အခန်း (၄၀၈)
Vol. 34 Ch. 408
လီချန်ချင်းက စိတ်ဝင်စားနေသည့် အခိုက် ဆန်းကြယ်သော အသံက သွေးမြူထဲမှ ထွက်ပေါ်လာခဲ့သည်။
“သွေးမြူပစ္စည်း လဲလှယ်ရေး နေရာကနေ ကြိုဆိုပါတယ်။ အရင်ဦးဆုံး စည်းကမ်းချက်တွေကို ရှင်းပြတာပေါ့”
“တံခါးတစ်ချက် ပေါ်လာရင် လူကြီးမင်းတို့က တံခါးထဲကို ဝင်ပြီးတော့ မိမိရဲ့ ရတနာပစ္စည်းကို ထုတ်ပြရပါမယ်။ တစ်ခါထဲမှာပဲ မိမိလိုချင်တဲ့ ရတနာပစ္စည်းကိုပါ ပြောပြရမှာ ဖြစ်ပါတယ်”
“ပစ္စည်းလဲလှယ်ဖို့အတွက် စိတ်ဝင်စားတဲ့ ဘယ်သူမဆို တံခါးထဲကို ဝင်လို့ရတယ်။ တံခါးက လူတစ်ယောက်တည်း အတွက် တစ်ကြိမ်ပဲ ဖွင့်မှာ”
“ကိုယ်လိုချင်တဲ့ လဲလှယ်မှုက ကျရှုံးသွားတယ် ဆိုရင် တံခါးကပြန်ပေါ်လာပါလိမ့်မယ်။ ပစ္စည်းလဲလှယ်မှု အောင်မြင်သွားတယ်ဆိုရင် နောက်ထပ်လူအတွက် ပစ္စည်းလဲလှယ်ဖို့ တံခါးထပ်ပေါ်လာပါလိမ့်မယ်”
“လဲလှယ်မှုတွေရဲ့ လုပ်ဆောင်ချက်က လုံးဝကို လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ ကိုယ့်သရုပ်မှန် မပေါ်သွားမှာမလို့ လူကြီးမင်းတို့အနေနဲ့ စိတ်ချလက်ချ ရတနာပစ္စည်းတွေကို လဲလှယ်နိုင်ပါတယ်”
“ပြီးတော့ ထပ်ပေါင်းပြီး ပြောရမယ်ဆိုရင် ဒီနေရာမှာ ပြသနာရှာတဲ့ ဘယ်သူမဆို ချက်ချင်း အသတ်ခံရမယ်”
အသံမှာ တည်ငြိမ်လှပါသည်။ သို့သော် သတ်ဖြတ်လို စိတ်မှာမူ အေးစက်ကာ ကြောက်ရွံ့ဖွယ် ကောင်းလှပါ၏။ မှောင်ခို ဈေးကွက်၏ အရှင်သခင်က ယခုလိုမျိုး သတ်ဖြတ်နိုင်စွမ်း ရှိသည်ကို ဘယ်သူကမှ သံသယ မဖြစ်ပါချေ။
မှောင်ခိုဈေးကွက် အရှင်သခင်မှာ မြေလျှောက် အင်မော်တယ် ဖြစ်မည်ဟုပင် လီချန်ချင်းက သံသယ ဝင်နေခဲ့ပါ၏။ ထိုအခိုက်တွင် အသံက ဆက်လက်၍ ပြောနေသည်။
“ပထမဦးဆုံး ပစ္စည်းလဲလှယ်ချင်တဲ့လူက ကျေးဇူးပြုပြီး တံခါးထဲကို ဝင်ပေးပါ”
အသံထွက်ပေါ်လာသည်နှင့် လီချန်ချင်းတို့၏ရှေ့တွင် တံခါးတစ်ချပ်က ဆန်းကြယ်စွာ ပေါ်လာခဲ့သည်။ တံခါးက သွေးမြူများ ကြားတွင် ဖုံးကွယ်နေဟန် ရှိ၏။
တံခါးဘောင်များသည် သံချေးများတက်နေပြီး လီချန်ချင်းက အရင်ဦးဆုံး မဝင်သွားခဲ့ပါ။ သူက တစ်ချက်တော့ စောင့်ကြည့်ဦးမယ်ဟု တွေးလိုက်ပါသည်။
ဤနေရာသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိနေသောကြောင့် အရင်ဦးဆုံး ဝင်လိုစိတ်လည်း လီချန်ချင်းတွင် ရှိမနေပါ။ နောက်တစ်ခဏတွင် တံခါးက မြူခိုးများ အကြားတွင် ပျောက်ကွယ်သွား၏။
သွေးမြူများ အကြားတွင် အသံတစ်သံက ထွက်ပေါ်လာသည်။ ယခုအချိန်တွင်တော့ ထိုအသံမှာ ပထမအသံနှင့် မတူပါ။ အသံမှာ မည်သူမည်ဝါမှန်း မသိစေရန် ရုပ်ဖျက်ထားဟန် ရှိပါသည်။
“အနက်ရောင် မီးတောင်တောက်ဝှေး လိုချင်တဲ့သူ ဘယ်သူမဆို အထဲကို ဝင်ခဲ့ပါ။ ကျုပ်က အနက်ရောင် မီးတောက်တောင်ဝှေးကို အဆင့်မြင့် ပန်းချီရတနာနဲ့ လဲလှယ်လိုပါတယ်”
“ပန်းချီရတနာက လှောင်ပိတ်နိုင်တဲ့ စွမ်းအားရှိရင် ပိုပြီးတော့ သဘောကျပါတယ်”
“အနက်ရောင် မီးတောက် တောင်ဝှေးပါလား”
အနက်ရောင် မီးတောက် တောင်ဝှေးသည် နတ်ဘုရားအဆင့် လက်နက်များတွင် အဆင့် ၂၃ ချိတ်သည်ကို လီချန်ချင်းက မှတ်မိသွား၏။ ထိုလက်နက်က လွန်စွာရှားပါးသော ရတနာ ဖြစ်ပါသည်။
သို့သော် လီချန်ချင်းက တောင်ဝှေးကို အသုံးပြုပြီး တိုက်ခိုက်ရာ၌ မကျွမ်းကျင်ပါ။ ပြီးတော့ စိတ်လည်း မဝင်စားပါ။ သားဖြစ်သူ လီဟမ်ရှန်းက လှံကိုပဲ အသုံးပြုပါသည်။
လှံတစ်ချောင်းသာ ဖြစ်ပါက လီချန်ချင်းက သားဖြစ်သူအတွက် လဲလှယ်ပြီးတော့ ယူဆောင်ဦးမည် ဖြစ်ပါ၏။ နောက်တစ်ခဏတွင် တံခါးက ပြန်ပေါ်လာပါသည်။
ဒါပေမဲ့ လီချန်ချင်းက အခု အကြိမ်တွင်လည်း အထဲသို့ မဝင်ပါ။ နောက်တစ်ခဏ ကြာပြီးသောအခါ တံခါးက ပြန်ပျောက်သွားပါ၏။ တစ်စုံတစ်ဦးက အတွင်းသို့ ဝင်သွားဟန်ရှိသည်။
“လဲလှယ်မှု အောင်မြင်တယ်”
ကြီးကြပ်သူက ပြောလိုက်၏။ နောက်တစ်ခဏတွင် တံခါးက ပြန်ပေါ်လာပါသည်။ ယခု အကြိမ်တွင်တော့ ဒုတိယမြောက် လဲလှယ်လိုသောသူသည် တံခါးထဲသို့ ဝင်ရောက်လာဟန် ရှိပါသည်။ လီချန်ချင်းက အထဲသို့ မဝင်ပါသေးချေ။
အခြားလူများ ဘာတွေ ရောင်းဦးမလဲ ဆိုတာကို သူသိချင်ပါသည်။ ယခုလိုမျိုး ပစ္စည်းလဲလှယ်သည့် နည်းလမ်းက စိတ်ဝင်စားဖို့ကောင်းသည်ဟု လီချန်ချင်းက တွေးမိပါ၏။ ထို့နောက် သူက ဘယ်အရာတွေကို ရောင်းပြီး ဘယ်အရာတွေကို လိုအပ်လဲဆိုတာကို စတင်၍ တွေးတောနေပါသည်။
ဖြစ်နိုင်ရင် နတ်ဘုရားအဆင့် လက်နက်များကို ရရှိနိုင်မည်ဆိုလျှင် သူ့အတွက် အဆင်ပြေလိမ့်မည်။ အထူးသဖြင့် ဓားများ ဖြစ်သည်။ ဒါမှမဟုတ် သားဖြစ်သူအတွက် လှံများ ရနိုင်လျှင်လည်း မဆိုးလှပါချေ။
