အခန်း (၄၀၅)
Vol. 34 Ch. 405
ကောင်းကင်ကြီးက မှောင်မိုက်နေသည်။ ညသို့ ရောက်လာပြန်ပါပြီ။ လမင်းကို တိမ်များ ဖုံးကွယ်နေသောကြောင့် သိပ်မကြာမီတွင် မိုးစက်မိုးပေါက်များက စတင်ပြီးကျဆင်းလာခဲ့ပါသည်။ မိုးရွာသွန်းမှုကြောင့် မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ လမ်းမများသည် ခြောက်ကပ်နေခဲ့ပါ၏။ လမ်းနံဘေးတွင်တော့ မီးရောင်ဖျော့ဖျော့ ထွန်းလင်းထားသည့် သေရည်ဆိုင်လေးတစ်ခုတော့ ရှိပါသည်။ အဝေးမှ ကြည့်လျှင် ထိုသေရည်ဆိုင်က အမှောင်ထုထဲတွင် လင်းလက်နေသော နွေးထွေးသည့် အရိပ်အမြုံလေး တစ်ခုလို ဖြစ်နေခဲ့ပါသည်။
သေရည်ဆိုင်တွင် လူတစ်ဦးမှ လွဲ၍ သောက်သုံးနေသူ တစ်ဦးမှ မရှိပါ။ ရှိသောသူသည် အဝင်ဝနားတွင် ထိုင်နေပါ၏။ သူ့အရှေ့တွင်တော့ သေရည်နှစ်အိုးရှိသည်။ ထို့နောက်တွင် သေရည်နှင့် မြည်းရန် အမြည်းတစ်ပန်းကန်လည်း ရှိပါသည်။
“စစ်သူကြီး ဒီနေ့စားရတာ ဘယ်လိုလဲဗျ”
သေရည်ဆိုင်ပိုင်ရှင်သည် ပဲလှော်များထည့်ထားသော ပန်းကန်ကို ယူလာရင်း အရက်ထိုင်သောက်နေသော သူကို မေးလိုက်ပါသည်။
“အဟက်.. မဆိုးဘူး မဆိုးဘူး။ အရသာက ကျုပ်ရင်းနှီးနေတဲ့ အရသာပဲ.. ကျုပ်သိပ်ကြိုက်တယ်ဗျ”
ကျောက်ပိုင်မင်က ပြုံးရင်းပြောလိုက်ပါသည်။ သူ၏သေရည်ခွက်ထဲသို့ သေရည်များကို နောက်တစ်ခွက် လောင်းထည့်လိုက်၏။ သူသည် တိတ်ဆိတ်နေသော အခြေအနေကို သဘောကျနေပုံရ၏။
“မင်းရဲ့ သေရည်က တကယ်ကောင်းတာပဲ။ အခုလိုမျိုး မိုးရာသီနဲ့ ကိုက်တာပေါ့ကွာ”
ကျောက်ပိုင်မင် ချီးကျူးလိုက်သည်။
“မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာ သိပ်မကြာခင်က သေရည်ဆိုင်အသစ်တစ်ခု ထပ်ဖွင့်ခဲ့တယ်လေ..။ ဆိုင်နာမည်က ချန်ချင်းသေရည်ဆိုင်ဆိုပဲ..။ လူတိုင်းပြောကြတာက အဲ့ဒီဆိုင်က သေရည်က သိပ်ကို ကောင်းတယ်တဲ့။ ကျုပ်တောင် မမြည်းခင်မှာပဲ ဆိုင်က ပိတ်သွားခဲ့တယ်”
ဆိုင်ရှင်က နောင်တရနေသည့် လေသံနှင့် ပြောလိုက်ပါ၏။
“ချန်ချင်း ဟုတ်လား.. ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ထပ်ဖွင့်တဲ့ ဆိုင်ပဲဖြစ်ပါလိမ့်မယ်”
ကျောက်ပိုင်မင်က ခန့်မှန်းလိုက်သည်။ သူ့၌ ထူးထူးဆန်းဆန်းဝါသနာများ မရှိပါ..။ သို့သော် သေရည်သောက်ရခြင်းကိုတော့ နှစ်ခြိုက်ပါသည်။ သေရည်ဟူသော ဝေါဟာရကို ကြားသည်နှင့် သူ့ပါးစပ်က သွားရေများ ကျသည်အထိ သောက်သုံးချင်ပါသည်။
မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ မြို့သစ်တံခါးတွင်တော့ အစောင့်များက စောင့်ကြပ်နေ၏။ ရုတ်တရက် မှောင်မဲစိုစွတ်သော ညတွင် ဧရာမ ပုံရိပ်ကြီးတစ်ခုကို သူတို့ သတိပြုမိလိုက်သည်။
“ဘာလဲ”
အနည်းငယ်နိုးကြားနေသော အစောင့်တစ်ဦးသည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးတော့ ဘာကြီးလဲဆိုတာကို သွားကြည့်လိုက်၏။ သူသေချာမမြင်နိုင်ခင်မှာပင် အမှောင်ထုထဲမှာ ရွေ့လျားသော လျှာကြီးတစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး သူ့ကို ဆွဲခေါ်လိုက်ပါတော့သည်။
“ရန်သူ တိုက်ခိုက်တယ်”
တခြားသော အစောင့်များကလည်း အော်ဟစ်လိုက်ပြီး သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကာ ရွေ့လျားလာသော လျှာကြီးကို ဖြတ်တောက်လိုက်၏။ သို့သော် သူတို့၏ လှုပ်ရှားမှုများက အရမ်းကို နှေးကွေးနေခဲ့သည်။ ဧရာမဖားပြုတ်ကြီးက လျှာဖြင့် ချုပ်နှောင်ထားသော အစောင့်ရဲမက်ကို တကျိုက်တည်း မြိုချလိုက်ပါ၏။
မိုးမှာ တိတ်ဆိတ်စွာ ရွာသွန်းနေသည်။ သေရည်သောက်နေသော ကျောက်ပိုင်မင်၏ နားရွက်များက လှုပ်သွား၏။ သေရည်ခွက်ထဲသို့ ငှဲ့ရန် သေရည်အိုးမှာလည်း ငြိမ်သက်သွားခဲ့ပါသည်။ သူသည် သေရည်ခွက်ကို ပြန်ချပြီးနောက် သစ္စာကိုးပါးလှံကို ဆွဲလိုက်ပြီး သေရည်ဆိုင်ထဲမှ အပြင်သို့ ထွက်သွားခဲ့၏။ အပြင်သို့ ရောက်သည်နှင့် သူ၏ရီဝေနေသော မျက်ဝန်းများသည် ချက်ချင်းပင်လျှင် စူးရှ ထက်မြက်နေပါ၏။ သူ၏အကြည့်မှာ အဝေးသို့ စိုက်ကြည့်နေခဲ့ပါသည်။ ရန်သူ၏ တိုက်ခိုက်သံနှင့် စစ်သားများ၏ တိုက်ခိုက်သံများကို သူကြားနေရသည်။
ကျောက်ပိုင်မင်က ချက်ချင်းကို နားလည်သွားခဲ့ပါ၏။ တိုက်ပွဲရှိသောကြောင့် မြို့အနှံ့တွင် ကျွမ်းကျင်သူများသည် မြေလျှောက်အင်မော်တယ်များ၏တိုက်ပွဲကို ကြည့်ရန်အတွက် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အစောင့်အကြပ်များ မရှိသည်ကို အခွင့်ကောင်းယူပြီးသည့်နောက်တွင် ရန်သူက မြို့တော်ကို တိုက်ခိုက်ရခြင်း ဖြစ်ရမည်။ ကံကောင်းတာက သူ့လိုမျိုး ကျွမ်းကျင်သူတစ်ယောက်က မြို့၌ ကျန်ရစ်နေခြင်းဖြစ်၏။ သစ္စာကိုးပါးလှံတံကို သူ၏နောက်၌ ချည်နှောင်လိုက်ပြီးနောက်တွင် ကျောက်ပိုင်မင်သည် မြို့ဂိတ်တံခါးသို့ ချက်ချင်းပင် ပျံသန်းသွားခဲ့ပါတော့သည်။ မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ ယခုလိုမျိုးအခြေအနေတွင် ဘယ်သူကများ ပြဿနာလာရှာလည်းဆိုတာကို သူက ကြည့်ချင်နေပါ၏။
