← Chapters

အခန်း (၄၀၃)

Vol. 34 Ch. 403

အခန်း (၄၀၃)

Vol. 34 Ch. 403

တစ်နေ့မှာတော့ တစ်စုံတစ်ဦးက ရောက်ရှိလာပါ၏။ ထိုလူရောက်ရှိလာခြင်းကြောင့် လီချန်ချင်းကို အနည်းငယ်တော့ အံ့ဩသွားစေခဲ့ပါသည်။ ရောက်ရှိလာသူမှာ ရွှယ်ချမ်းပိုင်ပင်ဖြစ်၏။

“မင်းတံခါးပိတ် ကျင့်ကြံတာကနေပြီးတော့ ထွက်လာတာလား”

ရွှယ်ချမ်းပိုင်ကို မြင်သောအခါ လီချန်ချင်းက လွန်စွာမှကို ပျော်ရွှင်သွားခဲ့သည်။ ရွှယ်ချမ်းပိုင်သည် လုံးဝကို ပြောင်းလဲသွားပြီဖြစ်ကြောင်းကို လီချန်ချင်းက တွေ့ခဲ့ပါသည်။ မတ်တပ်ရပ်နေရုံလေးနှင့်ပင် သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ပြိုင်ဘက်ကင်းသော အရှိန်အဝါဖြစ်နေခဲ့၏။ သူ၏ကျောဘက်တွင် ချင်းရွှယ်ဓားကို လွယ်ထားပြီး ရွှယ်ချမ်းပိုင်၏ပုံစံသည် လောကကြီးတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်နေပါသည်။

ရွှယ်ချမ်းပိုင်သည် မဟာသိုင်းဂိုဏ်းအဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားပြီဖြစ်၏။ သူက အစစ်အမှန် ပညာရှင်တစ်ဦးလည်း ဖြစ်လာခဲ့ပါပြီ။ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးတွင် ချင်းရွှယ်အာဏာဓားသခင်ဟူသော နာမည်သည် မူလကတည်းကိုက ကျော်ကြားပြီးသားဖြစ်ပါ၏။ ယခုတွင်တော့ သူသည် ထိပ်ပိုင်းသိုင်းကျွမ်းကျင်စာရင်းထဲတွင် ဝင်ရောက်သွားပြီဖြစ်ပါ၏။ မဟာသိုင်းဂိုဏ်းအဆင့်သို့ ရောက်ရှိနေသော ရွှယ်ချမ်းပိုင်သည် ပြန်လည်မွေးဖွားလာသည့် လူတစ်ဦးကဲ့သို့ ဖြစ်နေပါ၏။

“အစ်ကိုချန်ချင်း ကျေးဇူးတင်ပါတယ်”

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးပြီးချင်းတွင် ရွှယ်ချမ်းပိုင်သည် လီချန်ချင်းထံသို့ အပြေးလာခဲ့ခြင်းဖြစ်ပါသည်။ လီချန်ချင်းပေးထားသော နှင်းတောထဲမှ အထီးကျန်ပုံရိပ်ဟူသော ပန်းပုရုပ်ထုသာ မရှိပါက သူက မဟာသိုင်းဂိုဏ်းအဆင့်ကို ချိုးဖြတ်နိုင်မည် မဟုတ်ပါ။ သူ၏မူလပါရမီနှင့်ဆိုလျှင် မဟာသိုင်းဂိုဏ်းအဆင့်ကို ချိုးဖြတ်နိုင်မည်ဖြစ်သော်လည်း လွယ်ကူလိမ့်မည် မဟုတ်ပါ။ သူ့အတွက်တော့ ဆယ်နှစ် အနှစ်နှစ်ဆယ် သို့မဟုတ် မရေမတွက်နိုင်သော နှစ်များစွာအထိ ကြာမြင့်နိုင်ပါသည်။

