← Chapters

အခန်း (၄၀၇)

Vol. 34 Ch. 407

အခန်း (၄၀၇)

Vol. 34 Ch. 407

“ထာဝရရှင်သန်ခြင်းဂိုဏ်းက ထပ်ပြီး လှုပ်ရှားလာပြန်ပြီပဲ..။ သူတို့လှုပ်ရှားတယ်ဆိုတာကလည်း လက်ခံနိုင်စရာတော့ ရှိပါတယ်..။လောကကြီးမှာ ရှိသမျှ စွမ်းအားကြီးတဲ့သူတွေ အကုန်လုံးက ဝမ်ကျိတောင်ပေါ်ကို သွားပြီးတော့ တိုက်ပွဲကို သွားကြည့်တယ် ဆိုမှတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက မလှုပ်ရှားမှကို ထူးဆန်းနေဦးမယ်… ကျွမ်းကျင်သူတွေ အကုန်လုံး မရှိတဲ့အချိန်မှာ သူတို့တွေက အရူးအမူး လှုပ်ရှားနိုင်သည် မဟုတ်ပါလား..။ ကံကောင်းတာက ငါတို့ မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာ စစ်သူကြီးကျောက် ရှိနေသေးလို့ တော်သေးတယ်”

ကျောက်ပိုင်မင်၏ အကြောင်းကို တွေးရင်းနှင့် ယင်ချန်းလီသည် အေးဆေးသော ခံစားချက်ကို ရရှိလာပြီးနောက် ဖြည်းညင်းစွာဖြင့် အိပ်ပျော်သွားခဲ့ပါ၏။ သို့သော် နောက်တစ်နေ့ နေ့လည်ခင်းတွင်တော့ မြို့တော်ရှိ စစ်သားများက ကျောက်ပိုင်မင် ပြန်လာသည်ကို မတွေ့ရပါသေးချေ။ မနေ့ညတုန်းက ကျောက်ပိုင်မင်သည် ဧရာမ ဖားပြုတ်ကြီးနောက်ကို ပြေးလိုက်သွားသည်ကို တွေ့ကြပြီးနောက်တွင် ယနေ့ထိ ပြန်မလာသေးပါ။

မနေ့ညက ဘာတွေဖြစ်သွားလဲဆိုတာကို ယင်ဖန်းချီက ကြားသိခဲ့ရပါ၏။ ကျန်းဟယ်စံအိမ်တော်တစ်ခုလုံး အသက်ရှင်ကျန်ရစ်သူမရှိ သေဆုံးခဲ့ရသည်ဟု ယင်ဖန်းချီက သတင်းရခဲ့သည်။ ထိုသတင်း၏အရေးပါမှုကို သိပြီးနောက်တွင် ယင်ဖန်းချီသည် အစောင့်အကြပ်များကို တိုးမြှင့်လိုက်ပြီး ကျန်းဟယ်စံအိမ်တော်သို့ လူများစေလွှတ်ကာ ဘာများဖြစ်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးပါတော့သည်။

ယင်ဖန်းချီသည် သေလုနီးပါး ဒေါသထွက်နေခဲ့၏။ ထာဝရရှင်သန်ခြင်းဂိုဏ်းက မောက်မာလွန်းလှပေသည်။ သူတို့က မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာတောင် ပြဿနာရှာရဲပါသေး၏။

“ဒီဂိုဏ်းက စန်းယွမ်နယ်မြေကြီးတစ်ခုလုံးမှာ ရှုပ်ထွေးအောင်ပြဿနာလုပ်ဖို့ ကြံနေတာများလား”

ယင်ဖန်းချီကို ပိုပြီးတော့ အရူးတစ်ယောက်လို ဒေါသထွက်စေတာက ကျန်းဟယ်စံအိမ်တော်မှာ လေ့လာသင်ယူနေတဲ့သူ့ရဲ့ သမီးကပါ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာကိုပဲ..။ ယင်ရှုယွီက သေဆုံးသွားခဲ့ပါပြီ။

