← Chapters

အခန်း (၄၁၅)

Vol. 34 Ch. 415

အခန်း (၄၁၅)

Vol. 34 Ch. 415

ရက်နည်းနည်းကြာပြီးသောအခါ တောင်ဘက်လွင်ပြင်ဒေသ

ရထားလုံးတစ်စင်းသည် ချင်းရန်မင်းဆက်၏ မြို့တော်သို့ ဦးတည်လာခဲ့သည်။ ရထားလုံးထဲမှ စွတ်စွတ်ဖြူသော ဝတ်ရုံကို ဝတ်ထားသော လူငယ်လေး တစ်ယောက်သည် ဆင်းသက်လာခဲ့၏။

ထို့နောက်တွင် သူက တော်ဝင်ရုံးတော် ရှိသော နေရာသို့ ဦးတည်သွားခဲ့ပါသည်။ ထိုလူငယ်သည် ရွှယ်ချမ်းပိုင်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးသောအခါတွင် ရွှယ်ချမ်းပိုင်သည် မဟာသိုင်းဂိုဏ်းအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ယနေ့တွင် သူက ချင်းရန် မင်းဆက်သို့ လာပြီး မင်းသမီး ချင်းရန်ထံသို့ သူ၏ခံစားချက်များကို ဖွင့်ဟဝန်ခံခြင်းပင်ဖြစ်သည်။ နန်းတော်ဂိတ်တံခါးသို့ ရောက်သောအခါ ရွှယ်ချမ်းပိုင်က အစောင့်များကို အမိန့်ပြားတစ်ခု ထုတ်ပြလိုက်သည်။

ထိုအမိန့်ပြားသည် အကြီးဆုံးမင်းသမီး၏ ကိုယ်ပိုင်တံဆိပ်ပြားဖြစ်သည်ကို မြင်သောအခါတွင် အစောင့်များသည် ထိတ်လန့်အံ့ဩသွားပြီး သူ့အတွက် ခပ်မြန်မြန်ပင် လမ်းဖယ်ပေးလိုက်သည်။ ရွှယ်ချမ်းပိုင်က စိတ်လှုပ်ရှားနေခဲ့သည်။ ချင်းရန်ကို တွေ့လျှင် ဘယ်လိုများ ဖွင့်ပြောရပါ့မလဲ ဆိုပြီးတော့ တွေးတော နေခဲ့၏။

ရုံးတော်အတွင်း၌ မင်းသမီးချင်းရန်သည် စာရွက်စာတမ်းများကို ဖတ်ရှု့နေခဲ့သည်။ တော်ဝင်မြို့တော်၏ အခြေအနေသည် ဖြည်းညှင်းစွာဖြင့် ပြောင်းလဲလာခဲ့ပါသည်။

ဧကရာဇ်မင်းကြီး၏ ကျန်းမာရေးသည် တိုးတက်လာသည့်တိုင် အတွင်းပိုင်း ပဋိပက္ခများကလည်း ဆက်လက်၍ ဖြစ်ပွားနေခဲ့ပါသည်။ အကြီးဆုံးမင်းသမီး ဖြစ်သောကြောင့် ချင်းရန်သည် စတင်၍ နိုင်ငံရေးထဲ၌ ဝင်ပါလာခဲ့ရပါ၏။ သူမသည် သူမလက်အောက်၌ ဩဇာအာဏာတစ်ရပ်ကိုလည်း ဆုပ်ကိုင်နိုင်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် သူမက ရုံးတော်အတွင်း၌ အခြေအနေများကို စတင်၍ စီမံခန့်ခွဲလာနိုင်ခဲ့ပါသည်။ ထို့အပြင် သူမသည် တောင်ဘက်လွင်ပြင်ဒေသက မင်ရှန်းနန်းတော်နှင့်ပင် မဟာမိတ်ဖွဲ့ထားပါ၏။ မင်ရှန်းနန်းတော်၏ အင်အားကြောင့် ချင်းရန်မင်းဆက်၏ အခြေအနေကို တည်ငြိမ်အောင် ခဏ ထိန်းထားနိုင်ခဲ့ပါသည်။