နောက်တစ်ခဏတွင် လီချန်ချင်း၏ အရှေ့တွင် တံခါးက ထပ်ပေါ်လာ၏။ ယခုအကြိမ်တွင်တော့ တုံ့ဆိုင်းမနေဘဲ လီချန်ချင်းသည် တံခါးကို ဖွင့်ပြီးနောက် အထဲကို ဝင်သွားခဲ့၏။ အထဲရောက်သောအခါတွင် အဖြူရောင် မြူခိုးများက ဖုံးလွှမ်းနေသည်ကို လီချန်ချင်းက တွေ့လိုက်၏။
သူ့ပတ်ပတ်လည်ကို ဘာမှသေသေချာချာ မမြင်ရပါချေ။ သို့သော် သူ့အရှေ့တွင် အနက်ရောင် စင်မြင့်တစ်ခု ရှိနေသည်ကိုတော့ ခပ်ဝါးဝါး တွေ့နေခဲ့ရ၏။
စင်မြင့်၏ အရှေ့တွင် မျက်နှာထက်၌ ကြီးမားလှသော မျက်နှာဖုံးကြီးကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါသည်။ ထိုပုံရိပ်က လူသားတစ်ဦးနှင့် မတူဘဲ စက်ရုပ်တစ်ရုပ်လိုမျိုး ဖြစ်နေသည်ဟု လီချန်ချင်းက ခံစားခဲ့ရပါ၏။
“ပစ္စည်း အလဲအလှယ်ကို စတင်လို့ရပြီ”
သတ္တုသံနဲ့ ပြောလိုက်ပါသည်။
“ကောင်းပြီလေ”
လီချန်ချင်းက အရှေ့ကို စကားလှမ်းပြောလိုက်၏။
“ကျုပ်က သိုလှောင်လက်စွပ်တွေကို ရောင်းချင်တယ် သိုလှောင်လက်စွပ် ထဲမှာရှိတဲ့ လေဟာနယ် ဧရိယာက ၁၆ ကုဗစင်တီမီတာ ရှိတယ်”
၁၆ ကုဗစင်တီမီတာ ရှိသော သိုလှောင်လက်စွပ်၏ ထွက်ပေါ်လာမှုက သွေးမြူလဲလှယ်ရေး နေရာသို့ ရောက်လာသည့် လူများကို ရင်ခုန်သွားစေခဲ့ပါသည်။
စန်းယွမ် နယ်မြေသခင်၏ သိုလှောင်လက်စွပ်ပင်လျှင် ၈ ကုဗစင်တီမီတာခန့်သာ ရှိသည် မဟုတ်ပါလား။ ၁၆ ကုဗစင်တီမီတာသည် တော်တော်လေးကို များပြားလှသည်ဟု ပြော၍ရသည်။
“ကျုပ်လိုချင်တာက နတ်ဘုရား အဆင့်မှာ ရှိတဲ့ လက်နက်ကို လိုချင်တယ်။ လှံမဟုတ်ရင် ဓားလိုချင်တယ်”
လီချန်ချင်းက သူလိုချင်သော အရာကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူပြောပြီးသည်နှင့် တံခါးပွင့်လာသည့် အသံကို ကြားလိုက်ရ၏။
ထို့နောက်တွင် အဖြူရောင် မြူခိုးများကြားထဲသို့ တစ်စုံတစ်ယောက်က ဝင်ရောက်လာသည်။ သို့သော် ထိုသူ၏ မျက်နှာကိုတော့ မမြင်ရပါ။
“ကျုပ်မှာ ဓားရော လှံရော မရှိဘူး။ ဒါပေမဲ့ အဆင့်မြင့်ပန်းချီ ရတနာတော့ ရှိတယ်။ ပန်းချီရေးဆွဲထားတာကတော့ အဆင့်မြင့် ပန်းချီဆရာ တစ်ယောက် ရေးထားတာပဲ”
ထိုသူက လီချန်ချင်းကို ပြောလိုက်၏။
