အခန်း (၄၁၁)
Vol. 34 Ch. 411
တစ်ခြားလူတွေက ကြောင်အနေသောကြောင့် ချက်ချင်း မလှုပ်ရှားနိုင်ပါချေ။ လီချန်ချင်း လှုပ်ရှားသည်ကို မြင်သောအခါမှ ကောင်းကင် နတ်သမီးဓားကို လုယူမိရန် အတွက် အားလုံးက သတိရသွားကြပါသည်။ နောက်တစ်ခဏတွင် ရှိရှိသမျှ လူတိုင်းက လှုပ်ရှားလာကြပါတော့သည်။
ဘယ်သူက နတ်ဘုရားအဆင့် လက်နက်ကို မလိုချင်ဘဲ နေရမှာလဲ။ အရင်ဦးဆုံး လှုပ်ရှားလိုက်သောကြောင့် သူက လူတိုင်း၏ ပစ်မှတ်ဖြစ်သွားသည်ကို လီချန်ချင်းက သိလိုက်ရပါသည်။ သူက လက်ကို ဆန့်တန်းလိုက်သော အခါတွင် အခြားလူ များစွာတို့က လှုပ်ရှားလာကြ၏။
သူတို့တွေက ကောင်းကင် နတ်သမီးဓားကို ဦးတည်နေတာ မဟုတ်ဘဲ လီချန်ချင်းကို ဝိုင်းဝန်းကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသည်။ စတင်၍ တိုက်ခိုက်လိုက်သူမှာ ဆုမိသားစု၏ ဆုရှီကျုံးပင် ဖြစ်၏။
“ကောင်းကင် နတ်သမီးဓားကို လိုချင်တာလား။ ငါတို့ ဆုမိသားစုရဲ့ သဘောတူညီမှုကို အရင်တောင်းသလား”
ဆုရှီကျုံးက အော်ဟစ်လိုက်ပြီး သူ၏ လက်ကို မြောက်ကာ လီချန်ချင်းကို ဖိချေရန် ဟန်ပြင်လိုက်သည်။ တစ်ခြားသော ပန်းချီဆရာများကလည်း သူတို့၏ ပန်းချီရတနာများကို တစ်ပြိုက်နက်တည်းလိုလိုပင် ထုတ်လွှတ်လိုက်သည်။ အရောင်အသွေး စုံလင်လှသော ပန်းချီရတနာများက ကောင်းကင် နတ်သမီး ဓားထံသို့ ပျံသန်းလာခဲ့၏။
“ရွှယ်ချမ်းပိုင်”
အရေးကြီးသော အချိန်တွင် လီချန်ချင်းက အသံနက်ကြီးနှင့် အော်ဟစ်လိုက်၏။ ရောက်ရှိနေကြသော လူများတွင် လီချန်ချင်းက ရွှယ်ချမ်းပိုင် တစ်ယောက်တည်းကိုသာ ယုံကြည်နိုင်ပါသည်။ လီချန်ချင်းက သူ၏နာမည်ကို မခေါ်စဉ်မှာပင် ရွှယ်ချမ်းပိုင်က လှုပ်ရှားပြီးသား ဖြစ်၏။ တစ်ခြားသူများက လီချန်ချင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်သည့် အချိန်မှာပင် ရွှယ်ချမ်းပိုင်က သူ၏ ချင်းရွှယ်ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်ပြီ ဖြစ်သည်။
ဓားထုတ်သံသည် ကောင်းကင် ၉ထပ်ကို ပျံ့နှံ့သွား၏။ ဓားချက်တစ်ချက်တည်းမှာပင် ဆုရှီကျုံး၏ တိုက်ခိုက်မှုကို ခုတ်ပိုင်းဖြတ်လိုက်ပါသည်။ လီချန်ချင်း၏ ဓားအရှိန်အဝါများကလည်း လောကကြီးကို ဖိနှိပ်လိုသော စွမ်းအားများနှင့် ရုတ်တရက် ထွက်ပေါ်လာပါသည်။ သူ၏ ဓားအရှိန်အဝါများသည် လီရွှမ်းရှီ၏ ဓားအရှိန်အဝါကို မှီနိုင်လုနီးပါးအထိ ရှိနေခဲ့သည်။
