အခန်း (၄၀၉)
Vol. 34 Ch. 409
လီချန်ချင်းက တွန့်ဆုတ်မနေပါ။ ဓားကျိုး ပင်လျှင် စွမ်းအား ရှိပါသေး၏။ သူက သိုလှောင်လက်စွပ်ကို ကျောက်တုံး စင်မြင့်ထက်၌ တင်လိုက်ပါသည်။
တစ်ခြားလူက လက်စွပ်ကို ယူသွားပြီး အတွင်းရှိ နေရာလွတ်ကို အာရုံခံမိပြီးသည့် အခါတွင် အံ့အားသင့်သွားပြီးသည့်နောက် ပြန်ထွက်သွားပါသည်။
“ကျေးဇူးပြုပြီးတော့ ထွက်ခွာပေးပါ”
မျက်နှာဖုံးတပ်လူသည် လီချန်ချင်းကို ပြောလိုက်၏။ လီချန်ချင်းက ခေါင်းညိတ်ပြီးနောက်တွင် နေရာမှ ထွက်လာခဲ့၏။ သူက လရိပ်ဓားကို သဘောကျနေ၏။ နောက်ထပ် လဲလှယ်မှု အကြိမ်ရေ နည်းနည်းပြီးသည့် နောက်တွင် လီချန်ချင်းက အတွင်းသို့ ပြန်ဝင်သွားခဲ့ပါသည်။
သူသည် နောက်ထပ် ပစ္စည်းများကို လဲလှယ်လိုချင် ပါသေးသည်။ သူက ဤတစ်ကြိမ်၌ ပစ္စည်းများ လဲလှယ်မည် ဆိုသော်လည်း သိုလှောင်လက်စွပ်ကိုတော့ အသုံးပြု၍ မရနိုင်ပါ။
ပထမ တစ်ကြိမ် သိုလှောင် လက်စွပ်ကို လဲလှယ်ထားပြီ ဖြစ်သောကြောင့် နောက်ထပ် တစ်ကွင်း ထပ်ပေါ်လာမည် ဆိုပါက လူအများအပြားရဲ့ အာရုံကို ရရှိသွားမည် ဖြစ်ပါသည်။ ယခုအချိန်တွင်တော့ လီချန်ချင်းက ပန်းချီရတနာ တစ်ခုကို ထုတ်ယူလိုက်ပါသည်။
ထိုအရာသည် သူထုလုပ်ထားသော ပန်းပုရုပ် တိမ်ပျံရုပ်ထု ဖြစ်ပါသည်။ မူချင်းကောအတွက် တစ်ခု ထုလုပ်ပြီးသည့် နောက်တွင် သူက နောက်ထပ်တစ်ခု ထပ်မံ၍ ထုလုပ်ထားခြင်း ဖြစ်ပါ၏။
“တိမ်ပျံလို့ ခေါ်တဲ့ ပန်းချီရတနာကို လဲလှယ်မယ်။ အဲ့ဒီရတနာက တစ်ချက်တည်းပဲ အသုံးပြုလိုက်တာနဲ့ ချက်ချင်းကို မိုင် ၈သိန်းကို ရောက်သွားစေတယ်”
“အန္တရာယ် တစ်စုံတစ်ရာနဲ့ ကြုံတွေ့တာနဲ့ အဲ့ပန်းချီရတနာကို အသုံးပြုလိုက်ရင် အသုံးပြုသူက မိုင် ၈သိန်းကို ရောက်သွားနိုင်စွမ်း ရှိတယ်”
လီချန်ချင်းက ကြေညာလိုက်သည်။
“ဒါကို နတ်ဘုရားအဆင့် လှံလက်နက်နဲ့ လဲလှယ်ချင်တယ်”
ဘယ်သူမှ မဝင်လာပါ။ လီချန်ချင်းက နားမလည်နိုင် ဖြစ်နေသော်လည်း နောက်ဆုံးတော့ နားလည်သွားခဲ့ပါ၏။ ထူးခြားဆန်းကြယ်သော ပန်းချီရတနာများသည် နာမည်ကြီးသည် မှန်သော်လည်း သူ၏ပန်းချီ ရတနာမှာမူ အသုံးဝင်သည့်တိုင် ဘယ်သူမှ မကြားဖူးလှပါချေ။