အစ်မ၏သေဆုံးခြင်းသတင်းကို ကြားရသောအခါ ယင်ချန်းလီသည် ဒေါသတကြီးနှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့၏။ သူ၏ပတ်ပတ်လည်ရှိ လေထုထဲတွင် သတ်ဖြတ်လိုသော စိတ်များက အဟုန်ပြင်းထန်စွာဖြင့် ထွက်ပေါ်နေခဲ့သည်။ တစ္ဆေနတ်ဆိုး စမ်းသပ်မှုများတွင် သူ့အစ်မနှင့် ကြုံတွေ့ခဲ့သော အချိန်များကို သူမှတ်မိနေပါသေး၏။ သူတို့နှစ်ဦးမှာ မိခင်မတူသော်လည်း ဖခင်က တစ်ဦးတည်းသာဖြစ်သည်။

ယင်ရှုယွီသည် သူ့အပေါ် လွန်စွာ ချစ်မြတ်နိုးပြီး များစွာသော အချက်အလက်များကို သင်ကြားပြသပေးခဲ့ပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်း လက်ချက်အောက်တွင် သူ၏အစ်မက သေဆုံးသွားရမည်ဟု သူမမျှော်လင့်ထားခဲ့မိပါချေ။

“ထာဝရရှင်သန်ခြင်းဂိုဏ်း!!!”

ယင်ချန်းလီက အံတင်းတင်းကြိတ်ပြီး အမုန်းတရားကြီးမားစွာဖြင့် ရွတ်ဆိုလိုက်၏။ သူက ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ထက်သို့ ညွှန်ပြလိုက်၏။

“ဒီဓားကို သက်သေပြုပြီး ငါကျိန်ဆိုတယ်..။ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတိုင်းကို ငါသတ်ဖြတ်ပြီးတော့ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”

နောက်ထပ် ထပ်ရောက်လာသော သတင်းတစ်ခုက မြောက်ပိုင်းအေးခဲနိုင်ငံတော် တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့ပါသည်။ ဧကရာဇ်ဖြစ်သော ယင်ဖန်းချီကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် စစ်သားများက ကျောက်ပိုင်မင်ကို ပြန်ခေါ်လာသောကြောင့် ဖြစ်သည်။ မှန်ပါ၏။ ကျောက်ပိုင်မင်၏ အလောင်းကို ဖြစ်ပါသည်။

ကျောက်ပိုင်မင်သည် သေဆုံးသွားခဲ့ပြီ။ ကျောက်ပိုင်မင်ကို ရှာတွေ့သောအခါတွင် အသက်မရှိတော့ပါ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးများ လောင်ကျွမ်းခံထားရ၏။ ခပ်လှမ်းလှမ်းတွင်တော့ သူ၏သစ္စာကိုးပါးလှံကို စိုက်လျက်သား တွေ့ခဲ့ရပါ၏။ ကျောက်ပိုင်မင်လို လွန်စွာစွမ်းအားကြီးမားသော စန်းယွမ်နယ်မြေ၏ ထိပ်တန်းပညာရှင်တစ်ဦး သေဆုံးသွားရမည်ဟု ယင်ဖန်းချီ မခံစားနိုင်ခဲ့ပါ။ မယုံလည်း မယုံကြည်နိုင်ခဲ့ပါ။

“ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘယ်သူရောက်လာတာမို့လို့လဲ..။ ကျောက်ပိုင်မင်လိုလူမျိုးကို သတ်ဖြတ်နိုင်တဲ့သူက ဘယ်သူများ ဖြစ်ရတာလဲ..။ ဘယ်သူ့မှာ အဲ့လိုစွမ်းအားမျိုးရှိရတာလဲ..။ အဆင့်မြင့်ဆရာသခင် အဆင့်ရှိတဲ့သူ ရောက်လာတာလား။”

ယင်ဖန်းချီ မသိသည်က ကျောက်ပိုင်မင်နှင့် ရင်ဆိုင်ခဲ့သည့်သူမှာ အဆင့်မြင့် ဆရာသခင် အဆင့်ထက်ပင် ပို၍စွမ်းအားကြီးမားသော မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူ.. ထာဝရရှင်သန်ခြင်းဂိုဏ်း၏ စောင့်ရှောက်သူ တမန်တော်လေးပါးထဲမှ တစ်ပါးဖြစ်သည်ကိုပင် ဖြစ်ပါသည်။