ဓားချီများသည် နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့ပါသည်။ မြောက်များစွာသော တိုက်ခိုက်မှုများသည် ရွှယ်ချမ်းပိုင်၏ ဓားချက်အောက်တွင် အားလုံး ပျက်သုန်းသွားခဲ့ပါသည်။ ရွှယ်ချမ်းပိုင်သည် ဓားတစ်ချောင်းတည်းနှင့် စွမ်းအားကြီး ကျင့်ကြံသူများ အားလုံး၏ တိုက်ခိုက်မှုများကို တားမြစ်နိုင်ခဲ့သည်။
ဘေးကနေ စောင့်ကြည့်နေကြသော လူများအားလုံးက ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပါသည်။ ချင်းရွှယ် အာဏာဓားအရှင် ဟူသော နာမည်ကို သူတို့က ကြားသိခဲ့ဖူးသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဒါပေမဲ့ အဲ့ဒီလူက အဆင့်မြင့် ဆရာသခင် အဆင့်မှာပဲ ရှိတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ မဟာသိုင်းဂိုဏ်း အဆင့်ကို ရောက်လာတာလဲ။
ပြီးတော့ သူ့ရဲ့ ခွန်အားကလည်း ဘာလို့ အဲ့ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ။ ဓားချက်တစ်ချက်တည်းနဲ့ပင် သူတို့အားလုံးကို ခွန်အား မဲ့သွားသလိုမျိုး ခံစားသွားအောင် လုပ်နိုင်ခဲ့တာပဲ။ ထိုအခိုက်မှာပဲ လီချန်ချင်းက အချိန်ဖြုန်းမနေပါ။ ကောင်းကင် နတ်သမီးဓားကို ဝင်ရောက်လိုသော လူများအားလုံးကို သူက တားမြစ်ရန် ကြံစည်ခဲ့ပါသည်။
တစ်ချက်တည်းမှာပင် လီချန်ချင်းက သူ၏ဓားသေတ္တာကို သိုလှောင်လက်စွပ်ထဲမှ ကောက်စွပ်လိုက်၏။ လက်ဝါးရိုက်ချက် တစ်ချက်နဲ့အတူ ဓားသေတ္တာထဲမှ ဓား ၇ချောင်းက အရှိန်အဟုန် ပြင်းစွာဖြင့် ပြေးထွက်လာပါသည်။ ချင်းလဲ့ဓားအစီအရင်က စတင်၍ ဖြစ်ပေါ်လာခဲ့သည်။
ချင်းလဲ့ဓား အစီအရင်သည် ရောက်နေကြသော လူအားလုံးကို ဖုံးလွှမ်းသွားခဲ့ပါ၏။ လူသတ် အစီအရင်သည် လူသတ်ရုံတင်မက လူအများ၏ တိုက်ခိုက်မှုကိုလည်း တားမြစ်နိုင်စွမ်း ရှိပါသည်။
“ဟွန့်.. ချင်းလဲ့ဓား အစီအရင်တဲ့လား။ အရမ်းကို စွမ်းအားကြီးပြီးတော့ ကြောက်မက်ဖွယ် ကောင်းတယ်လို့ ကောလဟာလတွေ ထွက်နေတာ။ ဒီနေ့မှာ ငါစမ်းကြည့်မယ်”
ခန္ဓာကိုယ် တောင့်တင်းသော လူတစ်ဦးသည် အစီအရင်ထဲသို့ တိုးဝင်လာသည်။ ဓားစွမ်းအားများသည် ထိုလူကို ဝိုင်းပတ်ပြီး တိုက်ခိုက်ကြ၏။ သို့သော် ထိုသူထံမှ ထွက်ပေါ်နေသော ပြိုင်ဘက်ကင်း ဓားအရှိန်အဝါ တစ်ခုက ထိုဓားစွမ်းအားများကို ပိတ်ဆို့ထားပါသည်။ ထိုမြင်ကွင်းက လူများအားလုံးကို ထိုကိုယ်ကာယ ကြံ့ခိုင်သောလူအား အံ့အားသင့်စွာဖြင့် ကြည့်ရှုစေမိခဲ့သည်။
“နောက်ထပ် ဓားသခင်တစ်ပါးပဲ”
