဘယ်လောက်မှတောင် မကြာလိုက်ဘူး။ ရှန်ရှန့်ကျုံဂိုဏ်းက အဲဒီ့ထိပ်တန်းအင်အားစုတွေကို ဖျက်ဆီးပစ်ခဲ့ပြီး အင်အားစုကြီးတွေကတောင် သူတို့ကို ဦးညွတ်‌သွားစေခဲ့တယ်။ အခုဆို အင်အားစုကြီးတွေက ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်အဖြစ် သတ်မှတ်ဖို့တောင် ဆန္ဒရှိနေကြပြီ။ ကိစ္စတွေ‌က အရမ်းအပြောင်းအလဲမြန်တာပဲ”

“ဟုတ်ပဗျာ။ ကျုပ်တော့ အဲဒီ့ဒဏ္ဍာရီလာရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကို အရမ်းသိချင်လှပြီ”

“ကျုပ်အထင် အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းချုပ်က သာလွန်ထူးကဲတဲ့သူရသတ္တိနဲ့ သိုင်းပညာတွေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်ဗျ။ သာမန်မဟုတ်တဲ့ မသေမျိုးလိုပုဂ္ဂိုလ်ကြီးပေါ့! အဲ့လိုမဟုတ်ရင် ဒီအင်အားစုကြီးတွေက သူ့ဆီမှာ အညံ့ခံတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ?”

“ဒီနေ့ပြီးတာနဲ့ ယွမ်ဟွားကောင်းကင်နယ်မြေက ခေတ်သစ်တစ်ခုကို ရောက်ရှိသွားပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ယွမ်ဟွားကောင်းကင်နယ်မြေက တစ်ခါမှ အမှန်တကယ် တစ်ခုတည်းတစ်သားတည်းအဖြစ် မပေါင်းစည်းဖူးခဲ့ဘူးမဟုတ်လား?”

“ကျုပ်လည်း အဲဒီ့အတွက် တကယ်မျှော်လင့်မိတယ်! ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဦးဆောင်မှုအောက်မှာ ယွမ်ဟွားကောင်းကင်နယ်‌မြေက ပိုပြီးအင်အားကြီးမားလာဖို့ မျှော်လင့်ပါတယ်”

များစွာသော ဂိုဏ်းအင်အားစုအရှင်သခင်များသည် အဆက်မပြတ် တီးတိုးစကားဆိုနေကြသည်။ သူတို့၏စကားလုံးများ၌ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို သိမြင်စူးစမ်းလိုစိတ်များ ပါဝင်နေကြသည်။ ယွမ်ဟွားကောင်းကင်နယ်မြေ၏ မျိုးဆက်သစ်များသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း ဆွေးနွေးနေကြသည်။

“ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းတပည့်တွေခေါ်သေးလား မသိဘူးနော်? ခေါ်သေးတယ်ဆိုရင် ငါသေချာပေါက်သွားမှာ”

“ငါရောပဲ! အခု ရှန်ရှန့်ကျုံဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်ဆို‌တော့ အဆင့်အတန်းလည်း ကြီးမြင့်တယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်တာက သေချာပေါက် အမြင့်ကိုတက်လှမ်းနိုင်မှာပဲ”

“သေချာ‌တာပေါ့”

“ငါရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းတပည့်၉ဦးကို မမြင်ဖူးပေမယ့် ကြားဖူးတယ်။ သူတို့က ဂုဏ်သရေကြီးမြတ်တဲ့ ကျိုရှောင်းသူရဲကောင်းများဆိုပြီး ယွမ်ဟွားကောင်းပင်နယ်မြေမှာ ကျော်ကြားကြသေးတယ်။ ငါသာ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်နိုင်မယ်ဆိုရင် အများကြီး တိုးတက်မှုမြန်ဆန်မှာပဲ”