အချိန်တစ်ခဏအတွင်းမှာ ယင်ဖန်းချီက ကူကယ်ရာမဲ့သော ခံစားချက်၊ အားနည်းသော ခံစားချက်၊ ယောက်ယက်ခတ်သော ခံစားချက်များ သူ့ကို ရိုက်ခတ်လာခဲ့၏။ ကျန်းယွမ်ကျီနှင့် လီချန်ချင်းက ယခုလက်ရှိ၌ မြို့တော်၌ ရှိမနေပါ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက နောက်ထပ် လှုပ်ရှားလာပါက သူဘယ်လိုမျိုး တောင့်ခံပြီး ကာကွယ်ထားရမလဲ..။ ကျွမ်းကျင်သူများ မရှိသည့်အချိန်၌ ထာဝရရှင်သန်ခြင်းဂိုဏ်းက စိတ်လွတ်လက်လွတ်ဖြင့် စန်းယွမ်နယ်မြေကြီးတစ်ခုလုံးတွင် သောင်းကျန်းနေခဲ့ပါ၏။ ထိုအရာများကို မသိသော စွမ်းအားကြီး ကျင့်ကြံသူများအားလုံးသည် ဝမ်ကျိတောင်သို့ ဦးတည်နေခဲ့၏။

ထာဝရရှင်သန်ခြင်းဂိုဏ်းက နောက်ကွယ်၌ မည်ကဲ့သို့ သောင်းကျန်းပြီး မည်မျှ သေဆုံးသွားခဲ့ရသည်ကို သူတို့တွေ အားလုံး မသိကြပါ။ ဝမ်ကျိတောင်ကို ထိုကဲ့သို့ နာမည်ပေးခဲ့ရသည်မှာ ဤနေရာ၌ စွမ်းအားကြီး ကျင့်ကြံသူများက ကောင်းကင်ကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ခဲ့သောကြောင့် ဖြစ်၏။ ဤနေရာတွင် တောင်ပတ်ပတ်လည်၌ မိုးကြိုးများ ပစ်ချမှုကြောင့် မြေမျက်နှာသွင်ပြင်များ ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။ မိုးကြိုးပစ်ချမှုများကြောင့် ရေကန်အမြောက်အများ ဖြစ်ပေါ်စေခဲ့သည်။

ရေကန်တစ်ကန်ခြင်းစီက ကြီးမားလေ့မရှိသည့်တိုင် နေရာအနှံ့အပြားတွင်တော့ ရှိပါသည်။ ပုံမှန်အတိုင်းဆိုလျှင် ဝမ်ကျိတောင်သည် တိတ်ဆိတ်ခြောက်ကပ်သော နေရာတစ်ခုရှိ၏။ ဝမ်ကျိတောင်နှင့် မလှမ်းမကမ်း တောင်ခြေစပ်နားတွင်တော့ ဝမ်ကျိမြို့ ရှိပါသည်။ ယနေ့တွင်တော့ ဝမ်ကျိမြို့သည် လွန်စွာမှကို စည်ကားသိုက်မြိုက်နေခဲ့၏။ လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့ ရောက်ရှိသော အခါတွင် ရေနွေးအိုးတစ်လုံးထဲမှ ရေများကဲ့သို့ ပွက်ပွက်ဆူနေခဲ့ပြီဖြစ်သည်။ ဝမ်ကျိမြို့သည် မသေးငယ်လှသည့်တိုင် ယခုလိုမျိုး စွမ်းအားကြီး ကျင့်ကြံသူ များစွာတို့ တပြိုင်နက်တည်း ရောက်လာမည်ကိုတော့ ထင်မထားခဲ့မိပါချေ။