ရွှယ်ချမ်းပိုင်ကလည်း အသစ်ရောက်လာသောလူကို သတိပြုမိသွားသည်။
“ရှောင်ဝူချိ”
အသစ်ရောက်လာသော ဓားသခင်ကို ကျန်သောလူများကလည်း သတိပြုမိသွားသည်။
“ရှောင်ဝူချိ…နန်ချိုးမြို့က ရှောင်မိသားစုရဲ့ ဘိုဘေးကြီး မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူတစ်ဦး”
သူက ဧရာမ ဓားကြီးကို ထုတ်လိုက်ပါသည်။ ထိုဓားသည် နက်မှောင်နေပြီး ဓား၏ မျက်နှာပြင်ထက်တွင် သွေးစီးကြောင်းကဲ့သို့ အနီရောင် စီးကြောင်းများ ရစ်ပတ်နေပါသည်။
“ဟန်ချူးဓား”
ရှောင်ဝူချိက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“နတ်ဘုရားအဆင့် လက်နက်ထဲမှာ အဆင့် ၃၆ စာရင်းဝင်တဲ့ ဟန်ချူးဓားလား”
လီချန်ချင်းက ထိုဓားကို မြင်တော့ တိတ်တဆိတ် ရေရွတ်လိုက်သည်။ ကောင်းကင် နတ်သမီးဓားသည် လေထုထဲ၌ ရပ်တန့်နေ၏။ ဘယ်သူကမှ လှမ်းမယူရဲပါ။ လီချန်ချင်း၏ ချင်းလဲ့ဓားအစီအရင်က ဝင်ရောက်လုယူမည့် လူများကို ပိတ်ဆို့တားဆီးထားသည်။ လီချန်ချင်းက ထိုသူများကို မသတ်ဖြတ်ခဲ့ပါ။
ဒါပေမဲ့ ထိုသူများကလည်း ဓားအစီအရင်ကို ထိုးဖောက်ပြီးတော့ အတွင်းသို့ မဝင်နိုင်ခဲ့ပါ။ လီချန်ချင်းသာ သူတို့ကို သတ်ဖြတ်လိုပါက ထိုသူများက အသံပင် ထွက်နိုင်မည် မဟုတ်ဘဲ သေဆုံးကြရမည်သာ ဖြစ်၏။
“ရှောင်ဝူချိ မင်းရဲ့ဓားကို စမ်းသပ်ချင်တယ် ဆိုရင် ငါမင်းနဲ့ အဖော်ပြုပေးမယ်”
ရွှယ်ချမ်းပိုင်က ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။
“ချင်းရွှယ်အာဏာ ဓားအရှင် ကျုပ်က ခင်ဗျားရဲ့ ဓားကို စမ်းသပ်ချင်ပါတယ်။ ဒါပေမဲ့ ကျုပ်က လောလောဆယ်မှာ ချင်းလဲ့ဓားသခင်ကို ပိုစိတ်ဝင်စားတယ်”
ရှောင်ဝူချိက ရွှယ်ချမ်းပိုင်ကို ကြည့်ပင် မကြည့်ပါ။ သူ၏အကြည့်က လီချန်ချင်းအပေါ်သို့သာ ရောက်ရှိနေ၏။
“ကောင်းပြီလေ”
လီချန်ချင်းက ဘယ်ဘက်လက်ဖြင့် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ဓားကို တစ်ဖက်မှကိုင်ထားရင်း နောက်လက်တစ်ဖက်ဖြင့် ဓားအစီအရင်ကို ထိန်းချုပ်ထားပြန်၏။ ရှောင်ဝူချိ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။
လီချန်ချင်း ထုတ်ယူလိုက်သည့် ဓား၏ ထူးခြားဆန်းကြယ်သော သဘာဝ အနေအထားကို သူက အာရုံခံမိပုံရသည်။ လီချန်ချင်းက ဓားအိမ်ထဲမှ ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သော အခါတွင် လောကကြီး တစ်ခုလုံးက ခြောက်ခြားဖွယ်ရာ ဖြစ်သွားခဲ့သည်။ ဓားထံမှ သွေးမြူများက စတင်၍ ထွက်ပေါ်လာသည်။