“ကျုပ်တို့ညီနောင်တွေကြားမှာ ကျေးဇူးတင်ဖို့မလိုဘူး”

လီချန်ချင်းက အပြုံးတစ်ခုနှင့် ပြောပြလိုက်၏။

“မှန်တယ် ငါတို့က ညီနောင်တွေပဲ”

ရွှယ်ချမ်းပိုင်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

“အစ်ကိုချန်ချင်း ဝမ်ကျိတောင်ကို သွားဖို့ စဉ်းစားထားလား”

ရွှယ်ချမ်းပိုင်က မေးလိုက်၏။

“တိုက်ပွဲက အဲ့ဒီတောင်မှာ လုပ်မှာဆိုတော့ တိုက်ပွဲကိုသွားကြည့်မယ်ဆိုရင် ကျုပ်တို့တွေ အတူတူသွားကြရအောင်”

“ဒါပေါ့… ဝမ်ကျိတောင်ကို ငါသွားမှာပေါ့”

“စန်းယွမ်နယ်မြေသခင်နဲ့ လီရွှမ်းရှီတို့ ဓားအင်မော်တယ်တို့ကြားက တိုက်ပွဲက ကြည့်သင့်တယ်လို့ ကျုပ်ကတော့ ယူဆတယ်”

ငွေစတစ်ဆယ်မီလျံကို အလောင်းအစားပြုလုပ်ထားသည်ဟု လီချန်ချင်းက မပြောပြခဲ့ပါ။

“ကံတရားတွေက ခန့်မှန်းလို့ မရဘူးပဲ”

ရွှယ်ချမ်းပိုင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ကောင်းကင်နတ်သမီး ဓားအင်မော်တယ်ဖြစ်တဲ့ လီရွှမ်းရှီက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက သတ်ဖြတ်သူတစ်သောင်းတောင်ထိပ်က အစေခံတပည့်ဖြစ်နေမယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး”

“ဆေးဘုရင်တောင်ကြားကလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ဆက်နွယ်နေမယ်လို့ ဘယ်သူကမှလည်း ထင်ထားမှာ မဟုတ်ဘူးလေ”

လီချန်ချင်းက စိတ်ပျက်နေသော လေသံနှင့်် ပြောလိုက်၏။

“အို”

ထိုစကားကိုကြားသော ရွှယ်ချမ်းပိုင်က အနည်းငယ်ထူးဆန်းသွားပြီး ခပ်မြန်မြန်ပင် ဘာဖြစ်နေလဲဆိုတာကို မေးမြန်းလိုက်ပါသည်။ လီချန်ချင်းကလည်း မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ဇာတ်လမ်းတစ်ခုလုံးကို အစအဆုံးရှင်းပြလိုက်ပါ၏။ အရာအားလုံးကို ကြားပြီးသောအခါတွင် ရွှယ်ချမ်းပိုင်က ထိတ်လန့်သွားခဲ့ပြီး ခပ်မြန်မြန် ထပ်မေးလိုက်၏။

“ဒီနောက်ပိုင်းမှာ ဆေးဘုရင်တောင်ကြားက တစ်ခုခုလှုပ်ရှားမှုတွေ လုပ်သေးလား”

“မလုပ်ဘူး”

လီချန်ချင်းက ဖြေလိုက်၏။

“ဆေးဘုရင်တောင်ကြားက ပုံမှန်အတိုင်းဖြစ်နေတယ်..။ သူတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးထားလဲဆိုတာကိုတော့ ကျုပ်မသိဘူး..။ ဒါပေမဲ့ ဆေးဘုရင်တောင်ကြားက သေသွားတဲ့သူတွေ အကုန်လုံးက ပြန်ရှင်နေကြတယ်..။ အရမ်းကို ထူးဆန်းလွန်းအားကြီးတယ်”

“တခြားလူတွေကို ကျုပ်တို့က ဒီအကြောင်းတွေကို ပြောမယ်ဆိုရင်တောင်မှ ဘယ်သူကမှ ယုံမယ်လိုတော့မထင်ဘူး”