မျိုးဆက်သစ်လူငယ်လေးများမှာ စိတ်လှုပ်ရှားနေကြလျက် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိုကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။ ကျိုရှောင်းသူရဲကောင်းများသည် ယွမ်‌ဟွားကောင်းကင်နယ်မြေ မျိုးဆက်သစ်လေးများ၏ စံပြပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ အထုံပါရမီမြင့်မားသူဖြစ်စေ၊ သာမန်အရည်အချင်းရှိသူဖြစ်စေ ကျိုရှောင်းသူရဲကောင်းများကို စံပြထားကြ၏။ သူတို့သည်လည်း ကျိုရှောင်းသူရဲကောင်းများကဲ့သို့ ဖြစ်လိုကြသည်။

ဟမ်!

လူသူအပေါင်းတို့ ဆွေးနွေးပြောဆိုနေကြစဉ်၌ စင်မြင့်ကြီးသည် ရုတ်တရက် တုန်ခါသွားကာ ပုံရိပ်ဒါဇင်ခန့် ရောက်ရှိလာကြသည်။ ဦး‌ဆောင်သူမှာ သူရသတ္တိပြည့်စုံသော သာလွန်ထူးကဲသည့်ဝမ်ဖုန်းဖြစ်သည်။ သူ၏ဘေးတွင်တော့ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားရှန်ရှန့်ကျုံအကြီးအကဲများဖြစ်ကာ အင်အားစုအကြီးအကဲများစွာတို့မှ ခြံရံထားကြသည်။

ဝမ်ဖုန်းတို့ ထွက်ပေါ်လာသည်နှင့် ဆူညံ‌လှုပ်ရှားနေခဲ့သောခြံဝင်းမှာ ရုတ်ချည်းတိတ်ဆိတ်သွားသည်။ နေရာရှိလူအားလုံး၏အကြည့်များသည် ဝမ်ဖုန်းထံသို့ ‌ကျရောက်နေကြ၏။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ်တည်ရှိမှုကြီးတစ်ခုကို ကြည့်လိုက်မိသည်ကဲ့သို့ ခံစားရသောကြောင့် ဝမ်ဖုန်းကို တည့်တည့်မကြည့်ရဲတော့ဘဲ ချက်ချင်း ခေါင်းပြန်ငုံ့သွားကြလေသည်။

တကယ့်ကို ယွမ်ဟွားကောင်းကင်နယ်မြေကြီး၏ အရှင်သခင်ဖြစ်ထိုက်ပါပေသည်။ ထိုပုဂ္ဂိုလ်သည် သူရိန်နေမင်းကဲ့သို့ တောက်ပ၏။

မျိုးဆက်ဟောင်းလူကြီးများဖြစ်စေ၊ မျိုးဆက်သစ်လူငယ်လေးများဖြစ်စေ နေရာရှိလူအားလုံးမှာ ဝမ်ဖုန်းကိုမြင်သည်နှင့် ထိုသို့ တွေးမိကြလေသည်။ 

“အားလုံးပဲ! ဒီပုဂ္ဂိုလ်က ဝမ်ဖုန်း.. ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ဖုန်းပါ”

“ဒီနေ့ကစပြီး ရှန်ရှန့်ကျုံဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်ဖြစ်သွားခဲ့ပြီ!”

ဟွမ်ထျန်းစံအိမ်သူတော်စင်အိုကြီးသည် ဝမ်ဖုန်းကို ပလ္လင်ထက်သို့ ဦးဆောင်ခေါ်သွားပေးသည်။ ဝမ်ဖုန်း ပလ္လင်ထက်တွင် ထိုင်ပြီးသောအခါ နေရာရှိလူအားလုံးဘက်သို့ပြန်လှည့်၍ ကျယ်လောင်စွာပြောလိုက်၏။ ဩဇာလွှမ်းမိုးမှုရှိသောအသံသည် ဟွမ်ထျန်းစံအိမ်တော်ခြံဝန်းတစ်ခုလုံး၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။

All Chapters