ပြီးတော့ ဒီပန်းချီ ရတနာက တကယ် အလုပ်လုပ်၊ မလုပ် ဆိုတာကိုလည်း ချက်ချင်း စမ်းသပ်လို့ မရပါ။ ထို့ကြောင့် လူတော်တော်များများက သံသယ ဝင်နေကြပါ၏။ လီချန်ချင်းက လက်လျှော့တော့မည်ဟု တွေးပြီး ပြန်ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ဦးသည် အတွင်းထဲ ဝင်လာသည်။
“မင်းမှာ နတ်ဘုရား လက်နက်ရှိလား”
လီချန်ချင်းက မေးလိုက်၏။ လီချန်ချင်းက သူ၏ ပန်းပုရတနာကို တစ်စုံတစ်ဦးက လိုချင်မည်ဟု မထင်ထားမိပါ။
“မင်းရဲ့ ပန်းချီရတနာကို ငါတစ်ခါမှ မကြားဖူးဘူး”
ထိုလူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“ငါ့မှာ နတ်ဘုရားအဆင့် လှံလက်နက်မျိုးတော့ မရှိဘူး။ ဒါပေမဲ့ သတင်းအချက်အလက်တော့ ရှိတယ်။ မင်းသာ လဲလှယ်ချင်တယ် ဆိုရင်တော့ ငါမင်းကို ပြောပြလို့ ရတယ်”
“သတင်း အချက်အလက် ဟုတ်လား”
လီချန်ချင်းက အံ့ဩသွားခဲ့ပါ၏။
“စန်းယွမ်ခန်းမမှာတောင် မရှိတဲ့ သတင်း အချက်အလက်ပဲ”
ထိုလူက လေးနက်စွာ ပြောလိုက်၏။
“ဘာသတင်း အချက်အလက်မလို့လဲ”
လီချန်ချင်းက မေးလိုက်သည်။
“အင်မော်တယ် အရှင်သခင်လှံ”
ထိုလူက ဆက်ပြောသည်။
“နတ်ဘုရားအဆင့် လက်နက်ထဲမှာ နံပါတ် ၇ နေရာကို ရထားတဲ့ အင်မော်တယ် အရှင်သခင်လှံ။ မင်းကြားလိုက်တာ မှန်တယ်”
“ငါ့မှာ အင်မော်တယ် အရှင်သခင်လှံရဲ့ သတင်းအချက်အလက် ရှိတယ်။ မင်းရဲ့ တိမ်ပျံကို ငါလိုချင်တယ်”
လီချန်ချင်း၏ နှလုံးသားမှာ ပြင်းထန်စွာဖြင့် ခုန်ပေါက်သွားပါသည်။
“အင်မော်တယ် အရှင်သခင်လှံတဲ့လား”
အင်မော်တယ် အရှင်သခင်လှံသည် ပျောက်ကွယ် နေသည်မှာ နှစ်များစွာ ကြာလှပြီ။ ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့ပါ။ အဲ့ဒါကိုတောင်မှ ဒီလူ့ဆီမှာ သတင်း အချက်အလက် ရှိနေတာတဲ့လား။
ပြီးတော့ စန်းယွမ် ခန်းမမှာတောင်မှ အင်မော်တယ် အရှင်သခင်လှံနဲ့ ပက်သက်ပြီး ဘာသတင်း အချက်အလက်မှ မရှိဘူး။ လီချန်ချင်းက စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ပါ၏။ လီဟမ်ရှန်းသည် အင်မော်တယ် အရှင်သခင်လှံသိုင်းကို အသုံးပြုသည်။
အင်မော်တယ် အရှင်သခင်လှံကိုသာ ရရှိသွားပါက လီဟမ်ရှန်း၏ ခွန်အားမှာ လုံးဝကို တိုးတက်သွားမည် ဖြစ်သည်။ ထို့အပြင် သူ၏သားဖြစ်သူမှာ အင်မော်တယ် အရှင်သခင်လှံကို ရရှိသွားပါက အလွန်တရာ ပျော်ရွှင်သွားလိမ့်မည် ဖြစ်သည်။