ဧရာမ ဖားပြုတ်ကြီးသည် မြို့တွင်းသို့ ဝင်ရောက်နေပြီဖြစ်၏။ မြို့ဂိတ်တံခါးကို ချေမွလိုက်ပြီး တွေ့သမျှလူများအားလုံးကို အငမ်းမရ မြိုချနေပါ၏။ ထို့နောက်တွင်တော့ အသက်ကင်းမဲ့နေသော အလောင်းများကို ပြန်လည်၍ ထွေးထုတ်နေ၏။
“သေချင်နေတာပဲ”
အစောင့်ရဲမက်များ၏ အလောင်းများက အပုံလိုက်ဖြစ်နေသည်ကို မြင်သောအခါတွင် ကျောက်ပိုင်မင်က ဒေါသပုံထသွား၏။ သစ္စာကိုးပါးလှံတံကို ဆွဲယူလိုက်ပြီး ဖားပြုတ်၏ဗိုက်ကို ပြင်းထန်လှသော ထိုးဖောက်အားနှင့် ထိုးဖောက်ချလိုက်၏။ တောင်ကုန်းတစ်ခုကဲ့သို့ ကြီးမားလှသော ဖားပြုတ်ကြီးသည် ကျောက်ပိုင်မင်၏ခွန်အားကို လျော့တွက်ခဲ့ပါသည်။ ကျောက်ပိုင်မင်၏ထိုးနှက်ချက်ကြောင့် ဖားပြုတ်သည် အဝေးသို့ လွင့်ပျံထွက်သွားပါ၏။ ကံဆိုးသွားတာက ကျောက်ပိုင်မင်၏ တိုက်ခိုက်မှုမှာ ဖားပြုတ်ကို ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါချေ။
ဖားပြုတ်သည် နာကျင်မှုကြောင့် ဒေါသတကြီးဖြစ်လာပြီး သူ၏မျက်ဝန်းများက ပို၍ပင် နီရဲလာပါ၏။ သူ၏ပါးစောင်သည် ဒေါသကြောင့် ဖောင်းကားလာပါ၏။ သေးငယ်သော ဘာမဟုတ်သည့် လူသားတစ်ဦးက သူ့ကို နာကျင်အောင် လုပ်နိုင်မည်ဟု သူက မမျှော်လင့်ထားခဲ့ပါ။ ချက်ချင်းပင်လျှင် ဖားပြုတ်ကြီးက ကျောက်ပိုင်မင်ထံသို့ ပြေးသွားခဲ့၏။
“စစ်သူကြီးကျောက် သတိထားကြပါ”
နံဘေးတွင်ရှိသော စစ်သားများကလည်း ကြောက်လန့်တကြားဖြင့် အသိပေးလိုက်ပါသည်။ ဒါပေမဲ့ ကျောက်ပိုင်မင်က ယခုအချိန်တွင်တော့ လုံးဝ လေးနက်နေပြီဖြစ်၏။ သူက သစ္စာကိုးပါးလှံကို မြှောက်လိုက်ပြီး ဖားပြုတ်ကြီးကို စွမ်းအားပြင်းထန်လှသော ထိုးနှက်ချက်များဖြင့် ထိုးနှက်လိုက်ပါ၏။ ကျောက်ပိုင်မင်၏ ထိုးနှက်ချက်များသည် ဧရာမ အားများ ပါဝင်လှပါ၏။ သို့သော် အံ့ဩသွားစေသည်မှာ ဖားပြုတ်၏ခန္ဓာကိုယ်သည် လွန်စွာမှကို နူးညံ့ပျော့ပြောင်းလှသောကြောင့် သူ၏ပြင်းထန်လှသော စွမ်းအားများအားလုံးသည် ဝါဂွမ်းပုံထဲသို့ ရောက်သွားသလိုမျိုး အစအန ရှာမတွေ့အောင်ပင် ပျောက်ရှသွားခဲ့ပါသည်။
