အခန်း (၄၁၃)
Vol. 34 Ch. 413
ဧရာမ ရွှေရောင်လက်ကြီးက လီချန်ချင်းထံသို့ ခုန်အုပ်လာခဲ့သည်။ လီချန်ချင်း၏ ဓားများကလည်း ကျန်းရွှယ်ဓားအစီအရင်အဖြစ် ဖွဲ့စည်းသွားပြီး ဧရာမ လက်မကြီးထံသို့ ပြေးဝင်သွား၏။ ထိုအခိုက်မှာပင် ရွှယ်ချမ်းပိုင်ကလည်း ဝင်ရောက်ပူးပေါင်းလာခဲ့သည်။ သူက လီချန်ချင်းရှိရာသို့ ပျံတက်သွားပြီး ပန်းချီရတနာတစ်ခုကို ထုတ်လိုက်ပါ၏။ ထိုပန်းချီရတနာသည် လီချန်ချင်းပေးခဲ့ဖူးသော ‘အထီးကျန်နှင်းပုံရိပ်’ပင်ဖြစ်ပါသည်။ လောကကြီးတစ်ခုလုံးသည် ချက်ချင်းပင် အေးခဲသွားတော့၏။ အေးခဲသွားသော ဝိဉာဉ်များက ဝမ်ကျိမြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ဝမ်ကျိမြို့တစ်ခုလုံးသည် ရေခဲမြို့ ဖြစ်သွားပါသည်။ ထိုကဲ့သို့ မြင်ကွင်းကို စွမ်းအားရှင်များအားလုံးက ထိတ်လန့်တကြီးဖြင့် ကြည့်နေကြပါသည်။
ယခုပုံစံမှာ ရွှယ်ချမ်းပိုင်သည် ရေခဲလောက၏ အရှင်သခင်ဖြစ်နေသည့် အလားပင်ဖြစ်သည်။ ယခုအချိန်၌ ရွှယ်ချမ်းပိုင်က ပိုင်နက်နိယာမကို နားလည် သဘောပေါက်နေဟန် ရှိပါသည်။
“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ… ချင်းရွှယ်အာဏာဓားအရှင်က ပိုင်နက်နိယာမကို တကယ်ပဲ နားလည်သွားတာလား.. သူက မဟာသိုင်းဂိုဏ်းအဆင့်ပဲ ရှိသေးတာလေ.. ဘယ်လိုဖြစ်ပြီးတော့ မြေလျှောက်အင်မော်တယ်အဆင့် နိယာမကို နားလည်နိုင်နေရတာလဲ”
လူတိုင်းက မိမိတို့၏ မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်နေကြပါသည်။
“မဟုတ်သေးဘူး.. ဒါ သူ့ရဲ့ ကိုယ်ပိုင်နားလည်မှု မဟုတ်သေးဘူး..။ ဒီလိုမျိုးဖြစ်သွားတာက ချင်းရွှယ်အာဏာဓားအရှင်မှာ ရှိတဲ့ ပန်းချီရတနာကြောင့် ဖြစ်သွားတာပဲ”
တစ်စုံတစ်ဦးက ထိုစွမ်းအား၏ နောက်ကွယ်က အကြောင်းအရင်းကို ရှာတွေ့သွားခဲ့ပါသည်။
“ပိုင်နက်ကို စိုးမိုးခြယ်လှယ်နိုင်တဲ့ ပန်းချီရတနာတဲ့လား..။ ဒီလောက်ရှားပါးတဲ့ ပန်းချီရတနာကို ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”
ထိုအခိုက်မှာပင် ရွှယ်ချမ်းပိုင်ကလည်း အချိန်မဖြုန်းတော့ဘဲနှင့် ဓားချက်တစ်ချက်ကို ခုတ်လိုက်ပါသည်။ လီချန်ချင်း၏ ကျန်းရွှယ်ဓားအစီအရင်နှင့် ရွှယ်ချမ်းပိုင်၏ ဓားခုတ်ချက်နှင့် ပေါင်းလိုက်သောအခါတွင် ရွှေရောင်လက်ဝါးကြီးကို တစ်စစီ ဖြစ်သွားစေခဲ့ပါသည်။ လောကကြီးတစ်ခုလုံး အုပ်မိုးထားသော လက်ဝါးကြီးသည် တစ်ချက်ထဲပင် ပြိုလဲသွားခဲ့ပါသည်။