ထို့ကြောင့် စွမ်းအားကြီး ကျင့်ကြံသူများ ဆုံတွေ့သောကြောင့် ပြဿနာများစွာတက်လာနိုင်သည်ကို ကြိုမြင်သောကြောင့် ထျန်းဟိုင်မြို့၏ စွမ်းအားကြီးကျင့်ကြံသူများကလည်း ရောက်ရှိလာပြီး ဥပဒေကို ထိန်းချုပ်ရန် ကြိုးစားပါတော့သည်။ လင်းချင်းကျီနဲ့ ယွဲ့ချင်းဝူတို့ကလည်း ဤနေရာသို့ ရောက်နေခဲ့သည်။ ထို့အပြင် ထျန်းဟိုင်မြို့၏ နယ်မြေနှစ်ခုကို အပိုင်စားရရှိသော အခြားသောစွမ်းအားကြီးကျင့်ကြံသူ နှစ်ဦးကလည်း ရောက်ရှိနေခဲ့ပါ၏။

သူတို့သာ ရှိနေသ၍တော့ ကြီးကြီးမားမား ပြဿနာတက်စရာမရှိပါ။ ထို့အပြင် ထျန်းဟိုင်မြို့၏ အိမ်တော်ထိန်းဖြစ်သော ကျန်းဖန်းပင်လျှင် ဝမ်ကျိမြို့သို့ ရောက်လာပြီး ပြဿနာ တစ်စုံတစ်ရာ မရှိရန် ဆောင်ရွက်ခဲ့ပါ၏။ ကျန်းဖန်းက မြေလျှောက်အင်မော်တယ် အဆင့်တွင် ရှိသောကြောင့် ဘယ်သူကမှ ပြဿနာ မရှာရဲကြပါချေ။ လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့ မြို့ထဲသို့ ဝင်လိုက်သည်နှင့် မီးကြိုးကြာကို စီးနင်းထားသော လူတစ်ဦးက ကောင်းကင်ထက်မှ သူတို့ရှေ့သို့ ဆင်းသက်လာခဲ့သည်။ မီးကြိုးကြာကို စီးနင်းထားသော လူသည် လူငယ်လေးတစ်ဦးဖြစ်သည်။

ထိုလူငယ်က လွန်စွာ ရိုသေသော လေသံနှင့် ပြောလိုက်၏။

“ချင်းရွှယ်အာဏာဓားသခင်… ချင်းလဲ့ဓားသခင်..ဝမ်ကျိမြို့ကနေ ကြိုဆိုပါတယ်..။ မြို့အရှင်က ဓားသခင်နှစ်ပါးအတွက် နေထိုင်ဖို့နေရာကို ပြင်ဆင်ထားပြီးသားပါ။”

“ကျေးဇူးတင်ပါတယ်”

ရွှယ်ချမ်းပိုင်က ခေါင်းငြိမ့်ပြလိုက်၏။ ထိုအခိုက် လမ်းမပေါ်တွင် ရှိသော စွမ်းအားကြီး ကျင့်ကြံသူများက ရွှယ်ချမ်းပိုင်နှင့် လီချန်ချင်းကို မနာလိုဝန်တိုသော အကြည့်များနှင့် စိုက်ကြည့်နေခဲ့ကြပါသည်။

“သူတို့က ဒီကိုရောက်တာနဲ့ နားဖို့အတွက် နေရာတောင် စီစဉ်ပေးထားတယ်ပေါ့လေ..။ငါတို့ကျတော့ လမ်းမမှာ နေပြီး တည်းခိုဆောင်ကို အသည်းအသန် လိုက်ရှာနေရတယ်..။ မြို့အရှင်လုပ်ပုံက လူပါးဝလွန်းတယ်..။ မမျှတဘူး”

မျက်နှာ၌ အမာရွတ်ရှိနေသော လူတစ်ဦးက မကျေမနပ်နဲ့ မြည်တွန်တောက်တီးလိုက်ပါသည်။

“အဟက်… သူတို့က ချင်းရွှယ်အာဏာဓားသခင်နဲ့ ချင်းလဲ့ဓားသခင်လေကွာ..။ ဓားသခင်နှစ်ပါးပဲဟာကို.. မင်းက သူတို့နဲ့ နှိုင်းယှဉ်လို့ ရလို့လား..။ မင်းမှာသာ သူတို့လိုမျိုး စွမ်းအားကြီးတဲ့ ခွန်အားရှိရင် ဝမ်ကျိမြို့အရှင်ကလည်း မင်းအတွက် နေရာတစ်ခုကို ပြင်ဆင်ပေးမှာပဲ”

