အခန်း (၄၀၆)
Vol. 34 Ch. 406
“ထာဝရရှင်သန်ခြင်းဂိုဏ်းလား”
သူ့အရှေ့တွင် ရှိသောလူကို ကျောက်ပိုင်မင်က သေသေချာချာ အကဲခတ်လိုက်၏။ ထိုအခိုက်မှသာ ထိုအရာသည် လူသားမဟုတ် တစ္ဆေမျိုးနွယ်ဝင်တစ်ဦးဖြစ်သည်ကို သူသတိပြုမိလိုက်၏။ တစ္ဆေမျိုးနွယ်ဖြစ်သည့်အလျောက် သာမန်တွေ့နေကြဖြစ်သော သွေးတစ္ဆေမျိုးနွယ်ဝင်မဟုတ်ဘဲ ထူးခြားသော တစ္ဆေမျိုးနွယ်ဝင်ဖြစ်ပေသည်။ ထူးခြားသော သွေးမျိုးဆက်ရှိသည့် တစ္ဆေမျိုးနွယ်ဝင်ဖြစ်ပြီး မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူ တစ်ချိန်တည်းဖြစ်နေချိန်မှာ ရှားပါးလှပါသည်။ ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် တစ်စုံတစ်ဦးသည် စန်းယွမ်နယ်မြေကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စန်းယွမ်နယ်မြေကြီးတစ်ခုလုံး၌ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူများမှာ ရှားပါးလွန်းလှသောကြောင့် ဖြစ်သည်။
သို့ပေမဲ့ သူ့အရှေ့တွင်ရှိသော ယုယွင်ဟူသော အမျိုးသမီးကို ကျောက်ပိုင်မင်က လုံးဝ မကြားဖူးပါ။ ထိုဖြစ်ရပ်ကို ကြည့်ရှု့ခြင်းအားဖြင့် ထာဝရရှင်သန်ခြင်းဂိုဏ်းသည် တော်တော်လုံခြုံအောင် ပုန်းအောင်းနိုင်သည်ဟု ပြော၍ရပါသည်။ ဤလောကရှိ မည်သူကမျှ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အင်အားနှင့် ဆန်းကြယ်မှုကို ရှာတွေ့နိုင်ခြင်းမရှိပါ။
“ငါ့ကို ဒီနေရာကို မျှားခေါ်လာတယ်ဆိုမှတော့ မင်းက ငါ့ကို သတ်ချင်နေတာ ဟုတ်တယ်မလား”
ကျောက်ပိုင်မင်၏ အကြည့်သည် ပို၍လေးနက်လာခဲ့ပါသည်။
သူက ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဖြစ်မနေ သတ်ဖြတ်ရမည့် စာရင်းထဲ၌ နာမည်ပါနေသည်ကို သူကြားဖူးခဲ့ပါသည်။ အတိတ်တုန်းကတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက မည်သူမျှ သူ့ကို လာမရှာသောကြောင့် ထိုအရာကို ကောလဟာလဟုသာ သတ်မှတ်ထားခဲ့ပါ၏။ ယနေ့တွင်တော့ သူ၏အသက်ကို နှုတ်ယူရန်အတွက် လာရှာပြီဖြစ်သည်။ ရှောင်လွှဲ၍ မရသော အဖြစ်အပျက်များက ရောက်ရှိနေချေပြီ။
“စစ်သူကြီးကျောက် နားလည်မှု မလွဲပါနဲ့ရှင်။ ကျွန်မက ရှင့်ကို သတ်ချင်တာ မဟုတ်ပါဘူး။ ကျွန်မတို့က ရှင့်ရဲ့အသက်ဝိဉာဉ်ကိုပဲ ငှားယူချင်တာပါ။ ရှင့်ရဲ့ဝိဉာဉ်က တံခါးဖွင့်ဖို့အတွက် လိုအပ်တဲ့သော့တွေထဲက တစ်ချောင်းပဲလေ”
ယုယွင်က ဆော့ကစားလိုသော အပြုံးကို ပြုံးရင်း ဖြေလိုက်သည်။
“မေးပါရစေဦး ငါ့ရဲ့ဝိဉာဉ်က သော့ဆိုတာ ဘာကို ပြောချင်တာလဲ”
ကျောက်ပိုင်မင်သည် ပို၍ သိချင်လာခဲ့သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက တချို့သော လူများကို သော့များဟုသတ်မှတ်ပြီး အသည်းအသန် လိုက်သတ်နေသည်ကို သူကြားဖူးပါ၏။ သူတို့သတ်မှတ်ထားသည့် သော့များဟူသော လူများကလည်း တစ်ဦးနှင့်တစ်ဦး အဆက်အစပ် မရှိပါချေ။