ထိုလူနှစ်ယောက်ထံမှ ထွက်ပေါ်နေသော ဓားချီများက လောကကြီးတစ်ခုလုံးနှင့် ကင်းကွာနေသည့်အလားပင် ဖြစ်သည်။ စွမ်းအားကြီးမားလှသော မြေလျှောက်အင်မော်တယ်က ထိုလူနှစ်ဦး၏ ဓားစွမ်းအားများကို ဖိနှိပ်ရန်ကြိုးစားခဲ့၏။ သို့သော် နောက်ဆုံး၌ ရှုံးနိမ့်သွားခဲ့ရပါတော့သည်။ ထိုသူနှစ်ဦး၏ ဓားချီများကို ဖိနှိပ်ရန် ရှုံးနိမ့်သွားရုံသာမက သူ၏လက်ဖဝါးပင်လျှင် ထိုးဖောက်ခြင်း ခံရပါ၏။ လက်ဖဝါးကြီးသည် နေရာတွင်ပင် နှစ်ခြမ်းကွဲသွားခဲ့ရပါ၏။
နောက်ဆုံး၌ ပုံရိပ်ယောင်လက်ဖဝါးကြီးက ပြိုလဲသွားပြီး လက်ကျန်စွမ်းအားများက သဘာဝ ဝိဉာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားထဲသို့ ပျံ့နှံ့သွားခဲ့ပါတော့သည်။
“ဟာ… ဘယ်လိုဖြစ်တာလဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းက တုန်လှုပ်နေခဲ့ပါသည်။
“ချင်းလဲ့ဓားသခင်နှင့် ချင်းရွှယ်အာဏာဓားသခင်တို့ ပူးပေါင်းပြီးတော့ မြေလျှောက်အင်မော်တယ်တစ်ပါးကို နှိမ်နင်းနိုင်ခဲ့တာလား”
“ဒီနှစ်ယောက်က အရမ်းကြီးကို စွမ်းအားကြီးလွန်းနေတာမဟုတ်ဘူးလား”
“ကျေးဇူးပဲ”
လီချန်ချင်းက သူ့နံဘေးတွင်ရှိသော ရွှယ်ချမ်းပိုင်ကို ပြောလိုက်သည်။
“ငါဝင်မပါရင်တောင် သူက မင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူးကွာ”
ရွှယ်ချမ်းပိုင်က ဦးခေါင်းကို ခါယမ်းလိုက်ပါသည်။ သူက လီချန်ချင်းနှင့် အလွန်နီးကပ်နေခဲ့ပါ၏။ ထို့ကြောင့် လီချန်ချင်း၏ ကျန်းရွှယ်ဓားအစီအရင်က ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလဲဆိုတာကို သူအာရုံခံမိခဲ့ပါသည်။ ထိုစွမ်းအားသည် သာမန်လူတစ်ဦး ရင်ဆိုင်နိုင်သည့် စွမ်းအားမျိုးလည်း မဟုတ်ခဲ့ပါ။ သူက အမှန်တကယ်ကို မြေလျှောက်အင်မော်တယ်အဆင့် ခွန်အားရရှိနေပြီ ဖြစ်သည်။
ကျူးရွှမ်းမိသားစုက အင်မော်တယ်က အရမ်းကြီး စွမ်းအားကြီးမားလှတာ မရှိပါဘူး..။ လီချန်ချင်းသာ တကယ်တမ်း မီးကုန်ယမ်းကုန် တိုက်ခိုက်မယ်ဆိုရင် အဲ့ဒီအင်မော်တယ်က လက်ဖဝါးတစ်ချက်ထဲနဲ့ လီချန်ချင်းကို ဘာတစ်ခုမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
ကျူးရွှမ်းမိသားစုက အမျိုးသမီးလေးက အလွန်အမင်းစိတ်တိုနေခဲ့သည်။ သူမက ကောင်းကင်နတ်သမီးဓားကို လိုချင်နေခဲ့၏။ သို့သော် သူမလိုချင်ခဲ့သော ဓားကို သူမ၏ဘိုးဘေးကြီးကပင်လျှင် ရအောင် မလုပ်ပေးနိုင်ခဲ့ပါ။