ထိုစကားကို ကြားသည့် တစ်စုံတစ်ဦးက လှောင်ပြောင်လိုက်၏။ လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်အား တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းတစ်လုံး၌ စီစဉ်ပေးထားပါသည်။ ထို့နောက် လူငယ်လေးက အနက်ရောင် ဖိတ်စာ နှစ်စောင်ကို ကမ်းပေးလိုက်၏။

“ဒါက ဘာလဲ”

လီချန်ချင်းက မသိသောကြောင့် မေးလိုက်၏။

“သွေးမြူဖိတ်စာပါ”

ရွှယ်ချမ်းပိုင်က ဖိတ်စာကို တစ်ချက်ကြည့်ရင်းနှင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ပါသည်။

“မှောင်ခိုဈေးသခင်က စီးပွားရေး ဘယ်လိုလုပ်ရမလဲဆိုတာကို သိတာပဲ..။ ဒီလိုမျိုး လူတွေစုတဲ့တစ်ချိန်တည်းမှာပဲ သွေးမြူဈေးပွဲတော်ကို တစ်ခါတည်း ကျင်းပလိုက်တယ်”

“မှန်ပါတယ်.. ဓားသခင်နှစ်ပါးက စိတ်ဝင်စားမယ်ဆိုရင် ပွဲတော်ကို တက်ရောက်ဖို့အတွက် မျှော်လင့်ပါတယ်..။လူကြီးမင်းတို့ နှစ်ယောက်ကို ကျွန်တော်မနှောင့်ယှက်တော့ပါဘူး..။”

ထိုသို့ပြောပြီးနောက်တွင် လူငယ်လေးက မီးကြိုးကြာပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့ပါသည်။ လီချန်ချင်းက ဖိတ်စာကို ကြည့်ရင်းမေးလိုက်၏။

“သွေးမြူဖိတ်ကြားချက်ဆိုတာ ဘာကိုပြောတာလဲ”

“အဲ့ဒါက မှောင်ခိုဈေးကွက်ကနေပြီးတော့ ဖိတ်ကြားတဲ့ ဖိတ်စာပဲ”

ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။

“အဲ့ဒါက ဈေးပွဲတော်ဆိုပေမဲ့ အဲ့ဒီကို လာရောက်ပြီး ပါဝင်တဲ့သူတွေက တစ်ယောက်ရဲ့သရုပ်မှန်ကို ဖော်ပြစရာမလိုဘဲနဲ့ ကိုယ့်မှာရှိတဲ့ ရတနာပစ္စည်းတွေကိ လဲလှယ်လို့ရတယ်။ ဒီနေရာက ကိုယ်ခိုးယူလာတဲ့ပစ္စည်းတွေကို ရောင်းချလို့ကောင်းတဲ့နေရာလို့လည်း ပြောလို့ရတယ်..။ မင်းစိတ်ဝင်စားရင် ငါတို့ဒီညအတူတူ သွားကြတာပေါ့..။”

“တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ”

လီချန်ချင်းက အမှန်အကန်ကို စိတ်ဝင်စားနေသည်။ ဤနေရာ၌ သူက လဲလှယ်လိုသော ရတနာများ ရှိပါ၏။ သို့သော် ထိုရတနာများကို လဲလှယ်သည့်အခါ၌ သူ၏သရုပ်မှန်ကို သိသွားလျှင် ပြဿနာတက်မည်ကိုတော့ စိုးရိမ်ခဲ့၏။ ထိုအရာမှာ သူ့၌ရှိသော သိုလှောင်လက်စွပ်လို အရာမျိုးပဲဖြစ်ပါသည်။ သူ့တွင် သိုလှောင်လက်စွပ်များစွာ ရှိ၏။ ထိုသိုလှောင်လက်စွပ်များစွာကို လေလံများ၌လည်း သူမရောင်းချရဲပါချေ။ သူ့၌ သိုလှောင်လက်စွပ်များစွာ ရှိသည်ကို ဤလောကရှိလူများ သိသွားပါက သူ့ကို ရက်ရက်စက်စက် အမဲလိုက် သတ်ဖြတ်ပြီးတော့ ဝိုင်းလုကြမည်ဖြစ်သည်။