“ရှင်သိချင်တယ်ဆိုမှတော့ ကျွန်မက ပြောပြရမှာပေါ့”
ယုယွင်သည့် အနီးအနားတွင်ရှိသော ရေညှိများတက်နေသည့် အစိမ်းရောင်ကျောက်တုံးပေါ်၌ ထိုင်ချလိုက်ပါသည်။ သူမက ခြေကို ချိတ်လိုက်ပါ၏။ ရဲရဲတောက်နေသော အနီရောင်ဝတ်စုံသည် ဘေးသို့ ဝဲကျသွား၏။ အနီရောင်ဝတ်စုံ၏ အကွဲကြောင်းမှ ဖြူဖွေးရှည်လျားပြီး အချိုးအစားကျလှသော ဆွဲဆောင်နိုင်စွမ်း ပြင်းထန်လှသည့် ခြေချောင်းများက ပေါ်လာခဲ့ပါသည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို ဘယ်ယောက်ျားကမှ တောင့်ခံနိုင်မည် မဟုတ်ပါ။
“သော့က တစ်ချောင်းတည်းရှိတာမဟုတ်ဘူး..။ သော့ဆိုပြီးတော့ ဖြစ်လာနိုင်တဲ့သူတွေက သူများထက်ထူးခြားတဲ့ နှလုံးသားတွေ ရှိတယ်။”
ယုယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“လတ်တလောတုန်းက သေသွားတဲ့ လီဟမ်ရှန်းကိုပဲ ကြည့်လေ..။ သူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းတပည့်ဖြစ်တယ်..။ သူ့မှာ နားလည်သဘောပေါက်နိုင်စွမ်း နှလုံးသားရှိတယ်..။ သူက ဘယ်ပန်းချီကားတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲစွမ်းအားကြီးတဲ့ ပန်းချီကားတွေပဲဖြစ်ဖြစ် တစ်ချက်ကြည့်တာနဲ့တင် ချက်ချင်းကို နားလည်သဘောပေါက်နိုင်စွမ်းရှိတယ်..။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်း နှလုံးသားက သော့တစ်ချောင်းပဲ။
နောက်တစ်ယောက်က ချင်းရွှယ်အာဏာဓားအရှင်သခင် ရွှယ်ချမ်းပိုင်..။
သူက ပြိုင်ဘက်ကင်းတဲ့ဓားနှလုံးသားကို ပိုင်ဆိုင်တယ်။ သူက အခုထက်ထိ အဆင့်မြင့် ဆရာသခင်အဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့ရဲ့ဓားသိုင်းပညာက အရမ်းကို စွမ်းအားကြီးမားတယ်။ အဲ့အပြင်ကိုမှ သူက အဟုန်နိယာမကိုလည်း ဖမ်းဆုပ်ပြီးတော့ ကျွမ်းကျင်နေသေးတယ်..။ အဟုန်နိယာမကို စပြီး နားလည်တဲ့အချိန်မှာ သူ့အဆင့်က အဆင့်မြင့် ဆရာသခင်မှာပဲရှိသေးတယ်။ သူ့ရဲ့ဓားနှလုံးသားဆိုတာက သာမန်လူတွေ ပိုင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ဘူး..။ပြီးတော့ ချင်းရွှယ်အာဏာဓားအရှင်က အခုမှ အသက်သုံးဆယ်ပဲရှိသေးတယ်။ ဒီအရွယ်မှာတောင် ဒီလောက်ထိ အောင်မြင်မှု ကြီးကြီးမားမားရနေပြီဆိုရင် သူကြီးပြင်းလာတဲ့အခါကျရင် ဘယ်လောက်အမြင့်အထိ ရောက်မလဲဆိုတာကို ခန့်မှန်းရခက်တယ်။ အဲ့ဒါကြောင့်မို့ သူ့ရဲ့ဓားနှလုံးသားက နောက်ထပ် သော့တစ်ချောင်းပဲ”
“ကျုပ်နားလည်ပြီ”
ထိုအခိုက်မှသာ ထာဝရရှင်သန်ခြင်းဂိုဏ်းက သော့များကို မည်သို့ ရွေးချယ်သည်ကို ကျောက်ပိုင်မင်က စတင်၍ သဘောပေါက်လာခဲ့ပါတော့သည်။
“စစ်သူကြီးကျောက် ရှင်ကတော့”