သူမဘဝတွင် ယခုအကြိမ်သည် လိုချင်တာကို မရရှိသော ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ယခုအချိန်တွင်တော့ လီချန်ချင်းလက်ထဲတွင်ရှိသော ကောင်းကင်နတ်သမီးဓားကို မည်သူကမျှ ဝင်ရောက် မလုယူရဲကြတော့ပါ။ ဒါပေမဲ့ ထိုအခိုက်၌ တစ်စုံတစ်ဦးက သူ့ကို စိုက်ကြည့်နေသည်ကို လီချန်ချင်း အာရုံခံမိလိုက်သည်။
သူလှည့်ကြည့်လိုက်သောအခါတွင် သူ့ကို ကျန်းထျန်းယွမ်က စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းထျန်းယွမ်က ထိုကဲ့သို့သော အရှုပ်အထွေးတိုက်ပွဲကို အေးအေးဆေးဆေးနှင့် ပွဲကြည့်သူပမာ ထိုင်ကြည့်နေခဲ့သည်။ သို့သော် လီချန်ချင်းကို စိုက်ကြည့်နေသော သူ့အကြည့်မှာ ခန့်မှန်းရ ခက်ခဲလွန်း လှပေသည်။ လီချန်ချင်းသည် သူ၏ခန္ဓာကိုယ်တွင်ရှိသော အမွှေးအမျှင်များအားလုံး ထောင်ထသွားသည်ဟု ခံစားလိုက်ရသည်။
ဤနေရာတွင် ကြာကြာဆက်မနေသင့်ဟု လီချန်ချင်း ခံစားလိုက်ရသောကြောင့် အနောက်သို့လှည့်ပြီး ထွက်လာခဲ့သည်။ သူထွက်လာသည့်အခါ၌ သူ့ကို မည်သူကမျှ မတားဆီးရဲကြပါချေ။ မြေလျှောက်အင်မော်တယ်များပင်လျှင် လီချန်ချင်းကို အနိုင်ရရှိအောင် မတိုက်ခိုက်နိုင်ကြဘူးဆိုမှတော့ ထိုနေရာတွင်ရှိသော ဘယ်သူကမှ လီချန်ချင်းကို တားဆီးနိုင်မည် မဟုတ်ပါ။ လီချန်ချင်းကို တားဆီးခြင်းသည် မိမိတို့သေတွင်းကို မိမိတို့ တူးနေခြင်းသာ ဖြစ်ပါသည်။ ထျန်ချင်းနန်းတော်၏ ဘိုးဘေးကြီးက လီချန်ချင်းလက်ထဲမှ ကောင်းကင်နတ်သမီးဓားကို ပြေးလုခဲ့သောကြောင့် စက္ကန့်ပိုင်းအတွင်း အသတ်ခံခဲ့ရသည်။
ရွှယ်ချမ်းပိုင်သည်လည်း လီချန်ချင်းနှင့်အတူ ပြန်လာခဲ့ပါ၏။
အမည်မဲ့တောင်ကြားလေဟာနယ်က အက်ကွဲသွား၏။ လေဟာနယ်ထဲမှ လီရွှမ်းရှီနှင့် မူချင်းကောက ပြုတ်ကျလာပြီး ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့ပါသည်။ ထိုအခိုက်တွင် လီရွှမ်းရှီသည် ခွန်အားများ ကုန်ဆုံးသွားပြီး မေ့မြောကျသွားခဲ့ပါ၏။ ရေကန်ထဲ၌ မေ့မြောသွားသည်ကို မြင်သောအခါ မူချင်းကောက လီရွှမ်းရှီကို ဖက်ပြီးကမ်းခြေသို့ မြန်မြန်ပင် ရေကူးခဲ့ပါသည်။ လီရွှမ်းရှီက ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို မူချင်းကော တွေ့လိုက်ရ၏။ ထို့ကြောင့် လီရွှမ်းရှီ၏ အခြေအနေကို သိရစေရန် သွေးခုန်နှုန်းကို တိုင်းလိုက်ပါသည်။