“မလိုဘူး”
လီချန်ချင်းက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ သူက ပန်းချီရတနာများကို မလိုအပ်ပါ။ သူလိုအပ်သော ပန်းချီရတနာများကို သူ့ဘာသာသူ ဖန်တီးနိုင်သည် မဟုတ်ပါလား။ ထိုသူကလည်း သက်ပြင်းတစ်ချက်ချပြီး ပြန်ထွက်သွားသည်။
သိုလှောင်လက်စွပ်သည် လူတိုင်း လိုချင်သော အရာဖြစ်ပါသည်။ ထိုလူထွက်သွားပြီးသည့် နောက်တွင် နောက်ထပ် လူတစ်ယောက်က ချက်ချင်းလိုလို ထွက်ပေါ်လာ၏။
“မင်းမှာ ဓား သို့မဟုတ် လှံ နတ်ဘုရား အဆင့် လက်နက်ရှိလား။ မရှိရင် ထွက်သွားလိုက်။ တစ်ခြားဟာကို ကျုပ်မလိုအပ်ဘူး”
လီချန်ချင်းက အချိန်မဖြုန်းလိုသောကြောင့် ပြတ်သားစွာ ပြောလိုက်သည်။
“ငါ့မှာ ရှိတယ်”
ထိုသူက အနက်ရောင်လှံတံကို ထုတ်လိုက်ပြီး အရှေ့တွင် ရှိသော ကျောက်တုံး စင်မြင့်ထက်တွင် တင်လိုက်သည်။ လှံတံမှာ ညအမှောင်ကဲ့သို့ နက်မှောင်နေပြီး သေးငယ်သော ကြယ်လေးများက တဖြတ်ဖြတ် တောက်ပနေသည်ကို တွေ့ရမည်။ လှံ၏ ပုံစံက အထင်ကြီးစရာ ဖြစ်သည်။ လီချန်ချင်း၏ အာရုံကို ဖမ်းစားသွားခဲ့၏။
“နတ်ဘုရားအဆင့် လှံတံ ကြယ်တာရာည”
ထိုသူက အေးဆေးစွား ပြောလိုက်၏။
“ခင်ဗျားရဲ့ သိုလှောင်လက်စွပ်နဲ့ လဲချင်တယ်”
လီချန်ချင်းက စစချင်းတော့ စိတ်ဝင်စား၏။ နာမည်ကို ကြားသောအခါ သူ့မျက်နှာက မည်းနက်သွား၏။
“စိတ်မဝင်စားဘူး”
လီချန်ချင်းက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ ကြယ်တာရာည လှံတံသည် အမှန်အကန်ကို နတ်ဘုရားအဆင့် လှံတံ ဖြစ်ပါ၏။ နတ်ဘုရား အဆင့်တွင် အဆင့် ၉၆ သာ ဝင်ပါသည်။
အဆင့် ၉၆ သာ ရှိသော နတ်ဘုရားအဆင့် လှံတံနှင့် သိုလှောင်လက်စွပ်ကို လဲလှယ်ခြင်းမှာ ပိုက်ဆံအစား သစ်ရွက်သုံးပြီးတော့ တစ်စုံတစ်ခုကို ဝယ်ယူသည့်အလားပင် ဖြစ်သည်။
ထိုသူ ထွက်သွားပြီးသည့် နောက်တွင် နောက်ထပ် လူတစ်ဦး ထပ်ဝင်လာ၏။ ယခုပုံစံက သိုလှောင်လက်စွပ်ကို လူတိုင်းနီးပါးက စိတ်ဝင်စားနေဟန် ရှိ၏။ လီချန်ချင်းက ထပ်ပြောလိုက်သည်။
“ဓားနဲ့ လှံ မဟုတ်ရင် ဘာမှ မလိုချင်ဘူး။ ပြီးတော့ နတ်ဘုရား အဆင့် သတ်မှတ်ချက် အဆင့် ၅၀ အောက်တွေ မလိုချင်ဘူး”
အနက်ရောင် ကျောက်တုံး စင်မြင့်ပေါ်ထက်တွင် ခရမ်းရောင်ဓား တစ်ချောင်း ကောက်တင်လိုက်ပါသည်။