“အိမ်ရှေ့စံ မင်းသမီး”

ထိုအခိုက်မှာပင် အမျိုးသမီး အစေခံတစ်ဦးသည် ချင်းရန်၏ နား အနားသို့ ကပ်ပြီး ခပ်တိုးတိုးပြောလိုက်ပါသည်။ ချင်းရန်သည် အသက်(၃၀)ကျော်ပြီ ဖြစ်သော်လည်း အသက်ကြီးရင့်သည့် အရိပ်အယောင်ကို တစိုးတစိမျှ မတွေ့ရပါ။ သူမဟူသည် အသက် (၁၈) (၁၉)ခန့်သာ ရှိသည်ဟု ထင်မြင်ရပါသည်။ သူမ၏ တက်ကြွနေသော မျက်ဝန်းများကို မြင်တွေ့လိုက်ရသော လူတိုင်းသည် နေရောင်ခြည်အောက်တွင် ရှိသော ရေကန်နွေးနွေးလေး၌ ရေချိုးနေသကဲ့သို့ ဖြစ်သွားစေခဲ့မည်။

“အားရွှယ်က ဒီကိုရောက်နေတာလား”

ချင်းရန်၏ မျက်နှာသည် ပျော်မြူးမှုကြောင့် ဝင်းပသွားခဲ့သည်။

“အားရွှယ်က ငါ့ဆီကိုလာတာ တော်တော်လေးကို ကြာခဲ့ပြီ..။ ငါသူ့ကို အရမ်းလွမ်းတာပဲ..။ မြန်မြန် သွားတွေ့ရအောင်”

ချင်းရန်က ရွှယ်ချမ်းပိုင်နှင့် သွားတွေ့တော့မည့် အချိန်မှာပင် အစောင့်တစ်ဦးက သတင်းလာပို့ပါသည်။

“အရှင်မင်းသမီး မင်ရှန်းနန်းတော်က သခင်လေးက အရှင်မင်းသမီးနဲ့ တွေ့ဖို့အတွက် တောင်းဆိုနေပါတယ်”

“ဒီလူက ဘာလို့ ထပ်ရောက်လာပြန်တာလဲ”

ချင်းရန်က မျက်မှောင်ကြုတ်လိုက်၏။ မင်ရှန်းနန်းတော် သခင်လေးဖြစ်သော မူကျင်းရှင်၏ ရောက်ရှိလာမှုကို သူမက မနှစ်သက်သည်မှာ သိသာလွန်းလှပါသည်။ မူကျင်းရှင်သည် သူမကို သဘောကျနေသည့်အကြောင်းကို မသိမသာဖြစ်စေ ၊ သိသိသာသာဖြစ်စေ ပြသနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

သူမက မင်ရှန်းနန်းတော်ထံမှ ထောက်ခံမှုမလိုပါက ချင်းရန်သည် ထိုလူ့ဘက်ကိုပင် မျက်နှာလှည့်မည် မဟုတ်ပါ။ ထိုလူသည် မိန်းကလေးများနှင့် ဆော့ကစားလွန်းပြီး ပွေရှုပ်သူအဖြစ် နာမည်ကြီးလွန်းလှပါသည်။

“သူ့ကို စောင့်ခိုင်းလိုက်”

ချင်းရန်က ပြောလိုက်သည်။ ထိုသူကို သူမ မတွေ့လိုပါ။ ထိုသူသည် သူမထံသို့ အကြောင်းအရင်းကိစ္စ မယ်မယ်ရရ မရှိဘဲ ခဏခဏလာရောက်ခဲ့ပါသည်။ သူမကို အပြင်တွင် သေရည်သောက်ရန်သာ မကြာခဏ ခေါ်ဆောင်လေ့ရှိပါသည်။

ထိုကဲ့သို့သော အနေအထားကို သူမ သဘောမကျပါ။

“အမိန့်အတိုင်းပါ”