လီရွှမ်းရှီ၏ သွေးခုန်နှုန်းကို တိုင်းပြီးသောအခါတွင် မူချင်းကော၏ မျက်နှာအမူအရာသည် စိတ်ပူပန်နေရာမှ ထိတ်လန့်သွား၏။ ထို့နောက် ထိတ်လန့်သွားရာမှ မယုံကြည်နိုင်သော အမူအရာ ဖြစ်သွားခဲ့၏။ ထိုအခိုက်မှာပင် လီရွှမ်းရှီက သူမ၏ မျက်ဝန်းများကို ဖြေးညှင်းစွာဖြင့် ဖွင့်လိုက်၏။ ထို့နောက်တွင် သူမနံဘေးတွင်ရှိသော မူချင်းကောကို လှမ်းကြည့်လိုက်သည်။
သို့ပေမဲ့ ယခုအချိန်မှာတော့ လီရွှမ်းရှီသည် မူချင်းကော၏ သွေးခုန်နှုန်းတိုင်းနေသည်ကို မကန့်ကွက်ခဲ့ပါ။ သို့သော် လီရွှမ်းရှီ၏ မျက်ဝန်းများသည် အနည်းငယ်တော့ ဗလာဖြစ်နေခဲ့ပါ၏။
သူမက မြေပြင်ပေါ်တွင် လှဲနေရင်း ကောင်းကင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းမှု နာကျင်မှုဟူ၍ တစိုးတစိမျှ မတွေ့ရပါချေ။
“သူအဆင်ပြေရဲ့လား”
အချိန်တစ်ခဏကြာမှ လီရွှမ်းရှီက တိုးတိုးလေး မေးလိုက်သည်။ လီရွှမ်းရှီ၏လက်ကောက်ဝတ်ထံမှ မူချင်းကောက သူမ၏လက်ကို ဖြေးညှင်းစွာ ဆုတ်ယူလိုက်သည်။ သူမ၏မျက်နှာအမူအရာမှာ ထိတ်လန့်နေဆဲဖြစ်ပါ၏။ ထို့နောက် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးမှ ခေါင်းငြိမ့်လိုက်ပါသည်။
“အဟက်…”
လီရွှမ်းရှီက ပြုံးလိုက်သည်။ သူမ၏လက်ကို မြှောက်လိုက်ပြီးသူမ၏ဝမ်းဗိုက်ကို ညင်ညင်သာသာ ပွတ်သပ်လိုက်ပါသည်။ ထို့နောက်မှ ပြောလိုက်သည်။
“ဒီကောင်လေးက ကြီးလာရင် တော်တော်ကို ပြဿနာရှာမယ့် ကလေးပဲ..။ တိုက်ပွဲမှာ အရေးကြီးနေတဲ့အချိန်မှာပင် သူက ဗိုက်ထဲမှာ ငြိမ်ငြိမ်မနေဘူး..။ ဗိုက်ထဲကနေပြီးတော့ ဆက်တိုက်ကို ဆောင့်ကန်နေခဲ့တာ။ အဲ့ကလေး ဗိုက်ထဲကနေ သောင်းကျန်းနေလို့ပေါ့..။ လူအိုကြီး ကျန်းထျန်းယွမ်က ငါ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်ခဲ့တာလေ..။
ကံကောင်းသွားတာက ကလေးလေးကို ငါဒဏ်ရာ မရအောင် ငါအစွမ်းကုန် ကာကွယ်နိုင်ခဲ့တယ်..။ ငါပြောတဲ့စကားကို မင်းယုံချင်မှ ယုံလိမ့်မယ်..။ ဘာလို့ဒီလိုအရေးကြီးတဲ့အချိန်မှာ ငါ့အသက်နဲ့လဲပြီးတော့ ဒီကလေးကို ငါကာကွယ်ခဲ့လဲဆိုတာကို ငါကိုယ်တိုင်လည်း မသိဘူး။ ဒီကလေးက ဒီလောကကြီးမှာ ရှိမနေသင့်ဘူး”
လီရွှမ်းရှီက ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရသောကြောင့် မူချင်းကောမှာ အလွန်အမင်းကို စိတ်ရှုပ်ထွေးနေခဲ့ပါသည်။
“ဒီကလေးရဲ့အဖေက ဘယ်သူလဲဆိုတာကို ကျွန်မသိလို့ရမလား”
မူချင်းကောက မေးလိုက်ပါ၏။
“သေပြီ”
လီရွှမ်းရှီက ပြတ်သားစွာ ပြောလိုက်သည်။
“အို!”