“ဒါလည်းမှန်တာပဲ”

ရွှယ်ချမ်းပိုင်က အချိန်ကြာကြာ တွေးလိုက်၏။ ထို့နောက်မှ

“ဘာပဲဖြစ်ဖြစ် ငါတို့တွေ သတိတော့ ထားသင့်တယ်”

“ထာဝရရှင်သန်ခြင်းဂိုဏ်းက တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ မင်းလုပ်လိုက်တာကြောင့် သူတို့ကအားတော်တော် နည်းသွားတယ်ဆိုပေမဲ့ အခုလက်ရှိ သူတို့ကနောက်ကွယ်မှာ လှုပ်ရှားနေတုန်းပဲ..။ ပြီးတော့ မင်းရှေးဟောင်းဆေးလှိုဏ်ဂူမှာ မြင်ခဲ့တဲ့ ဧရာမလှောင်ချိုင့်ကြီးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်..။ သူတို့တွေ တစ်ခုခုလုပ်နေမှာကိုတော့ ငါနည်းနည်းစိုးရိမ်တယ်”

“သူတို့ရဲ့ရည်ရွယ်ချက်က အင်မော်တယ်ကို ပြန်ရှင်သန်အောင်လုပ်ဖို့ပဲ”

လီချန်ချင်းက လှောင်ပြောင်လိုက်၏။

“သူတို့ရဲ့အင်မော်တယ်ဆိုတာ ဘာကြီးလဲဆိုတာကို ငါမသိဘူး.. ဒါပေမဲ့ အဲ့အင်မော်တယ်ပြန်ထွက်လာရင် စန်းယွမ်နယ်မြေကြီးတစ်ခုလုံးကတော့ ဒုက္ခကြီးကြီးတွေ့မှာပဲ..လုံးဝကပ်ဘေးကြီးတစ်ခုလုံးဖြစ်သွားမှာ ကျိန်းသေတယ်”

“ကံဆိုးတာက ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ပတ်သက်ပြီးတော့ ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေက အရမ်းကိုနည်းလွန်းအားကြီးတယ်”

“ဒါနဲ့ စကားမစပ် ဆုမိသားစုက ဆုကျန်းကို မင်းအနိုင်ယူခဲ့တယ်လို့ ငါကြားတယ်”

ရွှယ်ချမ်းပိုင်က ရုတ်တရက် ဆုမိသားစု၏ သတင်းအခြေအနေကို သတိရသွားခဲ့သည်။

“ငါသူ့ကို ပြန်ပို့လိုက်ပြီ”

လီချန်ချင်းက ပြောလိုက်၏။

“သူနဲ့ ဆုမိသားစုက နဂါးသွေးအဆီအနှစ် သုံးစက်နဲ့ ငါလဲခဲ့တယ်..”

“ဆုမိသားစုရဲ့ ဘိုးဘေး မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ နဂါးသွေးအဆီအနှစ် သုံးစက်နဲ့ လဲပေးလိုက်တယ်ဆိုတာက မင်းအနေနဲ့ လွယ်လွယ်လေး အလျော့ပေးလိုက်တယ်လို့ ပြောလို့ရတယ်”