ထို့နောက် လွန်မင်းစွာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ သူ့လက်ထဲတွင် ရှိသောဓားက တစ်စက်စက် တုန်ရီနေသည်ကို လီချန်ချင်းက ခံစားလိုက်ရသည်။ ဓားသည် လူသွေးကို သောက်သုံးချင်နေ၏။ သို့သော် ထိုဓားကကျိုးပဲ့နေသည်။
“လရိပ်ဓား”
ရှောင်ဝူချိ၏ မျက်ဝန်းများက ကျဉ်းမြောင်းနေခဲ့သည်။ လီချန်ချင်း၏ လက်ထဲတွင် ရှိသောဓားမှာ ရက်စက်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်လက် ဖြစ်သည်။ ရွှယ်ချမ်းပိုင်ကလည်း ဓားကို မြင်သော် ထိတ်လန့်သွားခဲ့၏။
လီချန်ချင်းက သိုလှောင်လက်စွပ်နှင့် ဓားတစ်ချောင်းကို လဲလှယ်ခဲ့သော်လည်း ဘယ်ဓားလဲ ဆိုတာကိုတော့ သူမမေးခဲ့ပါ။ သူလဲလှယ်ခဲ့သော ဓားက လရိပ်ဓားဖြစ်နေမည်ဟု မထင်ထားမိပါချေ။
“ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီလာဓားပဲ။ ကျုပ်ကို ညွှန်ကြားပြသ ပေးပါဦး”
ရှောင်ဝူချိက ပြောလိုက်ပြီးသည့် နောက်တွင် သူ၏ ဟန်ချူးဓားကို ပြင်းထန်စွာ လွှဲရမ်းပြီး ခုတ်ပိုင်းလိုက်၏။ ဓားချက်တစ်ချက်တည်းမှာပင် အချိန်နှင့် လေဟာနယ်များက တွန့်ခေါက်သွားခဲ့ပါသည်။
ဓားစွမ်းအားများသည် ရာသီဥတု ပြောင်းလဲသွားသကဲ့သို့ ပြောင်းလဲသွားခဲ့၏။ ပျက်သုဉ်းခြင်းနှင့် အချိန်တို့၏ နိယာမက လီချန်ချင်းထံသို့ ရောက်လာခဲ့သည်ကို ခံစားလိုက်ရ၏။
“ဟန်ချူးဓား”
ရှောင်မိသားစု၏ စွမ်းအားရှင်များက ထိတ်လန့်သွားပါသည်။ သူတို့၏ ဘိုးဘေးကြီးက စွမ်းအား အကြီးဆုံးသော တိုက်ကွက်ကို ချက်ချင်း အသုံးပြုလိုက်သောကြောင့် ဖြစ်ပါ၏။ ရှောင်ဝူချိသည် လီချန်ချင်းကို အလွန် ကြောက်ရွံ့နေဟန် ရှိသည်။
ဓား၏ စွမ်းအားကို လီချန်ချင်းက ခံစားလိုက်ရ၏။ ထိုဓား၏ စွမ်းအားကို သူ၏ ချင်းလဲ့ဓား အစီအရင်က ကာကွယ်နိုင်စွမ်း မရှိသည်ကို လီချန်ချင်းက သိပါသည်။ လီချန်ချင်း၏ လက်ထဲမှ လရိပ်ဓားတွင် သွေးနီရောင် ပန်းပွင့်များက စတင်၍ ပွင့်လန်းလာခဲ့သည်။
သတ်ဖြတ်လိုစိတ်သည် လောကကြီး တစ်ခုလုံးကို ဖယ်ရှားတော့မည့် အလားဖြစ်ပါသည်။ လီချန်ချင်းက ဓားကို ဝှေ့ရမ်းလိုက်၏။ ဓားစွမ်းအားများက တစ်ခုနဲ့ တစ်ခု မရိုက်ခတ်စဉ်မှာပင် နယ်မြေတထောင် ပန်းချီလောကကြီးက ပျောက်ကွယ်သွားခဲ့သည်။ စွမ်အားများ အားလုံးကို တွန့်လိမ်ကောက်ကွေးနေသော လေဟာနယ်က စုပ်ယူသွားခဲ့၏။