ထိုကဲ့သို့ ဆိုရင်တောင်မှ ဖားပြုတ်သည်လည်း ကျောက်ပိုင်မင်ကို အနိုင်မယူနိုင်ပါ။ သူ၏လျှာများက ကျောက်ပိုင်မင်ကို လုံးဝ မထိနိုင်ပါ။ ကျောက်ပိုင်မင်၏ ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော အလွှာတစ်ခုက ကာရံထားပေးပြီး သူ၏လျှာကို အမြဲမပြတ် တွန်းကန်နေခဲ့ပါသည်။ နောက်ဆုံး၌ အနိုင်မရတော့မှန်းသိသောကြောင့် ဖားပြုတ်ကြီးသည် အနောက်သို့ လှည့်ပြီးနောက် ထွက်ပြေးသွားခဲ့ပါသည်။
“ပြေးချင်တယ်ပေါ့ ..ဟုတ်လား”
ဖားပြုတ်က လူအမြောက်အများကို သတ်ဖြတ်သွားသောကြောင့် ကျောက်ပိုင်မင်ကလည်း အလွတ်မခံပါ။ သူဖားပြုတ်နောက်သို့ အသည်းအသန် ပြေးလိုက်သွားပါ၏။ ဖားပြုတ်သည် အဓိက လမ်းမကြီးမှ တောနက်ထဲသို့ ထွက်ပြေးသွားခဲ့သည်။ ကျောက်ပိုင်မင်ကလည်း မိုင်သုံးဆယ်ခန့်ထိ အနောက်မှ လိုက်ခဲ့ပါသည်။ သူဝေးဝေးကိုသွားလေလေ ပို၍နက်သော တောထဲသို့ ရောက်လာလေလေဖြစ်သည်။ ဖားပြုတ်က သူ့ကို တစ်နေရာရာသို့ တမင်တကာ မျှားခေါ်သွားမှန်းကို ကျောက်ပိုင်မင်က ခံစားနေရပါ၏။ ထိုအခြေအနေကို သတိပြုမိသည်နှင့် ကျောက်ပိုင်မင်သည် ချက်ချင်းရပ်လိုက်ပြီးသည့်နောက်တွင် ပြန်ရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။ သို့သော် သူရပ်လိုက်သည့် အချိန်မှာပင် အဆက်မပြတ် ရွာသွန်းနေသော မိုးက ချက်ချင်း တိတ်သွား၏။ တိုက်ခိုက်နေသော လေများကလည်း ငြိမ်ကျသွား၏။ လေထုတစ်ခုလုံးမှာ ပူလောင်ပါသည်။ ပတ်ပတ်လည် ဧရိယာတစ်ခုလုံးကို ပြင်းထန်လှသော မီးတောက်များက လွှမ်းခြုံသွားပါ၏။
အမျိုးသမီးတစ်ဦးသည် မီးတောက်များကြားမှ ထွက်ပေါ်လာပြီး ကျောက်ပိုင်မင်ကို ပြုံးရင်းနှင့် စိုက်ကြည့်နေပါသည်။ သူမ၏ ပိန်ပါးသော ပုံရိပ်သည် ဆွဲဆောင်နိုင်စွမ်းရှိ၏။ သူမ၏ လှုပ်ရှားမှုတိုင်းသည် ညှို့ငင်နိုင်စွမ်းလည်း ရှိပါသည်။
“စစ်သူကြီးကျောက်ကို ကျွန်မက နှုတ်ခွန်းဆက်သပါတယ်”
အမျိုးသမီးက ပြုံးလိုက်၏။
“မင်းဘယ်သူလဲ”
ကျောက်ပိုင်မင်သည် မျက်မှောင်ကြုတ်လိုက်သည်။
“ငါ့ကိုဒီနေရာကို ဘာလို့ မျှားခေါ်လာတာလဲ”
“စစ်သူကြီးကျောက်ကို ကျွန်မက လေးစားနေတာကြာပါပြီ..။ ကျွန်မက ရှင့်ရဲ့ပရိသတ်ပါ”
အမျိုးသမီးသည် ပြုံးရင်းနှင့် ပြောလိုက်ပါ၏။
“ကျွန်မကိုယ် ကျွန်မ မိတ်ဆက်ခွင့်ပြုပါ”
“ကျွန်မကို ရှင်က ယုယွင်လို့ခေါ်လို့ရပါတယ်”
“ကျွန်မက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ကာကွယ်သူတမန်တော်ဖြစ်တဲ့ မီးငှက်နတ်ဘုရားအရှင်ပါ”