အစောင့်ထွက်သွားပြီးသောအခါတွင် ချင်းရန်က မှန်ထဲ၌ သူမ၏ မိတ်ကပ်များကို ဖြည်းညှင်းစွာဖြင့် ချယ်သလိုက်သည်။ ထို့နောက်တွင် ရွှယ်ချမ်းပိုင်ထံသို့ သွားတွေ့လိုက်ပါသည်။

ပိုင်ယုခန်းမ၌ …

ထိုပိုင်ယုခန်းမသည် အတိတ်တုန်းက ချင်းရန်အတွက် ရွှယ်ချမ်းပိုင်က ဓားအကကို ကပြပေးခဲ့သော ခန်းမပင်ဖြစ်သည်။

“အားရွှယ်”

ခြေသံများက ကြားလာရပါသည်။ ရင်းနှီးသောအသံနှင့်အတူ ရွှယ်ချမ်းပိုင်၏ နားထဲသို့ ရိုက်ခက်လာခဲ့၏။ ထိုအသံသည် ရွှယ်ချမ်းပိုင်၏ အိပ်မက်ထဲထိပင် စိုးမိုးနေသောအသံပင် ဖြစ်ပါသည်။ ရွှယ်ချမ်းပိုင်က အနောက်သို့လှည့်ပြီး ကြည့်လိုက်သောအခါတွင် သူ့ထံသို့ လမ်းလျှောက်လာသော မင်းသမီးချင်းရန်ကို တွေ့လိုက်ပါသည်။ သူမသည် လမ်းလျှောက်လာရင်းနှင့် ရွှယ်ချမ်းပိုင်ကို ချိုသာစွာ ပြုံးပြနေ၏။

“မင်းသမီးချင်းရန်”

ရွှယ်ချမ်းပိုင်က နှုတ်ဆက်လိုက်သည်။

“မတွေ့ရတာကြာပြီ”

ချင်းရန်က တခဏတော့ အံ့အားသင့်သွားပြီး

“အားရွှယ်.. နင်က အရင်တုန်းကနဲ့ မတူပါလား”

သူမ၏အနောက်တွင်ရှိသော အစေခံမိန်းမပျိုကလည်း ရွှယ်ချမ်းပိုင်၏ ပုံံစံကို မြင်သော အံ့အားသင့်သွားခဲ့ပါသည်။ အတိတ်တုန်းက ရွှယ်ချမ်းပိုင်သည် ဆံပင်များ ရှည်လျားနေပြီး စိတ်ဓာတ်ကျနေသော စာပေပညာရှင်တစ်ဦးနှင့် တူပါသည်။

ယနေ့တွင်တော့ သူ့ထံမှ သူရဲကောင်းဆန်သော အရှိန်အဝါများက တလူလူနှင့် ထွက်ပေါ်နေခဲ့သည်။ သူ့ပုံစံသည် ပြိုင်ဘက်ကင်းသော ဓားအင်မော်တယ်တစ်ပါးလိုပင် ဖြစ်နေခဲ့သည်။

သူ၏ကမ္ဘာခြားနေသော ထူးခြားဆန်းကြယ်သည့် အရှိန်အဝါက ဆွဲဆောင်မှု အလွန်ပင် ကြီးမားနေခဲ့ပါသည်။

“ဟုတ်တယ် ငါနည်းနည်းပြောင်းလဲသွားတယ်”

ရွှယ်ချမ်းပိုင်က အသက်ပြင်းပြင်ရှုပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

“ချင်းရန် ငါမင်းကို ပြောစရာရှိတယ်”

“ကောင်းပြီလေ.. ကျွန်မလည်း ရှင့်ကို ပြောစရာရှိတယ်”

ချင်းရန်က ပျော်ရွှင်စွာ ပြောလိုက်၏။ သူမ၏ပုံစံမှာ အလွန်အမင်းစိတ်လှုပ်ရှားလွန်းနေသည်မှာ သိသာလွန်းပါသည်။

“မင်းအရင်ပြောလေ”