“ဝမ်ကျိတောင်မှာ လူတော်တော်များတာပဲ”

လီချန်ချင်းက ခြံဝန်းထဲ၌ နေနေသည့်တိုင် အပြင်ဘက်တွင်ရှိသော လမ်းမများထက်မှ လူအများ၏စကားပြောဆိုသံကို ကြားနေခဲ့ရ၏။ ဝမ်ကျိမြို့သို့ စွမ်းအားကြီးမားသော အခြားလူများ ထပ်ရောက်လာသည်ကိုလည်း အာရုံခံစားနေခဲ့ပါသည်။

“ဒေသကြီးသုံးခုက စွမ်းအားကြီးကျင့်ကြံသူ တစ်ဝက်လောက် ရောက်လာတာဖြစ်ရလိမ့်မယ်။ တစ္ဆေမျိုးနွယ်ဝင်တွေရှိတဲ့ တိမ်ကန္တာရ နယ်မြေကတော့ လာရဲမယ် မထင်ဘူး..။ စန်းယွမ်နယ်မြေ အရှင်သခင်တိုက်ခိုက်တာမျိုးက မြင်ရခဲတယ်လေ”

ရွှယ်ချမ်းပိုင်ကလည်း ထိုတိုက်ပွဲကို မြင်ချင်နေပါသည်။ သူက ကျန်းထျန်းယွမ်ကို မြင်ချင်တာတော့ မဟုတ်ပါ။ သူက လီရွှမ်းရှီကို စိတ်ဝင်စားနေခြင်းဖြစ်၏။ လီရွှမ်းရှီ၏ ကောင်းကင်နတ်သမီးဓားအင်မော်တယ်ဟူသော ဂုဏ်ပုဒ်ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ ဓားအင်မော်တယ်ဟု ခေါ်ခံရခြင်းသည် သူမ၏ ဓားသိုင်းမှာ သာမန်ထက်ထူးခြားပြီး ပြိုင်ဘက်ကင်းမှသာ ဖြစ်လိမ့်မည်။

ထိုသိုင်းကွက်များကို ကြည့်ရှု့ရမည်ဆိုပါက သူ၏ဓားသိုင်းပညာမှာ နောက်ထပ် တစ်ဆင့်သို့တိုးမြှင့်သွားနိုင်သည်ဟု ရွှယ်ချမ်းပိုင်က မျှော်လင့်နေခဲ့၏။ ညသို့ရောက်ပါပြီ။ လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့သည် သွေးမြူဈေးပွဲတော်သို့ ထွက်လာခဲ့၏။ ထိုနေရာ၌ အသုံးဝင်သော ရတနာပစ္စည်းများကို ရရှိမလားဟု သူတို့က ကံစမ်းချင်နေကြပါသည်။ ဖိတ်စာများကို ပြသလိုက်ပြီးသည့်နောက်တွင် သူတို့က မြို့၏ထူးခြားဆန်းကြယ်သော လှိုဏ်ဂူထဲသို့ ဝင်သွားခဲ့၏။ လှိုဏ်ဂူထဲသို့ သူတို့ဝင်သွားသည်နှင့် လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို မမြင်ရတော့ပါ။ သူတို့၏ပတ်ပတ်လည်ကို သွေးမြူများက ဖုံးအုပ်သွားခဲ့ပါ၏။

လီချန်ချင်း၏ နတ်ဘုရားဝိဉာဉ် အာရုံခံမှုကိုပင်လျှင် သွေးမြူက ဖုံးကာထားသည်။ လီချန်ချင်းသည် ယခု ဖြစ်ရပ်ကို လွန်စွာ စိတ်ဝင်စားနေခဲ့၏။ ထို့အပြင် မှောင်ခိုဈေးကွက်၏ အရှင်သခင်က ဘယ်သူဖြစ်မလဲဆိုတာနဲ့ သူ့မှာ ဒီလိုမျိုး လုပ်ဆောင်နိုင်တဲ့ စွမ်းအားက ဘယ်လိုရှိနေလဲဆိုတာကို လီချန်ချင်းက သိချင်နေပြီဖြစ်သည်။

All Chapters