ယုယွင်သည် သူမ၏မေးစေ့ကို အနည်းငယ်မော့လိုက်ပါ၏။ ထို့နောက် ကျောက်ပိုင်မင်ကို ဆွဲဆောင်မှု ပြင်းထန်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“ရှင့်မှာက ထိုးဖောက်၍ မရနိုင်တဲ့ နှလုံးသားရှိတယ်..။ အဲ့ဒါကြောင့်မလို့ သော့တစ်ချောင်းအနေနဲ့ အရည်အချင်းပြည့်မီသွားတယ်..။ တစ်နေ့နေ့မှာ ရှင်သာဆရာသခင်အဆင့်ကို ချိုးဖောက်နိုင်လို့ရှိရင် ဒီလောကက ဘယ်သူမှ ရှင့်ကို လွယ်လွယ်နဲ့သတ်နိုင်တော့မှာ မဟုတ်ဘူး..။ အဲ့ဒါကြောင့်မို့ ရှင်အဆင့်မတက်ခင်မှာ သတ်လို့လွယ်တုန်းမှာ ကျွန်မတို့က လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာပဲ”
ယုယွင်က ပြုံးလိုက်ပါသည်။
“ပြီးတော့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို ရှင့်ကို ပြောပြဦးမယ်။ မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာ ကျွန်မတို့ရဲ့ ပစ်မှတ်က ရှင်တစ်ယောက်တည်း မဟုတ်ဘူး..။ မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဧကရာဇ် ယင်ဖန်းချီရဲ့သား ယင်ချန်းလီကလည်း ကျွန်မတို့ရဲ့ ပစ်မှတ်ပဲ။ သူက သစ်သားဝိဉာဉ်နတ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ တုနှိုင်းမဲ့သဘာဝနှလုံးသားကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ အဲ့ဒါကလည်း ကျွန်မတို့ လိုအပ်တဲ့သော့တစ်ချောင်းပဲဖြစ်တယ်။”
“မင်းသားဆယ့်တစ်ကို ပြောတာလား”
ယုယွင်၏စကားကိုကြားသော် ကျောက်ပိုင်မင်၏မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူတစ်ဦးတည်းသာဆိုရင် ပြဿနာ မရှိပါ။ မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ အကာအကွယ်မဲ့နေသော ယင်ချန်းလီကို တွေးမိသောအခါ ကျောက်ပိုင်မင်က စတင်၍ စိုးရိမ်လာခဲ့ပါ၏။
မင်းသားဆယ့်တစ်က အန္တရာယ်ကျရောက်နေပြီ။ ကျောက်ပိုင်မင်သည် သူမ၏စကားများကို ဆက်လက်၍ နားထောင်လိုစိတ် မရှိတော့ဘဲနှင့် အနောက်သို့လှည့်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
သူလှည့်လိုက်သည်နှင့် ယုယွင်က သူမ၏လက်ကို မြှောက်လိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်၏။ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်တွင် သူမ၏လက်ဖျောက်တီးခတ်သံမှာ ကျယ်လောင်လွန်းလှပါသည်။ နေရာပေါင်းစုံ၌ လေဟာနယ်များသည် ချက်ချင်းကို အက်ကြောင်းဖြစ်သွား၏။ လေဟာနယ်သည် တစ်စစီ ကွဲအက်သွားပါသည်။ ကွဲအက်နေသော လေဟာနယ်အထဲမှ ပြင်းထန်လှသော သွေးအရောင်ချော်ရည်များနှင့် မီးတောင်များက ထွက်ပေါ်လာ၏။ ချော်ရည်မီးတောင်များသည် ချက်ချင်းပင်လျှင် အမျိုးစုံသော လက်နက်များအဖြစ် ပြောင်းလဲသွားပြီး ကျောက်ပိုင်မင်ကို ချိန်ရွယ်ထား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလက်နက်များစွာသည် ကျောက်ပိုင်မင်ထံသို့ တိုးဝင်သွားခဲ့၏။ ကျောက်ပိုင်မင်သည် အဆုံးအစမဲ့သော ချော်ရည်များကြားတွင် လှောင်ပိတ်ခံလိုက်ရသည်ဟု ခံစားလိုက်ရပါသည်။ ပြင်းထန်လှသော အပူချိန်က သူ့ကို အရှင်လတ်လတ် အကင်ခံရတော့မည့်အလားဖြစ်နေ၏။