မူချင်းကောက ဆက်လက်၍ မမေးတော့ပါ။
“ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့… အထူးသဖြင့် လီချန်ချင်းကိုပဲ”
လီရွှမ်းရှီက မူချင်းကောကို အေးစက်စွာ ကြည့်လိုက်သည်။
“ဒီအကြောင်းကို နောက်ထပ် လူတစ်ယောက် ထပ်သိရင် ဒီကလေးကို ငါသတ်ပစ်မယ်။ လီချန်ချင်းသိတယ်ဆိုရင် လီချန်ချင်းကို ငါသတ်မယ်။ပြီးရင် နင့်ကိုပါ ငါတစ်ခါတည်းသတ်ပစ်မယ်”
“ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူးရှင့်”
မူချင်းကောက ခေါင်းငြိမ့်ပြလိုက်၏။
“အခုချိန်ကစပြီး ငါနဲ့အတူတူနေတော့”လီရွှမ်းရှီက သူမ၏ဝမ်းဗိုက်ကို လက်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။
“ငါဒီကလေးကို မွေးပြီးတော့သူ့မျက်နှာကို ငါကြည့်ချင်တယ်”
“ကောင်းပြီလေ”
မူချင်းကောက ခပ်မြန်မြန်ပြောလိုက်၏။
“အဲ့ဒါဆိုရင် ဒီအတောအတွင်းမှာ ခွန်အားကို အရမ်းသုံးလို့မဖြစ်ဘူး..။ ခွန်အားအရမ်းသုံးမိရင် ကိုယ်ဝန်ပျက်ကျသွားနိုင်တယ်”
“ဒီတစ်ခါတော့ ငါ နင်ပြောတဲ့စကားကို နားထောင်လိုက်မယ်”
လီရွှမ်းရှီက ခပ်ဖျော့ဖျော့ပင် သက်ပြင်းချလိုက်သည်။ ယခုအချိန်၌ သူမ၏ မျက်ဝန်းများသည် ရှုပ်ထွေးနေသော အမူအရာ ရှိပါသည်။ ဘာပြောရမှန်းကို သူမ မသိဖြစ်နေခဲ့၏။ သူမက လီဟမ်ရှန်း၏အနားသို့ ချဉ်းကပ်ရန်အတွက် သူမ၏ မှတ်ဉာဏ်များကို ပိတ်ဆို့ခဲ့သည်။ လီဟမ်ရှန်းကို သတ်ဖြတ်နိုင်ရန်အတွက် ထိုကဲ့သို့ အစီအစဉ် ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ သူမ မမျှော်လင့်ခဲ့သည်က လုချောင်းချောင်းသည် လီဟမ်ရှန်းအား သူမ၏ အပျိုစင်ကို ပေးအပ်ခဲ့မည်ကိုပင် ဖြစ်ပါသည်။ သူမက ကိုယ်ဝန်ရသွားသည်ကပင် ပို၍ ထူးဆန်းသော တိုက်ဆိုင်မှုပင် ဖြစ်ပါ၏။
ထိုကဲ့သို့သော မမျှော်လင့်ထားသော ဖြစ်ရပ်က လီရွှမ်းရှီကို အားပါးတရရယ်မောစေခဲ့ပါသည်။ ထို့ကြောင့် လီဟမ်ရှန်းကို သူမ သတ်ဖြတ်လိုက်ခြင်းက ယခုလိုမျိုး ကိုယ်ဝန်ရရှိသွားခြင်းသည် ကောင်းကင်က ပေးသော အပြစ်ဒဏ်ဟု သူမအမြဲတမ်း ယုံကြည်နေခဲ့ပါသည်။
တိုက်ပွဲ၏ အရေးကြီးသော အချိန်၌ ကလေးက ဝမ်းဗိုက်ထဲမှာ အဆက်မပြတ် သူမကို ကန်ခဲ့ပါသည်။ ထို့ကြောင့် သူမက ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါ၏။ တစ်ဆက်တည်းမှာပင် စန်းယွမ်နယ်မြေ အရှင်သခင်ဟူသော ဂုဏ်ပုဒ်ကိုလည်း ဆုံးရှုံးခဲ့ရပါသည်။