လီချန်ချင်းက တိမ်ပျံနှင့် အင်မော်တယ် အရှင်သခင်လှံ တည်ရှိရာ သတင်းအချက်အလက်ကို လဲလှယ်ခဲ့ပါ၏။ ထို့နောက်တွင် သူသည် ထွက်လာခဲ့ပါသည်။ ကျန်သော ရတနာများ လဲလှယ်မှုကိုတော့ သူစိတ်မဝင်စားတော့ပါ။
နှစ်နာရီခန့် ကြာပြီးသော အခါတွင် သွေးမြူရတနာ ပစ္စည်းလဲလှယ်ရေး အစီအစဉ်သည် ပြီးဆုံးသွားပြီ ဖြစ်၏။ လူတိုင်းက အစီအစဉ်တကျ ပြန်ထွက်သွားခဲ့ပါသည်။ လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့ကလည်း သူတို့တည်းခိုရာ ခြံဝန်းထဲတွင် ပြန်လည်ဆုံတွေ့ခဲ့၏။
“သိုလှောင်လက်စွပ်ကို လဲခဲ့တာ မင်းပဲမလား”
ရွှယ်ချမ်းပိုင်က မေးလိုက်၏။
“ဟုတ်တယ် ငါဓားတစ်ချောင်းနဲ့ လဲခဲ့တာ”
လီချန်ချင်းကလည်း မကွယ်ဝှက်ခဲ့ပါ။ ရွှယ်ချမ်းပိုင်က ခေါင်းညိတ်ပြလိုက်၏။ သို့သော် ဘယ်လိုဓားမျိုးနဲ့ လဲလှယ်ခဲ့လဲ ဆိုတာကိုတော့ သူမမေးတော့ပါချေ။
ထို့နောက်တွင် သူတို့နှစ်ဦးက အနားယူ လိုက်ကြပါတော့၏။ နောက်တစ်နေ့သည် စန်းယွမ်နယ်မြေ အရှင်သခင်နဲ့ လီရွှမ်းရှီတို့၏ တိုက်ပွဲပင် ဖြစ်သည်။ လူတိုင်းက စောင့်မျှော်နေခဲ့ကြ၏။ ယနေ့ညတွင် လူတော်တော်များများသည် ကောင်းမွန်စွာ မအိပ်စက်နိုင်ခဲ့ကြပါ။
မနက်ဖြန်အတွက် စိတ်လှုပ်ရှား နေသောကြောင့်ပင် ဖြစ်ပါသည်။ နောက်တစ်နေ့ မနက်၌ ဝမ်ကျိမြို့တော်ကြီးသည် သက်ဝင်စည်ကားနေခဲ့ပါသည်။ အိပ်ပျော်နေသော လူများပင်လျှင် အပြင်ဘက်က ဆူညံသံများကြောင့် လန့်နိုးလာခဲ့ကြ၏။
“ဘာတွေ ဖြစ်နေကြတာတုန်း။ ဘာလို့ ဆူညံနေရတာလဲ”
တပည့်တစ်ဦးသည် သူ၏ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း ပျင်းရိစွာ မေးလိုက်ပါသည်။
“မြန်မြန်ထတော့။ စန်းယွမ်နယ်မြေ အရှင်သခင်နဲ့ လီရွှမ်ရှီတို့ရဲ့ တိုက်ပွဲက စတော့မယ်”
စီနီယာ အစ်ကိုတစ်ယောက်က လှမ်းအော်လိုက်သည်။
“ဘာကွ”
အိပ်ချင်နေသော တပည့်များက ချက်ချင်း နိုးထလာပါ၏။
“ဒီလောက်အစောကြီးမှာ တိုက်ကြတော့မလို့လား”
သူတို့ထင်ထားသည်က နေ့ခင်းလောက်မှ တိုက်ပွဲကစမည်ဟု ထင်ထားကြသည်။ သို့သော် မနက်စောစောစီးစီးမှာ တိုက်ခိုက်ကြမယ်တဲ့လား။
အပြင်ဘက်တွင်တော့ မြင်ရသော မြင်ကွင်းကို သူတို့အားလုံး ထိတ်လန့်သွားခဲ့ပါသည်။ လမ်းတစ်လျှောက်လုံးတွင် လူများမှာ တိုးဝှေ့နေကြသည်။ ကောင်းကင်ထက်တွင်ပင်လျှင် လူများနှင့် ပြည့်ကျပ်နေပါသည်။