ရွှယ်ချမ်းပိုင်က အေးစက်စွာ လှောင်ပြောင်လိုက်၏။

“ဘာပဲဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ဆုရှီကျုံးကိုယ်တိုင် လာမယ်ဆိုရင်တောင်မှ ငါ့ကိုသူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ရွှယ်ချမ်းပိုင်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။ ရွှယ်ချမ်းပိုင်သည် ကြွားဝါနေခြင်းမဟုတ်မှန်းကို လီချန်ချင်းက သိပါ၏။ အဆင့်မြင့် ဆရာသခင်အဆင့်တွင်ပင်လျှင် ရွှယ်ချမ်းပိုင်သည် အဟုန်နိယာမကို ကောင်းကောင်း နားလည်ခဲ့ပြီဖြစ်၏။ အဟုန်နိယာမကို နားလည်ထားသောကြောင့် သူ၏ခွန်အားသည် သာမန်မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူများနှင့် လက်ရည်တူ တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ယခုတွင်သူသည် မဟာသိုင်းဂိုဏ်းအဆင့်သို့ ချိုးဖြတ် ဝင်ရောက်သွားပြီ ဖြစ်သောကြောင့် ရွှယ်ချမ်းပိုင်သည် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများတွင် ထိပ်တန်းစွမ်းအား၌ ရှိပေလိမ့်မည်။

ထို့ကြောင့် ဆုမိသားစုကို လုံးဝ ကြောက်ရွံ့နေစရာမလိုပါ။

“ဒါနဲ့လေ မင်းကအခု မဟာသိုင်းဂိုဏ်းအဆင့်ကို ဖြစ်သွားပြီဆိုမှတော့ ငါတို့နှစ်ယောက်အတူတူ ဝမ်ကျိတောင်မှာ တိုက်ပွဲသွားကြည့်ပြီးရင် မင်း ချင်းရန်မင်းဆက်ကို သွားပြီးတော့ မင်းသမီးလေးချင်းရန်ကို မင်းရဲ့ခံစားချက်တွေ ထုတ်ပြောသင့်တယ်နော်”

လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို စနောက်လိုက်၏။ ထိုစကားကိုကြားသော် ရွှယ်ချမ်းပိုင်က တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

ရင်ထဲက ခံစားချက်များကို ပြောမှ ရတော့မည် ဖြစ်သည်။ ဝမ်ကျိတောင်မှ ပြန်လာပြီးလျှင် သူက ချင်းရန်မင်းဆက်သို့ သွားပြီး သူအချစ်ရဆုံးသော အမျိုးသမီးကို သွားတွေ့မည်။ ထို့နောက် ထိုအမျိုးသမီးကို သူကလေးလေးနက်နက်ကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟဝန်ခံပေမည်။

ချင်းရွှယ်အာဏာဓားအရှင်ဟူသော ဂုဏ်ပုဒ်သည် ချင်းရန်မင်းဆက်၏ မင်းသမီးကို ရယူရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပါသေး၏။

လီချန်ချင်းက မြေခွေးအိုတစ်ကောင်လို ပြုံးလိုက်၏။ နာမည်ကြီးကျော်ကြားသော ချင်းရွှယ်အာဏာဓားသခင်က ချစ်ရေးချစ်ရာနဲ့ပတ်သက်ပြီး ရှက်ရွံ့နေခြင်းကို မြင်ရသည်မှာ အင်မတန်နေလို့ကောင်းသည်ဟု သူက တိတ်တဆိတ်တွေးလိုက်ပါ၏။

အမည်မရှိသော တောင်ကြားလေးတစ်ခုတွင် ကုန်လွန်ခဲ့သော ရက်များတွင် မူချင်းကောသည် လီရွှမ်းရှီကို ပြုစုပေးနေရ၏။ လီရွှမ်းရှီက သူ၏နေ့ရက်များကို စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ ကျင့်ကြံခြင်းတို့နှင့်သာ အချိန်ကုန်နေခဲ့ပါသည်။ သူမသည် ဓားသိုင်းကို ကျင့်ကြံနေသည်ကို မူချင်းကော မတွေ့ခဲ့ပါချေ။ ဖြစ်နိုင်တာက မြေလျှောက်အင်မော်တယ်အဆင့်ကို ရောက်သွားလျှင် ကျင့်ကြံရတဲ့ပုံစံတွေက ပြောင်းသွားတာလဲ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ထို့ကြောင့် မူချင်းကောက ရှည်ရှည်ဝေးဝေး အများအပြားတွေးတော မနေခဲ့ပါ။ ဒါပေမဲ့ လီရွှမ်းရှီ၏ အခြေအနေက သိပ်မကောင်းသည်ကိုတော့ မူချင်းကော အာရုံခံမိ၏။