“ဒါတွေက ဝဋ်ကြွေးတွေပဲ.. ဝဋ်ကြွေးတွေပဲ”
လီရွှမ်းရှီသည် ဖြေးညှင်းစွာပင် သူမ၏ မျက်ဝန်းများကို မှိတ်လိုက်ပါသည်။ တိုက်ပွဲပြီးသောအခါတွင် တိုက်ပွဲသတင်းက စန်းယွမ်နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါ၏။ ကျန်းထျန်းယွမ်က စန်းယွမ်နယ်မြေ၏ အရှင်သခင်ပင် ဖြစ်နေပါသေးသည်။ တခြားသော မြေလျှောက်အင်မော်တယ်များက ကျန်းထျန်းယွမ်ကို စိန်ခေါ်လိုနေပါသေး၏။ သို့သော် ဘယ်သူကမှ တကယ်တမ်း မတိုက်ခိုက်ပါ။ လော့ရှောင်ချွမ်ကလည်း တိတ်တဆိတ် ပြန်သွားခဲ့ပါ၏။
သူကလည်း စန်းယွမ်နယ်မြေအရှင်သခင်နေရာကို လိုချင်ပါ၏။ သို့သော် သူ၏ခွန်အားက မလုံလောက်သေးသည်ကို သိလိုက်ရသည်။
နောက်ဆုံးအကြိမ် ကျန်းထျန်းယွမ်နှင့် တိုက်ခိုက်ခဲ့ရသည့်အခါက သူတို့နှစ်ဦးကြား ကွာခြားမှုကို ကောင်းကောင်းသိခဲ့ရပါ၏။ ကျန်းထျန်းယွမ်က လောလောဆယ်မှာ ဒဏ်ရာ ရထားလောက်ရဲ့လားဆိုတာ မသေချာသည့်တိုင် ကျန်းထျန်းယွမ်က ဒဏ်ရာ ရထားလောက်တယ်ဆိုရင်တောင်မှ သူသည် ကျန်းထျန်းယွမ်၏ ပြိုင်ဘက် မဟုတ်နိုင်သေးပါ။
ဒါပေမဲ့ လော့ရှောင်ချွမ်က ဂရုမစိုက်ပါချေ။ အနည်းဆုံးတော့ သူ့အတွက် အခွင့်အရေးတစ်ခု ရှိလာမည်ဖြစ်သည်။ လူတိုင်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ဤတိုက်ပွဲတွင် ကျန်းထျန်းယွမ်နှင့် လီရွှမ်းရှီကပဲ နာမည်ကြီးသည် မဟုတ်ပါ။
တခြားသော လူနှစ်ဦးကလည်း လောကကြီး တစ်ခုလုံးကို ပျံ့နှံ့ပြီး နာမည်ကြီးခဲ့ပါသည်။ ချင်းလဲ့ဓားသခင်နှင့် ချင်းရွှယ်အာဏာဓားအရှင်တို့ပင် ဖြစ်၏။ သူတို့နှစ်ဦး ပူးပေါင်းပြီး ကျူးရွှမ်းမိသားစုက မြေလျှောက်အင်မော်တယ်ရဲ့လက်ဝါးကို တွန်းလှန်ပြီး ဖျက်ဆီးပစ်ခဲ့ခြင်းက အံ့အားသင့်ဖွယ်ကောင်းသော အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါသည်။
ဝမ်ကျိမြို့က လူတိုင်းက မိမိတို့နေထိုင်ရာ ဒေသသို့ ပြန်လာပြီးသော အခါမှသာ ထပ်ကြားလိုက်ရသော သတင်းက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့ပါသည်။ သူတို့မရှိသောအခါတွင် သူတို့၏ နေရပ်ဒေသများကို ထာဝရရှင်သန်ခြင်းဂိုဏ်းက ပက်ပက်စက်စက်ကို သောင်းကျန်းပြီး လုပ်ချင်တိုင်းလုပ်ခဲ့သည်ဟူသော သတင်းပင် ဖြစ်၏။