“လရိပ်ဓား နတ်ဘုရားအဆင့် လက်နက်တွေထဲမှာ အဆင့် ၃၄ ချိတ်တယ်”
အသစ်ဝင်လာသော သူက အေးစက်စွာ ပြောလိုက်သည်။
“ဟင်”
လီချန်ချင်းသည် ဓားကို ကောက်ကိုင်လိုက်၏။ ဓားက ပေါ့ပါးလှသည်။ ထို့နောက်တွင် သူက ဓားကို ဆွဲထုတ်လိုက်သည်။
ချက်ချင်းပင်လျှင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။ ဓား၏ ထိပ်ပိုင်းမှာကတော့ ကျိုးပဲ့နေသည်။ ဓား၏ လေးပုံတစ်ပုံခန့်က အက်ကွဲကာ ကျိုးနေခဲ့သည်။
“ဓားစုတ်တစ်ချောင်းပဲ”
ဒါပေမဲ့ လီချန်ချင်းက မအံ့ဩပါ လရိပ်ဓားသည် နတ်ဘုရား အဆင့်တွင် ချိတ်သော စွမ်းအားကြီး လက်နက်တစ်ခု ဖြစ်၏။ ထိုဓားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀တွင် အတင်းအကျပ် ချိုးထားခြင်း ဖြစ်ပါသည်။
ထိုဓားသည် သတ်ဖြတ်လိုစိတ် အင်မတန် ကြီးမားသည်။ ဤဓား၏ ဓားချက်အောက်တွင် မရေမတွက်နိုင်သော ဝိဉာဉ်များက ပျက်စီးခဲ့ရသည်။ ဤဓား၏ ပိုင်ရှင်အဟောင်းသည် မဟာသိုင်းဂိုဏ်း အဆင့်တွင် ရှိသော ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး လူသားမျိုးနွယ်၏ နယ်စပ်တွင် တစ္ဆေမျိုးနွယ်များ၏ ကျူးကျော်မှုကို တားဆီးခဲ့သူ ဖြစ်သည်။
ထိုသူက ဤဓားကို ကိုင်ဆောင်ပြီး တစ္ဆေမျိုးနွယ်ဝင် များစွာတို့ကို သတ်ဖြတ်ခဲ့ပါသည်။ ပိုင်ရှင်သေဆုံးပြီးသည့် နောက်တွင် ဓားက စိတ်ဝိဉာဉ် နိုးထလာပြီး မြင်မြင်သမျှကို သတ်ဖြတ်ပါတော့သည်။ နတ်ဘုရားအဆင့် လက်နက်များကို ထုလုပ်သော ပန်းပဲဆရာများက အင်တိုက်အားတိုက် ပေါင်းဆည်းပြီးတော့ ထိန်းချုပ်ပြီးမှသာ ဒီဓားကို ထိန်းချုပ်နိုင်ခဲ့ပါ၏။
ဓား၏ သတ်ဖြတ်လိုစိတ်ကို ချုပ်ထားရန်အတွက် ပန်းပဲဆရာများက ပေါင်းစည်းပြီးတော့ ဓား၏ ချွန်ထက်နေသော အပိုင်းကို ချိုးဖျက်ခဲ့ ရသည်။ ထို့နောက်တွင်တော့ နတ်ဘုရား ဝိဉာဉ် သင်္ချိုင်းတွင် ဓားကို ချိတ်ပိတ် ထားခဲ့ရပါသည်။
ဒီနေရာသို့ အဲ့ဒီဓားက ဘယ်လိုရောက်လာလဲ ဆိုတာကတော့ ဆန်းကြယ်မှု တစ်ခု အဖြစ် မှတ်ယူ၍ ရပါသည်။ ဓားသာ ကျိုးမနေခဲ့ပါက နတ်ဘုရား အဆင့်တွင် အဆင့် ၅ ခန့်တော့ အသာလေး ဝင်နိုင်ပါသည်။ ဓားက ကျိုးနေတာတောင်မှ အဆင့် ၃၄ကို ရောက်နေပါသေး၏။
“သဘောတူတယ်”