“စီနီယာရှင့် စီနီယာရဲ့ ခန္ဓာကိုယ်အခြေအနေက တစ်ခုခု ထူးခြားနေတယ်လို့ ကျွန်မ ခံစားမိတယ်။ စီနီယာနေမကောင်းဘူးလား.. ကျွန်မက ဆေးဘုရင်တောင်ကြားက ဆက်ခံသူပါ။ ဆေးကုသမှုနဲ့ပတ်သက်ပြီး တော်တော်များများ အကျွမ်းကျင်ကြီး မဟုတ်ဘူးလို့ မပြောရဲတဲ့တိုင် နည်းနည်းပါးပါးတော့ နားလည်ပါတယ်..။ ကျွန်မကို လက်ကလေး ပေးလို့ရမလား… သွေးခုန်နှုန်းလေး တိုင်းကြည့်ချင်လို့ပါ။”

မူချင်းကောက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လီရွှမ်းရှီ၏ လက်ကောက်ဝတ်ကို ထိလိုက်၏။ ထိုအခိုက်မှာပင် လီရွှမ်းရှီ၏ မျက်နှာ အမူအရာသည် ချက်ချင်းကို ပြောင်းလဲသွား၏။ သူမသည် သူမ၏လက်ကို ကမန်းကတမ်း ပြန်ရုတ်လိုက်၏။

“ငါအဆင်ပြေတယ်.. မင်းလုပ်စရာရှိတာပဲလုပ်။ ငါ့ခန္ဓာကိုယ်က အဆင်ပြေပြီးသား”

ထိုသို့ပြောပြီးနောက် လီရွှမ်းရှီက မတ်တပ်ထရပ်လိုက်ပြီး ရေကန်နံဘေးသို့ လမ်းလျှောက်သွားပြန်သည်။

ထို့နောက်သူမက ဆက်လက်၍ တင်ပုလ္လင်ခွေ ထိုင်ပြီး ကျင့်ကြံနေပါ၏။ လီရွှမ်းရှီနှင့်ပတ်သက်၍ တစ်စုံတစ်ခုက မှားယွင်းနေသည်ကို မူချင်းကောက ပို၍ ခံစားလာရပါသည်။

“ဖြစ်နိုင်တာက သုံးသက်ပန်းကို စားသောက်ထားတာရဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်နေမလား”

မူချင်းကောသည် သုံးသက်ပန်းလိုမျိုး ဒဏ္ဍာရီပန်းနှင့်ပတ်သက်ပြီးတော့ ဘာမှ သေသေချာချာ မသိပါ။ လီရွှမ်းရှီက သူမကို ကုသခွင့် မပေးသောကြောင့် မူချင်းကောကလည်း လက်လျော့ရန်သာ တတ်နိုင်ပါသည်။ သို့သော် လီရွှမ်းရှီ၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခုက ကြီးကြီးမားမားကို လွဲမှားနေသည်ကိုတော့ မူချင်းကော၏မသိစိတ်က ပြောပြနေခဲ့ပါသည်။

မူချင်းကောကို ကျောခိုင်းသွားသော လီရွှမ်းရှီ၏ မျက်နှာ၌ ယခုအချိန်တွင် လွန်စွာ ခံစားရခက်ခဲနေသော အမူအရာဖြစ်ပေါ်နေပါ၏။

“အစ်ကိုလီ ဒါက ရှင်ကျွန်မကို လက်စားချေတဲ့နည်းလား..။ ရှင့်ကို ကျွန်မ သတ်ခဲ့ရလို့ အခုကျွန်မ ဒီလိုမျိုး ပြန်ခံစားနေရတာများလား”

All Chapters