အချို့မှာ ပျံသန်းသားရဲများကို စီးနင်းထား၏။ အချို့မှာ ကောင်းကင်ထက်တွင် ဒီတိုင်းပင် မတ်တတ်ရပ်နေကြပါသည်။ အရင်တုန်းက စွမ်းအားကြီးကြီး ရန်သူများကို မြင်တွေ့ရန် ခက်ခဲလှသော်လည်း ယခုတွင်တော့ နေရာတိုင်းတွင် လက်ညိုးထိုးမလွဲ စွမ်းအားကြီးကြီး ရန်သူများနှင့် ပြည့်နှက်နေခဲ့ပါသည်။
လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်တို့ကလည်း ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေပါသည်။ လီချန်ချင်းမှာ သူ၏ခွန်အားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သောကြောင့် ကောင်းကင်ထက်တွင် မတ်တတ်ရပ်နိုင်ပြီ ဖြစ်သည်။
ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေသော ကျင့်ကြံသူများက လူအများ၏ အာရုံစိုက်မှုကို ရရှိသွားပါသည်။ အထူးသဖြင့် လီချန်ချင်းကို ဖြစ်သည်။ တစ်စုံတစ်ဦးက လီချန်ချင်းကို မကောင်းသော ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေပါ၏။
ထိုအကြည့်ကို ခံစားမိသောအခါ လီချန်ချင်းက ပြန်ကြည့်လိုက်၏။ သူ့ကိုကြည့်နေသူမှာ ဆုချီကျုံးဖြစ်သည်ကို လီချန်ချင်းက သိလိုက်ရပါသည်။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်း နယ်မြေကြီးမှ စွမ်းအားရှင်များက လီချန်ချင်းကို နှုတ်ဆက်ကာ အရိုအသေ ပေးကြပါသည်။
သူတို့အားလုံးက လီချန်ချင်းပေါ်၌ အသက်အကြွေး တင်ခဲ့ကြသည် မဟုတ်ပါလား။ ဆုမိသားစုက လီချန်ချင်းအား စူးရှစွာ စိုက်ကြည့်နေ၏။ လီချန်ချင်းကလည်း ပြန်လည်၍ ကြည့်လိုက်ပါသည်။ ဆုရှီကျုံးထံမှ မမြင်ရသော အရှိန်အဝါတစ်ခုက လီချန်ချင်းကို လာ၍ ဖိနှိပ်သည်။
လီချန်ချင်းကလည်း မျက်တောင်မခတ်ဘဲ သူ၏ လွှမ်းမိုးနိုင်ခွင့်ရှိသော အရှိန်အဝါကိုသုံးပြီး ပြန်လည်၍ တုံ့ပြန်လိုက်၏။ ရွှယ်ချမ်းပိုင်ကလည်း လီချန်ချင်း၏ နံဘေးသို့ ရောက်လာပြီး ဆုရှီကျုံးကို စိုက်ကြည့်လိုက်သည်။ သူ့ထံမှလည်း ပြိုင်ဘက်ကင်းသော ဓားအရှိန်အဝါများက ထွက်ပေါ်လာပြီး ဆုရှီကျုံးကို ဖိနှိပ်လိုက်ပါသည်။
နှစ်ယောက်တစ်ယောက် ဖြစ်နေသောကြောင့် ဆုရှီကျုံးက နောက်ဆုတ်သွားခဲ့ရပါ၏။ သို့သော် လူတိုင်းလိုလို၏ အကြည့်များက ကောင်းကင်၏ အမြင့်အထက်တွင် ရှိသော ကျန်းထျန်းယွမ်နှင့် လီရွှမ်းရှီ၏ကိုယ်ပေါ်သို့ ရောက်ရှိနေကြပါသည်။