အရာအားလုံးက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက်သွားစဉ်မှာပင် လီချန်ချင်းက ကောင်းကင် နတ်သမီးဓားကို ဆွဲယူလိုက်သည်။ လူတိုင်းက ဘာဖြစ်နေလဲ ဆိုတာကို နားမလည်နိုင်ခင်မှာပင် ကောင်းကင်ကြီး တစ်ခုလုံးက တစ်စစီ ကွဲကြေသွား၏။
တစ်ကိုယ်လုံးကို သွေးအလိမ်းလိမ်းနှင့် ဖုံးလွှမ်းနေသော လီရွှမ်းရှီက ပက်ကြားအက်ထဲမှ ပြုတ်ကျလာခဲ့သည်။ သူမ၏ ပုံစံသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သွေးများကလည်း ဆက်တိုက် အန်နေ၏။ သူမသည် မူချင်းကောကို လှမ်းဆွဲလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းပြီး ထွက်ပြေးသွားခဲ့သည်။
မူချင်းကောက လီရွှမ်းရှီ၏ လက်ထဲသို့ ပါသွားသည်ကို မြင်သောအခါ လီချန်ချင်းက ချက်ချင်းပင် အနောက်ကနေ လိုက်လိုက်ပါတော့သည်။ သို့သော် မူချင်းကောက လီချန်ချင်းအား လှမ်းပြောလိုက်၏။
“ကျွန်မ အဆင်ပြေတယ်။ ကျွန်မ နောက်ကို မလိုက်ပါနဲ့”
မူချင်းကော၏အသံကို ကြားသော် လီချန်ချင်းက နေရာ၌ပင် ရပ်တန့်လိုက်ပါသည်။ ဝမ်ကျိမြို့တွင် ရှိသော လူများက တုန်လှုပ်သွားခဲ့၏။ လီရွှမ်းရှီက တကယ်ပဲ ရှုံးသွားတာလား။ ကောင်းကင် နတ်သမီးဓားက ကောင်းကင်ထက်မှ ပြုတ်ကျလာခြင်းက တစ်စုံတစ်ခုကြောင့်ဟု သူတို့ခန့်မှန်းထားသော်လည်း ယခုလိုမျိုး ရုပ်ပျက် ဆင်းပျက် ရှုံးနိမ့်ပြီး ထွက်ပြေးရလောက်တဲ့အထိ ဖြစ်မည်ဟု ဘယ်သူကမှ မျှော်လင့်မထားခဲ့မိပါ။
ကျန်းထျန်းယွမ်က လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သူ့ပုံစံက ခြစ်ရာ တစ်စက်မျှပင် မရှိပါ။ သူသည် လီရွှမ်းရှီကိုပင် မကြည့် သူမနောက်သို့လည်း မလိုက်ပါ။ တစ်ချက် ပြုံးပြီးတော့သာ ပြောလိုက်၏။
“တိုက်ပွဲက ပြီးသွားပြီဗျ။ အားလုံးကို ဒုက္ခပေးရတာ အားနာပါတယ်”
ကြည့်ရှုနေသော သူများက ငိုချင်နေကြ၏။ ကျန်းထျန်းယွမ် သေမည်ဟု လူတိုင်းက ထင်ထားကြပါသည်။ ကျန်းထျန်းယွမ်သည် အိုမင်းပြီး တုန်ခါနေသော လူပင်ဖြစ်၏။ သူ့လို လူအိုကြီးက လီရွှမ်းရှီလိုမျိုး ပြန်မွေးဖွားလာတဲ့ သူကို ဘယ်လို အနိုင်ရသွားတာလဲ။
အနိုင်ရသွားတာကလည်း ကပ်သီးလေး နိုင်သွားတာမျိုး မဟုတ်ဘဲ လီရွှမ်းရှီက ခွေးရိုက် နွားရိုက် အရိုက်ခံထားရတာ မဟုတ်ပါလား။ တိုက်ပွဲကို လေဟာနယ်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေကြသော မြေလျှောက် အင်မော်တယ်များပင်လျှင် လီရွှမ်ရှီ ဘယ်လိုမျိုး ရှုံးနိမ့်သွားလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေခဲ့ပါသည်။