ရွှယ်ချမ်းပိုင်က နူးညံ့စွာ ပြောလိုက်သည်။

“ဟုတ်ပြီ”

ချင်းရန်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“ကျွန်မက ဒီသတင်းကို ဝေမျှပေးချင်တဲ့လူတစ်ယောက်ကို ရှာနေတာကြာပြီ.။ ရှင်ရောက်နေတာ သိပ်ကောင်းတယ်… အားရွှယ်။ ကျွန်မရှင့်ကို အရင်ဆုံးပြောပြချင်တယ်”

သူတို့နှစ်ဦး ကြည်နူးနေသည့်အချိန်၌တွင် အောက်ရှိ လှေကားထစ်များတွင် ဆူညံပွက်လောရိုက်နေသော အသံများ ထွက်ပေါ်လာသည်။

“မင်းတို့အပေါ် တက်သွားလို့မရဘူး”

“ငါ့ရှေ့ကဖယ်စမ်း..ငါကဘာလို့ အပေါ်တက်သွားလို့ မရရမှာလဲ”

အေးစက်သော အသံများ ထွက်ပေါ်လာပြီး ပိတ်ဆို့တားမြစ်နေသော အစောင့်များကို လူနှစ်ယောက် ဖြတ်ကျော်ပြီး အပေါ်တက်လာခဲ့ပါသည်။ ဦးဆောင်လာသူမှာ အပြာရောင်ဝတ်စုံဝတ်ထားသော လူငယ်လေး တစ်ဦးဖြစ်ပြီး သူ၏ ခါးအထက်တွင် မိုးပြာရောင် ဓားတစ်လတ်ကို ချိတ်ဆွဲထားသည်။ ထိုလူငယ်လေး၏နောက်တွင်တော့ စွတ်စွတ်ဖြူနေသော ဆံပင်များရှိသော အကြီးအကဲတစ်ဦးကလည်း ပါလာ၏။

ထိုအကြီးအကဲထံမှ လေးလံသော အရှိန်အဝါများက တလူလူနှင့် ထွက်ပေါ်နေခဲ့သည်။ ထိုအရှိန်အဝါများကြောင့်ပင် ထိုအကြီးအကဲကို မည်သူကမှ မျက်လုံးချင်းဆိုင်ပြီးတော့ မကြည့်ရဲ့ကြပါချေ။

“မင်းသမီးချင်းရန်”

မူကျင်းရှင်က အပြုံးတစ်ခုနှင့် လမ်းလျှောက်လာခဲ့သည်။

“သခင်လေးမူ ရှင်က ရိုင်းပြနေပြီ။ ကျွန်မက ဒီမှာ ဧည့်သည်တစ်ယောက်နဲ့ တွေ့နေတယ်..။ ရှင့်ကို ဒီအထဲကို ဘယ်သူက ဝင်ခွင့်ပေးလို့လဲ”

ချင်းရန်၏မျက်နှာက မဲမှောင်သွားတော့သည်။

“ဧည့်သည်တစ်ယောက်နဲ့ တွေ့နေတယ် ဟုတ်လား”

မူကျင်းရှင်က ရွှယ်ချမ်းပိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။

“ဒီလူချောလေးလား..ချင်းရန် မင်းရဲ့ အမြင်က ဒီလောက်ထိ ဆိုးဝါးနေမယ်လို့ ငါမထင်ထားမိဘူး”

“အားရွှယ်ကို စော်ကားမယ် မကြံနဲ့..သူက ငါ့သူငယ်ချင်းပဲ”

ချင်းရန်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

“အခုချက်ချင်း ထွက်သွားစမ်း”

“အိမ်ရှေ့စံမင်းသမီးက အရမ်းကို လွှမ်းမိုးနေတာပဲ”

မူကျင်းရှင်က စကားမပြောပါ..။ သူ့နောက်တွင်ရှိသော အကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်၏။

“ကျုပ်တို့မင်ရှန်းနန်းတော်ရဲ့ အကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီနေ့လိုမျိုး အာဏာတွေကို ရမယ်လို့များ ထင်နေတာလား”

All Chapters