ကျန်းထျန်းယွမ်မှာ သူ၏လက်များကို အနောက်ပစ်ထားပြီး ရင်ကော့လျက် မတ်တတ်ရပ်နေသည်။ လီရွှမ်ရှီမှာတော့ ဓားပျံပေါ်တွင် မတ်တတ်ရပ်နေပြီး တိုက်ခိုက်လိုစိတ်များဖြင့် လောင်ကျွမ်းနေပါသည်။ သူမ၏ ပုံစံက ကောင်းကင် ၉ထပ်ကိုပင် ခုတ်ပိုင်းတော့မည့် အလားပင် ဖြစ်သည်။
သူတို့နှစ်ဦးသား အကြည့်ဆုံသွားခဲ့၏။ လီရွှမ်းရှီ၏မျက်ဝန်းများက တိုက်ခိုက်လိုစိတ် အပြည့်နှင့် ဖြစ်နေ၏။ လေထုတစ်ခုလုံးမှာ ဖိအားများဖြင့် လေးလံလာခဲ့သည်။
“ကျန်းထျန်းယွမ် စန်းယွမ် နယ်မြေရဲ့ အရှင်သခင်ဖြစ်တာ ဒီလောက်နှစ်တွေကြာတာတောင်မှ ရှင်ရှာနေတဲ့ အရာကို ရှင်မတွေ့ဘူး မဟုတ်လား။ သနားဖို့ တော်တော် ကောင်းတာပဲ”
လီရွှမ်းရှီက စကားနာ ထိုးလိုက်၏။
“ရှင်ရှာနေတဲ့ ဥစ္စာကို တစ်သက်လုံး ရှာမတွေ့တော့ဘဲ သေသွားမှာကတော့ နှမြောစရာပဲလေ”
“အဟွတ် အဟွတ်”
ကျန်းထျန်းယွမ်က ချောင်းဆိုးလိုက်၏။
“ငါတို့ အချင်းချင်းကြားမှာ စကားနာ ထိုးနေဖို့ မလိုပါဘူး။ မင်းက အရင်တည်းကိုက သူတော်စင်လေးပါးထဲမှာ ခွန်အားက ငါ့ထက်ပိုပြီး ကြီးတာပဲလေ”
“အခု ပြန်မွေးဖွားလာပြီးတဲ့ နောက်မှာ မင်းရဲ့ အရင်ခွန်အားတွေ ပြန်ရှိသေးလား ဆိုတာကို စမ်းကြည့်ကြတာပေါ့”
“ငါ့ရဲ့ လက်ရှိခွန်အားက နင့်ကို သတ်ဖို့အတွက်တော့ ကောင်းကောင်းကြီး လုံလောက်သေးတယ်”
လီရွှမ်ရှီထံမှ ကောင်းကင်နတ်သမီးဓားသည် ပျံသန်းထွက်ပေါ် လာသည်။ ကောင်းကင်ကြီး တစ်ခုလုံးသည် တွန့်လိမ်သွားသည်။ ဓားချီများသည် ကောင်းကင်ဘုံကို ဖုံးလွှမ်းသွား၏။
လီရွှမ်းရှီက အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ကောင်းကင်ကြီးကို ဆုတ်ဖြဲလိုက်ပြီး စောင့်ကြည့်နေသော စွမ်းအားရှင်များ အားလုံးကို သေးနုတ်သော ခံစားချက်ကို ရရှိစေသွားခဲ့ပါသည်။
မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူများပင်လျှင် လီရွှမ်းရှီ၏ အောက်တွင် ပုရွက်ဆိတ်များပမာ ခံစားလိုက်ရပါ၏။ သူတို့နှင့် လီရွှမ်းရှီတို့အကြား ကွာခြားချက်မှာ လွန်စွာမှကို ကြီးမားလှပါသည်။
ကျန်းထျန်းယွမ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပါ၏။ လီရွှမ်းရှီနှင့် တိုက်ခိုက်ရမည့်အခါတွင် သူသည် အလေးအနက် ထားကာ တိုက်ခိုက်မှ ရမည် ဖြစ်ပါသည်။