ကျောက်ပိုင်မင်၏ သစ္စာကိုးပါးလှံက စတင်၍ လည်ပတ်လာ၏။ သူက ယခုတိုက်ပွဲကို အလေးအနက်ထားမှ ဖြစ်မည်။ သူရင်ဆိုင်နေရသော ယုယွင်ဆိုသော အမျိုးသမီးသည် သာမန်လူမဟုတ်ဘဲ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ တမန်တော်ထဲမှ တစ်ပါးဖြစ်နေသောကြောင့်ဖြစ်၏။ ထို့အပြင် သူမသည် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူ တစ်ဦးလည်းဖြစ်၏။ သူ့ထက်အဆင့်များစွာ မြင့်နေပါသည်။ သူသာ လှုပ်ရှားမှု တစ်ချက်မှားသွားပါက အသက်သေဆုံးရမည်ဖြစ်၏။
တစ်ချိန်တည်းမှာပင် ချန်ချင်းစံအိမ်တော်၌
“ဒီည ဘာလို့များဆူညံနေရတာလဲ”
ယင်ချန်းလီသည် စာဖတ်ခန်းထဲမှ အပြင်သို့ ထွက်လာ၏။ လမ်းမများတွင် ဆူညံပွတ်လောရိုက်နေသော အသံများကို သူကြားနေခဲ့ရ၏။ အခုတလောတွင် ရွှယ်ချမ်းပိုင်ထံမှ ယင်ချန်းလီသည် ဓားသိုင်းကို လေ့လာသင်ယူနေ၏။ ထို့ကြောင့် သူသည် လီချန်ချင်း၏ အိမ်တော်၌သာ နေထိုင်နေခဲ့ပါသည်။ သူ၏မိခင်ဖြစ်သူသည် ကိုယ်လုပ်တော်အဆင့်မှ မိဖုရားအဆင့်သို့ တိုးမြှင့်ခံလိုက်ရသောကြောင့် နန်းတော်ရှိ လူများစွာတို့သည် သူနှင့် အဆက်အသွယ်ရရန်အတွက် အဆက်မပြတ် လာလည်နေကြပါသည်။ ထိုဖြစ်ရပ်က ယင်ချန်းလီကို စိတ်ညစ်စေသည်။ ထို့ကြောင့် နန်းတော်ထဲ၌ မနေဘဲ သူ့ကို ဘယ်သူမှ မနှောင့်ယှက်နိုင်သည့် လီချန်ချင်း၏ချန်ချင်း စံအိမ်တော်၌ လာရောက်နေထိုင်ခြင်းဖြစ်ပါသည်။
လမ်းမများ၌ ဘာတွေများ ဖြစ်နေလဲဆိုတာကို သူသိချင်နေပါ၏။ ယင်ချန်းလီသည် အပြင်သို့ထွက်ပြီး ကြည့်လိုက်သည်။ ခြေလှမ်း နှစ်လှမ်းခန့်သာ လျှောက်လှမ်းရပါသေး၏။ သူ့စိတ်ထဲ၌ မကောင်းသော ခံစားချက်ကို ခံစားလိုက်ရပါ၏။ တစ်စုံတစ်ခုက ဖြစ်ပေါ်တော့မည် ဟူသော နိမိတ်အတိုင်းပင် သူ၏နှလုံးသားမှာ ပြင်းထန်စွာပင် ခုန်ပေါက်လာခဲ့သည်။
ထိုအခိုက်မှာပင် ခပ်ဖျော့ဖျော့ လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး သူကလည်း မသိစိတ်အရ လှုပ်ရှားပြီး ရှောင်ရှားလိုက်ပါသည်။ ပိုးချည်မျှင်တစ်စက သူ့ကို ဖြတ်ကျော်သွားသည်။ ပိုးချည်မျှင်ကြိုးသည် လွန်စွာမှကို ထက်ရှလှပါသည်။ မည်သည့်အရာကိုမဆို ဖြတ်သန်းပြီး လှီးဖြတ်နိုင်စွမ်း ရှိပါ၏။ ယင်ချန်းလီသည် ထိတ်လန့်သွား၏။ တစ်စုံတစ်ဦးက သူ့ကို သတ်ဖြတ်ရန် ကြိုးစားနေပါသည်။ သူလှည့်ကြည့်လိုက်သောအခါတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကို ခြံဝန်းထဲ၌ တွေ့ရ၏။
ထိုပုံရိပ်သည် ပိုးချည်မျှင်ကြိုးများကို ကိုင်ထားရင်း ယင်ချန်းလီကို အနည်းငယ်အံ့ဩသွားသော အမူအရာနှင့် စိုက်ကြည့်နေခဲ့သည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် မူလအဆင့် အထွဋ်အထိပ်တွင် ရှိပါ၏။ သူ့လို မူလအဆင့် အထွဋ်အထိပ်ရှိသော လူက ပြန်လည်မွေးဖွားခြင်းအဆင့်၏ နှောင်းပိုင်းတွင်ရှိသော ငချွတ်လေးကို ဘာလို့ မသတ်နိုင်တာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
“အမှန်ပဲ..။ သော့တွေက သာမန်လူတွေနဲ့ မတူဘဲ ထူးခြားတာပဲ”
အနက်ရောင်ဝတ်စုံနဲ့လူက လှောင်ပြောင်လိုက်၏။
“ဒါပေမဲ့ မင်းအတွက် ကံဆိုးသွားပြီ..။ ဒီနေ့မှာ မင်းသေကို သေရတော့မယ်”
ယင်ချန်းလီက ထိတ်လန့်သွားပြီး သတိကပ်လိုက်သည့်အခါမှာပင် အနက်ရောင်ဝတ်စုံနှင့်လူ၏ လည်ပင်းမှ သွေးများပန်းထွက်လာ၏။ နောက်တစ်ခဏတွင် သူ၏ဦးခေါင်းသည် ပြတ်ကျသွား၏။ ထိုကဲ့သို့ ခြောက်ခြားဖွယ် မြင်ကွင်းကို မြင်လိုက်ရသောအခါ ယင်ချန်းလီ၏မျက်နှာက တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။
“မူလအဆင့် အထွဋ်အထိပ်က ဒီလိုမျိုး တိတ်တဆိတ်နဲ့ သေဆုံးသွားတာလား.. ဘာတွေဖြစ်နေတာတုန်း”
ထိုအခိုက်မှာပင် ထိုအနက်ရောင်ဝတ်စုံဝတ်ထားသော မူလအဆင့်အထွဋ်အထိပ် ကျင့်ကြံသူ၏ ခေါင်းပြတ်ခန္ဓာကိုယ်ရဲ့အနောက်၌ အရိပ်တစ်ခု ထပ်ပေါ်လာသည်။ ထိုအရိပ်သည် နက်မှောင်နေပြီး ဖြည်းညင်းစွာဖြင့် လူသားတစ်ဦး၏ပုံစံသို့ ဖွဲ့စည်းလိုက်ပါသည်။ ထို့နောက်တွင် ပုံစံ အပြည့်အဝဖြစ်သွားသောအခါ ကျန်းဖုကွမ်းဖြစ်နေသည်ကို ယင်ချန်းလီ မြင်လိုက်ရပါသည်။
ထိုသူသည် လီချန်ချင်း၏အစေခံဖြစ်ပြီး ချန်ချင်းစံအိမ်တော်၌ အမှိုက်လှည်း အပင်များကို ရေလောင်းပေါင်းသင်ပြီး တောက်တိုမယ်ရအလုပ် လုပ်သော လူပင်ဖြစ်သည်။
“ဒီလူက အစေခံသက်သက်ပဲ မဟုတ်ဘူးလား..။ ဒီလူက ဘယ်လိုဖြစ်ပြီး မူလအဆင့်ကျင့်ကြံသူကို အလွယ်သတ်နိုင်စွမ်း ရှိနေရတာလဲ”
ယင်ချန်းလီက နားမလည်နိုင်အောင် ဖြစ်နေပါ၏။
“ပြန်သွားအိပ်တော့”
ကျန်းဖုကွမ်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ယခုညတွင် ဖြစ်ပျက်သွားသော အရာများကို သူက အရေးမစိုက်သည့်အလားဖြစ်သည်။ သူ၏ပုံစံက မူလအဆင့် ကျင့်ကြံသူများမှာ ပုရွတ်ဆိတ်နှင့် မခြားနားသော ဟန်ပန်ရှိပါ၏။
“အာ .. ဟုတ်ပါပြီ”
ယင်ချန်းလီက ခေါင်းတဆတ်ဆတ်ငြိမ့်ပြီးတော့ သူ၏အခန်းသို့ ပြန်ပြီး အိပ်စက်ရန်အတွက် ပြင်ဆင်လိုက်၏။ ယင်ချန်းလီက သူ့ကို သော့ဟု ခေါ်လိုက်သည့်လေသံကို ကြားလိုက်ရသဖြင့် ယခုညတွင် လှုပ်ရှားသော လူများသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လူများ ဖြစ်ရမည်ဟု သူက သတိပြုလိုက်မိပြီးသားဖြစ်ပါသည်။